Breaking News

တင်အေး (၈၈ မျိုးဆက်၊ ဗကသ) - နိုင်ငံရေးသမား


တင်အေး (၈၈ မျိုးဆက်၊ ဗကသ) - နိုင်ငံရေးသမား

(မိုးမခ) ဇွန်၂၂၊ ၂၀၂၀

တကယ် လန့်သွားတာပါ၊ ဒါမျိုး တစ်ခါမှ အထိတ်တလန့် မဖြစ်ဖူးပါဘူး။ သည်းထိတ်ရင်ဖို ရုပ်ရှင်တွေကြည့်၊ သည်းထိတ် ရင်ဖိုဝတ္ထုတွေဖတ်ပြီး အထိတ်တလန့်ဖြစ်သွားတာ မဟုတ်ပါ။ မြန်မာစာ ပညာရပ်ဆိုင်ရာစာအုပ်တွေ ဖတ်ပြီး အထိတ်တလန့် ဖြစ်သွား တာပါ။

မြန်မာစာပါမောက္ခ ဆရာကြီးနှစ်ပါးရဲ့ မြန်မာစာ၊ မြန်မာစကားအကြောင်း ရေးထားတဲ့စာတွေကို ဖတ်မိပြီး အထိတ်တလန့် ဖြစ်သွားရတာပါ။ ဒီလိုပါ …

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) က “မြန်မာစာ ကိုယ်ခံတည်ဆောက်ရေး (အခြေခံစာ အရေးအသားဆိုင်ရာ စာစု)” စာအုပ် ထဲရေးထားတာက စကားလုံးတွေရဲ့နောက်မှာ ခံစားမှုတွေ၊ အတွေးတွေ၊ ဂယက်အနက်တွေ စွဲထင်ပါ လာတတ်တဲ့အကြောင်း၊ ဒီလို ရေးခဲ့ပါတယ်။

“အချို့သော စကားလုံးများသည် ခံစားမှုများ၊ အတွေးများကို ဖော်ထုတ် ပေးနိုင်စွမ်းရှိသည်၊ ထိုစကားလုံးမျိုးကို သုံးလိုက်သည်နှင့် ခံစားမှုများ၊ အတွေးများသည် နောက်ကရိုက်ခတ်ပြီး ပါလာတတ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် ‘ဘုရား’ ဟု သုံးနှုန်းလိုက်သည်နှင့် ကြည်ညိုသောခံစားမှု ကပ်ပါလာမြဲဖြစ်သည်။ ‘ပုဂံ’ ဟု သုံးလိုက်သည်နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဂုဏ်ယူသောခံစားမှု ပေါ်ပေါက်လာမြဲဖြစ်သည်။ ‘အမေ’ ဟု သုံးလိုက်သည်နှင့် ရင်ထဲ နွေးခနဲဖြစ်သွားပြီး ချစ်ခင် လေးစားသော ခံစားမှုမျိုး ပေါ်ပေါက်လာမြဲဖြစ်သည်။ ‘မြွေ’ ဟု သုံးလိုက်သည်နှင့် ဘေးအန္တရာယ်ကို ထိတ်လန့်သော ခံစားမှုမျိုး ပေါ်ပေါက်လာရမြဲဖြစ်သည်။ ‘ဈေး’ ဟု သုံးလိုက်သည် နှင့် လူစည်ကားပြီး ရောင်းသံ ဝယ်သံတို့ဖြင့် ဆူညံနေသော နေရာဟူသည့် အတွေးများ နောက်က လိုက်လာ မြဲဖြစ်သည်။ စကားလုံးများ၏ နောက်က ရိုက်ခတ်လာသော အတွေးများ ခံစားမှုများကို ‘ဂယက်အနက်’ဟု ခေါ်သည်။ စကားလုံး အတော်များများက ဂယက်အနက် စွဲထင်နေပြီးသားဖြစ်သည်”

နောက်ဆရာတစ်ပါးဖြစ်တဲ့ မြန်မာစာပါမောက္ခ ဆရာဒေါက်တာအောင်မြင့်ဦးရဲ့“လူမှုဘာသာဗေဒမိတ်ဆက်” စာအုပ်ထဲ မှာတော့ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ် ပြောင်းလဲသွားတတ်ပုံကို ဒီလို ရေးထားပြန်ပါတယ်၊

“အနက်ချဲ့ထွက်ရာတွင် တစ်ချိန်တစ်ခါက အဓိပ္ပါယ်တစ်မျိုးဖြင့် သုံးသောစကားလုံးတစ်ခုကို နောင်တစ်ချိန်တွင် အခြားအဓိပ္ပါယ်တစ်မျိုးဖြင့် ပြောင်းလဲသုံးစွဲခြင်းဖြင့် အဓိပ္ပါယ်ကျယ်ပြန့်လာသည်။ ထိုသို့ အနက်ချဲ့ထွင်ရာတွင် တစ်ခါတစ်ရံ မူလအဓိပ္ပါယ်နှင့် နီးစပ်မှုရှိ၍ တစ်ခါတစ်ရံ မူလအဓိပ္ပါယ်နှင့် အလှမ်းကွာနေတတ်သည်။”

ဆရာနှစ်ပါးရဲ့ စာတွေဖတ်ပြီး အထိတ်တလန့်နဲ့ ဆက်စဉ်းစားမိသွားတာက“နိုင်ငံရေးသမား” ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ ပါ။ “နိုင်ငံရေးသမား” လို့ ကြားလိုက်ရင်ရော၊ အခုအချိန်မှာ အဲဒီ့စကားလုံးကို လူတွေ စိတ်ထဲ ဘယ်လိုခံစားနေကြသလဲ။ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရှင်းပြခဲ့တဲ့ ‘ဘုရား’၊ ‘အမေ’၊ ‘မြွေ’၊ ‘ဈေး’ ဆိုတဲ့စကားလုံး တွေကြားရရင် ဂယက်အနက် ခံစားမှု တွဲပါသလိုမျိုး “နိုင်ငံရေးသမား”လို့ ကြားလိုက်တာနဲ့ လွတ်လပ်ရေးလှုပ်ရှားမှု ကာလတုန်းကလို စွန့်လွှတ်အနစ်နာခံသူတွေ၊ ငါတို့ တိုင်းပြည် ကောင်းစားဖို့အတွက် ကြိုးပမ်းအားထုတ်နေသူတွေ၊ ငါတို့ အကျိုးအတွက် အသက်ကို ပဓါနမထားဘဲ ကိုယ်ကျိုးစွန့်ရဲသူတွေလို့ စိတ် ထဲမှာ တန်းကနဲ ခံစားရသလား။ ဒါမှမဟုတ် …..။

စဉ်းစားကြည့်မိတာပါ။

နောင်တစ်ချိန်မှာ “နိုင်ငံရေးသမား” ဆိုတဲ့အသုံးအနှုန်းဟာ ဆရာနှစ်ပါး ရေးခဲ့သလို အနက်ချဲ့ထွင်ပြီး၊ ဂယက်အနက်တွေများ ပြောင်းသွားနိုင်မလား၊ အဲသလို စဉ်းစားမိပြီး တွေးပူမိသွားတယ်။ ဖြတ်သန်းနေရတဲ့ ခေတ်ကြီးက အဲသလို တွေးပူစရာများ ကောင်းနေ ပြီလား။

လူတွေဟာ ကိုယ် ကြုံတွေ့ဖြတ်သန်းရတဲ့ အခြေအနေတွေကနေ နိုင်ငံရေးသမားဆိုတာတွေကို ကြည့်မြင်ခံစားလာမှာပဲ မဟုတ်လား။ တရွေ့ရွေ့နဲ့ ဒီအတိုင်းဖြတ်သန်းသွားပြီး နောင်အနှစ်(၁၀၀)လောက်မှာ ထုတ်မယ့် မြန်မာ စာအဘိဓါန်စာအုပ်ထဲ

“နိုင်ငံရေးသမားဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် အခွင့်ထူးခံထိုက်သည်ဟု သိမြင်ခံစားနေသူ” လို့များ အဓိပ္ပါယ်ဖွင့်လိုက်မှဖြင့် ခက်ရချည့်။

“နိုင်ငံရေးသမားဆိုသည်မှာ အခွင့်အရေးမရခင်က တစ်မျိုးပြောပြီး၊ အခွင့်အရေးရလာသည့်အခါ ပြောခဲ့သမျှ ပြောင်းပြန်ပြန်လုပ်သူ”လို့များ အဓိပ္ပါယ်ဖွင့်လိုက်မှဖြင့် ခက်ရချည့်။

“နိုင်ငံရေးသမားဆိုသည်မှာ အများအကျိုး အယောင်ဆောင်ပြီး ကိုယ်ကျိုးအတွက် နိုင်ငံရေးလုပ်ငန်းတစ်ခုခုတွင် ပါဝင်လုပ်ဆောင်နေသူ”လို့များ အဓိပ္ပါယ်ဖွင့်လိုက်မှဖြင့် ခက်ရချည့်။

မလိုအပ်ဘဲ အပိုပြောတာမဟုတ်၊ လိုအပ်လို့ အပိုပြောရတာပါ။ “နိုင်ငံရေးသမား” ဆိုတဲ့ စကားလုံး ရဲ့အဓိပ္ပါယ်ကို နည်းနည်း ရှင်းလင်းထားဖို့တော့ လိုနေပါပြီ။ အမြဲတမ်း မပြောင်းမလဲ၊ အကျုံးဝင် မှန်ကန်နေမယ့် အဓိပ္ပါယ်ဖွင့်ဆိုချက်လို့တော့ မဆိုလိုပါဘူး။

ဒါပေမဲ့ … အခုလို စစ်အာဏာရှင်စနစ် အကုန်အစင် မဖျက်သိမ်းရသေးတဲ့ ဒီမိုကရေစီရေးတိုက်ပွဲကာလမှာ ဒီကာလကို လွှမ်းခြုံနိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တော့ ဖြစ်ပါလိမ့်မယ်။ (အခုကာလဟာ စစ်အာဏာရှင်စနစ်လည်း လုံးဝ မရှိတော့ဘူး၊ ဒီမိုကရေစီရေး တိုက်ပွဲကာလလည်း မဟုတ်တော့ဘူးလို့ ယူဆသူဆိုရင်တော့ ဒီစာကို ဆက်မဖတ်တာ အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။)

နိုင်ငံရေးသမား ဆိုတာ ဘယ်လိုတွေ ဖြစ်နိုင်သလဲ၊ ဘာတွေ ကြုံတွေ့ရနိုင်သလဲ။

နိုင်ငံရေးလုပ်ရင် ကိုပါကြီးလို အသေနှိပ်စက်ခံရပြီး အလောင်းပါဖျောက်ခံရနိုင်ပါတယ်၊ ဦးကိုနီလို လူ ထူထပ်တဲ့နေရာမှာပဲ နောက်စေ့သေနတ်နဲ့ တေ့ပစ်ခံရပြီး ပွဲချင်းလည်း ပြီးသွားနိုင်ပါတယ်။ အခု ပူပူနွေးနွေးကာလ သံချပ်အဖွဲ့ ကျောင်းသူ၊ ကျောင်းသား တွေလို ထောင်တွေ တန်းစီ ကျပြီးရင်းကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တန်းစီ ရေးပြရရင် အဖြစ်ဆိုးတွေက ရေးမကုန်နိုင်ပေါင် တောသုံးထောင် ရှိပါတယ်။ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီရေး တိုက်ပွဲကာလမှာ နိုင်ငံရေးလုပ်ရင် ထောင်ကျ၊ သေကြေ၊ ရုပ်ပိုင်း စိတ်ပိုင်းပျက်စီး၊ ဘဝနလံမထူ အဆိုးတရားအစုံစုံ ဖြစ်နေ၊ ကြုံတွေ့နေရဦးမှာပါပဲ။

စစ်အာဏာရှင်စနစ် နဲ့ ဒီမိုကရေစီရေးကြား တိုက်ပွဲဆင်နေရဆဲကာလရဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုခုမှာ အမှန်တကယ် ကိုယ်ကျိုး ကင်းကင်း၊ ပြည်သူ့အကျိုးဦးတည်ချက် ရှင်းရှင်းနဲ့ ပါဝင်ခဲ့မယ်ဆိုရင် နိုင်ငံရေးသမားဆိုတာ ထောင်တွေလည်း တန်းစီကျနိုင်တယ်၊ နောက်စေ့လည်း တေ့ပစ်ခံရနိုင်တယ်၊ အလောင်းလည်း ဖျောက်ခံရနိုင်တယ် ဆိုတာ အထင်အရှားပါပဲ။

ဒါဆိုရင် ဒီနေ့ခေတ်အခြေအနေနဲ့ ကိုက်ညီတဲ့ “နိုင်ငံရေးသမား” ဆိုတာကို စောစောစီးစီး အဓိပ္ပါယ် ဖွင့်ဆိုထားမှ ဖြစ်ပါလိမ့် မယ်။ မဟုတ်ရင် နိုင်ငံရေးသမား နဲ့ နိုင်ငံရေးကိုယ်ကျိုးသမား ဆိုတာကို ရောထွေးနားလည်ကုန်ပါလိမ့်မယ်။

“နိုင်ငံရေးသမားဆိုတာ (ဘဝ၊ ပိုင်ဆိုင်မှု၊ ခန္ဓာကိုယ်၊ အသက် အပါအဝင်) ကိုယ်ကျိုး စွန့်နိုင်သမျှ စွန့်ပြီး၊ အများအကျိုး၊ ပြည်သူ့အကျိုးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုခုတွင် ပါဝင်ဆောင်ရွက်နေသူ” လို့ အဓိပ္ပါယ်ဖွင့်ထားပါရစေ။ ။

၂၀.၆.၂၀၂၀