Breaking News

ဧရာ (မန်တလေး) ● ကိုယ်သာနာ၍ စိတ်မနာစေနှင့် ..

ဧရာ (မန်တလေး) ● ကိုယ်သာနာ၍ စိတ်မနာစေနှင့် ..
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၉

“ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဆိုတဲ့ အဆုံးအမကို ကြားဖူးကြမှာပါ။

❎ ဒါကို အချို့က “မိမိကိုယ် နာချင် နာပါစေ, စိတ်မနာအောင် ကျင့်ရမယ်” ဆိုတဲ့ အဓိပ္ပါယ်မျိုး ကောက်ယူ ဟောပြောကြပါ တယ်။ ပိုဆိုးတာက‌တော့ “ကိုယ်နာအောင် ကျင့်တဲ့ အကျင့်က အတ္တကိလမထာနုယောဂ, စိတ်ကို မနာအောင် ကိုယ့်စိတ်ကို အလိုလိုက် ကျင့်တာက ကာမသုခလ္လိကနုယောဂ ... ဒါကြောင့် ဒီအဆုံးအမက အစွန်းတရား နှစ်ပါးလုံးနဲ့ ငြိနေတယ်” လို့ ဝေဖန်တာကို တွေ့လိုက်မိတယ်။

တကယ်တော့ “ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဆိုတဲ့ အဆုံးအမက ဘုရားဟော အဆုံးအမပါ။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်ရဲ့ ပထမဆုံးသုတ် ဖြစ်တဲ့ နကုလပိတုသုတ်ကပါ၊ ဘဝ နေဝင်ချိန် ရောက်ပြီး မနာမကျန်း ဖြစ်နေတဲ့ နကုလပိတာသူကြွယ်ကို ဟောခဲ့တဲ့ တရား ဖြစ်ပါတယ်။

✅ “သူကြွယ် ... မှန်ပေ၏။ ကိုယ်သည် နာကျင်နှိပ်စက်သည်သာတည်း။ ဤကိုယ်သည် (ကွဲလွယ်သော) ဥခွံကဲ့သို့ ဝန်လေး လှ၏။ ဤကိုယ်ကို ဆောင်ထားပါလျက် တခဏမျှပင် ကျန်းမာသည်ဟု ဝန်ခံသူသည် မိုက်မဲသူသာ ဖြစ်၏။ သူကြွယ် ... ထို့ကြောင့် နာကျင်သော ကိုယ်ရှိသော ငါ့အား နာကျင်ခြင်းကင်းသော စိတ်ရှိသည် ဖြစ်လတ္တံ့ (အာတုရာကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ) ဟု ကျင့်အပ်၏” လို့ ဟောပါတယ် (သံ.၃.၁၊ ခန္ဓဝဂ္ဂသံယုတ်၊ နကုလပိတုသုတ်)။

ကိုယ်ကို ပါးလှပ် ကွဲလွယ်လှတဲ့ ဥခွံနဲ့ ခိုင်းနိုင်းထားပါတယ်။ တကယ်တော့ သေခြင်းတရားဆိုတာက မွေးကတည်းက သေဖို့ အဆင့်သင့် ဖြစ်နေနိုင်လောက်အောင် လွယ်ကူလွန်းလှပါတယ်။ ဒါပေမယ့်လည်း ကျန်းမာနေတဲ့ သူတွေကတော့ ဒါကိုမေ့လျော့ပြီး မာန်တက်နေနိုင်ပါတယ်။ ဒါကြောင့် “ငါဟာ အိုရမယ်။ နာရမယ်။ သေရမယ်။ ကိုယ်ချစ်ခင် မြတ်နိုးသူတွေနဲ့ လည်း သေကွဲ ရှင်ကွဲ ခွဲရမယ်။ ကိုယ်ပြုတဲ့ ကံရဲ့ အကျိုးဆက်အမွေကို ခံရမယ်” လို့ နေ့စဉ် ဆင်ခြင် နှလုံးသွင်းဖို့ အဘိဏှပစ္စ ဝေက္ခဏာသုတ်မှာ ညွှန်ကြားခဲ့တာပါ။ ဒါကလည်း ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျသွားအောင် လုပ်ဖို့မဟုတ်ပါဘူး။ မရှောင်လွဲ နိုင်တဲ့အဖြစ်ကို မေ့လျော့ပြီး မာန်ယစ်နေမှာ စိုးလို့ပါ။ ကိုယ်တကယ် မလွဲမသွေ ကြုံတွေ့လာတဲ့အခါ ခံနိုင်ရည်ရှိအောင်, အချိန်ရှိခိုက် လုပ်သင့် လုပ်ထိုက်တာကို လုပ်ထားဖို့ပါ။

ဒီလို နှလုံးသွင်းမထားတဲ့ အခါမှာ ရောဂါဝေဒနာ ဖြစ်လာမှ, ကိုယ် ချစ်ခင်နှစ်သက်သူတွေနဲ့ ခွဲခွာရမှ ငါ့မှ ဖြစ်ရလေခြင်းလို့ ယူကြုံးမရဖြစ်တတ်ပါတယ်။ အို-နာ-သေ-ကွဲ ဆင်းရဲတွေက လူတိုင်းကြုံရမှာပါ...။ ဘုရားရှင်သော်မှ မလွန်ဆန်နိုင်ပါဘူး…။ မြတ်စွာဘုရားရှင် သက်တော် ၈၀-နီးပါးကို ရောက်တော့ နေပူစာလှုံနေတဲ့ ဘုရားရှင်ကို ကြည့်ပြီး အရှင်အာနန္ဒာက “အရှင် ဘုရားရဲ့ အသားအရေတွေက အရင်လို ဝင်းဝါမနေတော့ဘူး, အသားအရေတွေ တွန့်ခေါက်နေပြီ။ ခါးကိုင်းနေပြီ” လို့ လျှောက်ဖူးတယ်။ ဒီမတိုင်ခင်ကလည်း မိထွေးတော် ဂေါတမီ, ယသော်ဓရာ၊ သားတော်ရာဟုလာတို့က တစ်ပါးပြီး တစ်ပါး ဘုရားရှင်ထံ လာလျှောက်ပြီး ပရိနိဗ္ဗာန် ပြုသွားကြတယ်။ နောက် လက်ယာရံ လက်ဝဲရံတွေ ဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန်တို့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ပရိနိဗ္ဗာန်ပြုကြပြန်တယ်။ သူတို့နှစ်ပါး မရှိတော့တဲ့အခါမှာ ပရိသတ် ဟာ အရင်လို မဟုတ်တော့ဘဲ ခြောက်ခြောက်သွေ့သွေ့ ဖြစ်သွားတယ်လို့တောင် ဘုရားရှင်က ထုတ်ပြီး မြွက်ဟဖူးတယ်။ ဘုရားရှင်ရဲ့ နောက်ဆုံး အချိန်ရောက်တော့လည်း အလွန်ပြင်းထန်တဲ့ သွေးဝမ်းရောဂါ ခံစားနေလျက်နဲ့ ကုသိနာရုံကို ခြေလျင်ခရီး ကြွခဲ့တယ်။ ရေ အလွန်ဆာလွန်းတဲ့ အချိန်မှာ အရှင်အာန္ဒာက ချောင်းရေကို ခပ်မယ်ဆိုတော့ ကုန်တင်လှည်းတွေ ဖြတ်သွားလို့ ရေက နောက်ကျိကုန်တယ် (ဘုရားက ခပ်သာ ခပ်ဖို့ ပြောလို့ ခပ်လိုက်မှ ရေက ကြည်နေတာကို တွေ့ရတယ်)။

ဒါတွေကို ပုထုဇဉ် တစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ဝမ်းနည်းဖွယ် ဘဝနေဝင်ချိန် ပုံရိပ်တွေ ဖြစ်ကောင်း ဖြစ်နေမှာပါ။ ဒါပေမယ့် ဖြစ်ခြင်းသဘောရှိတဲ့ တရားတွေဟာ ပျက်ခြင်းသဘောရှိတယ် (ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဒဓမ္မ”န္တိ) လို့ သဘာဝတရားအမှန်ကို သိမြင်လက်ခံထားတဲ့ ကိလေသာကုန်ပြီးတဲ့ ဘုရားရဟန္တာတွေကတော့ တုန်လှုပ်ခြင်း, ဝမ်းနည်း ပူဆွေးခြင်းမရှိဘဲ ရင်ဆိုင်နိုင်ကြပါတယ်။

ဒါပေမယ့် အမှန်ကို မမြင်နိုင်တဲ့ ပုထုဇဉ်တွေကတော့ လောကဓံကို ရင်ဆိုင်ရတဲ့အခါ ငါ့မှ ဖြစ်ရလေခြင်း, ငါလုပ်ချင်တာတွေ လုပ်နိုင်မှာ မဟုတ်တော့ဘူး, ငါချစ်တဲ့သူတွေနဲ့ ခွဲရတော့မယ် စသဖြင့် တဏှာ, မာန, ဒေါသတွေနဲ့ စွဲလမ်းကပ်ငြိ တုန့်ပြန်တဲ့အတွက်၊ ကိုယ်နာကျင်မှု ဆိုတဲ့ မြားတစ်စင်း စူးဝင်တဲ့သူကို စိတ်နာကျင်မှု ဆိုတဲ့ နောက်ထပ် မြားတစ်စင်း စူးဝင်သွားတယ်။ တဏှာ, မာန, ဒေါသတွေရဲ့ လွှမ်းမိုး ဖိစီးမှုတွေ မရှိတော့ဘူး ဆိုရင်တော့ ကိုယ်နာကျင်ပေမယ့်၊ စိတ်မနာကျင်တော့ပါဘူး (သဠာယတနဝဂ္ဂသံယုတ်၊ သလ္လသုတ်)။ တဏှာ, မာန လွှမ်းမိုး ဖိစီးမှုတွေကို အကြွင်းမဲ့ ပယ်ရှားဖို့ ဆိုတာကတော့ အာသဝေါ ကုန်ခမ်းတဲ့ ဘုရားရဟန္တာတွေသာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း အနည်းနဲ့ အများ စိတ်နာကျင်မှု လျော့နည်း ကင်းစင်အောင် ကြိုးစားရပါတယ်။
စိတ်ပညာမှာလည်း ကိုယ့်ရဲ့စိတ်ကို တကယ် နာကျင်အောင် လုပ်နိုင်တာက ကိုယ်ခံစားနေရတဲ့ နာကျင်မှုတွေ မဟုတ်ဘူး, အဲဒါတွေအပေါ် အကဲဖြတ်ဝေဖန်တဲ့ အတွေးတွေကြောင့် ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးပြီး ကိုယ့်စိတ်ကို ခံစားနေရတဲ့ ဝေဒနာတွေကနေ ခွဲထုတ်တဲ့ နည်းရှိပါတယ်။ ဒါကို စိတ်ပညာရှင်တွေက Cognitive Distancing လို့ ခေါ်ပါတယ်။ “ဝေဒနာကို ငါနဲ့ မရောစေနှင့်” ဆိုတဲ့ ဆရာတော်တွေရဲ့ အဆုံးအမကလည်း ဒီသဘောပါပဲ။

ဒီတော့ “ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဆိုတဲ့ အဆုံးအမက မိမိကိုယ်ကို တမင် နာကျင်အောင် လုပ်ခိုင်းတာ မဟုတ်သလို ကိုယ်စိတ်ကို အလိုလိုက်ပြီး လွှတ်ပေးထားတာမျိုးလည်း မဟုတ်ပါဘူး။ မြားတစ်စင်း စူးဝင်ပြီးချိန်မှာ နောက်ထပ် မြားတစ်စင်း ထပ်မစူးရအောင် Cognitive Distancing ကို လေ့ကျင့်ခိုင်းတာပါ။