Breaking News

ဒက်စမွန်နွေဦး - မြောက်မြန်မာတွင် နေထိုင်သည်

မြောက်မြန်မာတွင် နေထိုင်သည်
ဒက်စမွန်နွေဦး 
(မိုးမခ) မတ် ၂၀၊ ၂၀၂၃

ဒီနေ့က စူပါဖရိုက်ဒေး။ အလုပ်လုပ်သူတွေကတော့ နားရက်။ ကိုယ်တွေအတွက်တော့ ပျော်ရက်။ ပင်ပန်းထားသလား မသေချာပေမယ့် အပန်းဖြေဖို့အတွက်တော့ အဆင့်သင့်ပဲ။ မီးမှိန်မှိန်ထွန်းထားတဲ့ ဘားထဲမှာ ကိုယ်တွေရောက်တော့ Unplugged ဝိုင်းတောင် စနေပြီ။ ဒီဘားက အငြိမ်းလေးတွေနဲ့မို့ နာမည်ကြီးတာ။ မီးလေးတွေ ဆင်ထားကအစ အေးအေးငြိမ့်ငြိမ့်လေး။ ဂီတနဲ့ အလှဟာ အရာအားလုံးကို ခဏတော့မေ့ဖို့အတွက် အကောင်းဆုံးဆေးပဲမို့လား။ ဘေးနားမှာ မျော့လွင့်ခြင်းကို ကူမယ့် အရာတွေကလည်း အဆင့်သင့်ပဲကိုး။ ကံကောင်းချင်တော့ ဒေါင့်တနေရာမှာ နေရာကျန်နေသေးတယ်။ ဟိုဘေးနားက မျက်စောင်းထိုးမှာတော့ ငေးစရာ အစာလေးတွေက အသင့်။

အပြင်းကြိုက်သူက အပြင်းမှာ၊ ကိုယ်ကတော့ သောက်နေကျ လီယိုကိုပဲ တရိုတသေ မှာလိုက်တယ်။ ခြင်္သေ့ကြီးကို လေးစားပြရမှာကိုး။ ဘော်ဒါတွေကတော့ သောက်ရင်းစားရင်း ငြင်းခုံ စကားဝိုင်းဖွဲ့နေကြချိန် ကိုယ်ကတော့ လီယိုကို တငုံချင်းငုံရင်း သီးချင်းသံနဲ့ ဆက်ဆီကျကျလေးတွေကို အမြည်းလုပ်ရင်း ငြိမ်နေလိုက်တယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာအရေးမကြီးဘူး။ ဟိုးရှေ့က စော်လေး ဘာတွေ တွေးနေလဲဆိုတာသိချင်တာက အရေးကြီးနေတယ်။ သူ့ဆီကလည်း ကိုယ့်ဘက်ကို လှမ်းလျှိုးနေတာပဲ။ ဒီညတော့ ငြိတွယ်စရာတခုနဲ့ လွင့်လို့ရတော့မယ်လို့ အတွေ့အကြုံက သင်ပေးနေတယ်။ တကယ်တော့ ဘားထဲမှာ မငြိလည်း အပြင်မှာသွားငြိကြဖို့ အိမ်ကထွက်မလာခင်ကတည်း အချင်းချင်း ကြိုတင်ကြံစည်ကြပြီးသားပဲလေ။ သိပ်တော့ မထူးပါဘူး။

ဘော်ဒါတွေ လူစုံရင် စကားတွေတော့ အစုံပဲ။ လုပ်လက်စ စီးပွားရေးတွေ၊ သားရေး သမီးရေးတွေ၊ ဘိုးတော်ဘွားတော်တွေ အကြောင်း အစုံအစုံ။ ကိုဗစ်မှာ ခွင်မတဲ့ခဲ့ပေမယ့် အခုချိန်အလုပ်များနေတဲ့ ကန်ထရိုက်တာဖြစ် ဖြစ်၊ ဘာလုပ်မှန်းမသိပေမယ့် အလုပ်ရှုပ်နေတဲ့အကောင်တကောင်ရဲ့သားပဲ ဖြစ်ဖြစ် အလုပ်တော့ ရှုပ်ကြတာပဲ။ အခွင့်အရေးရတုန်း ကြိုးစားရတာလို့ တဖွဖွပြောကြတဲ့ကောင်တွေ။ ဆရာဝန်လူထွက်ကောင်ကလည်း လိုင်းတွေပြောင်းပြီး အရောင်းအဝယ်ကောင်းနေတာပဲ။ ဘယ်လိုပဲ စကားတွေစုံစုံ ဒီကောင်တွေဆီက မကြားရမယ့် စကားတခွန်းတော့ ရှိတယ်။ “ဒီကိစ္စကြီး” “ဒါကြီး” လို့ မရေမရာ ရည်ညွှန်းတဲ့ လက်ရှိအဖြစ်အပျက်တွေပဲ။ လိုင်းပေါ်မှာ လူတိုင်း ရေလဲသုံးလို့ ဖန်တရာတေနေပြီဖြစ်တဲ့ “တော်လှန်ရေး” တို့ “နွေဦး” တို့ဆိုတဲ့စကား လုံးတွေက ဒီကောင်တွေအတွက် ဝိုင်းပေါ်ကအချဉ်ခွက်လောက်တောင်အရေးမပါဘူး။ ဒီစကား လုံးတွေက ဒီကောင်တွေအတွက်တော့ မသုံးသင့်မသုံးအပ်တဲ့ စကားလုံးတွေလို့ ယူဆထားကြပြီးသား။

သူတို့ပြောတာတွေ နားထောင်ရင်း ကိုယ့်ဘာသာစိတ်ထဲမှာ စစ်တမ်းလေး တခုလောက်တောင်ကောက်ကြည့်ဖို့ စိတ်ကူးလိုက်မိသေးတယ်။ ကျောင်းဆရာပိုးက မသေသေးဘူးထင်ပါ့။ စိတ်ကူးထဲက စစ်တမ်းရဲ့ တဖက်ခြမ်းမှာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယားနဲ့ ကရင်က စစ်ဘေးရှောင်တွေ၊ စစ်ဘေးသင့်သူတွေကို မေးခွန်းတွေ မေးမယ်။ နောက်တဖက်ခြမ်းမှာ သောကြာနေ့တိုင်း ဘားကိုလာ၊ သောက်စရာလေး တမြမြနဲ့ ရယ်ကြမောကြ၊ ပြီးတော့ အပျော်တဆင့် တက်စရာ ရှာကြသူတွေကို မေးမယ်။ မေးခွန်းတွေက ရှုပ်ရှုပ်ထွေးထွေးတော့လည်း မမေးချင်ပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲခေါ်ခေါ်၊ ဘယ်လိုပဲနာမည်တပ်တပ်၊ နာမည်တပ်ဖို့ ရှောင်ရှောင်၊ အခု ကြုံတွေ့နေရတဲ့ ပစ္စက္ခကြီးကနေ ဘာတွေ မျှော်လင့်လဲ၊ ဘာတွေ ဖြစ်လာစေချင်လဲ။ ဒီမေးခွန်းကို ပေါ်လွင်စေချင်ရုံပါပဲ။ ပြီးရင် နှိုင်း ယှဉ်ကြည့်ချင်ရုံပါပဲ။ ဘယ်လိုအဖြေမျိုးတွေ့မယ်လို့ ခင်ဗျားထင်လဲ။ ဒါမှမဟုတ် ဒီလိုမေးခွန်းတွေမေးလာရင် ခင်ဗျားကိုယ်တိုင်ရော ရိုးရိုးသားသား ဖြေဝံ့မလား။ စစ်တမ်းအကြောင်း စနစ်တကျ ဖြစ်အောင် ဘယ်လိုပုံစံထုတ်ရမလဲလို့ ခပ်တည်တည်တွေးနေတုန်းမှာတောင် ကျွန်တော်သူ ငယ်ချင်းမျက်နှာနဲ့ နေ့ခင်းက လိုင်းပေါ်မှာတွေ့လိုက်ရတဲ့ပုံလေးကို နှိုင်းယှဉ်ကြည့်လိုက်နေမိပြန်သေးတယ်။ မတန်မရာအတွေးတွေပဲလို့တောင် အဆိုခံရမယ်ထင်ပါရဲ့။ ဒီကောင်တွေသိရင်တော့ ပက်ပက်စက်စက် ဆဲကြမှာ အသေအချာပဲ။ ဒီကောင်တွေက ခဏနေ ဟိုတယ်တခုခုမှာ ဖြစ်ဖြစ်၊ သူတို့အိမ်က ဇိမ်ကျကျအခန်းထဲမှာ ဖြစ်ဖြစ်ရောက်နေတော့မှာ။ နေ့လည်ကတွေ့မိလိုက်တဲ့ လှည်းနဲ့ထွက်ပြေးနေရတဲ့ စစ်ကိုင်းကကောင်လေး မိသားစုကတော့ ညဘက် ဘယ်နားမှာဘယ်လိုအိပ်ရမလဲဆိုပြီး တွေးနေမလား၊ အဆင်ပြေရာ မြေသားတနေရာမှာ လှည်းထိုးပြီး ဖြစ်သလိုပဲ တည တာဖြတ်သန်းနေကြမလား။ ကျွန်တော်လည်း မသိနိုင်ပါဘူး။ ဒီနှစ်ခု ဘာဆိုင်လို့လဲကွလို့ ဒီကောင်တွေမေးလာရင် ကျွန်တော်လည်း ဖြေတတ်မှာ မဟုတ်ဘူး။
လောကကြီးကလည်း တခါတလေကျတော့လည်း ရယ်ရတယ်။ ဟိုတောထဲက ကလေးတွေ အတူနေရင်းနဲ့ အချင်းချင်းချစ်ကြိုက်ပြီး မင်္ဂလာ ဆောင်တဲ့ပုံတွေကြည့်ပြီး လူတွေက ဝေဖန်ကြတယ်။ မိဘတွေကွယ်ရာ တောကြိုတောင်ကြားမှာ မဖြစ်သင့်တာတွေဖြစ်ကုန်လို့ ဇွတ်အတင်း ပေး စားရတာ ဘာညာနဲ့။ လိုင်းပေါ်က လှိုင်းတွေပေါ့။ မြို့ပြပေါ်ကတော့ အေး ဆေးပဲ။ ဖာသည်ကို ဖာသည်လို့ ခေါ်ရင် ရိုင်းတယ်။ ဟိုတယ်မှာ တည အချိန်ဖြုန်းတာဟာ ခဏတဖြုတ်စိတ်အပန်းဖြေတာပဲ။ ဘယ်သူမှလည်း သောက်ရေးမလုပ်ဘူး။ ကိုယ့်ကိစ္စကိုယ်ပဲလေ။ 

ထားလိုက်ပါတော့။ ဘားထဲမှာ ထိုင်ရင်း unplugged သီးချင်းနားထောင်ရင်း စစ်ဘေးဒုက္ခသည်တွေအကြောင်း ၊ တောက လူတွေအကြောင်းတွေးရတာ တော်တော် အဆီအငေါ်မတည့်တာပဲ။ စကားဝိုင်းဘက် အာရုံပြန်လှည့်ရတယ်။ ဘော်ဒါတွေရဲ့ စကားဝိုင်းကတော့ စီးပွားရေး အလားအလာ ကိစ္စတွေအကြောင်းရောက်နေကြပြီ။ တယောက်ကတော့ နိုင်ငံခြား ရင် းနှီးမြှုပ်နှံမှုတွေလာဖို့ ဘာတွေလုပ်သင့်တယ်ဆိုပြီး သူ့အမြင်တွေ ပြောနေတယ်။ သူပြောတဲ့အထဲမှာ “ဗျူဟာမြောက် စဉ်းစားကြည့်ရင်” ဆိုပြီး ခဏခဏထည့်ပြောတာတခုတော့ သည်းခံရတာပေါ့။ ဒီကောင်ပြောတာကိုလိုက်တွေးကြည့်ပြီး ကိုယ့်ဘာသာရယ်ချင်နေမိတယ်။ ဘာတွေများ ဗျူဟာမြောက်တွေ တွေးနေဖို့လိုမလဲ၊ အခြေအနေက ကောင်းလားမလား၊ ဆိုးလာမလား နှစ်ခုပဲရှိတာပဲလို့ ကိုယ့်ဘာသာ မှတ်ချက်ချနေလိုက်တယ်။ အင်း ဒါပေမယ့် စစ်တမ်းထဲတော့ ဒီအကြောင်းထည့်မေးရင် ကောင်းမှာပဲလို့လည်း ဆက်တွေးမိလာပြန်တယ်။
ဘားထဲမှာ ထိုင်လုပ်နေတဲ့ စစ်တမ်းကြီးထဲမှာ ဒီအကြောင်းကို ဘယ်လိုထည့်ရင် ကောင်းမလဲဆက်တွေးနေလိုက်တယ်။ သူတို့ပြောတဲ့အကြောင်းအရာတွေထက် ကိုယ့်စိတ်ကူးထဲက စစ်တမ်းကပဲ ပိုပြီး စွဲဆောင်အား ကောင်းနေတော့တာကိုး။ နောက်ထပ် စစ်တမ်းတခု လုပ်ရင် ပိုကောင်းမယ် ထင်တယ်။ ဒီစစ်တမ်းမှာတော့ ဒီဘားထဲက လူတွေနဲ့ စစ်ဘေးရှောင်ဖြစ်စေ၊ သာမာန်သူဆင်းရဲသားတွေရဲ့ ဒီကာလ အဖြစ်အပျက်ကြီးမှာ ပါဝင်ရမှု၊ ပေးဆပ်ရမှု၊ ဒုက္ခသုက္ခတွေ ခါးဆီးခံရမှုကို နှိုင်းယှဉ်ကြည့်ချင်လာပြန်တယ်။ အကယ်၍ အခုချိန် ပိုပြီးအနစ်နာခံရသူ၊ ပေးဆပ်ရသူတွေဟာ နောင် အခြေအနေတွေ လိုချင်တဲ့အတိုင်း ပြန်ကောင်းလာရင် ပိုပြီး အကျိုးခံစားရသူတွေ၊ အသီးအပွင့် ခံစားရသူတွေဖြစ်လာမလား။ ဒီစစ်တမ်းကိုတော့ အခုတခါ မေးခွန်းတွေ မေးပြီး မှတ်တမ်း တင်ထားမယ်။ ပြီးရင် ဆယ်နှစ်ကြာရင် တပုံစံတည်း တခါ ထပ်လုပ်မယ်။ ပေးဆပ်ခဲ့သူတွေ၊ ပိုပြီး အနစ်နာခံခဲ့ရသူတွေ ဘယ်လောက်ထိ အကျိုးတွေ ပြန်ရကြမလဲ။ တကယ် ဘာအဖြေပြန်ထွက်မလဲတော့ ကိုယ်လည်း တပ်အပ် မသိဘူး။ ဒါပေမယ့် ဖြစ်နိုင်တဲ့ စစ်တမ်းရလာဒ်တခုကတော့ ကိုယ်သိနှင့်နေပြီးသားပဲလို့ ခံစားရတယ်။ ဒီကိစ္စတွေ ဖြစ်ပျက်ခဲ့ပြီးသားတွေပဲလို့ တွေးမိနေတဲ့ ကိုယ့်ဘာသာတောင် သိပ်နားမလည်ချင်။ ဘားထဲကကောင်တွေကတော့ အဲဒီအချိန်မှာ ဒီထက်ကောင်းတဲ့ ဘားတွေမှာ ရောက်နေမှာပဲလို့ ကိုယ့်စိတ်က ဘာလို့ တွေးမိနေလဲ မသိတော့။ သောက်မိတဲ့ လီယိုပုလင်းတွေရဲ့ အရှိန်ပဲ ဖြစ်မယ်ထင်ပါရဲ့။

ပြန်ခါနီး ငွေရှင်းကြတော့ မြန်မာငွေတွေ တထပ်ကြီးပေါ့။ လိုင်းပေါ်မှာ အလှူခံစားတဲ့ကောင်မဟုတ်ဘူးကွလို့ ခဏခဏပြောတတ်တဲ့ ရာထူးကြီးကြီးဘော်ဒါကပဲ ဒိုင်ခံရှင်းသွားတယ်။ သူ့အတွက်ကတော့ လိုင်းကြေးတွေက တနင့်တပိုးရနေမှတော့ လိုင်းပေါ်အလှုခံစားစရာမှမလိုတာကိုး။ ဆိုင်ထဲက မထွက်ခင် ဘေယူလာတဲ့ ဆံပင်ရှည်ရှည်နဲ့ စားပွဲထိုးကို ကြည့်ပြီး ကိုယ့်ဘာသာ ကြောက်ကြောက်နဲ့ မဆီမဆိုင်တွေးမိသေးတယ်။ “ယူဂျီတယောက် ဒီအနားမှာ ရှိနေမယ်၊ တခုခု လုပ်စရာ ပစ္စည်းလည်း လက်ထဲရှိမယ်ဆိုရင် ငါတို့လို အုပ်စုတွေ၊ ဒီဆိုင်ထဲက လူတွေကို ဘာလုပ်မလဲ”။
ရွေးချယ်စရာအဖြေက များများစားစားတော့ ရှိမနေဘူးလို့ ထင်တာပဲ။

ဒက်စမွန်နွေဦး
 10 March 2023
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar