Breaking News

မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၆



မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၆

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၁

ရှေ့တိုးချဲ့ရေးနှင့်ပြောက်ကျားလှုပ်ရှားမှု

CPB အနေနှင့် အစိုးရအား တွန်းလှန်နေသည့် တော်လှန်စစ်ပွဲအား ပြောက်ကျားစစ်ပွဲဟု ရည်ညွှန်းလေ့ ရှိသည်။ သို့သော် လက်တွေ့တွင် အရှေ့မြောက်နယ်စပ်တလျှောက် အခြေခံဒေသ များရှိ တပ်ဖွဲ့များသည် ပြောက်ကျားတပ်ဖွဲ့ထက် ပုံမှန်တပ်ပုံစံ ပိုပေါက်သည်။ လွတ်မြောက် အခြေခံဒေသထဲရှိ တပ်များ ဖွဲ့စည်းလှုပ်ရှားပုံမှာ ပုံမှန်တပ်ဆန်ပြီး ပြောက်ကျားတပ်ပုံစံမပေါက် ပေ။ အရှေ့မြောက်နယ်စပ် စတင်စဉ်က နယ်စပ်ရှိ ၁၀၁၊ ၃၀၃၊ ၄၀၄ စစ်ဒေသများသည် လွတ်မြောက်အခြေခံဒေသများ ဖော်ထုတ်ပြီး အောင်မြင်ခဲ့သော်လည်း ရွှေလီချိုင့်ဝှမ်းခွင်အတွင်း ထိုးဖောက်ရသည့် ၂၀၂ စစ်ဒေသကတော့ နယ်စပ်က စစ်ဒေသများကဲ့သို့ အောင်မြင်နိုင်ခဲ့ခြင်း မရှိပေ။

ရန်သူ ပတ်လည်ဝိုင်းထားသည့် ရွှေလီချိုင့်ဝှမ်းခွင်အတွင်းရှိ ၂၀၂ ဒေသအနေနှင့် နယ်စပ်ကဲ့သို့ အခြေခံဒေသ ဖန်တီးနိုင်မည် မဟုတ်ပေ။ မတူညီသည့် ပြောက်ကျားဒေသပုံစံသာ ဖန်တီးနိုင် မည် ဖြစ်သည်။ သို့သော် ထိုအခြေအနေကို မှန်ကန်စွာ သုံးသပ်ဖော်ထုတ် အသိအမှတ်ပြု နိုင်ခဲ့ခြင်း မရှိပေ။

၂၀၂ ဒေသ ကေဒါနှင့် တပ်ဖွဲ့များကို တောပုန်းဝါဒ အမှားကျူးလွန်နေသည်ဟု ပြစ်တင်မှုများကို တွေ့ရသည်။ နယ်စပ်ဒေသ တပ်များကဲ့သို့ တပ်စုစည်းပြီး တိုက်ပွဲကြီးများ မတိုက်နိုင်ခြင်းကို အထင်မြင်သေးခဲ့မှုများ တွေ့ရသည်။ ပြောက်ကျားဒေသများတွင် တပ်ဖြန့်ခွဲ၍ လူထုအား စည်းရုံးလှုပ်ရှားခြင်း၊ အခွင့်သာမှ တပ်စုစည်း တိုက်ခိုက်ခြင်းပြုနိုင်သည့် အနေအထားရှိမည် ဆိုသည့် ပြောက်ကျားတပ်ဖွဲ့ပုံစံကို အလေးထား အသိအမှတ်ပြု အားနည်းသည်။

ထို့ကြောင့် လက်တွေ့ ရှေ့တိုးချဲ့ရေးလုပ်ငန်းများ လုပ်ဆောင်သည့်အခါ မြောက်ပိုင်းတွင် ရွှေလီ ချိုင့်ဝှမ်းခွင်အတွင်း စေလွှတ်သည့် နယ်စပ်ဒေသမှ တပ်များသည် ရေရှည် အခြေချနေနိုင်ခြင်း မရှိဘဲ ခရီးရှည် ချီတက်တိုက်ခိုက်သည့် အဆင့်တွင်သာ ကျေနပ်ခဲ့ရသည်။ အလယ်ပိုင်းဗဟိုခွဲ အတွင်း နယ်စပ်ဒေသမှတပ်များ စေလွှတ်ဖြန့်ခွဲနေနိုင်ခဲ့သည်။ ဤသည်မှာ CPB နှင့် တပ်ပေါင်းစု ဖွဲ့ထားသည့် SSPP/SSA ၊ ရလလဖ၊ ကယန်းပြည်သစ်ပါတီ၊ ကလလတ စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက လူထုစည်းရုံးရေး ပြုလုပ်ထားသည့် အခြေခံပေါ်တွင် နေနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုဖြန့်ခွဲထားသော တပ်များအား ပါတီပေါ်လစီပိုင်းအရရော၊ စည်းရုံးရေး စည်းကမ်းပိုင်းအရရော ကိုင်တွယ်မှု အားနည်းခဲ့သဖြင့် ထိုဖြန့်ခွဲထားသော တပ်များ သည် နယ်ခံဗိုလ်ကျများ ဖြစ်သွားကြပြီးနောက်ပိုင်း အရေးယူခဲ့ကြရသည်။

အလယ်ပိုင်းရော မြောက်ပိုင်းတွင်ပါ တွေ့ရသည့်အချက်မှာ ပြောက်ကျားဒေသတွင် တာဝန်ယူရ သည့် တပ်ဖွဲ့ဝင်များသည် အချိန်ကြာမြင့်လာသည်နှင့် လွတ်မြောက်အခြေခံဒေသများသို့ ပြန် ပြေးလာကြခြင်း ဖြစ်သည်။ ပြောက်ကျားဒေသနှင့် အခြေခံဒေသတို့မှာ အခြေအနေချင်း ကွာခြား သည်။ ပြောက်ကျားဒေသတွင် အချိန်မရွေး ရန်သူ့ထိုးစစ် (ဝါ) ရန်သူ့စစ်ကြောင်း လှုပ်ရှားမှုများ ကို ရင်ဆိုင်နေရသည်။ အမြဲသတိထားနေရသည်။ အမှားမခံ။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်။ အချိန်မရွေး မိမိစခန်းအား ဝင်ရောက်စီးနင်းခံရနိုင်သည်။ စခန်းများမှာလည်း တောပုန်းစခန်း များသာ တည်ဆောက်နိုင်သည်။

အခြေခံဒေသမှာတော့ လွတ်လပ်အေးချမ်းစွာ နေနိုင်သည်။ သေနတ်မလိုဘဲ အခြေခံဒေသတွင်း သွားလာနိုင်သည်။ ရှေ့တန်းခံစစ်စခန်းမှအပ ဒေသတွင်းရှိ တပ်များမှာ အေးချမ်းစွာနေနိုင်သည်။ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ရန်မလို။ ကင်းပင်စောင့်ရန် မလိုသည့် အခြေအနေမျိုး ဖြစ်သည်။ ဤသို့ ကွာခြားသော အခြေအနေကြောင့် ပြောက်ကျားဒေသမှ တပ်ဖွဲ့ဝင်များ အခြေခံဒေသသို့ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသည့်ပြဿနာကို အမြဲ ကြုံတွေ့ဖြေရှင်းနေရသည်။

ဤအချက်တွင် CPB သည် KIA နှင့်ပင် ကွာခြားသည်။ လူထုအခြေခံသည့် ပြောက်ကျားစစ်ပွဲဟု ကြွေးကြော်သည့် CPB ထက် KIA က လက်တွေ့ပြောက်ကျားစစ်ပွဲ ဆင်နွှဲနိုင်ခဲ့သည်။ KIA သည် တပ်အင်အား စုစည်းပြီး ရန်သူကို တိုက်ခိုက်ရာတွင် လည်းကောင်း၊ ခံစစ်ဆင်ရာတွင် လည်းကောင်း CPB တပ်များထက် အားနည်းခဲ့သည်က အမှန်ပင် ဖြစ်သည်။

သို့သော် လက်တွေ့တွင် သူ၏လူထုအား စည်းရုံး၍ ပြောက်ကျားစစ်ပွဲအား ရေရှည်ဆင်နွှဲရာတွင် CPB ထက် သာလွန်ခဲ့သည်။

CPB သည် လက်လွှတ်ခဲ့ရသော နယ်မြေများကို ပြန်လည်ထိုးဖောက် စည်းရုံးမရခဲ့သော်လည်း KIA က ရခဲ့သည်ကို တွေ့ရသည်။ ၁၉၆၈ ခုနှစ် CPB ဝင်ရောက်လာ၍ လက်လွှတ်ခဲ့ရသော ရှမ်းပြည်မြောက်ပိုင်းမှ နယ်မြေများကို CPB ပြိုကွဲပြီးနောက် KIA တို့ ပြန်လည်ထိုးဖောက် စည်းရုံးနိုင်ခဲ့သည်။ မူလက ရှမ်းမြောက်တွင် KIA တပ်မဟာတခုနှင့် လက်အောက်ခံရင်း ၃ ရင်းသာ ရှိရာမှ CPB ပြို ကွဲပြီး အနှစ်သုံးဆယ်ခန့်အကြာ ယနေ့ကာလတွင် CPB တို့ လက်လွှတ် ခဲ့ရသော ဒေသများအား KIA တို့ ပြန်လည်ဝင်ရောက်နိုင်သည့်အပြင် တပ်မဟာ ၃ ခုနှင့် လက်အောက်ခံတပ်ရင်း အနည်းဆုံး ၈ ရင်းအထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရသည်။

တကယ်တမ်းအား CPB လက်အောက်ခံ တိုင်းရင်းသားတပ်များသည် ဒေသသစ်သို့ ထိုးဖောက်နိုင်ခြင်းမရှိဟူသည့် အဓိပ္ပာယ်တော့ မရပေ။ ထိုးဖောက်သည့် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်အား အာမခံအကောင်အထည်ဖော်သည့် တပ်မှူးကေဒါများပေါ် မူတည်သည်။ ထို့ပြင် ဒေသအနေအထားနှင့်လည်း သက်ဆိုင်သည်။

၁၉၇၅ နောက်ပိုင်းစ၍ မိုင်းဆတ် အရှေ့ဘက် ထိုင်းနယ်စပ် လွယ်လန်းဒေသသို့ CPB တပ်ရင်း တရင်း စတင်ထိုးဖောက်သည်။

၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် တပ်ရင်း ၃ ရင်းထိ တိုးမြှင့်၍ ဝင်ရောက်ခဲ့သည်။ ထိုဒေသသည် ပန်ဆန်းအခြေခံဒေသနှင့်ဝေး၍ နောက်တန်း ထောက်ပို့ မလွယ်ကူပေ။ ထို့ပြင် ထိုဒေသသို့ ဝင်ရောက်သည်နှင့် အစိုးရတပ်နှင့်သာမက ခွန်ဆာ၏ MTA တပ်နှင့် တိုက်ခိုက်ရသည်။

၁၉၈၈ ဝန်းကျင် အစိုးရတပ် ထိုးစစ်ပြင်းထန်ချိန်၌ ကျည်ဆန်ပြတ်တောက်၍ ပြန်တိုက်ရန်ပင် ခက်ခဲသည့်အခြေအနေ ကြုံရသည်အချိန်တွင်ပင် ထိုတပ်ရင်း ၃ ရင်း ကြံ့ကြံ့ခံ၍ ရပ်တည်နိုင်ခဲ့ သည်။

ထိုတပ်ဖွဲ့များ ထိုးဖောက်နိုင်သည့် အခြေအနေကို သုံးသပ်ရပါက ထိုဒေသသို့ စတင်ထိုးဖောက် စဉ်က ဒေသခံ လားဟူလက်နက်ကိုင်အဖွဲ့ တစိတ်တပိုင်းအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်းသည် အခြေခံအကြောင်းအချက် ဖြစ်ခဲ့သည်။ ထို့ပြင် ထိုဒေသသို့ ဝင်ရောက်ခြေကုပ်ယူခြင်းသည် ထိုင်းနယ်စပ်၌ ဘိန်းအရောင်းအဝယ်ပြုလုပ်နိုင်ရန် ဖြစ်သည်။ ထိုရည်ရွယ်ချက်ကို တာဝန်ခံသည့် တပ်မှူးများကိုယ်တိုင်က လိုလိုလားလားရှိ၍ ကျားကုပ်ကျားခဲ ရပ်တည်ကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ဤသည်မှ တွေ့ရသည်မှာ ဒေသသစ်တခုအား တိုးချဲ့ထိုးဖောက်ရန်အတွက် ဒေသခံ များအား စည်းရုံးပါဝင်စေရန် လိုအပ်သည်။ ထို့ပြင် ထိုးဖောက်သည့် ရည်ရွယ်ချက်ကို တပ်မှူး များကိုယ်တိုင်က သဘောပေါက် အာမခံနိုင်စွမ်းရှိရမည် ဖြစ်သည်။ ထို့ပြင် နယ်အခြေခံဒေသနှင့် မတူသည့် အခြေအနေများကို ရင်ဆိုင်ရပြီး မတူသည့်ပုံစံနှင့် ရင်ဆိုင်ရမည်ကို သဘောပေါက်နိုင် စေရမည် ဖြစ်သည်။ ထို့ပြင် ထိုဒေသသည် တရုတ်နယ်စပ် မဟုတ်သော်လည်း ထိုင်းနယ်စပ် ဒေသ ဖြစ်နေသည့်အချက် ဖြစ်သည်။

ချုပ်၍ဆိုရလျှင် CPB အနေနှင့် ရှေ့တိုးချဲ့ရေးလုပ်ရာတွင် ဒေသခံများအား စည်းရုံးသိမ်းသွင်းရာ တွင် လည်းကောင်း၊ CPB ရည်ရွယ်ချက်ကို တာဝန်ခံတပ်မှူးများ အာမခံမှုတွင် လည်းကောင်း၊ လွတ်မြောက်ဒေသနှင့် မတူသည့် ပြောက်ကျားလှုပ်ရှားမှုပုံစံ ကျင့်သုံးရာတွင် လည်းကောင်း၊ စစ်လှုပ်ရှား ကစားနိုင်သည့်နေရာများအား ထည့်သွင်းတွက်ချက်ရာတွင် လည်းကောင်း အားသာ ချက်၊ အားနည်းချက်များ ရှိခဲ့ပြီး အများစုကတော့ အားနည်းခဲ့သည်။

တပ်ပေါင်းစုပြဿနာ

တပ်ပေါင်းစုပြဿနာသည် လက်နက်ကိုင်တော်လှန်နေသော ပါတီတရပ်၊ အထူးသဖြင့် တိုင်းရင်းသား ပြည်နယ်တွင် အခြေစိုက်၍ တော်လှန်ပုန်ကန်နေသော CPB ကဲ့သို့ နိုင်ငံရေးပါတီ တရပ်အတွက် လွန်စွာအရေးပါသော ပြဿနာတရပ် ဖြစ်သည်။ CPB ဥက္ကဋ္ဌ သခင်သန်းထွန်း ဆိုသကဲ့သို့ တိုင်းရင်းသားပြည်နယ်တိုင်းတွင် တိုင်းရင်းသားလူမျိုးတိုင်း လက်နက်ကိုင်ပုန်ကန် နေခြင်းသည် ဗမာပြည် တော်လှန်ရေး၏ ထူးခြားချက် ဖြစ်သည်။

အရှေ့မြောက် CPB နှင့် ဆက်စပ်နေသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသကဲ့သို့ ကျန်ပြည်နယ်၊ တိုင်းတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိသည်။

CPB သည် တိုင်းရင်းသားလက်ကိုင်အဖွဲ့အချို့အား CPB တပ်ဖွဲ့ဝင်များအဖြစ် စည်းရုံးသိမ်းသွင်း နိုင်သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အများစုကိုမူ ဤသို့ သိမ်းသွင်း၍မရပေ။ သို့ဖြစ်ရာ ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဘုံရန်သူကို ဦးတည်တိုက်ရာတွင် မဟာမိတ်များ အဖြစ် သဘောထားပြီး တပ်ပေါင်းစု ဖွဲ့စည်းခဲ့သည်။

ဤအချက်သည် အခြေခံအားဖြင့် မှန်ကန်သည်။ သို့ရာတွင် အရှေ့မြောက် CPB နှင့် မဟာမိတ်ဖွဲ့ သည့် တိုင်းရင်းသားလက်နက်ကိုင်များသည် CPB နှင့် မဟာမိတ်ဖွဲ့ခြင်းသည် CPB ၏ ပေါ်လစီ ကို သဘောကျသည်ထက် CPB ထံမှ လက်နက်အကူအညီ ရခြင်းသည်လည်း အကြောင်းအချက် တခု ဖြစ်ခဲ့သည်။

CPB နှင့် တပ်ပေါင်းစုဖွဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များရော၊ မဖွဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များရော CPB အား မကျေလည်သည့် အချက်နှစ်ချက် ရှိခဲ့သည်။ တချက်မှာ CPB ၏ တိုင်းရင်းသားလူမျိုးများပေါ်လစီ ဖြစ်သည်။ CPB ၏ တိုင်းရင်းသားလူမျိုးများ ပေါ်လစီမှာ တရုတ်ပြည်ကဲ့သို့ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ ထူထောင်ရေး ဖြစ်သည်။

ပြည်နယ်နှင့် ဖက်ဒရယ်ကို လိုလား၍ အသားကျနေသော တိုင်းရင်းသားများသည် CPB ၏ တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးပေါ်လစီကို လိုလားနှစ်ခြိုက်ခြင်း မရှိပေ။ သို့သော် လည်း နောင်ပြဿနာ နောင်မှရှင်းရန် သဘောထားခဲ့ကြသည်ကို တွေ့ရသည်။

ပါတီတွင်း၌ တရုတ်၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသပေါ်လစီအား ဗမာပြည်တွင် ကျင့်သုံးသည်ကို ဆန့်ကျင်သူရှိသော်လည်း အရေးယူခံရမှုရှိခဲ့၍ နောက်ပိုင်း မပြောဆိုရဲကြတော့။ ထို့ပြင် အရှေ့မြောက် CPB ခေါင်းဆောင်အများစုသည် တရုတ်တွင် လေ့ကျင့်လာသည်ဖြစ်ရာ တရုတ် ပေါ်လစီကို ပုံတူကူးချရန် အားသန်နေသည်။

ဗမာပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးများအရေး၏ ထူးခြားချက်ကို ဆုပ်ကိုင်မိခြင်း မရှိခဲ့။ ပြည်တွင်း အခြေအနေနှင့် ကိုက်ညီသည့် တိုင်းရင်းသားလူမျိုးရေးရာ ပေါ်လစီအား ချမှတ်နိုင်ခဲ့ ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်လည်း တပြည်လုံးရှိ တိုင်းရင်းသားလူမျိုးများအား စည်းရုံးသိမ်းသွင်း ရာ တွင် ခက်ခဲခဲ့သည်။

ဒုတိယအချက်မှာ ခေါင်းဆောင်မှုပြဿနာ ဖြစ်သည်။ အရှေ့မြောက် CPB သည် လက်ရှိ လက်နက်ကိုင်တော်လှန်ရေးအား ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးဟု သတ်မှတ် ထားခဲ့ပြီး အဆိုပါတော်လှန်ရေးအား CPB က ခေါင်းဆောင်ရမည်။ CPB ၏ ခေါင်းဆောင်မှု ခံယူပါက တော်လှန်သည်။ CPB ၏ခေါင်းဆောင်မှု မခံယူပါက ဖော်က်ပြန်သည်ဟု သတ်မှတ် ထားခဲ့သည်။ CPB ထံမှ လက်နက်အကူအညီရယူ၍ အားကိုးအားထားပြုနေရသည့် အခြေအနေ အောက်တွင် အချို့အဖွဲ့ငယ်များက လက်ခံသည်ဟု ဆိုခဲ့သော်လည်း အဖွဲ့ကြီးများက ခပ်မဆိတ် နေခဲ့သည်။ နောက်ပိုင်း KIA သည် KNU တို့နှင့်တွဲ၍ မဒတ တပ်ပေါင်းစုတွင် ပါဝင်ခဲ့ပြီးနောက် မဒတအဖွဲ့သည် CPB ၏ခေါင်းဆောင်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်ခဲ့သဖြင့် CPB ခေါင်းဆောင်များ တထစ်လျှော့ပေးခဲ့ရသည်။

တကယ်တမ်းအားဖြင့် CPB အနေနှင့် ပေါ်လစီမှန်မှန်ဖြင့် လက်နက်ကိုင်တော်လှန်ရေးအတွင်း စွမ်းဆောင်ရည်အပြည့် လက်တွေ့လုပ်ပြ၊ ရှေ့ဆောင်ပြပါက ခေါင်းဆောင်မှုအခန်းကို အလိုလို ရမည် ဖြစ်သော်လည်း သဘောတရားကို ရှေ့တန်းတင်၍ တပ်ပေါင်းစု စတင်ဆွေးနွေးစဉ် ကတည်းက CPB ၏ ခေါင်းဆောင်မှုအခန်းကို ပြောဆိုလေ့ရှိရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မကျေလည်မှုကို ကြုံခဲ့ရသည်။

မြောက်ပိုင်းနယ်မြေတွင် တပ်ပေါင်းစုဖွဲ့စည်းရာတွင် KIA ၊ SSPP/SSA တို့အား မဟာမိတ် တပ်ပေါင်းစုအဖြစ် CPB ဗဟိုမှ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း PSLO/PSLA ပလောင် လက်နက်ကိုင်အဖွဲ့အား CPB ဗဟိုမှ တိုက်ရိုက်တွေ့ဆုံ မဟာမိတ်ဖွဲ့ခဲ့ခြင်း မရှိပေ။ သို့သော် PSLO/PSLA သည် KIA နှင့် မဟာမိတ်ဖြစ်ရာ KIA မှတဆင့် တွေ့ဆုံဆွေးနွေးခြင်း၊ အောက်ခြေ၌ ဆက်စပ်သည့် တပ်များနှင့် ၂၀၂ ဒေသတို့နှင့် ဆွေးနွေးတွေ့ဆုံမှုများ ရှိခဲ့သော်လည်း ပူးပေါင်း ဆောင်ရွက်မှု အားမကောင်းခဲ့ပေ။

အကယ်၍သာ CPB အနေနှင့် PSLO/PSLA တို့နှင့် မဟာမိတ်ဖွဲ့မှုကို အလေးထား ဆောင်ရွက်နိုင်ပါက ရွှေလီချိုင့်ဝှမ်းခွင်နှင့် မိုးမိတ် မိုးကုတ်ဒေသ တိုးချဲ့တည်ဆောက်ရေးတွင် ပို၍ အားသာချက်ရှိနိုင်မည် ဖြစ်သည်။

ထို့ပြင် မြန်မာပြည်တောင်ပိုင်း၌ KNU သည် အင်အားတောင့်တင်းပြီး အစိုးရတပ်နှင့် နင်လား ငါလား တိုက်နိုင်သည့် အခြေအနေတွင် ရှိသည်။ KNU နှင့်အတူ တောင်ပိုင်းတွင် မွန်ပြည်သစ်၊ ကရင်နီ စသည့် တိုင်းရင်းသား လက်နက်ကိုင်များ ရှိနေသော်လည်း အရှေ့မြောက် CPB သည် ထိုတိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေး၊ စစ်ရေး တပ်ပေါင်းစု ဖွဲ့စည်းရန် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ညှိနှိုင်းနိုင်ခြင်း မရှိခဲ့ပါ။

၁၉၈၆-၈၇ ကာလတွင် KIO/KIA ၏ အစီအစဉ်နှင့် တောင်ပိုင်းမှ မဒတ ကိုယ်စားလှယ်အဖွဲ့ ပန်ဆန်းသို့ ရောက်လာချိန်မှ ဆွေးနွေးနိုင်ခြင်း ရှိခဲ့သည်။ သို့သော်လည်း သဘောတူညီချက် ကောင်းမွန်စွာမရဘဲ သာမန်ဆက်ဆံရေးသာ ထူထောင်နိုင်ခဲ့သည်။

ပြည်နယ်တိုင်းရှိ တိုင်းရင်းသား လူမျိုးတိုင်းလိုလို လက်နက်ကိုင်၍ တော်လှန်ပုန်ကန်နေခြင်း သည် ဗမာပြည်တော်လှန်ရေး၏ ထူးခြားချက် ဖြစ်သည်ဟု ပဲခူးရိုးမ CPB ဗဟိုအနေနှင့် စောစွာ သုံးသပ်နိုင်ခဲ့သော်လည်း အရှေ့မြောက် CPB သည် တပြည်လုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အားလုံးအား စုစည်း၍ နိုင်ငံရေး၊ စစ်ရေး တပ်ပေါင်းစု ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပေ။ ဤအချက်နှင့် ပတ်သက်၍ အကြောင်းအချက်များစွာ ရှိသည်ဟု ဆိုနိုင်သော်လည်း မဖွဲ့စည်းနိုင်ခဲ့သည်ကတော့ ငြင်းပယ်၍ မရပေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar