မသီတာ (စမ်းချောင်း) - အပြစ်မကင်းစိတ်နဲ့ အပြစ်ပေးလိုစိတ်
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၁
နွေဦးတော်လှန်ရေးကာလအတွင်း လူထုထဲမှာ အတော်ကြီး သိသိသာသာ တွေ့မြင်ကြားသိလာရတဲ့ စိတ်အခြေအနေနှစ်ခုကတော့ အပြစ်မကင်းစိတ်နဲ့ အပြစ်ပေးလိုစိတ်တွေပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုဟာ သဘောသဘာဝချင်း ဆန့်ကျင်နေပေမဲ့ ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူအများကြားမှာ ဒီစိတ်အခြေအနေ နှစ်ခုကို အကောင်းဆုံးကိုင်တွယ်နိုင်မှ အဆင်ပြေမယ်လို့ တွေးမိပါတယ်။ အဲဒီလို မကိုင်တွယ်နိုင်ရင် ရေရှည်မှာ သက်ရောက်မှုဆိုးတွေဖြစ်လာမှာကို စိုးရိမ်မိပါတယ်။
တကယ်တော့ နွေဦးတော်လှန်ရေးအစပိုင်းမှာကတည်းက ဒီစိတ်အခြေအနေနှစ်ခုဟာ အာဏာသိမ်းတာကို ထောက်ခံတဲ့ဘက်နဲ့ ဆန့်ကျင်တဲ့ဘက်ဆိုပြီး အုပ်စုနှစ်စု ကွဲပြားတဲ့ကြားမှာ ဘယ်ဖက်မှာရပ်တည်လဲဆိုတဲ့အပေါ် မူတည်ကာ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ အဲဒီအုပ်စုနှစ်စုဟာ သူတို့ကိုယ်သူတို့ ဓမ္မအုပ်စုလို့ သတ်မှတ်ပြီး တခြားတဖက်ကို အဓမ္မလို့ ခေါ်ဝေါ်သတ်မှတ်ပုံမှာတော့ လာတူနေပါတယ်။ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့သူတွေကို အာဏာမအပ်နှင်းဘဲ လက်နက်နဲ့အနိုင်ကျင့်တဲ့သူတွေဟာ အဓမ္မသမားတွေသာဖြစ်ပေမဲ့ အာဏာသိမ်းတာကိုထောက်ခံတဲ့သူတွေကတော့ မဲမသမာမှုရှိလို့၊ အဂတိလိုက်စားမှုရှိလို့ဆိုတဲ့ သက်သေမခိုင်လုံတဲ့ စွပ်စွဲချက်တွေကိုစွဲကိုင်ပြီး သူတို့ကသာ ဓမ္မအုပ်စုဆိုပြီး ခံယူနေကြတာကိုလည်း သတိထားမိကြမှာပါ။ အဲဒီလို လွဲမှားတဲ့ခံယူချက်ကနေတဆင့် တချို့အတွေးအမြင်မှား အပြောအဆိုမှား အပြုအမူမှားတွေ ပေါ်ပေါက်လာတယ်လို့ ဆိုရပါမယ်။
အာဏာထိန်းပေးနေတာ၊ ပိုကောင်းအောင်လုပ်ပေးနေတာလို့ ဘယ်လိုပဲ ညာပြောပြော လက်တွေ့မြေပြင်မှာ ဖြစ်နေတာတွေဟာ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ဒါကြောင့်လည်း လူထုအာခံမှု စီဒီအမ်နဲ့အတူ လူမှုအပြစ်ပေးမှု အက်စ်ပီတွေ ပေါ်ပေါက်ခဲ့တော့တာပေါ့။ ဒီနှစ်ခု လုပ်ဆောင်ကြတာတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့ စိတ်အခြေ အနေဟာ အပြစ်မကင်းစိတ်နဲ့ အပြစ်ပေးလိုစိတ်ပဲ ဖြစ်ပါတယ်။ လက်နက်နဲ့သတ်ဖြတ်အနိုင်ကျင့်ပြီး အာဏာရယူထားသူတွေကို အုပ်ချုပ်ခွင့်အပါအဝင် တခြားလုပ်ပိုင်ခွင့်တွေ ပေးရမှာ မတရားမှု၊ အဓမ္မမှုတွေကို ထောက်ခံအားပေးရာရောက်တဲ့အတွက် အပြစ်မကင်းဘူးလို့ ခံစားရကာ စီဒီအမ်လုပ်ကြပါတယ်။ တပြိုင်တည်းမှာပဲ အဲဒီလိုအနိုင်ကျင့်နေသူတွေကို တိုက်ခိုက်အနိုင်ယူနိုင်တဲ့အနေအထားမှာ မရှိပေမဲ့ သူတို့ဟာ အမှားကျူးလွန်မှုတွေအတွက် ပြစ်ဒဏ်ကျခံသင့်တယ်လို့ယူဆတာမို့ ကိုယ်တတ်နိုင်တဲ့ အနေအထားတစ်ခုအရ အပြစ်ပေးလိုစိတ်တွေကြောင့် အက်စ်ပီဆိုတာ ပေါ်ပေါက်လာရပါတယ်။
ဒီနေရာမှာ အပြစ်ပေးလိုစိတ်ဆိုရာမှာ အပြစ်ပေးပိုင်ခွင့် ရှိခြင်း-မရှိခြင်းဆိုတာကို မဆွေးနွေးလိုပါဘူး။ အမှားကျူးလွန်ခံရသူ ကာယကံရှင်ကိုယ်တိုင်မဟုတ်တဲ့ တတိယလူလို့ဆိုရမယ့်သူတွေက အမှားကျူးလွန်သူ နောက် ထပ်ကာယကံရှင်တွေကို အပြစ်ပေးဖို့ ကြိုးစားခြင်းဟာ ဘယ်လိုကောင်းကျိုးရှိမှာလဲလို့ မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ ရှိပါတယ်။ အဲဒါကတော့ တတိယလူအနေနဲ့ အပြစ်ပေးတာဟာ ကိုယ်ကျိုးစီးပွါးကိုကာကွယ်ဖို့ထက် လူမှုစံတန်ဖိုးတွေကို ထိန်းသိမ်းတဲ့အနေနဲ့ အားထုတ်တာဖြစ်တဲ့အတွက် အလားတူ အမှားမျိုးကို နောက် ထပ် ဘယ်သူတစ်ဦးတစ်ယောက်ကမှ မကျူးလွန်ဖြစ်အောင် တားဆီးဖို့ ကြိုးစားတဲ့သဘောသာ ဖြစ်လို့ပါပဲ။ အကျိုးရလဒ်ကတော့ အမှားကို ဘယ်သူကမှ မကျူးလွန်ဖြစ်အောင် သတိပေးတားမြစ်လိုက်တဲ့အကျိုးပေါ့။ အဲဒီတတိယလူတွေဟာ သူတို့ကိုယ်ကျိုးစီးပွါး အထိခိုက် အပျက်စီးခံပြီးတော့ကို အမှားကျူးလွန်သူတွေကို အပြစ်ပေးဖို့ ကြိုးစားကြလေ့ရှကြတယ်လို့ သုတေသနတချို့မှာ ဖော်ထုတ်ရေးသားထားပါတယ်။
ဒီတော့ အပြစ်ပေးလိုစိတ်နဲ့ အပြစ်မကင်းစိတ်ကြား ဘယ်လိုဆက်စပ်လဲဆိုတာ စိတ်ဝင်စားစရာကောင်းလာတာပေါ့။ တတိယလူဖြစ်တဲ့အတွက် တိုက်ရိုက်နစ်နာခံရသူမဟုတ်လို့ အမှားကျူးလွန်သူတွေကို အပြစ်ပေးလိုစိတ်ဖြစ်တာမှာ သူတို့ရဲ့ အပြစ်မကင်းစိတ်နဲ့ ဆက်စပ်နေတယ်လို့ သဘောရပါတယ်။ သိပ်ပြင်းထန်တဲ့ မတရား မှုတွေကို မျက်မြင်တွေ့ရချိန်မှာ ကိုယ်တိုင်က မထိခိုက် မနစ်နာဘဲ လွတ်မြောက်နေသူတွေတိုင်းမှာ အပြစ်မကင်းစိတ်တွေ အနည်းနဲ့အများ ဖြစ်တတ်ကြပါတယ်။ 'ရှင်ကျန်သူရဲ့ အပြစ်မကင်းစိတ်' လို့ ခေါ်ကြတာပေါ့။ အဲဒီစိတ်တွေဖြစ်နေချိန်မှာ အမှားကြောင့် ထိခိုက်နစ်နာခံရသူတွေကို အကာအကွယ်ပေးလိုစိတ်၊ အကာအ ကွယ်မပေးနိုင်တဲ့အတွက် အားမလိုအားမရဖြစ်စိတ်တွေဟာ တတိယလူတွေကို လွှမ်းမိုးနေလေ့ရှိပါတယ်။ အဲဒီအခင်းအကျင်းမှာ တရားဥပဒေစိုးမိုးမှုသာရှိခဲ့မယ်၊ အမှားကျူးလွန်သူတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်က တာဝန်ခံမှု တစုံတရာ သေးသေးလေးပဲဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် တတိယလူတွေဟာ သူတို့ရဲ့ 'ရှင်ကျန်သူ့အပြစ်မကင်းစိတ်' ကိုသာ ပွေ့ပိုက်ပြီး နေဖြစ်ကြဦးမှာပါပဲ။
ဒါပေမဲ့ စစ်ကောင်စီဟာ ပလာတာ၊ ငှက်ပျောသီး လုတဲ့အဆင့်ကနေ အိမ်နှောက် ဆိုင်မှောက်ပြီး သိန်းရာချီ လုယူတဲ့အဆင့်ထိရော၊ ဆိုင်ဆိုင် မဆိုင်ဆိုင် ကလေးသူငယ်ကအစ ဖမ်းချင်သူကိုဖမ်းပြီး ရိုက်နှက်ညှင်းပန်းနှိပ်စက်တဲ့အဆင့်ကနေ နေ့ချင်း ညချင်း ရက်ရက်စက်စက် သတ်ဖြတ်ချင်သလို သတ်ဖြတ်ကာ အလောင်းကို ရွေးခိုင်းတဲ့အထိပါ အစွန်းကုန်တရားမဲ့ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်တွေကို တစ်ခါလေးတောင်မှ တာဝန်မခံခိုင်းခဲ့ပါဘူး။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့မညီ တရားမဲ့ပြုကျင့်မှုတွေပါလို့ ပြောနိုင်လောက်အောင် အဲဒီပြုကျင့်သူတွေကို အပြစ်ပေးအရေးယူတာတွေ လုံးဝမရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေးဆိုတာ လုံးဝပျက်သုဉ်းသွားတဲ့ အနေအထားကို ရောက်နေပါပြီ။ တရားရေးမဏ္ဍိုင် လုံးဝကျဆုံးသွားပါပြီ။
အဲဒါကြောင့် တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေဟာ ဒီလိုတရားမဲ့မှုတွေကို ကိုယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်မိသားစုဝင်ဖြစ်စေ၊ ကိုယ့်လူမျိုးစုဝင်ဖြစ်စေက မခံစားရတဲ့တိုင်၊ ကိုယ်တိုင်က လွတ်မြောက်နေတဲ့တိုင်၊ တရား မဲ့မှုအပေါ် ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးမှ မရှိတာကို လက်ပိုက်ကြည့်နေတာဟာ အပြစ်ရှိတာပဲဆိုတဲ့ အပြစ်မကင်းစိတ်တွေလည်း ဖြစ်လာကြပါတယ်။ အဲဒီလို မတရားမှုကို လက်ပိုက်ကြည့်နေတာဟာ အပြစ်မကင်းဘူးဆိုတဲ့ စိတ်ခံစားချက်ကပဲ သူတို့ကို ကိုယ့်တရားကို ကိုယ့်ဘာသာပဲစီရင်မှဖြစ်တော့မယ်လို့ တွေး တောဆုံးဖြတ်စေတာပါ။ တနည်းအားဖြင့် အမှားကျူးလွန်သူတွေကို ကာယကံရှင်တွေကိုယ်စား တရားဥပဒေစိုးမိုးရေးအလို့ငှာ အပြစ်ပေးမှဖြစ်မယ်လို့ တွေးတောဆုံးဖြတ်လာကြတာ ဖြစ်ပါတယ်။ အပြစ်မကင်းစိတ်တွေကနေ အပြစ်ပေးလိုစိတ်တွေ ဖြစ်လာရတယ် ဆိုပါတော့။
ဒီတော့ ခုလို အပြစ်ပေးလိုစိတ်ပေါ် အခြေခံတဲ့ လက်တုံ့ပြန်မှုတွေ၊ အာခံဆန့်ကျင်မှုတွေ ပေါ်လာတဲ့အခါ တော် လှန်ရေးသမားတွေကို အာဏာသိမ်းထောက်ခံသူတွေက အကြမ်းဖက်သူတွေ၊ အဓမ္မတွေလို့ စွပ်စွဲပြီး ဝေဖန်ပြစ်တင်လှောင်ပြောင်တာမျိုးနဲ့ တုံ့ပြန်ပါတယ်။ အဲဒီထက်ဆိုးတာကတော့ စစ်ကောင်စီဘက်ကရပ်တည်ပြီး တော်လှန်ရေးသမားတွေကို တန်ပြန်အကြမ်းဖက်ဖို့ 'ပျူစောထီး' လို အဖွဲ့မျိုးတွေကို ဖော်ဆောင်လာမှုပဲ ဖြစ်ပါတယ်။ လူထုကြားမှာ အချင်းချင်း တရားမဲ့ပြုကျင့်နေတာပါ။ စစ်ကောင်စီကလုပ်နေတာ မဟုတ်ပါဘူးလို့ အများကို လှည့်စားချင်တဲ့အတွက် ဒီလိုလုပ်တာဖြစ်ပေမဲ့ ဒီလိုပြည်သူအချင်းချင်းကြား တရားမဲ့ပြုကျင့်လို့ ရနေတာကိုက စစ်ကောင်စီရဲ့ တရားဥပဒေ စိုးမိုးမှု ကျဆုံးခန်းကို ဖော်ပြနေတာသာ ဖြစ်ပါတယ်။ (လက်ရှိ အမျိုး သားညီညွတ်ရေးအစိုးရဟာ တရားရေးမဏ္ဍိုင်ကို ကိုင်တွယ်လို့ မရနေပါဘူး။ တရားရေးဝန်ကြီးဌာန ရှိလာပေမဲ့ ရဲလို လက်တွေ့ဆောင်ရွက်ရမယ့် တရားစွဲအဖွဲ့အစည်းမျိုးတွေမရှိဘဲ ကျင့်သုံးဖို့ အခက်အခဲရှိတာမို့ လက်ရှိအခြေအနေမှာ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင် တာဝန်အရှိဆုံးဟာ စစ်ကောင်စီသာ ဖြစ်ပါတယ်)
တကယ်တော့ တရားဥပဒေစိုးမိုးမှုကျဆုံးခန်းကို ကျော်လွှားဖို့ဆိုရင် တရားဥပဒေ ပြန်လည်စိုးမိုးနိုင်အောင် အားထုတ်ဖို့က လွဲပြီး တခြားအဖြေ မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရား စီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ကို ကွဲပြားနားလည်နိုင်စွမ်း၊ ခွဲခြားဆောင်ရွက်နိုင်စွမ်း မရှိသူပီပီ အဆင့်မရှိတဲ့နည်းလမ်းတွေကိုချည်း ထပ်ဖန်တလဲလဲ သုံးပြန်ပါတယ်။ အဲဒီတော့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့တပ်ထဲက 'အပြစ်မကင်း' လို့ ခံစားတတ်သူတွေအနေနဲ့ တပ်ကိုခွါတဲ့ စီဒီအမ်လုပ်ဖြစ်အောင် ပိုပြီး အခြေအနေပေးသလိုသာ ဖြစ်လာရပါတယ်။ ဒါတွေပြောရရင် မဆုံးနိုင်ပါဘူး။ လက်ရှိအနေအထားမှာ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်တွေအနေနဲ့ ပြည်သူကို အုပ်ချုပ်နိုင်ဖို့ အားထုတ်တဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ အခြေအနေ တည်ငြိမ်အေးချမ်းရေးကို မလုပ်နိုင်သေးတာဟာ လူထုရဲ့ အာခံခုခံစွမ်းကြောင့်ချည်း မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို အာမခံနိုင်တဲ့ အခင်းအကျင်းအတွက် အဲဒီတပ်တွေက မစွမ်းဆောင်နိုင်သေးလို့ဆိုတာကို စစ်ကောင်စီက သဘော ပေါက်ရပါမယ်။ ဒါ့အပြင် လူတွေရဲ့ အပြစ်မကင်းစိတ်နဲ့ အပြစ်ပေးလိုစိတ်တို့ကြားက အဆက်အစပ်ကို နားလည်အောင် ကြိုးစားရပါမယ်။ တရားမဲ့ပြုကျင့်မှုတွေကို ရပ်တန့်နိုင်မှသာ ကာယကံရှင်နစ်နာသူတွေသာမက တတိယလူအုပ်ကြီးကိုပါ အပြစ်ပေးလိုစိတ်တွေ လျော့ကျသွားအောင် တတ်နိုင်မှာပါ။ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ များက ကျူးလွန်တဲ့ တရားမဲ့ပြုကျင့်မှုတွေကို မရပ်တန့်နိုင်မချင်း၊ တရားဥပဒေ စိုးမိုးမှု မရှိမချင်း အုပ်ချုပ်ရေးဆိုတာ အသက်မဝင်နိုင်ကြောင်းပါ။
သူ့ဖေ့ဘုတ်မှ ကူးယူသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar