မောင်မောင်စိုး - နှစ် ၆၀ ပြည့်အတွေး
၁။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်
လွန်ခဲ့သော နှစ် ၆၀ က ထိုနေ့ ထိုရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုသည်ကို ရေဒီယိုက ကြားလိုက်ရသည်။ နောက်တနေ့ သတင်းစာများတွင် ရန်ကုန်မြို့လမ်းမများပေါ်တွင် စစ်ကားများ တန်းစီနေသည်ကို တွေ့ရသည်။ ထိုကာလ မိမိက မူလတန်းကျောင်းသားမျှဆိုတော့ အခြေအနေကို နားမလည်တတ်သေးပေ။ ထို့ပြင် ထိုစဉ်က ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက တောရွာလေးတရွာမှာ ရောက်နေသဖြင့် ကမ္ဘာကြီးမဆိုထားနှင့်၊ ပြည်တွင်းက မြို့ကြီးပြကြီးများကို လက်လှမ်း မမီသည့်အခြေအနေ ဖြစ်သည်။ တလ တခါလောက် ပြည်မြို့သို့သွားရသည်ပင် တောသားမြို့ရောက် ဖြစ်နေသည့်ကာလ ဖြစ်သည်။ ညနေမှ ရောက်သည့် သတင်းစာနှင့် ရေဒီယိုသည်သာ အားထားရာဖြစ်သည်။ ထိုကာလက ဆန်နီလစ္စတန်နှင့် ကပ်စီးယပ်ကလေး ထိုးသည့် ဟဲဗီးဝိတ်လက်ဝှေ့ပွဲသတင်း ကြားတော့ လူကြီးနှင့်ကလေးထိုးကြသည်ဟု မိမိတို့ အံ့အားသင့်ခဲ့ကြဖူးသည်။ ထိုအသိအမြင်မျိုးနှင့်ဆိုတော့ ထိုကာလက အာဏာသိမ်းသည်ကို မိမိအနေနှင့် ကောင်းစွာမသိနိုင်သေးသည်က အဆန်းတော့ မဟုတ်ခဲ့ပေ။ နောက်တနှစ်ခန့်ကြာတော့ ဆိုရှယ်လစ်ဆိုသည့်စကားကို လှိုင်လှိုင်ကြားလာရသည်။ အာဏာသိမ်းပြီး ၂ နှစ်ခန့်အကြာတွင်တော့ ပြည်သူပိုင်သိမ်းသည် ဆိုသည်ကို ကြားသိမြင်တွေ့ခဲ့ရသည်။ အရင်းရှင်ကို အရင်ရှင်းပြီး ဆိုရှယ်လစ်စနစ်သို့ ချီတက်ကြမည်ဟုဆိုသည်ကို ကြားရသည်။ အဓိပ္ပာယ်တော့ ကောင်းစွာနားမလည်ခဲ့။ ထိုစဉ်က ကလေးအသိနှင့် သိလိုက်သည်ကတော့ အရင်က အလွယ်တကူ ဝယ်ယူ၍ရသည့် လူသုံးကုန်ပစ္စည်းများ ပျောက်ချင်းမလှ ပျောက်သွားပြီး ရှားပါးသွားခြင်းဖြစ်သည်။ ထိုမှစ၍ မိမိတို့လည်း မြန်မာ့နည်း မြန်မာဟန်ဆိုရှယ်လစ်ခေတ်အား ဆိုရှယ်လစ်ဗိုလ်ကြီးများ၏ ဦးဆောင်မှုဖြင့် ဖြတ်သန်းခဲ့ရပေတော့သည်။
၂။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်
ထိုကာလက မိမိသည် မြန်မာပြည်အရှေ့မြောက်ပိုင်း နယ်စပ်ဒေသတနေရာသို့ ရောက်နေ သည်။ စစ်ပွဲများကြားတွင်ဖြတ်သန်းနေရသည့်ကာလ ဖြစ်သည်။ ၁၉၈၆/၈၇ မှစ၍ ပြည်တွင်းမှာလည်း နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်နေသည်။ ၁၉၈၈ စက်တင်ဘာ ၁၇ ခန့်ထင်သည်။ တပြည်လုံးရှိ စစ်တပ်များ တပ်အသင့်အနေထားရှိရန် ပြင်ဆင်သည့် စစ်သတင်းကို မိမိတို့ ကြားသိရသည်။ တပ်က အာဏာသိမ်းတော့မည်ဟု မိမိတို့ တွက်ဆ၍ ရခဲ့ပေရာ နောက်တနေ့ စက်တင်ဘာ ၁၈ ရက်နေ့ တပ်က အာဏာသိမ်းလိုက်ပြီဆိုတော့ သိပ်တော့ မအံ့ဩမိ။ သို့နှင့်ကြက်ဆူဗိုလ်ကြီးများ၏ ခေတ်ကိုဖြတ်သန်းရပြန်ပါသည်။
၃။ ၂၀၁၁ မှ ၂၀၂၀
လူမှန်းသိတတ်ကထဲက အတော်လေး အနေချောင် အစားချောင်သည့်ကာလတခု ဖြတ်သန်းခဲ့ရသည်။ လွတ်လွတ်လပ်လပ် စီးပွားရေးလုပ်ခွင့်ရကြသည်။ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးလာသည်။ လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရခဲ့ကြသည်။ ရေးသားခွင့်လည်း ရခဲ့ကြသည်။ ဆယ်နှစ်ဆိုသည့် အချိန်ကတော့ တိုလွန်းခဲ့သည်။
၄ ။ ၂၀၂၁ ဖေဖဝါရီ ၁ ရက်နေ့
၂၀၂၀ ဒီဇင်ဘာလ မှ စ၍ ၂၀၂၁ ဇန်နဝါရီလအတွင်း မိမိဆွေးနွေးသမျှ ဆွေးနွေးပွဲများတွင် မြန်မာပြည်သည် နိုင်ငံရေးအကျပ်အတည်းတခုထဲသို့ ဆိုက်ရောက်သွားပြီ၊ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် မိမိတို့အမြင်ကို ဆွေးနွေးခဲ့ကြသည်။ အချို့ကတော့ နိုင်ငံရေးအကျပ်အတည်းအဖြစ် မယူဆကြ။ ဥပဒေကြောင်းအရသာ သွားရန်သာ ယူဆခဲ့ကြသည်။ ဇန္နဝါရီ ၂၉ ရက်ည သန်းခေါင်ကျော်၊ ၃၀ ရက် မနက် တနာခွဲလောက်တွင် မိမိထံ ဖုန်းဝင်လာ၍ အိပ်ရာထရသည်။ " ကစားပွဲ ပြီးသွားပြီ " ( game over ) ဟုသိလိုက်ရသည်။ ဆက်အိပ်၍မရတော့။ ၃၀ ရက် ၃၁ ရက်နေ့ညများတွင် အိပ်မရခဲ့။ မိမိအတွေးများ ဟာလာဟင်းလင်း ဖြစ်ခဲ့သည်။ ကမ်းမမြင် လမ်းမမြင် ဖြစ်ခဲ့သည်။
၅။ ၂၀၂၂
တနှစ်တော့ ကျော်သွားခဲ့ပြီဖြစ်သည်။ ရန်ကုန်တွင် ပြန်လည်စည်ကားနေပြီဟု ဆိုကြသည်။ ကျနော်ကတော့ ကိစ္စမရှိလျှင် အပြင်မထွက်တတ်သူမို့ အခြေအနေကို သိပ်မသိခဲ့ပါ။ ဤရက်ပိုင်းတွင်တော့ ကိစ္စတခုရှိ၍ မြို့ထဲသို့ မကြာခဏထွက်ဖြစ်သည်။ ကားများလူများ ပြန်လည်သွားလာနေသည်ကို တွေ့ရသည်။ သို့သော်လည်း ယခင်ကကဲ့သို့ ပုံမှန်ပြန်ဖြစ်နေပြီဟုတော့ ဆို၍မရသေးပေ။ ယခင်က ကားအတန်းလိုက်ဖြင့် ပိတ်ဆို့အချိန်ကုန်ခဲ့ရသည့် အဝိုင်းများတွင် ချောင်ချောင်ချိချိ ဖြတ်သန်း၍ရသည်။ ကားကြပ်သည့်ဒဏ် သိပ်မခံရသေး။ ဗိုလ်ချုပ်ဈေးရှေ့ နှစ်ခါ သုံးခါဖြတ်သွားရင်း ဈေးကို လှမ်းကြည့်လိုက်တော့ ဆိုင်အတော်များများ ပိတ်ထားဆဲဖြစ်သည်ကို တွေ့ရသည်။ ဝယ်စရာတခုရှိသည်နှင့် ဗိုလ်ချုပ်ဈေးသစ်ထဲသို့ ရောက်သည်။ ဂျန်းရှင်းစီးတီး၊ ဒဂုန်စင်တာ ၁/၂ သို့ရောက်သည်။ ဗိုလ်ချုပ်ဈေးသစ်ကတော့ လက်ကားဈေးဆိုတော့ ဆိုင်အတော်များများဖွင့်ထားသော်လည်း အချို့ကတော့ ပိတ်ထားဆဲ ဖြစ်သည်။ ဖွင့်ထားသည့်ဆိုင်အများစု ဆေးဆိုင်များဖြစ်သည်။ ဂျန်ရှင်းစီးတီးတွင်လည်း ဆိုင်အချို့ ပြန်မဖွင့်နိုင်သေး၊ ပိုဆိုးသည်က ဒဂုန်စင်တာ ၁/၂ တို့တွင် ပိတ်ထားသည့် ဆိုင်ခန်းပိုများသည်။ ဈေးလာသူလည်း ယခင်ကာလနှင့်ယှဉ်လျင် အတော်နည်းသွားသည်။ ကျိုးတိုးကျဲတဲသာ ရှိသည်။ စမ်းချောင်း ကျွန်းတောဈေးထဲက ဝယ်နေကျ ခေါက်ဆွဲသည်ထံမှ အရောင်းတဝက်ကျသွားသည်ဟု ညည်းညူနေသံကို ကြားခဲ့ရသည်။ ကုန်ဈေးနှုန်းတက်သည်။ ငွေကြေးဖောင်းပွသည်။ ဘဏ်စနစ် ပုံမှန်မဖြစ်သေး၊ အလုပ်အကိုင်ရှားပြီး ဝင်ငွေနည်းပါးလာကြရာ လူများ၏ သုံးစွဲနိုင်စွမ်းကျဆင်းသွားသည်ဟု ဆိုရမည်။ မိမိလက်လှမ်းမီသည့် စမ်းချောင်း၊ လှည်းတန်းတဝိုက်တွင်တော့ ဆိုင်အတော်များများ ပိတ်သွားသည်။ ငှါးမည့်ဆိုင်ခန်းများ ပေါလာသည်။
၅။ ဘန်ကောက်
နိုင်ငံရပ်ခြားနှင့်အကျွမ်းတဝင်ရှိသည့် သူငယ်ချင်းတယောက်ကတော့ ဘန်ကောက်မှာ မြန်မာပြည်ကလူတွေအပြည့်ဟုဆိုသည်။ ထိုင်းတွင် အလုပ်သွားလုပ်နေသူ မြန်မာ ၄ သန်းခန့်ရှိပြီးဖြစ်သည်။ ယခု ဘန်ကောက်သို့ ထပ်မံရောက်ရှိသူများက ထိုသူများ မဟုတ်။ အသစ်ထပ်မံရောက်ရှိသူများ ဖြစ်သည်။ ငွေကြေးအရင်းအနှီးရှိသူများ၊ အတတ်ပညာ အသိပညာရှိသူများ ဖြစ်သည်ဟု သိရသည်။ ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် သိန်းသောင်းချီတန်သည့် ခြံမြေကွက်များ ထောင်နှင့်ချီ၍ ရောင်းချနေသည်ဟု သိရသည်။ ငွေကြေးအရင်းအနှီးရှိသူများ၊ ပညာရှင်များ တည်ငြိမ်သည့် နိုင်ငံများသို့ပြောင်းရွှေ့အခြေချမှုများ ပြုလုပ်နေပြီဟု တွက်ဆရသည်။ တကယ်တော့ ဘန်ကောက်ဟု ပြောရသည်က လက်လှမ်းမီသည့်နေရာကို ပြောရသည်သာဖြစ်သည်။ လက်တွေ့တွင် ဘန်ကောက်အပြင် ပို၍ခြေဆန့်နိုင်သူများလည်း ရှိပေလိမ့်အုံးမည်။
ထိုင်းကတော့ ဤလပိုင်းတွင် ထိုင်းနိုင်ငံသို့ နိုင်ငံရပ်ခြားမှ ငွေကြေးအရင်းအနှီးရှိသူနှင့် ပညာရှင်များ လာရောက်အခြေချနိုင်ရန် ဥပဒေများ ပြင်ဆင်ရေးဆွဲလျက် ရှိသည်။ လူတသန်းခန့် လက်ခံရန် မျှော်လင့်ထားသည်ဟု ထိုင်းအစိုးရက ဆိုသည်။ မကြာခင် အသေးစိတ်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပြီးစီးမည်ဟုဆိုသည်။ ထိုင်းက နိုင်ငံတကာကို မျှော်၍ရေးသည်ဟုဆိုသော်လည်း မြန်မာနှင့်တော့ အကိုက်ညီဆုံး ဖြစ်နေသည်။
၆။ ၆၆ နှစ်
ယခုနှစ်တွင် ကျနော့်အသက် ၆၆ နှစ်ရှိပြီ။ ဤမြေတွင် မွေး၍ ဤမြေတွင် ကြီးခဲ့သည်။ မြန်မာပြည်တွင် လူဖြစ်သည်က ကံကောင်းသည်ဆိုသည့်စကားကြားလျှင် ပြုံးမိသော်လည်း မြန်မာပြည်တွင် လူဖြစ်သည်ကိုတော့ ကံဆိုးသည်ဟူ၍တော့ မယူဆမိပါ။ လူ၏သဘောသဘာဝအရ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့အခြေချနေထိုင်ကြသည်ကို ပြစ်တင်စရာမရှိပါ။ သို့သော်လည်း မိမိကတော့ မိမိမွေးဖွားရာ ဤမြေ ဤရေ ဤဒေသတွင် ဆက်လက်ရှင်သန်ကြီးပြင်းလိုသည်။ ဤဝဲဩဃထဲတွင် ဆက်လက်ရုန်းကန်ရှင်သန်လိုသည်။ ဤမြေ ဤရေကို မိမိ ချစ်သည်။ အသက်အရွယ်ကြီးရင့်၍ နေထိုင်ရန် အချိန်သိပ်မကျန်သော လူအိုတဦး၏ အတွေးဟုလည်း ဆိုနိုင်ပါသည်။
မောင်မောင်စိုး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar