မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၂၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဧပြီ ၃၀၊ ၂၀၂၂
ဧပြီလ ၂၉ ရက် - မလေးနဲ့ ထိုင်းရေနံ သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်မာနိုင်ငံက နုတ်ထွက်၊ မြဝတီမြို့အနီး တိုက်ပွဲတွေ ဖြစ်ပွားလာ
နိုင်ငံတကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ မလေးရှားနိုင်ငံက Petronas နဲ့ ထိုင်းနိုင်ငံက PTTEP တို့ မြန်မာနိုင်ငံ ရဲတံခွန် သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နုတ်ထွက်မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်ကုမ္ပဏီ Chevron နဲ့ ပြင်သစ် ကုမ္ပဏီ Total တို့ နုတ်ထွက်ကြောင်း ကြေညာခဲ့ကြပါတယ်။ ဒီနုတ်ထွက် ဆုတ်ခွာမှုတွေဟာ မြန်မာစစ်ကောင်စီကို ဂုဏ်သိက္ခာအရ ပထမထိခိုက်စေမှာဖြစ်ပြီး အကျိုးစီးပွားအရလည်း အတိုင်းအတာတခုထိ ထိခိုက်စေနိုင်ပါတယ်။ နုတ်ထွက်သွားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေနေရာကို တခြား အနောက်နိုင်ငံ နဲ့ အာဆီယံနိုင်ငံက ကုမ္ပဏီတွေ ဝင်ရောက် လုပ်ကိုင်ခြင်းမပြုခဲ့ရင် တရုတ်နိုင်ငံလိုမျိုးက ကုမ္ပဏီတွေ အစားထိုးဝင်ရောက်ကောင်း ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
သို့ပေမယ့် အကျိုးစီးပွားအရ အတိုင်းအတာတခုထိ သက်ရောက်မှု ရှိမှာဖြစ်ပြီး စစ်ကောင်စီအဖို့ နိုင်ငံဘတ်ဂျက်ရဲ့အဓိက နိုင်ငံခြားငွေရှာဖွေပေးတဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက ဝင်ငွေ လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။
Chevron နဲ့ Total ကုမ္ပဏီတွေ နုတ်ထွက်စဥ်တုန်းက စစ်ကောင်စီကာကွယ်ပြောဆိုရာမှာ ဒီကုမ္ပဏီတွေက နိုင်ငံရေး အကြောင်းအချက်ကြောင့် ထက်ကို အဆိုပါ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေမှာ လျော့ကျလာတာက အဓိကအကြောင်း ဖြစ်တယ်လို့လည်း ကာကွယ်ပြောဆိုခဲ့ဖူးပါတယ်။
နိုင်ငံတကာ ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံက ရမယ့်အကျိုးအမြတ်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝေဖန်ခံရမယ့် အကျိုးဆက်ကို ထောက်ချင့်ပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ယူဆရပါတယ်။
ဒီနေ့ အဖို့ နောက်သတင်းတွေကတော့ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ ရှေ့တန်းစခန်း ဖြစ်တဲ့ ကျောက်ညှပ်စခန်းကို ကေအန်ယူက ခုရက်ပိုင်းအတွင်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို သိမ်းယူရာမှာ ကေအန်ယူဘက်ကလည်း ဗျူဟာမှူး အဆင့်ရှိသူတဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒီစစ်စခန်းဟာ ထိုင်းနယ်စပ်နဲ့ ကပ်နေတဲ့ ရှေ့တန်းစခန်းဖြစ်ပြီး မကြာခင်က တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီစခန်းတွေ ထွက်ခွာဖို့ ရာဇသံပေးခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ် မှာ တပ်မဟာ ၆၊ တပ်မဟာ ၅ နဲ့ သထုံခရိုင် တပ်မဟာ ၁ စတဲ့ နယ်တွေမှာ စစ်ရေး တိုက်ခိုက်မှု တွေ ပိုအရှိန်မြင့်လာနေပြီး ဒီနေ့သတင်းတွေထဲမှာ မြဝတီမြို့အနီးက တောင်ကုန်းတွေမှာ နေရာယူထားတဲ့ BGF စခန်းတွေကို ကေအန်ယူက တိုက််ခက်မှုတွေ ရှိနေပြီး မြဝတီမြို့ရဲ့ ရပ်ကွက်အချို့မှာ လက်နက်ကြီး အသံတွေ ကျရောက်တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ဖေါ်ပြနေကြတာဖြစ်ပါတယ်။
မြဝတီမြို့ဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြို့လည်းဖြစ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ နယ်စပ်ကုန်သွယ်ရေးရဲ့ လမ်းမကြီးကို ကေအန်ယူက သွားလာခွင့် ပိတ်ထားစဥ် ကုန်စျေးနှုန်းကြီးမြင့်တာတွေ အထိုက်အလျောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ထိုင်းနိုင်ငဘက်က တာဝန်ရှိသူတွေနဲ့ ကေအန်ယူတို့ တွေ့ဆုံမှုတွေ ရှိခဲ့ပြီးအခုအခါမှာတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ သွားလာနေတဲ့ အရပ်သား ကားတွေကို ပစ်ခတ်ခြင်းမပြုဖို့ ကေအန်ယူဘက်က လက်အောက်ခံတပ်တွေကို ညွှန်ကြားတဲ့ စာထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက တကြိမ် မြဝတီမြို့ကို DKBA တွေဦးဆောင် ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပြီး အဲဒီနောက်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီမှုတွေနဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိသလောက် နည်းပါးသွားခဲ့ရာက စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar