စပယ် - ယုံကြည်ချက် နွေဦး
(မိုးမခ) နို၀င်ဘာ ၉၊ ၂၀၂၁
ဒီနေ့ ဖေ့ဘုတ်ကြီးရဲ့ မန်မိုရီမှာ လွန်ခဲ့တဲ့ ၆ နှစ်က မဲပေးသွားခဲ့ကြတဲ့ပုံလေးပေါ်လာတယ်။ ဒီတော့ ဒီစာလေးကိုရေးမိပြီ။
တော်လှန်ရေးအစိုးရလို့ဆိုတဲ့ ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်တော့ ၁၉၆၅ မှာမွေးတဲ့ ကျမဟာ ၁၉၈၈ ခုနှစ်ရောက်တဲ့အထိ ဒီမိုကရေစီဆိုတာကို နားမလည်ခဲ့ပါဖူး။ ကြားတော့ ကြားဖူးခဲ့ပါတယ်။ ညနေ မိသားစုရေနွေးကြမ်းဝိုင်းမှာ ဖေဖေ မကြာခဏပြောပြခဲ့တဲ့ ဆဲဗင်းဇူလိုင်အရေးအခင်းအကြောင်းတွေ၊ ရန်ကုန်တက္ကသိုလ်သမဂ္ဂမှာလုပ်ကြတဲ့ ကျောင်းသားပွဲတွေ၊ မြတ်လေးရဲ့ တော်လှန်ရေးသီချင်းတွေဟာ ကျမတို့ငယ်ငယ်ထဲက ရင်းနှီးနေတဲ့အကြောင်းတွေပေါ့။
၁၉၆၂ ရဲ့ ဇူလိုင် ၇ အရေးအခင်းမှာ ကိုယ့်တွေ့ကြုံခဲ့ရတဲ့ ဖေဖေ့ရဲ့ ဒီပုံပြင်တွေဟာ ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင်အထိ ရင်ထဲကို စူးစူးနစ်နစ် ရောက်မလာခဲ့သေးပါဖူး။
ကျမငယ်ငယ်က လူရည်ချွန်ဖြေတော့ ဗဟုသုတအတွက် သတင်းစာတွေဖတ်ရင်း လမ်းစဉ်ပါတီဥက္ကဌကြီးဆိုတာက နေရာတကာမှာပါလွန်းတော့ ဦးနေဝင်းကြီးသေသွားရင် ငါတို့နိုင်ငံဘယ်သူအုပ်ချုပ်မလဲဆိုပြီးတောင် တွေးမိပါသေးတယ်။ အထက်တန်းကျောင်းသူဘဝမှာ အင်္ကျီဖြူနဲ့ လုံခြည်အပြာလေးဝတ်ပြီး လမ်းစဉ်လူငယ်အဖွဲ့ထဲဝင် - သူငယ်ချင်းတွေနဲ့အတူ ပြည်ထောင်စုနေ့အလံကို ပျော်ပျော်ကြီး ကြိုခဲ့ကြတယ်။ လမ်းစဉ်လူငယ်ဝတ်စုံနဲ့သမီးကြီးကိုကြည့်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ဖူးတဲ့ ဖေဖေ့ရင်ထဲ ဘယ်လိုနေမလဲဆိုတာ မစဉ်းစားတတ်ခဲ့ဖူး။
ဒီလိုနဲ့ ကိုယ်တိုင်တက္ကသိုလ်ကျောင်းသူဘဝရောက်ချိန် အိမ်ကထောက်ပံ့တဲ့ကျောင်းစရိတ်ကို ချွေတာသုံးစွဲနေရတဲ့ ကျမတို့ဟာ အဆောင်နေသူငယ်ချင်းတွေထဲကတချို့တွေ သူတို့ကျောင်းစရိတ်ကို သူတို့ဖာသာရှာနိုင်ကြတယ်ဆိုတာကို အံ့ဩကြတယ်။ အထူးသဖြင့် ပြည်နယ်က သူငယ်ချင်းတွေ ကျောင်းကိုလာကြချိန်မှာ ပစ္စည်းလေးတွေသယ်ပေးလာယုံနဲ့ ကျောင်းစရိတ်ကာမိတယ်ဆိုတော့ တိုင်းဒေသတွေက ကျမတို့တွေဟာ အံ့ဩတကြီး အားကျကြတာပေါ့။
မှောင်ခိုပစ္စည်းသယ်ပြီးရောင်းချကြတဲ့သူတွေ လမ်းခရီးမှာ စစ်ဆင်ရေးတွေနဲ့တွေ့ပြီးဖမ်းခံကြရပေမဲ့ ရန်ကုန်မြို့လယ်ရဲ့ စိန်ဂျွန်းဈေးကြီးထဲမှာတော့ မှောင်ခိုပစ္စည်းတွေ ပေါမှပေါပါပဲ။ ကိုယ့်နိုင်ငံက ဂဂျိုးဂဂျောင်စနစ်ကြီးကို နားလည်စပြုလာပေမယ့် ကျောင်းမှာသင်ရတဲ့ (Political Science) ဆိုတဲ့နိုင်ငံရေးသိပ္ပံကို ကျက်ကောင်းကောင်းနဲ့ ဂုဏ်ထူးရအောင်ဖြေခဲ့သေးတာပါ။ စာမေးပွဲနီးရင် PS ဆရာက မြွေကြီးလုံးသွားပြီဆိုပြီး စာမေးပွဲမှာပါမယ့် အပုဒ်တွေပြောပြလို့ပေါ့။
ရှစ်လေးလုံးအရေးတော်ပုံကြီးကို ကိုယ့်မျက်စိရှေ့နဖူးတွေ့၊ ဒူးတွေ့ တွေ့ကြုံလိုက်ရပြီးချိန်မှာတော့ ကျမတို့ခေတ် လူငယ်အများစုရင်ထဲမှာ ဒီမိုကရေစီဆိုတာကို မြတ်နိုးလာတယ်။ ပညာရှင်တွေအများကြီး အဖမ်းအဆီးတွေခံရ၊ နှိပ်စက်ခံရတော့ စစ်အာဏာရှင်စနစ်ကို ရွံရှာစက်ဆုပ်တတ်လာတယ်။
ရိုက်ခတ်မှုကြီးမားလှတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြောင့် ကျမတို့ပြည်သူတွေ ၁၉၉၀ မှာ မဲပေးခွင့်ကြုံခဲ့ကြတယ်။ အဲဒီတုန်းက ကျမက အလုပ်ဝင်စ ၂၅ နှစ်အရွယ်ပေါ့။ ဇာတိမြို့လေးက ကျမတို့ငယ်ဘဝ ပညာသင်ယူခဲ့ရတဲ့ မူလတန်းကျောင်းလေးဆီ ကျမတို့ညီအမ (၄) ယောက် ရင်ခုန်စွာသွားရောက်မဲပေးခဲ့ကြတယ်။ ညီမအငယ်ဆုံး “ကေ” ကတော့ အသက်မပြည့်လို့ မဲမပေးရတာကို အားမလိုအားမရနဲ့ ကျန်ခဲ့ရှာတယ်။
မြောက်ပြန်လေကလေး တနော့နော့နဲ့ မြူတွေမှိုင်းနေတဲ့မနက်စောစောမှာ ကျောင်းရှေ့တလျှောက် မဲပေးဖို့စောင့်နေတဲ့ လူတန်းကြီးကအရှည်ကြီးပါပဲ။ အသံကတော့ ခပ်တိတ်တိတ်ပါ။ စစ်အုပ်ချုပ်ရေးအောက်ကပေးရတဲ့မဲမို့ အတန်းရှည်ကြီးစောင့်ဆိုင်းခဲ့တဲ့ သူတွေအားလုံးရင်ထဲကအသံတွေဟာ တယောက်နဲ့တယောက် စကားတွေအများကြီးမပြောကြပေမဲ့ တူနေကြတယ်ဆိုတာကို မဲစာရင်းတွေထွက်ပေါ်လာချိန်မှာ သိခဲ့ရပါတယ်။
ကျမအတွက် မမေ့နိုင်တာကတော့ ရွာကတက်လာကြတဲ့သူတွေရဲ့ မျက်နှာတွေပါ။ ဖေဖေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ မြို့နယ်ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တာမို့ မြို့နယ်အဖွဲ့ချုပ်ရုံးကို ရွာအသီးသီးက NLD အဖွဲ့ဝင်တွေကမဲရလဒ်တွေ ညဘက်ကနေစပြီး လာပို့ကြပါတယ်။ အဲဒီညက လာတဲ့သူတွေကို ထမင်းချက်ကျွေးရတဲ့ဆီမှာ ကျမတာဝန်ကျပါတယ်။ တညလုံး လူတွေတသုတ်ပြီးတသုတ် ရောက်လာတာကိုကျွေးဖို့အတွက် (ထမင်းအိုးကြီးကြီးကလဲမရှိတော့) တအိုးပြီးတအိုး တည်ရပါတယ်။
မနက်လင်းအားကြီးအထိကျမတို့အုပ်စု တမှေးမှမမှေးခဲ့ရပဲ ထမင်းတွေချက်လိုက်ရတာ နပ်တာတွေရော၊ မနပ်တာတွေရောပေါ့။ ဘာလို့မနပ်သလဲဆိုတော့ ချက်ရင်းနဲ့ NLDအနိုင်ရတဲ့ မဲစာရင်းကို သွားသွားကြည့်နေမိတော့ ကောင်းကောင်းမမွှေမိလို့ပါ။ ပင်ပန်းနေပေမဲ့ ရွှင်လန်းနေတဲ့ မျက်နှာတွေနဲ့ပေါင်းတည်အဖွဲ့ချုပ်ရုံးဆီဝင်လာကြတဲ့ ရွာအသီးသီးကသူတွေဟာလည်း ထမင်းနပ်၊ မနပ်ကိုလည်း သတိထားမိမယ်မထင်ပါဖူး။ ကျမတို့ဘဝတွေ မနပ်တနပ်ဖြစ်ခဲ့ရတာ ကြာပြီဆိုတော့ မဲပေးရကျိုးနပ်စေဖို့ကိုပဲ အားခဲနေကြလို့ထင်ပါရဲ့။
ဒါပေမဲ့- - ဒါပေမဲ့ပေါ့။ ကျမတို့ မဲပေးရကျိုးမနပ်ခဲ့ပါဖူး။ ဗိုလ်ခင်ညွန့်ရဲ့စနက်တွေနဲ့အတူ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ လွှတ်တော်ခေါ်ခွင့်မရခဲ့တဲ့အပြင် ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်ဖမ်းဆီးတာတွေခံခဲ့ရပါတယ်။ ဒီလိုနဲ့ညောင်နှစ်ပင်အမျိုးသားညီလာခံကြီးနဲ့အတူ ကျမတို့နိုင်ငံအနာဂတ်ဟာ တောကြီးမျက်မဲမှာ လမ်းပျောက်ခဲ့ရပါတယ်။
လမ်းပျောက်နေဆဲကာလရဲ့ တခုသောအချိန် ၂၀၀၄ ဝန်းကျင်ထင်ပါရဲ့။ ကျမ နည်းပညာတက္ကသိုလ်တစ်ခုမှာ ဌာနမှူးတာဝန်ယူရချိန်ပေါ့။ စာသင်နေတုန်းမှာ အရေးပေါ်အစည်းအဝေးဆိုပြီး ချက်ချင်းလိုက်ခေါ်လို့ ကျောင်းအုပ်ကြီးရုံးခန်းဆီလာခဲ့ရပါတယ်။ အစည်းအဝေးက NLD ပါတီဝင်တွေ တက္ကသိုလ်ထဲမှာ စိမ့်ဝင်ပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ကြံစည်တယ်သတင်းရလို့ လုံခြုံရေးသတိရှိဖို့ပါတဲ့။ တခုခုသတင်းရတာနဲ့ တာဝန်ရှိတဲ့သူတွေကို သတင်းပေးပါဆိုပြီး ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ဆယ်နှစ်ကျော်နေတဲ့အချိန်မှာတောင် သူတို့ရဲ့ဖိနှိပ်မှုကရှိနေဆဲပါ။ အဓမ္မဝါဒီတွေဟာ ဘယ်သောအခါမှ စိတ်ငြိမ်းချမ်းမှုရှာတွေ့နိုင်မယ် မထင်ပါဖူး။
နှစ်ပေါင်းများစွာ အာဏာရှင်တွေစိတ်တိုင်းကျရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကို နာဂစ်မုန်တိုင်းကြားကနေ အတည်ပြုပြီးချိန်မှာတော့ အာဏာရှင်တွေပဥ္စလက်ပြလိုက်တဲ့ ၂၀၁၀ ဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ကျမ မဲမပေးခဲ့ပါဖူး။ ဒီနောက်ပိုင်းကာလတွေမှာတော့ အထိုက်အလျောက် လွတ်လပ်ခွင့်တွေရခဲ့ပါတယ်။
မှတ်မိနေတဲ့မြင်ကွင်းလေးကတော့ ၂၀၁၃ မှာ လုပ်ခဲ့တဲ့ ရှစ်လေးလုံး ငွေရတုပွဲပါ။ ဒီလိုပွဲမျိုးကျင်းပခွင့်ရမယ်လို့ ထင်မှတ်မထားပါဖူး။ အာဏာရှင်တွေက ရုပ်ပြကောင်းအောင် ဟန်ဆောင်ခဲ့ကြတယ်လေ။ မင်းဓမ္မက MCC ခန်းမမှာ လုပ်ခဲ့တဲ့ဒီပွဲလေးကို ကျမသမီးတွေကိုခေါ်ပြီး ရောက်အောင်သွားခဲ့ပါတယ်။ လူငယ်တွေ သမိုင်းကြောင်းကိုသိစေချင်လို့ဆိုပြီး ခေါ်သွားခဲ့တဲ့ကျမ ခန်းမထဲကိုရောက်သွားချိန်က ကိုမင်းကိုနိုင်ရဲ့ ပြဇာတ်ပြနေတဲ့အချိန်ပေါ့။ ပြဇာတ်က ဇာတ်သိမ်းခန်းရောက်နေပြီထင်ပါတယ်။ ခန်းမကြီးတခုလုံးအမှောင်ချပြီး ဖယောင်းတိုင်မီးလေးတွေထွန်းလို့ “ကမ္ဘာမကြေဖူး” သီချင်းကိုဆိုကြချိန်မှာ ကျမဘယ်လိုမှ မထိမ်းနိုင်ပဲ မျက်ရည်တွေပေါက်ပေါက်ကျပြီး လိုက်ဆိုနေမိတယ်။ အဲဒီအချိန်မှာ သမီး (၃) ယောက်စလုံးက ရှက်တယ်ဆိုပြီး အနားကနေ ခွာသွားကြတယ်။ သူတို့အချင်းချင်းလည်း အတင်းတုပ်သွားကြလေရဲ့။ ငါတို့အမေ ဒရာမာခင်းနေပြီဆိုပဲ။
ဖေဖေဆိုလေ့ရှိတဲ့ “တပ်ဦးကျွေးကြော်သံ” သီချင်းကြားတိုင်း ကျမစိတ်ထဲဝမ်းနည်းသလိုခံစားရင်း ဒီစိတ်ညစ်စရာသီချင်းကို ဘာလို့ ခဏခဏဆိုနေပါလိမ့်လို့ မနှစ်သက်တဲ့အတွေး တွေးခဲ့ဖူးတာကို ဖြတ်ကနဲသတိရလိုက်မိတယ်။
# # #
၂၀၁၅ မှာတော့ ကျမ ဒုတိယအကြိမ်မဲပေးခွင့်ကြုံပြန်ပါပြီ။ ဒီတကြိမ်မှာ ကျမတို့ ချစ်ခင်မြတ်နိုးရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မဲဆွယ်ရင်း ရွေးကောက်ပွဲဝင်ခဲ့တာကြောင့် ပြည်သူအများစုဟာ စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ မမှန်မကန်ကောက်ကျစ်တတ်တဲ့ စစ်အုပ်စုတွေကို တခြားနည်းနဲ့မတွန်းလှန်နိုင်လေတော့ ၂၀၁၅ နိုဝင်ဘာ (၈) ရက်မှာ ပြည်သူတွေဟာ အကြမ်းမဖက်တဲ့တိုက်ပွဲကြီးကို အားကြိုးမာန်တက်တိုက်ကြဖို့ မနက်အစောကြီးကတည်းက ဝီရိယကောင်းနေကြပါတယ်။
အင်မတန် အအိပ်မက်လှတဲ့ ကျမသမီးတွေတောင် သူတို့ဖာသာ နိုးစက်ပေး ထကြပါတယ်။ အိမ်မှာနေတဲ့ ဘိုကလေးသူ တူမလေး ခူးခူးကလည်း မဲပေးချင်ရှာလွန်းလို့ မဲစာရင်းမှာထည့်ပေးဖို့ ကျမကို အစောကြီးကတည်းက တောင်းဆိုခဲ့တာပါ။ သူကလည်း မဲပေးဖို့တက်ကြွနေပါတယ်။
၂၀၁၅ မှာ ပြည်သူတွေဆန္ဒ ပြည့်ခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့် အပြည့်အဝမရခဲ့သလို ဟန်ပြငြိမ်းချမ်းရေးပွဲလိုမျိုးမှာတောင် ရန်စကားပြောတတ်တဲ့အထိ အာဏာရှင်တွေဟာ ငါတကော ကောခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေကြားကပဲ ဒီမိုကရေစီရဲ့အရသာတချို့ကို မြည်းစမ်းနိုင်ခဲ့ကြတော့ လူငယ်တွေအိပ်မက် အများကြီးမက်ခဲ့ကြတာပေါ့။
၂၀၂၀ မှာတော့ ကျမ ကြိုတင်မဲပေးခဲ့ပါတယ်။ လူတန်းရှည်ကြီးထဲမှာ ဝင်ရင်မခုန်ဖြစ်ခဲ့ပဲ မဲပေးကြသူတွေရင်ခုန်ရကျိုးနပ်စေဖို့ ရပ်ကွက်မဲရုံမှာ လုပ်အားပေးခဲ့တာပါ။ မဲရုံမှာတာဝန်ယူထားတဲ့သူတွေအားလုံးမနက် ၅ နာရီ အရောက်သွားပြီး ည (၁၀) နာရီကျော်ချိန်ထိ စနစ်တကျ၊မှန်မှန်ကန်ကန် လုပ်အားပေးကြပါတယ်။ ကိုဗစ်ရန်ကိုကြောက်ရသေးတော့ ထမင်းစား၊ ရေသောက်ချိန်ခဏ လေးကလွဲလို့ Mask တွေ၊ Face Shield တွေမချွတ်ရဲပဲ တနေကုန်တပ်ပြီး မဲပေးသူတွေ မမှားယွင်းရအောင်၊ မဲတွေ မပိုမလိုရအောင် ရေတွက်ရင်း စာရင်းတွေထည့်ခဲ့ကြတယ်။ လာရောက်စောင့်ကြည့်ကြတဲ့ ပါတီပေါင်းစုံကသူတွေကိုလည်း မဲတွေ ထောင်ထောင်ပြရသေးတာပါ။ ကျမတို့အားလုံး မှန်မှန်ကန်ကန်လုပ်နိုင်ခဲ့ကြလို့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ဂုဏ်ယူမိခဲ့ကြတယ်။
မြန်မာပြည်သူတွေဟာ အမျိုးမျိုး လှည့်စားခံခဲ့ရဖူးတာမို့ ဒီတကြိမ်မှာလည်း စိုးတထိတ်ထိတ်နဲ့ အကြမ်းမဖက်တဲ့တိုက်ပွဲကို ဝင်ခဲ့ကြတာပါ။၂၀၂၁ ဖေဖေါ်ဝါရီ (၁) ရက်မှာ ကျမတို့ ပြည်သူအားလုံး ထပ်ပြီးအစော်ကားခံခဲ့ရပြန်ပါတယ်။
မျိုးဆက်သစ်လူငယ်လေးတွေကတော့ သူတို့အိပ်မက်တွေကို ရိုက်ချိုးခံလိုက်ရတာပေါ့။ သူတို့ ဟာ တက်ကြွတယ်၊ မြူးတူးတယ်၊ အမှန်တရားကိုမြတ်နိုးတယ်။ဒီတော့ သူတို့ရဲ့မကြေနပ်မှုတွေကို လှပစွာ၊ အေးချမ်းစွာ၊ တီထွင်ဖန်တီးမှုများစွာနဲ့ ဆန္ဒဖော်ထုတ်ကြတယ်။ တေးသီချင်းတွေလည်းပါရဲ့။ ကြက်သွန်မှောက်တာတွေလည်းပါရဲ့။ ဒီနောက်မှာတော့ စည်းကမ်းရှိရှိ စနစ်တကျ ချီတက်ဆန္ဒပြမှုတွေနဲ့အတူ နွေဦးတော်လှန်ရေးကြီးရဲ့ နှစ်ငါးလုံးဟာသမိုင်းဝင်ခဲ့ ပြန်ပါပြီ။ ဒါပေမဲ့ လူငယ်တွေရဲ့တန်ဖိုးထားမှုတွေကို အဓမ္မဝါဒီတွေဟာ လှောင်ပြောင်ပြက်ရယ်ပြုကြတယ်။ ကြမ်းတမ်းစွာတုန့်ပြန်ကြတယ်။
တပ်ဦးကြွေးကြော်သံသီချင်းဆိုခဲ့တဲ့ ကျမရဲ့အဖေ ....
ဖေဖေ့ရဲ့သီချင်းကို မခံစားတတ်ခဲ့တဲ့ ကျမ....
ကမ္ဘာမကြေဖူးသီချင်းကြောင့် မျက်ရည်ကျခဲ့တဲ့ကျမကို ရှက်စရာလို့မြင်ခဲ့တဲ့ ကျမရဲ့သမီးတွေ...
အခုတော့ အားလုံးဟာပေါင်းစည်းရင်း သွေးသစ္စာသီချင်းကို ရင်ခုန်သံတူညီစွာနဲ့ သံပြိုင်ဆိုနေတတ်ပြီ။ အမေ့သားတွေ၊ သမီးတွေလက်တွေပြဆိုပြီး အလိုမရှိဆိုတဲ့ ကြွေးကြော်သံနဲ့အတူ သံပုံးတွေကိုသံပြိုင်တီးခဲ့ကြပြီ။ ကျမတို့တတွေ မလွတ်မြောက်ကြသေးဖူး။ ဒါပေမဲ့ ယုံကြည်တယ်။
ဘာတွေကိုလဲ ....
ထန်တလန်မီးတောက်တွေထဲက ပျံတက်လာတဲ့ အောက်ချင်းငှက်တွေကို ယုံကြည်တယ်။ လယ်ကွင်းတွေကြားထဲ ပြေးလွှားနေရတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေကို ယုံကြည်တယ်။ ကယားရဲ့ စစ်ရှောင်စခန်းတွေထဲက ကလေးအမေတွေရဲ့သတ္တိကို ယုံကြည်တယ်။ အွန်လိုင်းမှာ ဈေးရောင်းနေကြတဲ့ စီဒီအမ်သမားတွေကို ယုံကြည်တယ်။ MRTV မှာပြလိုက်တဲ့ ဒူးထောက်ခိုင်းထားတဲ့ ကိုဂျင်မီရဲ့အပြုံးကို ကျမတို့ယုံကြည်တယ်။ ကျမတို့မြန်မာပြည်သူတွေကို ယုံကြည်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။
စပယ်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar