Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၂ လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း

ဧပြီလ ၁၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင် ကျောင်းကုန်းသင်္ကြန်မဏ္ဍပ်အနီး မိုင်းပေါက်ကွဲစဉ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်  ၂ လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၂


ဧပြီလ ၁၅ ရက်  - မြို့ပေါ်မှာ ခြောက်ကပ်တဲ့ သင်္ကြန်၊ ကျေးလက်တွေမှာတော့ စစ်ဘေးရှောင်

နှစ်စဥ် အလုပ်ပိတ်ရက်ရှည်၊ မြန်မာ့ရိုးရာ သင်္ကြန် ၃ ရက်မြောက်ရောက်လာပြီ ဖြစ်ပါတယ်။  ပြည်နယ်နဲ့ တိုင်းမြို့အချို့ရဲ့ စစ်ကောင်စီစီစဥ် ကျင်းပတဲ့ မဏ္ဍပ်တွေမှာ ဗုံးကွဲမှုတွေ ဖြစ်ခဲ့တဲ့ သင်္ကြန်လည်း ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်များစွာအတွင်း အခုလို လက်က်ကိုင် တိုက်ပွဲတွေ မြို့ပေါ် ဖောက်ခွဲမှု၊ ချောင်းမြောင်းပစ်ခတ်မှုနဲ့ သင်္ကြန်ကျင်းပတာကို လူမှုရေးအရ ဆန့်ကျင်ရှုတ်ချကြတဲ့ သင်္ကြန်ပွဲမျိုး တကြိမ်မျှ မရှိခဲ့ဖူးတဲ့ ပွဲလို့ဆိုရမယ့် ကာလလည်း ဖြစ်ပါတယ်။ 

ဗုံးကွဲတဲ့ ပစ်ခတ်မှုဖြစ်တဲ့ နေရာအချို့မှာ ပျော်ပါးသူတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပြီး အချို့သော ဖောက်ခွဲမှုတွေက အသံဗုံးတွေသာ ဖြစ်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ စစ်ကောင်စီ စီစဥ်ကျင်းပတဲ့ သင်္ကြန်ခြောက်ကပ်နေပုံ၊ ဓာတ်ပုံတွေ သတင်းတွေကို ဝေမျှနေကြတာ စစ်ကောင်စီ ကမကထလုပ်တဲ့ မဏ္ဍပ်တွေမှာ ပျော်နေ ကနေကြတဲ့ မြို့တွေ ရပ်ရွာတွေကို ဝေဖန် ရှုတ်ချနေကြတာတွေ အများအပြားတွေ့ရမှာ ဖြစ်ပါတယ်။ 

မြို့ပေါ်က သင်္ကြန်ကို ရှောင်ရှားတဲ့  အချို့က ကမ်းခြေတွေနဲ့ အပန်းဖြေစရာ နေရာတွေကို သွားရောက်ကြတာကြောင့် အပန်းဖြေနေရာတွေမှာတော့ စည်ကားနေကြတဲ့ သဘောလည်း တွေ့ရပါတယ်။ 

မြို့ပေါ်မှာ သင်္ကြန်နဲ့ပတ်သက်လို့ သဘောထားကွဲလွဲ အမြင်ချင်းမတူကြ၊ ဝေဖန်ကြ ငြင်းခုံ ဆဲဆိုနေကြချိန်မှာ ကျေးလက်ဒေသအချို့မှာတော့ အသက်ရှင်ကျန်ရေးအတွက် ထွက်ပြေးတိမ်းရှောင်နေကြရတာ နေအိမ်တွေ မီးလောင် ဆုံးရှုံးပြီး တောထဲ တောင်ထဲမှာ ဖြစ်သလို နေထိုင်နေကြရတာ ပူပြင်းတဲ့ နွေရာသီဒဏ်ကို သောက်စရာ ရေရှားပါးတဲ့ တောထဲတောင်ထဲမှာ နေထိုင်ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ 

ယ​ခုလဆန်းပိုင်းက ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီ လက်နက်ထုတ်လုပ်ရေး စက်ရုံက ကုန်ကြမ်းကားနဲ့ လုံခြုံရေးလိုက်ပါလာသူ အရာရှိ တပ်သားတွေကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်ပြီး သိမ်းယူလိုက်တဲ့ ဖြစ်ရပ်ဖြစ်ပြီးနောက်မှာ အဲဒီဒေသက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မြေလှန် လက်စားခြေ နေတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။ ကျေးရွာ ၁၂ ရွာလောက်က ကျေးရွာသူ ကျေးရွာသား တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

စစ်လက်နက်ပစ္စည်း စက်ရုံရဲ့ ကားနဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး ရှင်းလင်းလိုက်တဲ့အပေါ် လက်စားချေ တိုက်ခိုက်နေတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

အလားတူ စစ်ကိုင်းတိုင်းထဲမှာလည်း ကျွန်းလှမြို့နယ်ထဲက ဝေလမူကျေးရွာမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက် စီးနင်းပြီး နေအိမ်တချို့ကို မီးရှို့နေတယ်ဆိုတဲ့ သတင်းတွေလည်း မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်က မကွေးတိုင်းမြောက်ပိုင်းမှာ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့ မြို့နယ်အတော်များများမှာ အထက်ကလို ကျေးရွာတွေထဲ ဝင်ရောက် မီးရှို့တာ ၊ ဒေသခံ ရွာသားတွေကို ဖမ်းဆီးသွားတာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူဆောင်သွားတာမျိုးတွေက ဖြစ်ရိုးဖြစ်စဥ်လို ဖြစ်လာနေပါတယ်။ စစ်ကောင်စီကို ထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီးလို့ ခေါ်ကြတဲ့ ပြည်သူ့စစ်တွေ စစ်ကောင်စီတပ်တွေ နဲ့ PDF တပ်ဖွဲ့တွေ ၄င်းတို့ကို ထောက်ခံသူတွေ ထောက်ခံတဲ့ ကျေးရွာတွေ စသဖြင့် အမျိုးမျိုး ကွဲပြားကာ လူများစုဖြစ်တဲ့ PDF ထောက်ခံတဲ့ ကျေးရွာတွေ ၊ ကျေးရွာသားတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပစ်မှတ်ထား မြေလှန်နေကြသလို PDF တွေဘက်ကလည်း ပျူစောထီး အဖွဲ့ဝင် ၊ ၄င်းတို့ကို ထောက်ခံသူတွေကို ပြန်လည် လက်စားချေ ရှင်းလင်းနေကြတာ ဖြစ်ပါတယ်။ 

မြို့တွေမှာ သင်္ကြန်နဲ့ပတ်သက်လို့ အမျိုးမျိုးသော လှုပ်ရှားမှုတွေ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေချိန်မှာ အချို့ဒေသတွေမှာတော့ သင်္ကြန်နဲ့ လုံးဝ မသက်ဆိုင်တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နယ်မြေစိုးမိုးရေး တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ် စတဲ့ဒေသတွေက လေးကေ့ကော် တိုက်ပွဲက ခုရက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ပွားနေတာ ကြားသိနေရပါတယ်။ စစ်ကောင်စီတပ်က အင်အားသုံးပြီး လေးကေ့ကော် ဒေသကို သိမ်းယူဖို့ တက်လာတဲ့ စစ်ကြောင်းကို KNU နဲ့ PDF တွေပူးပေါင်း တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေက နေ့စဥ် ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

အဲဒီဒေသက ဒေသခံတွေအဖို့ သင်္ကြန်ကာလဆိုပြီး မိမိတို့ ကျေးရွာမှာ နေအိမ်မှာ နေထိုင် ဖြတ်သန်းနိုင်တဲ့ အခြေအနေမဟုတ်ဘဲ အသက်အန္တရာယ် မကျရောက်အောင် ပိုင်ဆိုင်မှုတွေ ထားခဲ့ပြီး လူတကိုယ်စာ သယ်နိုင်သလောက်ယူဆောင်ပြီး ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ဘေးရှောင်သူ အရေအတွက်က သိသိသာသာ တိုးများလာနေပြီး အခုလက်ရှိ အချိန်မှာ ၉ သိန်းကျော်ရှိလာနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အချက်အလက်အရ သိရပါတယ်။

၂၀၁၇ မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သူ ရိုဟင်ဂျာ ၇ သိန်းခွဲ ဆိုတဲ့ ကိန်းဂဏန်းနဲ့ အခု လက်ရှိ စစ်ဘေးရှောင် ကိန်းဂဏန်း ၉ သိန်းကျော်ကို ပေါင်းလိုက်ရင် ၁ သန်းခွဲကျော်ရှိလာပြီ ဖြစ်ပါတယ်။ 

ဒီကိန်းဂဏန်းတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အရှိန်က သိသိသာသာ မြင့်တက်လာနေပြီး လောလောဆယ်မှာတော့ ဒီလက်နက်ကိုင် တိုက်ပွဲတွေ လျော့ကျသွားမယ့် အလားအလာထက် ပိုပြီးတိုးမြင့်လာမယ့် လက္ခဏာတွေသာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar