မိုးမြင့်ယံ - ပျောက်ဆုံး နေ့ရက်များ
ပျောက်ဆုံး နေ့ရက်များ
မိုးမြင့်ယံ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၂
သင်္ကြန်တဲ့ သက္ကတ ဘာသာစကားအရ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသော သင်္ကြန် ။
ထိုနေ့ရက်တို့သည် ဒဏ်ရာတွေ အကင်းမသေသေးသော ကျွန်တော်တို့ ထံပါးသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြန်သည် ။
နွေသည် ရော်ရွက်တို့အား တဖြုတ်ဖြုတ်ကြွေစေသကဲ့သို့ တချို့တချို့သော ဘဝတွေသည်လည်း သည်လို နွေထဲမှာပင် ပဲ့ကြွေခဲ့ရသည်မှာ အဘယ်လောက်များ ရှိခဲ့ပေမည်နည်း ? ။
ဆူးဒဏ်သင့် စိတ်တို့သည် အဘယ်မှာများ ပျော်ရွှင်မှုဆိုတဲ့ စကားလုံးအား အဓိပ္ပာယ်ဖွင့်ဆိုရမည်ကို မသိနိုင်ပြန်ပါ ။
နှစ်ဟောင်းတခုမှ အညစ်အကြေးတို့အား ဆေးကြောသန့်စင်ခြင်းဟူသည့် အတာသင်္ကြန်နေ့ရက်တို့သည် ယခုလိုအချိန်ကာလမျိုး၌ ကျွန်တော်တို့ နှင့် လုံးလုံး မသက်ဆိုင်သကဲ့သို့ပင် သူစိမ်းပြင်ပြင် ။
ဒီလိုနွေထက် ပိုမိုပူပြင်းလောင်မြိုက် ခြောက်သွေ့နေရသော ဘဝတွေ အတွက် အဘယ်သို့သော ရေစင်ရေစက်များသည် အေးမြငြိမ်းချမ်းစေနိုင်မှာလဲဟု ဘာသာ တကိုယ်ရေ အတွေးပွားနေမိသည် ။
ထိုခဏ တန်ခူးလေ နဲ့အတူ တိုးတိုက်ဝင်ရောက်လာသော သကြ်န် သီချင်းသံတချို့သည် ညနက်နက်ထဲမှာ ငှက်ဆိုးထိုးလိုက်ဘိသကဲ့သို့ ကျွန်တော့် နားစည်ထဲသို့ ချမ်းမြေ့ညင်သာခြင်းကင်းစွာ တိုးဝှေ့ဝင်ရောက်လာသောအခါ စိတ်တို့သည် နွေနေပူပူထဲမှာ မီးကျီးခဲ ရဲရဲအဟပ်ခံလိုက်ရသလို တကိုယ်စာ ပိုမိုပူပြင်းလောင်မြိုက်လာသလို ခံစားမိပြန်သည် ။
ကျွန်တော်ရောက်ရှိနေရာ နယ်မြို့လေးရှိလူအများသည် အမှတ်သည်းခြေမဲ့စွာ ပျော်ရွှင်မြူးနေကြပုံသည်ပင် ရွံမုန်းစရာကောင်းလွန်းလှနေပေသည် ။
ကျွန်တော့် ခြံ၏တောင်ဘက်စူးစူး အရှေ့ဘက်အရပ် ၌ တည်ရှိနေသော ရန်ကုန် မန္တလေး အမြန်လမ်းဟောင်းကြီးသည် ယခင်ယခင် ရက်များစွာ၌ တွန့်လိမ်ခွေခေါက်စွာ ငိုက်မြည်းနေရာမှ ယခုအချိန်တွင် ဆိုင်ကယ်များ လူများ သီချင်းသံများကြားမှ လူးလွန့်နိုးထလာသလို သက်ဝင်လှုပ်ရှားလာသည်ကို ကျွန်တော်သည် မကြည့်ချင်လျက် မြင်နေရသည် ။
ထိုထိုမြင်ကွင်းများအား မြင်တွေ့နေရသော ကျွန်တော် သည် ရင်ဘတ်အတွင်းနက်နက် တနေရာမှ အံကိုကြိတ် တောက်ခေါက်မိလိုက်ပါရဲ့ ။
သြော် .....အဘယ်ကဲ့သို့သော ရင်ဘတ်တွေနဲ့ များ သည်လို လူ့အန္ဓတွေ ပျော်မြူးနေကြတာပါလိမ့် ။
ကျွန်တော်သည် ကြွေလွင့်ကြယ်များ ၊ အတင်းအဓမ္မ သွပ်သွင်းခံ နရသိန်စံများ နှင့် ပျိုမြစ်နုနယ်ခြင်းတို့အား ချခင်းရင်း မြေလွှာသင်ဖြူး ဆူးကို မွှေ့ယာသဖွယ် သဘောပိုက်ကာ အိမ်ဝေး ရဲရင့်လူငယ်များ ကို စိတ်အတွေးထဲ၌ မြင်ယောင်ကာ ထိုမြင်ကွင်းများ အတွက် တကိုယ်စာ အားနာနေမိပြန်ပါသည် လေ ။
ကူးပြောင်းခြင်း တခုကို လိုချင်လှသော လူငယ်တွေ အတွက်တော့ ထိုသို့သော သကြ်န်ကာလ ပျော်ရွှင်ခြင်းများနှင့် နှစ်ပါးကနေကြသော လူများသည် မစင်ထဲက လောက်များပင်ဖြစ်သည် ။
ထိုမြင်ကွင်းများအတွက် ကျွန်တော့် ရင်သည် ရွံရှာခြင်းကိုပင် ဘယ်လိုများ စာလုံးပေါင်းရမည်ကို မသိနိုင်ပြန် ။
ကျွန်တော့်၏ တကိုယ်စာ ဝပ်ကျင်းသေးသေးလေးထဲမှ စိတ်အတွေးတို့သည် မွန်းကြပ်ပူလောင်လွန်းလှသော အခါ ပျော်ရွှင်ခြင်းပျောက်ဆုံးနေရသော နေ့ရက်တို့အား စာရေးခြင်း စာဖတ်ခြင်းများဖြင့်သာ ကျော်လွန်ဖြတ်သန်းဖို့ ကြိုးစားရပြန်ပါသည် ။
ထိုအခါ ရေးခဲ့ဖူးသော ကဗျာလေး တပုဒ်အား နှုတ်မှ အသံထွက်ကာ တိုးဖွဖွ ရွတ်ဆိုမိသည် ။
# ပျောက်ဆုံး နေ့ရက်များ #
ဒီ လမ်းမတွေထက်
နွေဟာ တဖြုတ်ဖြုတ်ကြွေ
အပူရောင် .....
ရဲပတောင်းခပ်မျှ ငု နဲ့ ပိတောက်တို့
အပြိုင်ဝါ .....
စိတ်လိုလက်ရ ဆိုညည်းမိတဲ့
သီချင်းသံတွေမှာတောင်
မယ်လိုဒီတွေ ပျောက်ဆုံး
သံစဉ်တွေက ယိုင်နဲ့ .....
အတာဟာ ဒဏ်ရာတွေ ဗရပွနဲ့
သူ့ အနာဖေးကို
သူ ကိုယ်တိုင် လျှာနဲ့ပြန်ပြန်လျက်ပြီး
ခါးသီးမှုတွေကို မြိုချနေရ
ဒါနဲ့ပဲ .....
သူ့ ကိုယ်သူ ရေဆေးချဖို့တောင်
မေ့နေခဲ့ရတယ် .....။
လွတ်လပ်ခြင်းတို့ ဆိတ်သုဉ်းပျောက်ကွယ်နေလေသောဒီလိုကာလဆိုးကြီးရဲ့ နေ့ရက်တွေအောက်၌ ကျွန်တော်သည် သင်္ကြန်ဆိုသည့်ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုရန် တကိုယ်စာ ရှက်ရွံ့အားနာနေမိပြန်ပါသည်လေ။
ချစ်ခြင်းမေတ္တာများဖြင့်
မိုးမြင့်ယံ
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar