Breaking News

မြန်မာ့နွေဦးခရော်နီကယ် - သြဂုတ် ၁ မြင်ကွင်း

မြန်မာ့နွေဦးခရော်နီကယ် - သြဂုတ် ၁ မြင်ကွင်း

(မိုးမခ) သြဂုတ် ၁၊ ၂၀၂၂


သတင်းထဲက မြန်မာနိုင်ငံ အပြင်က မြန်မာနိုင်ငံ

နေ့စဥ်သတင်းတွေ ဖတ်ရှုကြည့်ရင် စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာ နေအိမ်မီးလောင်တဲ့ သတင်း၊ ကျေးရွာတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သို့မဟုတ် သံသယရှိသူဆိုပြီး စစ်ကောင်စီက သတ်ဖြတ်ခဲ့တာ၊ PDF တွေဘက်ကလည်း စစ်ကောင်စီ သတင်းပေး သို့မဟုတ် ပျူစောထီးလို့ စွပ်စွဲသူ၊ သံသယရှိသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်း၊    မြို့တွေ ကျေးရွာတွေ ဆက်သွယ်ထားတဲ့ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်တာ၊ သို့မဟုတ်လည်း မိုင်းကွဲပြီး ထိခိုက်ဒဏ်ရာရတဲ့ သတင်း၊  မြို့တွေမှာ ရဲစခန်း၊ ကင်းစခန်း လမ်းဆုံလမ်းခွ မှာ ဗုံးခွဲတိုက်ခိုက်လို့ ဒဏ်ရာရတဲ့ သတင်း နဲ့ စစ်ကောင်စီတွေက မြို့တွေမှာ နယ်တွေမှာ အရပ်သားအချို့ကို ဖမ်းဆီးအမှုဖွင့် တဲ့သတင်း၊ အချို့ နှိပ်စက်စစ်မေးမှုမှာတင် သေဆုံးသွားတဲ့ သတင်းတွေက နေ့စဥ်စာမျက်နှာမှာတွေ့ရမှာ ဖြစ်ပါတယ်။ အခုလို နိုင်ငံရေး အခြေအနေအောက်မှာ တရားဥပဒေစိုးမိုးမှု သိသာစွာပျက်ယွင်းလာနေတာကြောင့် ဓားပြတိုက်မှုတွေ၊ လုယက်သတ်ဖြတ်မှုတွေက ကျေးလက်မှာရော မြို့ကြီးတွေမှာပါ ဖြစ်ပွားနေတဲ့ သတင်းတွေလည်းတွေ့ကြရမှာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း ကုန်စျေးနှုန်း သိသာစွာကြီးမြင့်လာနေတဲ့ သတင်း၊ စားသုံးဆီ စျေးတက်တဲ့သတင်း၊ ဆန်စျေးတက်တဲ့ သတင်း၊ ဆေးဝါးစျေးတက်တဲ့သတင်း၊ မြန်မာကျပ်ငွေ သိသာစွာတန်ဖိုးကျနေတဲ့ သတင်း၊ မကြုံဖူးအောင် မြင့်တက်နေတဲ့ ရွှေစျေးတွေလည်း ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ 

ဒါတွေက ပြည်တွင်းက အဖြစ်အပျက်သတင်းတွေဖြစ်ပြီး ပြည်ပရောက် မြန်မာ့သတင်းတွေမှာတော့ NUG အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ စစ်ရေးအရ ဝင်ရောက်တားဆီးမှု အကူအညီတောင်းခံတဲ့ သတင်း၊ လက်နက်အကူအညီပေးကြဖို့ တောင်းခံတဲ့ သတင်းတွေ ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။ 

မြေပြင်က သူတွေအနေနဲ့ သတင်းတွေထဲကထက် ပိုပြီးနာကျင်ခံစားရတဲ့အခြေအနေတွေ ရှိသလို သတင်းတွေထဲကလို ကြောက်လန့်တကြီး သွားလာနေရတဲ့ အခြေအနေမျိုးမဟုတ်ဘဲ ပြောင်းလဲနေတဲ့ အခြေအနေအောက်မှာ စားဝတ်နေရေးအတွက်၊ သို့မဟုတ် ပညာရေးအတွက် နေ့စဥ် လှုပ်ရှားမှုသဖွယ် သွားလာနေရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။ ကျေးရွာတွေမှာ ဖြစ်ပျက်နေတဲ့ စစ်တပ်ရဲ့ မြေလှန် မီးရှို့မှု၊ သံသယနဲ့ သတ်ဖြတ်မှုတွေ ပိုင်ဆိုင်မှု အားလုံးနီးပါးဆုံးရှုံးရတာတွေ၊ ပီဒီအက်ဖ်က စစ်ကောင်စီ ဒေါက်တိုင်လို့ ဆိုသူတွေကို လက်တုံ့ပြန်လက်စားချေ သတ်ဖြတ်မှုတွေက သတင်းမီဒီယာတွေက ဖော်ပြတာထက် မြေပြင်မှာ ပိုခံစားကြရတာ ဖြစ်ပါတယ်။ ပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာ၊ အိမ်မွေးတိရစ္ဆာန် နေအိမ်တွေ ပျက်စီးသွားချိန်မှာ တနေရာနဲ့တနေရာ သွားလာဖို့  တားမြစ်ချက်တွေ ပစ်ခတ်မှု၊ ဖမ်းဆီးမှုတွေ ကြားထဲ ဆေးဝါးကုသမှုမရနိုင်တာ၊ ဆေးဝါးဝယ်ယူဖို့ခက်ခဲတာတွေက မြို့တွေပေါ်က ဒုက္ခထက် ၂ ဆမက ဆိုးရွားတာ ဖြစ်ပါတယ်။ 

မိုးရွာရင်လည်း ရာသီဥတုဒဏ်ပိုခံရသလို နေပူရင်လည်း နေအိမ်တွေ ပျက်စီးဆုံးရှုံးသွားချိန်မှာ တဲထိုးနေကြရတဲ့ အထက်အညာဒေသက ဒေသခံတွေရဲ့အခြေအနေက သတင်းတွေထဲမှာ စာနဲ့ ရေးဖွဲ့၊ အရုပ်နဲ့ အသံနဲ့ တင်ပြနိုင်တာထက်ကို အဆများစွာပိုဆိုးရွားတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ 

မြို့ကြီးတွေမှာတော့ ဗုံးခွဲမှုတွေ အခါအားလျော်စွာ ချောင်းမြောင်းပစ်ခတ်မှုတွေ၊ ဖမ်းဆီး နှိပ်စက်မှုတွေ ရှိနေပေမယ့် လူဦးရေ သောင်း၊ သိန်းချီ နေထိုင်ကြတာကြောင့် ကျေးရွာတွေမှာလို လူတိုင်းကြုံရမှာမဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ကျေးလက်က စိုက်ပျိုးရေးအသက်မွေးသူတွေလို ဆန်စပါးကို တနှစ်စာ စိုက်ပျိုး သိုလှောင်ထားနိုင်သူတွေမဟုတ်ပဲ နေ့စဥ် အလုပ်လုပ်ကိုင်နိုင်မှ မိသားစုစားဖို့လုံလောက်မယ့် အခြေအနေကြောင့် တော်ရုံတန်ရုံ လုံခြုံရေး တင်းကျပ်တာတွေ ဗုံးကွဲနိုင်တဲ့အန္တရာယ်တွေကို စိုးရိမ်ပြီး အလုပ်မလုပ်ဘဲ နေလို့မဖြစ်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ လုယက်ခံရနိုင်ခြေ၊ ပစ္စည်းလုယက်ဖို့အတွက် သတ်ဖြတ်ခံရနိုင်ခြေ ရှိပေမယ့်လည်း မြို့ပေါ်တွေမှာ မသွားမလာလို့ မဖြစ်တာကြောင့် ဒီကံကြမ္မာမျိုး ကိုယ်မကြုံရလောက်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ သွားလာနေကြတာလည်း ဖြစ်ပါတယ်။ 

တဖက်မှာလည်း ကုန်စျေးနှုန်းကြီးမြင့်လာတာ စီးပွားရေးကျပ်တည်းတာတွေက မြို့နေ လက်လုပ်လက်စားတွေ လခစားအလုပ်သမားတွေ ဝန်ထမ်းတွေအဖို့ အပြင်မထွက်ဘဲ၊ မသွားလာဘဲနေလို့ မဖြစ်တဲ့အနေအထား ဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကြောင်းခံပြီးဖြစ်လာတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေက လူနေမှုအဆင့်အတန်းကို ထပ်ပြီး ကျဆင်းစေပါတယ်။ သာမန် လူထုအဖို့ အခုလိုအခြေအနေအောက်မှာ လိုအပ်တဲ့ ဆေးဝါးကုသမှု၊ လိုအပ်တဲ့ အခြေခံပညာရေး၊ လုံလောက်တဲ့ အမိုးအကာ ရဖို့မလွယ်ကူဘဲ နေ့စဥ်စားရေးအတွက် ဝင်ငွေရဲ့ ၇၀ ရာနှုန်းနဲ့အထက်ကို သုံးစွဲနေကြရတာမျိုး ဖြစ်လာပါတယ်။ 

သာမန်လူထုအဖို့ အဲဒီလိုအခက်အခဲပေါင်းစုံ အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရချိန်မှာ ခေတ်အပျက်ကို စီးပွားရေး အခွင့်အလမ်းအနေနဲ့ ယူဆပြီး ကြီးပွားချမ်းသာကြသူ လူအချို့လည်းရှိနိုင်ပါတယ်။ ရန်ကုန်မြို့မှာ အဝတ်အစားနဲ့ အသုံးအဆောင် နာမည်ကြီး အမှတ်တံဆိပ်တွေကို ဝယ်ယူသုံးစွဲနိုင်သူတွေ ရှိနေသလိုပဲ၊ စိန် ရွှေ ရတနာဆိုင်တွေလည်း သူ့ဟာနဲ့သူ ဝယ်ယူသူတွေ ရှိနေတာဖြစ်ပါတယ်။ 

အကျပ်အတည်းခေတ် မတည်ငြိမ်တဲ့ခေတ်၊ မငြိမ်းချမ်းတဲ့ခေတ်မှာပဲ ဆင်းရဲ ချမ်းသာကွာဟ မှုကကြီးမားလာတာမျိုး ဖြစ်ပါတယ်။ ခုလိုအခြေအနေအောက်မှာ ပြည်သူလူထုအနေနဲ့ အချင်းချင်းကူညီ ဖေးမကြဖို့ အကျပ်အတည်းကို မိမိတို့တဦးချင်းရဲ့ အခွင့်အလမ်းအဖြစ် အသုံးမချကြဖို့လည်း အရေးကြီးပါတယ်။ ဒီလို နှိုးဆော်မှုမျိုးက လူထုကို ဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက လုပ်ဆောင်ဖို့ တာဝန်ရှိတယ်လို့ ဆိုချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar