Breaking News

မ၊ လ၊ ရိပ် - ၂၀၂၄ ကမ္ဘာ့ ကဗျာနေ့

၂၀၂၄ ကမ္ဘာ့ ကဗျာနေ့ 
မ၊ လ၊ ရိပ်
(မိုးမခ) မတ် ၂၂၊ ၂၀၂၄

မေး။ ဒီခေတ် ဒီစစ်တွေထဲ ကမ္ဘာကဗျာနေ့ကို မင်းစိတ်ထဲရှိသလို ကျင်းပခွင့်ရခဲ့ရင် ဒီနှစ် ဘယ်လိုသီးမ်နဲ့ ကျင်းပချင်သလဲ။

ကျွန်ုပ်။ ဟုတ်တယ်။ ကဗျာနေ့ကို ကာလ ဒေသ ပရောဂ အလိုက် ဆီလျော်ရာ သီးမ်တွေနဲ့ ကျင်းပခဲ့ဖူး၊ ကျင်းပချင်တာပ။ အင်း တခြားနေရာတွေမှာလည်း ဒီလိုပဲလေ။ ဆိုပါစို့၊ ဒီနှစ်သီးမ်က “ဘီလူး (ဧရာမလူကြီး /ကဗျာ ဆရာကြီး) တွေရဲ့ ပခုံးပေါ်တက်ရပ်ဖို့ ”။ တစ်နေရာ (ဝိတိုရိယကျွန်း၊ လေဂိုးစ်၊ နိုင်ဂျီးရီးယား)မှာက နိုင်ဂျီးရီးယန်း ကဗျာဆရာ ဝေါလေ ဆိုယင်ကာ (Wole Soyinka)ရဲ့ အသက် ၉၀ ပြည့်မယ့်နှစ်ဆိုတော့ အဲဒီနိုဘယ်ဆုရ ကဗျာဆရာကြီးကို အထူးပြုကျင်းပကြလိမ့်မယ်။ ဒီနှစ်မှာတော့ ကျွန်တော်သာဆို ပုဂ္ဂိုလ် အထူးပြုချင်တာက ကဗျာဆရာ မောင်လေးအောင်။ ကဗျာလှုပ်ရှားမှု အထူးပြုချင်တာက တော်လှန်ကဗျာ။ အဲ့ဒီသီးမ်နဲ့ပဲ ဒီနှစ် ကမ္ဘာ့ကဗျာနေ့ကို ကျင်းပချင်တာ။ လုပ်ဖို့မလွယ်တဲ့ အခြေအနေအခင်းအကျင်းက ရှိနေတော့လည်း အရှင်း မလုပ်ဘဲ နေရုံပ။ လိုရာမရောက် လိုရင်းမရောက်မယ့် ပွဲမျိုးပဲ မျှော်လင့်လို့ရမယ်ဆိုရင်တော့ ကိုယ့်ပွဲ သူ့ပွဲ အဖြစ်မခံနိုင်ပေါင်။ 
… … …

ခုချိန်မှာ တော်လှန်ကဗျာတွေဘက် ပြန်လှယ့်ရတယ်ဆိုရင် ကဗျာခေတ်ကြီး နောက်ပြန်ဆုတ်သွားတာလို့ ကျွန်တော်ဖြင့် မမြင်။ အရင် တော်လှန်ကဗျာတွေလို ထပ်တူမဟုတ်ပေမဲ့ ဒီနွေဦးက နွေဦးကဗျာတွေဟာ တော်လှန်ကဗျာတွေနဲ့ ချိတ်ဆက်လို့ရတဲ့ မူသစ်တစ်ခုလို့ ယူသော်ရ၏လို့ ကျွန်တော်ယူဆမိပါတယ်။ ပုံမှန်အခြေ အနေတွေမှာ လူမှုရေးတာဝန်တို့ နိုင်ငံသားအဖြစ်တို့ကို အနုပညာသည်တွေဟာ အတိုင်းအတာတစ်ခုအထိ လျစ်လျူပြုဖယ်ချရင် ဖယ်ချထားလို့ ရမှာပေါ့။ တောမီးလောင်နေတဲ့အချိန် လက်ခမောင်းခတ်ဖို့က အရင်ကျတယ်လို့ သဘောထားရင်တော့ အနုပညာတောကြောင်များပဲ ဖြစ်နိုင်။ ပြီးခဲ့တဲ့ လထဲမှာတော့ ပွဲပြီးချိန် ချိန်းဆိုချက် ဆိုပြီး ကဗျာတစ်ပုဒ် ကျွန်တော် ရေးမိတော့ အဲ့ဒီကဗျာထဲ အောက်က ကဗျာလိုင်းတွေ ပါတယ်။

“ငါဟာ စစ်စည်စစ်မောင်းတွေကို ဘယ်ပုံ တီးခတ်မိသလဲ ငါမပြောတတ်တော့ဘူး
နိုင်ငံတော်က မင်းဟာ နိုင်ငံသားပဲလို့ ပြောတဲ့ခါ ငါက လူသားပဲ ဆိုပြီး လှည့်ထွက်ခဲ့ရမှာ
ငါက ကဗျာဆရာပဲ ဆိုပြီး လှည့်ထွက်ခဲ့ရမှာ ငါက တစ်ကိုယ်တည်း ကန္တာရထဲမှာ ဆိုပြီး လှည့်ထွက်ခဲ့ရမှာ
ငါက အထီးကျန် ဆင်စွယ်နန်းပေါ်မှာ ဆိုပြီး လှည့်ထွက်ခဲ့ရမှာ ငါက စာကိုပဲ စီတတ်တာပါဆိုပြီး …
စာကို စီတာနဲ့၊ ကျည်ဆန်ကို မဂ္ဂဇင်းဘောက်ထဲ စီတာနဲ့။ ငါဟာ ဘယ်မဂ္ဂဇင်းထဲကိုမှ ခု ငါ့ကဗျာတွေကို မစီခိုင်းခဲ့ဘူး ငါဟာ စစ်စည်စစ်မောင်းကို လက်ညောင်းလုမတတ် တီးခတ်ငါက လှည့်ထွက်တတ်တဲ့ ကောင် မဟုတ်ခဲ့ပါဘူး”

        ကဗျာဆရာဆိုတာ တစ်ကိုယ်တည်း ကန္တာရထဲမှာ ရောက်နေသလို ဘဝအဓိပ္ပာယ်တွေကလည်း မဲ့မဲ့နဲ့ တိတ်တိတ်ဖွေဖွေ ခံစားရတဲ့ အချိန်မျိုးကြုံရတတ်တာလည်း ရှိပါရဲ့။ အထီးကျန်ဆင်စွယ်နန်းတော်ပေါ် တက်ပြီး ကောင်းကင်ကြီးကို မျှော်ငေးရင်းတိမ်ညွန့်စားလိုတဲ့ အာသာတွေ ပွားများလို့လည်း ရှိချင် ရှိတတ်မှာပ။ ကျွန်တော်ဟာ ရဲရဲတောက် သတ္တိကောင်းဖြစ်ဖို့ ဘဝနဲ့ အရွယ်ကလည်း ခွင့်မပြုပါဘူး၊ ဒါပေမဲ့ ခေါင်းငုံ့လျှာလွှဲ ဖြစ်တဲ့အထိ သိမ်ငယ်ရလောက်အောင်လည်း ကျွန်တော့်ကိုယ်ကျွန်တော် ခွင်မပြုနိုင်။ အာရင်ဘတ်ရဲ့ ပထမဆုံး ပြည်ပြေးဘဝ ပါရီမှာ ကဗျာဆရာတွေ ပန်းချီဆရာတွေ အနုပညာသည်တွေနဲ့ တစုတရုံးရှိခဲ့တဲ့ အချိန် အမှတ်ရချက်များကို ဖတ်မိတော့ သဘောပေါက်မှု တစ်စုံတစ်ရာနဲ့ ဘဝင်ကျမိပါတယ်။ ဒီလူတွေထဲက တချို့ဟာ ဂျာမန်က ပြင်သစ်ကို ဝင်တိုက်တော့ ဒီ(ပထမ)ကမ္ဘာစစ်ထဲ လူမျိုးစုံ အပျော်တမ်းတပ်ဖွဲ့ဝင်တွေ ဖြစ်ဖို့ တန်းစီကြသတဲ့။ 
… … …

“ဆင်စွယ်နန်းတော် ဆိုသည်မှာ ဘဝမှ ထွက်ပြေးလွတ်မြောက်ချင်သော ကဗျာဆရာ၊ အနုပညာသည်တို့၏ ကွန်းခိုရာရိပ်မြုံကလေးတစ်ခု ဖြစ်သည်။ ဆင်စွယ်နန်းတော်ဟု ဆိုလိုက်သည်နှင့် ထိုပုံရိပ်သည် စိတ်ကူးထဲ ပေါ်လာတတ်သည်။ ကျွန်တော်သည် ဆင်စွယ်နန်းတော်ထဲသို့ တစ်ခေါက်မျှ မရောက်ဖူးပါ။ ထိုသို့သော ရိပ်မြုံကလေး ရှိနေသည်ကိုလည်း ကျွန်တော်မသိ။ ထိုစဉ်က လက်ရှိ လူအဖွဲ့အစည်းကြီးကို မကျေမနပ်ဖြစ်နေသော ကျွန်တော်တို့တစ်တွေ ပါရီတွင် စုမိနေကြသည်။ စုစုပေါင်း တစ်ရာလောက်တော့ ရှိမည်ထင်သည်။ ထိုအထဲတွင် ပြင်သစ်၊ ရုရှား၊ စပိန်၊ အီတလီ စသည်ဖြင့် လူမျိုးစုံနေသည်။ ကျွန်တော်တို့အားလုံးမှာ အလွန်ဆင်းရဲ နွမ်းပါးပြီး အစုတ်စုတ်အပြတ်ပြတ် ဝတ်စားထားကြကာ ဆာလောင်ငတ်မွတ်နေကြသည်။ သို့ရာတွင် စစ်မှန်သော အနုပညာသစ်ကို ဖန်တီးလိုသော ဆန္ဒဖြင့် ထက်သန်နေကြသည်။ ကျွန်တော်တို့သည် မွန်းကြပ်၍ မီးရောင်မှိန်မှိန်လင်းနေသည့် ကဖေးဆိုင်လေးတစ်ခုတွင် စုလေ့ရှိကြသည်။ သို့ရာတွင် ဆင်စွယ်နန်းတော်တစ်ဆောင်နှင့် နည်းနည်းမျှ မတူပါ။” 

(ကျွန်တော်တို့၏ ဆင်စွယ်နန်းတော်/ လူများ၊ သက္ကရာဇ်များ - ဘဝ (၁၈၉၁-၁၉၁၇) — အီလျာ အာရင်ဘတ်/ မြသန်းတင့် ပြန်။   တတိယအကြိမ်၊ စိတ်ကူးချိုချို၊ ၂၀၂၂၊ ရန်ကုန်။ စာ ၁၉၂)

ဒီအခန်းရဲ့ တစ်နေရာမှာ သူဆက်ပြီး ရေးထားတာက ...
“… ပထမကမ္ဘာစစ်မဖြစ်မီ ပေါ်ပေါက်ခဲ့သည့် ပန်းချီဆရာများနှင့် ကဗျာဆရာများ၏ ဖီဆန်ပုံကန်မှုသည် သဘာဝတစ်မျိုး ဖြစ်ပါသည်။ ထိုဖီဆန်မှုသည် အစဉ်အလာ အလှဗေဒဆိုင်ရာ စည်းမျဉ်းများကို ဆန့်ကျင်ရုံသက်သက်မျှသာ မကဘဲ ကျွန်တော်တို့မှီတင်းနေထိုင်ရာ လူ့အဖွဲ့အစည်းကြီးကိုပါ ဖီဆန်ပုံကန်ခြင်း ဖြစ်ပါသည်။”
… … …
လူ့အဖွဲ့အစည်းကြီးကို ဖီဆန်ပုံကန်ဖို့ရာ အလှဗေဒဆိုင်ရာ စည်းမျဉ်းတွေကို ဆန့်ကျင်ချိုးဖျက်ဖို့လိုလာရင် ချိုးဖျက်ရပါလိမ့်မယ်။  အဲ့ဒီအခါမှာ နွေဦးကဗျာတွေဟာ အရွက်သစ်မထွက်မီ ရိုးတံပြိုင်းပြိုင်း ရှိချင်လည်း ရှိစေပေါ့။ ဒါပေမဲ့ မျှော်လင့်စရာက မဲ့နေမှာဖြင့်မဟုတ်။ မောင်လေးအောင်ရဲ့ “ချစ်သူတို့၏ အလှဆုံး ခေတ်ဦးသို့” ကဗျာထဲကလို ။

“အချစ်ရေ
မြေနဲ့ကောင်းကင်၊ မြင်နေသမျှ
အလှခေတ်ဦး၊ ဖူးသစ်မှာပါကွယ်၊ ယုံပါ။”

မ၊ လ၊ ရိပ်
၂၀၂၄၊ မတ် ၂၁
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar