GSCC ၏ မြန်မာ့အရေးနဲ့ အာဆီယံ ချဉ်းကပ်မှုအပေါ် သုံးသပ်ချက် ကောက်စာ
GSCC ၏ မြန်မာ့အရေးနဲ့ အာဆီယံ ချဉ်းကပ်မှုအပေါ် သုံးသပ်ချက် ကောက်စာ
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၂
မြန်မာ့အရေးအပေါ်တွင် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ချဉ်းကပ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(GSCC)၏ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နွေဦးတော်လှန်ရေး ၅.၈ စစ်တမ်းတွင် ပါဝင်သည့်အကြောင်းအရာများကို ပြန်လည်ဖော်ပြပါသည်။
နွေဦးတော်လှန်ရေး ၅.၈ စစ်တမ်း၊ နိုင်ငံတကာရေးမျက်နှာစာအတွက် သုံးသပ်ချက်အပိုင်း၊ စာမျက်နှာ-၂၅
“……. မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ချဉ်းကပ်ကြည့်မြင်ပုံနှင့် မြန်မာပြည်သူလူထု၏ သဘောထားအမြင်တို့သည် ထပ်တူမကျခြင်းပင် ဖြစ်သည်။ မြန်မာပြည်သူတို့က စစ်အာဏာရှင်စနစ် တစမကျန် ဖျက် သိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးရည်မှန်းချက်ဖြင့် တော်လှန်ရေးဆင်နွှဲနေကြခြင်း ဖြစ်သည်။ သို့သော် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သည့်လမ်းကြောင်းပေါ် ရောက်ရှိရေး ရည်မှန်းချက်ဖြင့်သာ မြန်မာ့အရေးတွင် ပါဝင်ပတ်သက်နေကြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ချမှတ်ခဲ့သော မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် (၅) ချက်မှာ -
၁။ အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်ဖို့နဲ့ သက်ဆိုင်သူအဘက်ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန်၊
၂။ သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေ ရှာကြရန်၊
၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကူညီမှုကို ရယူပြီး ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ညှိနှိုင်းပေးရန်၊
၄။ အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဋ္ဌာနကတဆင့် လူသားချင်း စာနာမှု အကူအညီများ ပေးသွားရန်၊
၅။ အာဆီယံရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန်
တို့ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။ ထိုအာဆီယံဘုံသဘောတူညီချက် ၅ ချက် နှင့် ထိုအတိုင်း ဆောင်ရွက်သည့်လုပ်ငန်းစဉ်များအပေါ် ကုလသမဂ္ဂ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်း ထောက်ခံအား ပေးနေကြပါသည်။
ထိုအခြေအနေ၊ ထိုအကြောင်းအချက်များကို ကြည့်လျှင်ပင် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့အရေး ပါဝင် ပတ်သက်မှုဆိုသည်မှာ မည်မျှတိုးတိုးတိတ်တိတ် ဆက်ဆံရေးလုပ်သည့် အခြေအနေများပင် ရှိစေကာမူ မြန်မာပြည်သူ တို့ ဆင်နွှဲနေသည့် စစ်အာဏာရှင်စနစ်တစ်စမကျန်ဖျက်သိမ်းရေး ရည်မှန်းချက်နှင့် မည်သို့မျှ ထပ်တူမကျကြောင်း ခိုင်ခိုင်မာမာ ကောက်ချက်ချနိုင်ပါသည်။”
နွေဦးတော်လှန်ရေး ၅.၈ စစ်တမ်း၊ နိုင်ငံတကာရေးမျက်နှာစာအတွက် အကြံပြုချက်အပိုင်း၊ စာမျက်နှာ-၃၁
“၂။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် အကူအညီပေးလိုသည့် နိုင်ငံများအနေဖြင့် မြန်မာ နိုင်ငံတွင် မတူညီသည့် နှစ်ဘက်အင်အားစုကြား စေ့စပ်ညှိနှိုင်း အဖြေရှာရေးဆိုသည့် ချဉ်းကပ်မှုပုံစံကို စွန့်လွှတ်၍ ရက်စက်ကြမ်းကြုတ်သည့် ခေတ်သစ်ဖက်ဆစ်စစ်အုပ်စုနှင့် အဖိနှိပ်ခံ ပြည်သူလူထုကြား သည်းထန်သည့် ဓမ္မ နှင့် အဓမ္မ တိုက်ပွဲတွင် ပါဝင်ရပ်တည်ရေးဆိုသည့် ချဉ်းကပ်မှုပုံစံ ပြောင်းလဲလာရန် ဆောင်ရွက်သင့်သည်။”
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar