Breaking News

မြန်မာပြည်ရဲ့ နိုင်ငံရေး အဖြစ်အပျက်တွေနဲ့ ခံစားချက်


မြန်မာနွေဦး ခရိုနီကယ် - မတ် ၂၄ မြင်ကွင်း

(မိုးမခ) မတ် ၂၅၊ ၂၀၂၃


မြန်မာပြည်ရဲ့ နိုင်ငံရေး အဖြစ်အပျက်တွေနဲ့ ခံစားချက်

နေ့စဥ်သတင်းတွေ ဖတ်တဲ့အခါ နားထောင်တဲ့အခါ ရုပ်သံသတင်းကြည့်တဲ့အခါ မြင်တွေ့ရတာတွေက၊ လက်နက်နဲ့ သတ်ဖြတ်ခြင်း၊ ပေါက်ကွဲမှုတွေမှာ သေဆုံးရတာတွေ၊ လေကြောင်းက ဗုံးကျဲခြင်းနဲ့ ပစ်ခတ်ခြင်းကြောင့် သေဆုံးဒဏ်ရာရခြင်းတွေ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရခြင်း၊ နေအိမ်တွေ မီးရှို့ခံရခြင်းတွေနဲ့ ဖမ်းဆီးခြင်း ထောင်ချ အပြစ်ပေးခြင်းတွေက နိစ္စဓူဝ ကြုံတွေ့ကြားသိနေရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း စစ်အာဏာသိမ်းမှုက စတင် လှုံ့ဆော်လိုက်တဲ့ နိုင်ငံရေး ပြဿနာကနေ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာ ပြန်ရှင်းပြစရာမလိုအောင် အားလုံးသိပြီးဖြစ်ပါတယ်။ 

ဘယ်အကြောင်းက အဓိကအကြောင်းရင်းခံ၊ ဘယ်သူက အဓိက တရားခံ၊ ဘယ်အဖွဲ့အစည်းက အဓိက တရားခံဆိုတာလည်း ပြန်ရှင်းပြစရာမလိုလောက်အောင် ထင်ရှားပြီး ဖြစ်သလို၊ ကြည့်တဲ့ ရှုထောင့် ခံစားမှုနဲ့ ထောက်ခံရပ်တည်မှု အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဒီအချက်က ထားလိုက်ပြီး ဒီနေ့ စဥ်းစားမိတဲ့ အတွေးကို တင်ပြချင်တာဖြစ်ပါတယ်။ 

အထက်က အဖြစ်အပျက်တွေ၊ သတင်းတွေကို ကြားရ မြင်ရ ဖတ်ရတဲ့အခါမှာ မိမိတို့ နေထိုင်တဲ့နိုင်ငံ ၊ ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတာတွေ ဖြစ်လို့ ဒီအဖြစ်အပျက်တွေ ဘယ်တော့ အဆုံးသတ်မလဲ၊ ဘယ်လို အဆုံးသတ်မလဲ ဆိုတဲ့အတွေးက ပေါ်လာနေကျ အတွေးဖြစ်ပါတယ်။ မိမိတို့ နေထိုင်တဲ့နိုင်ငံ ကိုယ့်တိုင်းပြည်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုလည်း ဆက်စပ်တွေးမိတဲ့အခါ နိုင်ငံဆိုတဲ့ အရာကို ချစ်ခင်မြတ်နိုးတာလား၊ ဘာကို ချစ်ခင်မြတ်နိုးတာလည်း ဆိုတဲ့အချက်ကိုလည်း သရုပ်ခွဲကြည့်မိပြန်ပါတယ်။ 

မြန်မာနိုင်ငံမှာ မွေးဖွားသူ၊ မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းမှာ ကြီးပြင်းပြီး နိုင်ငံဆိုတဲ့ ရုပ်ဝတ္ထုမဟုတ်တဲ့ အခေါ်အဝေါ်ကို ချစ်မြတ်နိုးတယ်ဆိုတာမျိုးထက် မိမိမွေးဖွားကြီးပြင်းရာ အသိုင်းအဝိုင်း၊ မိသားစု ဆွေမျိုး မိတ်ဆွေ၊ စာသင်ယူခဲ့ရာ ကျောင်း၊ သူငယ်ချင်း ၊ ဆရာဆရာမ၊ မိမိကို အသိအမှတ်ပြုချစ်ခင်ကြတဲ့ သူတွေ၊ မိမိက ချစ်ခင်မြတ်နိုးတန်ဖိုးထားကြတဲ့သူတွေ၊ အစားအသောက်၊ နေရာဒေသ၊ ယဥ်ကျေးမှု၊ အလေ့အထတွေကို စွဲလမ်း ချစ်ခင်မှုကို နိုင်ငံကို ချစ်တယ်လို့ လုံးထွေးပြီး ခေါ်ဆို သတ်မှတ်ကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အကောင်အထည်မရှိတဲ့ ဘယ်သူဘယ်ဝါက သက်ဆိုင်မှန်း ပိုင်ဆိုင်မှန်းမသိတဲ့ “နိုင်ငံ” ဆိုတာကို ချစ်တယ်ဆိုတာတော့ အမြင်မှားမှုတရပ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ တခါတခါ နိုင်ငံအတွက် အသက်စွန့်မယ်ဆိုတာမျိုးတွေက နိုင်ငံရေး အာဏာအတွက်၊ နိုင်ငံရေး ရာထူးအတွက် နေရာအတွက် စွဲလမ်းတပ်မက်ခြင်းကို မျိုးချစ်စိတ်အဖြစ် တင်စားကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

နိုင်ငံရေးနဲ့ အာဏာမှာ ရောထွေးပြောဆိုမှုတွေ အမြင်မှား၊ အမှတ်မှားမှုတွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။ မိမိယုံကြည်တဲ့ ဘက်တဘက်အတွက်၊ အစုအဖွဲ့တခုအတွက် ရပ်တည်ကြတာက တပိုင်းဖြစ်ပြီး အဲဒီလိုမဟုတ်ပဲ နိုင်ငံ၊ လူမျိုး၊ အမျိုးဘာသာ၊ သာသနာဆိုတဲ့စကားလုံးတွေဟာ များသောအားဖြင့် အမြင်မှားမှုတွေ လှည့်စားစည်းရုံးမှုတွေရဲ့ သြဇာအောက်က စကားလုံးတွေ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ ဒီအကြောင်းတွေက အဓိက ပြောချင်တာမဟုတ်လို့ ဒီလောက်နဲ့ ထားလိုက်ပြီး ဒီနေ့ ပြောချင်တဲ့အကြောင်းက မြန်မာနိုင်ငံ ဒေသအများအပြားမှာ ဖြစ်ပွားနေတဲ့ သတ်ဖြတ်ခံရမှုတွေ၊ တိုက်ပွဲမှာ ဖြစ်စေ၊တိုက်ပွဲမဟုတ်ပဲ လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေကို ရက်စက်စွာ သတ်ဖြတ်တာတွေ၊ စွပ်စွဲသတ်ဖြတ်တာတွေ၊ အရွယ်မရောက်သေးတဲ့ အပြစ်မဲ့တဲ့ ကလေးသူငယ်တွေ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတွေ၊ အသက်အရွယ် ကြီးရင့်သူတွေ သတ်ဖြတ်ခံရမှုတွေ နေ့စဥ်လိုလို တရွာမဟုတ် တရွာ၊ တမြို့မဟုတ်တမြို့ မှာဖြစ်ပွားနေတာတွေကို ကြားသိရတဲ့အခါ ကြားသိရသူအနေနဲ့ ဘယ်လို ခံစားဖြတ်ကျော်ကြသလဲ ဆိုတာဖြစ်ပါတယ်။ မိမိအနေနဲ့ တစုံတခု တားဆီးဖို့၊ အလားတူ သတ်ဖြတ်ခံရမှုတွေ နောက်ထပ်မဖြစ်ပွားအောင် တစုံတရာလုပ်ဆောင်ဖို့၊ အခုလို နိုင်ငံရေး ကြမ္မာဆိုးကြုံရတဲ့ သူ၊ မိသားစု၊ ကျန်ရစ်သူတွေကို ကူညီဖို့၊ ဒီဖြစ်စဥ်မှာ ကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်၊ တာဝန်ယူမှုရှိအောင် လုပ်ဆောင်ဖို့ အစရှိတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ အနက်ဘယ်အရာကို လုပ်ဆောင်မိကြပါသလဲ။ 

တုံ့ပြန် လက်စားချေဖို့၊ ကျူးလွန်တဲ့ အဖွဲ့အစည်းတွေကို တုံ့ပြန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို ကူညီဖို့၊ မိမိကိုယ်တိုင် ကိုယ်ထိလက်ရောက် ပါဝင်တိုက်ခိုက်ဖို့ ၊ ငွေကြေးကူညီဖို့၊ စိတ်ဓါတ်ရေးအရ အားပေးဖို့၊ ကျူးလွန်သူတွေ အားနည်းအောင် မှန်တဲ့ အချက်အလက်နဲ့ ဖြစ်စေ၊ မမှန်ကန်တဲ့အချက်အလက်နဲ့ ဖြစ်စေ ဝါဒဖြန့်ဖို့ အစရှိတဲ့ လုပ်ဆောင်မှုမျိုး ဘယ်အရာကို လုပ်ဆောင်ကြပါသလဲ။ 

သို့မဟုတ် အထက်က ခံစားမှုမျိုးတွေထက်ကို ကြားနေကျ မြင်နေကျ ဖြစ်လာပြီး ဒီဖြစ်ရပ်ဆိုးတွေကို တားဆီးနိုင်တယ်လို့လည်း မမြင်မိတော့ပဲ၊ မတတ်နိုင်တဲ့အရာ တခုလို ခံစားလာပြီး မိမိရဲ့ စားဝတ်နေရေး၊ မိသားစုအရေးကိုသာ အာရုံစိုက်ပြီး ကျန်တာတွေကို ဥပက္ခာထားလိုက်ကာ မိမိနဲ့ မိမိ မိသားစုအသိုင်းအဝိုင်းသာ ဒီကံကြမ္မာမျိုး မကြုံရအောင် တိမ်းရှောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်တွေ၊ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက် ရရှိတာလည်း ရှိသလို သိထားပေမယ့်လည်း အများမသိအောင် ဖုံးကွယ်ထားတဲ့ အချက်အလက်တွေ၊  ဝါဒဖြန့် စကားလုံး၊ စွပ်စွဲမှုတွေ၊ လိမ်လည်မှုတွေနဲ့ ရောနှော ရေးသားဖန်တီးလိုက်တဲ့ သတင်းအချက်အလက်မျိုးလည်း အခုလိုကာလမှာ အများအပြား ထွက်ပေါ်နေပြီး ကျူးလွန်မှုတွေကို ဖုံးကွယ်ကြတာ၊ ဆိတ်ဆိတ်နေပြီး အာရုံစိုက်မခံရအောင် နေလိုက်တာ၊ မပြောရဲအောင် ခြိမ်းခြောက်ကြတာတွေလည်း ဖြစ်ပွားနေတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ကျနော့်အနေနဲ့တော့ ဒီအဖြစ်အပျက်တွေ ကြားသိရတဲ့အခါတိုင်းမှာ သက်ပြင်းချမိတာ၊ ဒီလို အဖြစ်မျိုး ထပ်မဖြစ်အောင် ဘယ်လို လုပ်ဆောင်မှုက အကောင်းဆုံးဖြစ်မလဲ၊ အဖြစ်အပျက်အမှန်က ဘာလဲ၊ ထင်ရှားတဲ့ ဓါတ်ပုံ ၊ ဗွီဒီယို သက်သေအထောက်အထားရှိတဲ့ ကျူးလွန်မှုမျိုး မဟုတ်ခဲ့ရင် ဖြစ်နိုင်ခြေက ဘာလဲဆိုတာလည်း တပိုင်းတစအတွေးတွေလည်း  ဝင်မိတာဖြစ်ပါတယ်။ ဖြစ်ရပ်တခုကို စေ့ငုဖို့ ကြိုးစားရှာဖွေနေစဥ်မှာ စောင့်ကြည့်နားထောင်နေစဥ်မှာ အလားတူဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေပြီး သူ့မတိုင်ခင် ဖြစ်ရပ်တွေကို လွှမ်းမိုးသွားကာ လတ်ဆတ်တဲ့ ဖြစ်စဥ် ဖြစ်ရပ်တွေက သူ့မတိုင်ခင် အဖြစ်အပျက်တွေကို ဖုံးလွှမ်းသွားပြန်ပါတယ်။ ဒီလိုနဲ့ အထက်က ပြောတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မတရားပြုကျင့်မှုတွေက ကိန်းဂဏန်းအဖြစ်သာ ပြောင်းလဲသွားပြီး ဖြစ်ရပ်ရဲ့ အရည်အသွေးဆိုင်ရာ တာဝန်ခံမှုဆိုင်ရာ၊ အဖြစ်မှန် ထွက်ပေါ်အောင်ကြိုးပမ်းမှုတွေ မပေါ်ထွက်နိုင်တော့ပဲ တာလီမှတ်တဲ့ စာရင်းထဲကိုသာ ရောက်ရှိကုန်ကြတာလည်း ဖြစ်ပါတယ်။ 

ကျူးလွန်မှုတွေကို မှတ်တမ်းတင် တာလီမှတ် စာရင်းကောက်နေရုံနဲ့ ကျူးလွန်မှုတွေ ၊ အသစ်အသစ်သော ဖြစ်ရပ်တွေက ရပ်ဆိုင်းသွားမလား ဆိုတာလည်း တွေးမိတဲ့ အတွေး ဖြစ်ပါတယ်။ မှတ်တမ်းတင်ထားဖို့ လိုအပ်တာက အငြင်းပွားစရာမရှိတဲ့ အဆို၊ အချက်တချက်ဖြစ်ပါတယ်။ သို့သော် ဖြစ်နေတဲ့ ဆိုးရွားတဲ့ ဖြစ်ရပ်တွေ နောက်ထပ် မဖြစ်ပွားအောင် တားဆီးနိုင်တာတွေက ဘယ်အရာတွေ ဖြစ်မလဲ၊ ဒီအချက်ကိုလည်း စဥ်းစားကြည့်ကြဖို့ လိုအပ်ပါတယ်။ မှတ်တမ်းတင်ခြင်းဟာ တာဝန်ခံမှုအတွက် တချိန်ချိန် အသွင်ကူးပြောင်းလာချိန်မှာ တရားမျှတမှုပြန်လည်ဆောင်ကျဥ်းဖို့အတွက်အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာတွေကို မှတ်တမ်းအနေနဲ့ ရှိဖို့ လိုအပ်တာအမှန်ပဲဖြစ်ပါတယ်။ သို့သော်လည်း တဖက်မှာ ကုန်လွန်ခဲ့တဲ့ ၂နှစ်တာအတွင်း မှတ်တမ်းတင် စောင့်ကြည့်မယ့် အဖွဲ့တွေ အများအပြားရှိကြပေမယ့် လတ်တလော ဖြစ်ရပ်တွေ လျော့နည်းအောင် ရပ်တန့်သွားအောင် စဥ်းစားတွေးဆ၊ လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနည်းပါးနေတယ်လို့ ထင်မြင်လာမိပါတယ်။ 

အခုလို လက်နက်ကိုင် ပဋိပက္ခဧရိယာထဲက ကျေးရွာတွေ မြို့တွေမှာ နေထိုင်နေကြရသူတွေအဖို့ ဆိုးရွားတဲ့ဖြစ်ရပ်တွေ၊ မိမိက မရွေးချယ်သော်လည်း  လက်နက်ကိုင် ပဋိပက္ခဖြစ်စဥ်ထဲ စွပ်စွဲခံရပြီး ထည့်သွင်း အပြစ်ပေးခံရတာတွေ နေအိမ်၊ ပိုင်ဆိုင်မှု၊ ရိက္ခာဆုံးရှုံးသွားကြရတာတွေ ကို ခံစားကြရတဲ့ အဖြစ်တွေက နေ့စဥ်လိုလို ဖြစ်ပွားနေပြီး ဒီအဖြစ်အပျက်တွေ အပေါ် သြဇာညောင်းသူတွေ၊ အဖြစ်အပျက်တွေကို အတိုင်းအတာတခုထိ မောင်းနှင်နေသူတွေ အနေနဲ့ အခုလို ခံစားကြုံတွေ့ရသူတွေရဲ့ ဘဝကို စာနာမှုရှိကြရဲ့လား၊ သို့မဟုတ် နိုင်ငံရေး ဖြစ်စဥ်တခုထဲမှာ နယ်ရုပ်အဖြစ် ကျရောက်သူတွေ အဖြစ်နဲ့သာ မြင်ကြသလားဆိုတာလည်း ရှာရှာဖွေဖွေတွေး မိတဲ့အတွေးဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေးအရ ယုံကြည်မှုအရ ရိုးသားမှုရှိကြရဲ့လား ဆိုတဲ့ သံသယအတွေးလည်း ဖြစ်ပါတယ်။ 

ဒါကတော့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း သတင်းတွေ၊ အဖြစ်အပျက်တွေကို ဖတ်ရှု၊ နားထောင် နေခဲ့တဲ့အချိန်တွေမှာ တွေးမိတဲ့အတွေး ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အဲဒီအဖြစ်အပျက်တွေ ရဲ့ အလယ်ကို ရောက်နေတဲ့ သူတွေနေရာ ခံစားကြည့်ပြီးနောက် ၊ ခံစားမှုကို ပေါ့သွားအောင် ဖော့ပြီးတွေးရမလား၊ သို့မဟုတ် ခံစားမှုကို ပိုပြင်းထန်အောင် အရှိန်မြှင့်ပြီး လမ်းကြောင်းမှန်ကန်မှု၊  ရိုးသားမှု ရှိ၊ မရှိ မသေချာတဲ့ တုံ့ပြန်မှု လှိုင်းထဲဝင်ပါလိုက်ရမလား ဆိုတာတွေ တွေးမိနေတာ ကာလအတန်ကြာကတည်းက ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar