Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၃)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၃)
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၉

● ၁၆ ရာစု ကျိုင်းတုံ
၁၆ ရာစုအတွင်း ကျိုင်းတုံစော်ဘွားသည် မြန်မာဘုရင်နှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သုံးနိုင်ငံစစ်ပွဲများကြောင့် ဖြစ်ပုံရ သည်။ ၁၅၆၄ /၁၅၆၅ ခုနှစ်များတွင် တရုတ်တပ်များ ကျိုင်းတုံ အရှေ့ပိုင်းနှင့်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သည်။ ၁၅၆၄ ခုနှစ်တွင် မြန်မာဘုရင်က ထိုင်းဘုရင့် နေပြည်တော် အယုဒ္ဓယကို ရသည်။ ၁၅၆၇ ခုနှစ်တွင် လာန်ဆာနိုင် စော်ဘွား က ကျိုင်းတုံကို ဝင်ရောက်တိုက်ခိုက်၍ ကျိုင်းတုံစော်ဘွား ခေတ္တရှောင်တိမ်းရသည်။ ၁၅၆၈ ခုနှစ်တွင် မြန်မာဘုရင့်တပ်များ အယုဒ္ဓယသို့ ဒုတိယအကြိမ် စစ်ချီပြန်ရာ ၁၅၆၉ ခုနှစ်တွင် ဒုတိယအကြိမ် သိမ်းယူနိုင်သည်။ ကျိုင်းတုံစော်ဘွားတပ်များသည် ဇင်းမယ်၊ အယုဒ္ဓယသို့ စစ်ချီရာတွင် မြန်မာဘုရင်တပ်များနှင့် အတူလိုက်ပါကြသည်။ သို့နှင့် မြန်မာဘုရင်နှင့် ကျိုင်းတုံ စော်ဘွားကြား သမီးကညာ အပြန်အလှန်ဆက်သခြင်း၊ လက်ဆောင်ပဏ္ဍာ အပြန်အလှန် ပေးပို့ခြင်းအပါအဝင် ကူးလူး ဆက်ဆံမှု များပြားပြီး ဆက်ဆံရေး ကောင်းမွန်မှုများသည် သုံးနိုင်ငံစစ်ပွဲများအတွင်း မဟာမိတ်ဖွဲ့မှု၏ရလဒ်ဟု ဆိုရပါမည်။

အပြန်အလှန်အားဖြင့် ကျိုင်းတုံနယ်တွင်း ပုန်ကန်မှုများ မတည်ငြိမ်မှုများ ဖြစ်ပေါ်ပါက မြန်မာဘုရင်က စစ်အင်အားများ ပေးပို့ကူညီသည်ကို တွေ့ရသည်။ သာလွန်မင်းလက်ထက်စစ်တမ်းများတွင် ကျိုင်းတုံအား "ကင်းဦးလံဖျား" ဟုဖေါ်ပြ၍ မြန် မာတို့က အရှေ့ဖက် အကျဆုံးနေရာအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။

ကျိုင်းတုံအား မြန်မာတို့၏မှတ်တမ်းများတွင် အမည်များစွာခေါ်ဝေါ်ခဲ့သော်လည်း ခေမာရဌ၊ ကျိုင်းတုမ် အမည်တို့က ထင် ရှားသည်။ အခန့်အခေါ်မှာ ခေမာရဌ ဇယဇောတိ တုံကရပူ ခေါ်သည်။ တုံကဆိုသည်မှာ ကျိုင်းတုံကို စတည်သည့် ရသေ့ ၏အမည်ဟု မှတ်ယူကြသည်။

သာလွန်မင်းလက်ထက် အမှတ်အသား ၁၆၃၅ ခုနှစ် စစ်တမ်းအရမြို့ ကြီး ၆၀၊ ရွာကြီး၆၀၊ ရွာငယ် ၆၀၀ ဟု ဖေါ်ပြသည်ကို တွေ့ရသည်။ သို့သော် မြို့ ၃၂ မြို့၊ အိမ်ခြေ ၇၀၄ ဟုပြသည့်စာရင်းတမျိုးတွေ့ရသေးပြီး အင်္ဂလိပ်လက်ထက်တွင် အတည်ပြု ၍ ရသေးသည်ဟု ဆိုသည်။ မြို့ ၃၂ မြို့ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ မိုင်းပျည် အိမ်ခြေ ၂၀၀
၂။ မိုင်းခါး ၄၀
၃။ မိုင်းဘူး ၁၀၀
၄။ မိုင်းမိုင်း ၅၀
၅။ မိုင်းလိတ် ၂၀
၆။ မိုင်းဆင် ၅၀
၇။ မိုင်းပန် ၃၀
၈။ မိုင်းကာ ၁၀
၉။ မိုင်းလင်း ၁၀
၁၀။ မိုင်းတုံ ၁၅
၁၁။ မိုင်းမင်း ၇
၁၂။ မိုင်းဘီ ၁၀
၁၃။ မိုင်းအုန်း ၁၂
၁၄။ မိုင်းဆင် ၂၀
၁၅။ မိုင်းအင်း ၂၀
၁၆။ မိုင်းငင် ၈
၁၇။ မိုင်းခွန် ၃၀
၁၈။ မိုင်းပုံ ၂၀
၁၉။ မိုင်းစည် ၃၀
၂၀။ မိုင်းလတ် ၄၀
၂၁။ မိုင်းကွီ ၃
၂၂။ မိုင်းခတ် ၁၀
၂၃။ မိုင်းလင်း ၅၀
၂၄။ မိုင်းဝက် ၄၀
၂၅။ မိုင်းရုံ ၄၀
၂၆။ မိုင်းလယ် ၄
၂၇။ မိုင်းငွန် ၁၅
၂၈။ မိုင်းညှင်း ၅၀၀
၂၉။ မိုင်းလွေ ၁၀၀
၃၀။ မိုင်းခက် ၁၆၀
၃၁။ မိုင်းကာ ၅၀
၃၂။ မိုင်းခါး ၅၀

စုစုပေါင်း မြို့ ၃၂ မြို့၊ အိမ်ခြေ ၁၇၀၄ အိမ်ဖြစ်ပါသည်။ သို့သော် ထိုစာရင်းတွင် ကျိုင်းတုံမြို့နှင့် အိမ်ခြေမပါပေ။ လူဦးရေ မည်၍ မည်မျှရှိသည်ဆိုသည့် သန်းခေါင်စာရင်းကိုလည်း မတွေ့ရ၍ လူဦးရေစာရင်းလည်း မသိရပေ။ သို့သော် ၁၆ ရာစု၌ ကျိုင်းတုံဒေသသည် မြို့ရွာများဖြင့် ကျိုင်းတုံကို ဗဟိုပြုသည့် စော်ဘွားအုပ်ချုပ်ရေးစနစ်တရပ် ထူထောင်ထားရှိပြီဖြစ်သည် ကို၎င်း၊ ဒေသတွင်း စစ်မက်ပြိုင်ဆိုင်မှုများတွင် စစ်သည်တသောင်းထုတ်နုတ်၍ ပါဝင်ယှဉ်ပြိုင်နေပြီဖြစ်သည်ကို တွေ့ရပါ သည်။

၁၆၁၄ ခုနှစ်နှင့် ၁၆၂၁ ခုနှစ်များတွင် မိုးနဲ (သံလွင်အနောက်) က မြန်မာဘုရင်ကိုပုန်ကန်ပြီး ကျိုင်းတုံစော်ဘွားနှင့် ပူးပေါင်း သည်။ မိုးနဲမှ ရှမ်းများမှာ တိုင်းလုံ ခေါ် ရှမ်းကြီးဖြစ်ကြရာ ဂုံရှမ်းဒေသသို့ ရှမ်းကြီးများ ထိုအချိန်စတင်ဝင်ရောက်လာသည်ဟုဆိုပါသည်။

ကျိုင်းတုံစော်ဘွားနှင့် မြန်မာဘုရင်နှင့် အဆင်မပြေသည်ကို ၂၉ ဆက်မြောက်စော်ဘွား စဝ်ဆမ်ဖီ (၁၇၀၂ - ၁၇၀၈) လက် ထက်တွင် တွေ့ရသည်။ မြန်မာ့ဘုရင် စနေမင်း (၁၆၉၈ - ၁၇၁၄) က သမီးကညာတောင်းရာ စဝ်ဆမ်ဖီက ငြင်းဆန်၍ ၁၇၀၈ ခုနှစ်တွင် မြန်မာတပ်များရောက်လာပြီး တိုက်ခိုက်ရာ စဝ်ဆမ်ဖီ အဖမ်းခံရပြီး ကွပ်မျက်ခံရသည်။ ထို့နောက် မြန်မာတပ်များ ကျိုင်းတုံတွင်တပ်စွဲ၍ စော်ဘွားသစ်မခန့်ဘဲ အချိန်ကြာမြင့်စွာထားခဲ့ပြီး အဖမျိုး ကျိုင်းတုံစော်ဘွားဆက်၊ အမိ ညောင်ရွှေစော် ဘွားဆက်ကမွေးတဲ့ စဝ်မောန်ခေါန် ခန့်ထားခဲ့သည်။ ထိုစော်ဘွားသည် မတရားအုပ်စိုး၍ သားပျို သမီးပျိုများကို ဖျက်ဆီး၍ လုထုဆူပူအုံကြွကြရာ ၈ နှစ်အကြာတွင် ဇင်းမယ်ဘက်ထွက်ပြေးပြီး ကွယ်လွန်ခဲ့သည်။

သူ့နေရာတွင် ညီဖြစ်သူ စဝ်မောန်ဆာမ် (၁၇၄၀ - ၁၇၈၆) အား ပြန်လည်ခန့်အပ်တာဝန်ပေးခဲ့သည်။ ထိုကာလတွင် မြန်မာ တို့တွင်လည်း မင်းပြောင်းမင်းလွဲဖြစ်၍ အလောင်းဘုရားလက်ထက်တွင် ကျိုင်းတုံနှင့်အဆက်ပြတ်နေပုံရသည်ဟု ဆိုပါ သည်။ အလောင်းဘုရား၏သားတော် မြေဒူးမင်း (၁၇၆၃ - ၁၇၇၆) လက်ထက် ၁၇၆၄ ခုနှစ်တွင် မြန်မာစစ်ကဲ ၂ ဦး ကျိုင်းတုံ သို့ ရောက်ရှိလာသည်ဟုဆိုသည်။ ထို့နောက် ၁၇၆၅ - ၆၉ အတွင်း ဖြစ်ပွားသော မြန်မာ - တရုတ်စစ်ပွဲအတွင်း ကျိုင်းတုံကို မြန်မာစစ်ကူများ ပေးပို့ခဲ့ရသည်။ အစောပိုင်းကာလ အရေးနိမ့်ခဲ့ပြီး ၁၇၈၀ ခုနှစ်တွင်မှ မြန်မာတပ်များ တရုတ်နယ်အတွင်းရှိ ကျိုင်းရုံးကြီးနယ်ထိ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။ ထိုကာလများအတွင်းကျိုင်းတုံဒေသတွင် စစ်မက်ကြောင့် လယ်ယာသီးနှံ များပျက်ဆီးပြီး အတိဒုက္ခရောက်ခဲ့ရသည်ဟုဆိုပါသည်။

ထို့ပြင် ၁၇၈၅ ခုနှစ် မြန်မာတပ်များ ထိုင်းသို့ချီတပ်ရာတွင် ကျိုင်းတုံ တပ်များလည်းပါဝင်ခဲ့သည်။ ၁၈၀၂ ခုနှစ်တွင် ဇင်းမယ်က ကျိုင်းတုံကို ဝင်ရောက်တိုက်ခိုက်ပြီး စော်ဘွားနှင့်ဆွေမျိုးခြွေရံများအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ မြို့ကိုလည်း ဖျက်ဆီးသွားသည်။ မျိုးရိက္ခာအားလုံးကိုလည်း သယ်ဆောင်သွားခဲ့သည်ဟု ဆိုပါသည်။ ဖမ်းယူသွားသော သုံ့ပမ်းများထဲက စဝ်မဟာခနန် (၁၈၀၂-၁၈၅၇) သည် ထွက်ပြေးလွတ်မြောက်လာပြီး မိုင်းယန်းနှင့်မိုင်းလွေတွင် လူသူစုဆောင်းခဲ့သည်။ အစ ပိုင်းတွင် မြန်မာဘုရင်ကလက်မခံဘဲ တပ်လွှတ်၍ပင် ဖမ်းဆီးခိုင်းခဲ့သည်။ သို့သော် ၁၈၁၃ ခုနှစ်တွင် ပဒုံမင်းက စော်ဘွား အဖြစ် လက်ခံအသိမှတ်ပြုခဲ့သည်။ စဝ်မဟာခနန်သည် မိုင်းယန်းတွင် ဆက်လက်အခြေပြုနေပြီး ၁၈၁၇ ခုနှစ်တွင်မှ ကျိုင်းတုံ သို့ ရွှေ့ပြောင်းလာပြီး မြို့ရွာစည်ပင်အောင် ပြုလုပ်ရာ များစွာတိုးတက်မှုရခဲ့သည်ဟု ဆိုပါသည်။

● ကျိုင်းတုံခေတ်လယ်မှတ်စု
၁။ မြန်မာဘုရင်နှင့် ပူးပေါင်းခဲ့သည့် ၁၅၅၇ ခုနှစ်မှစ၍ ၁၈၀၂ ခုနှစ်ထိ နှစ် ၂၅၀ ခန့်အား ကျိုင်းတုံခေတ်လယ်ဟု ဆိုရမည်။

၂။ ၁၅၅၇ ခုနှစ်ခန့်က စပြီး ကျိုင်းတုံသည် မြန်မာ၊ ထိုင်း၊ တရုတ်တို့၏ စစ်မက်ြပိုင်ဆိုင်မှုကြားတွင် ရောက်ရှိခဲ့သည်။ ထိုစစ်ပွဲ များတွင် ကျိုင်းတုံသည် မြန်မာဘုရင်နှင့်ပူးပေါင်းခဲ့သည်။ စစ်ပွဲများအတွင်း မြန်မာဘုရင်အား ဆင်၊ မြင်း၊ လူသူလက်နက် ပံ့ပိုးခဲ့သည်။ ဇင်းမယ် (ထိုင်း)၊ ကျိုင်းရုံးကြီး (တရုတ်) တို့အား မြန်မာဘုရင်တပ်နှင့်အတူ တိုက်ခိုက်အောင်နိုင်ခဲ့သကဲ့သို့ မြန်မာ့ဘုရင်တပ်များ အားနည်းချိန်တွင် ဇင်းမယ်နှင့်တရုတ်တို့က ကျိုင်းတုံကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံရ သည်။

၃။ ထိုခေတ်ကာလ ၁၆၃၅ ခုနှစ် သာလွန်မင်းစစ်တမ်းအရ ကျိုင်းတုံစော်ဘွားနယ်မြေသည် မြို့ရွာများဖြင့် စည်ကားနေပြီဆို သည်ကို တွေ့ရှိနိုင်သည်။

၄။ ၁၆၁၄/၁၆၂၁ တွင် မြန်မာဘုရင်အားပုန်ကန်သော မိုးနဲသည် ကျိုင်းတုံ စော်ဘွားနှင့်သွားရောက်ပူးပေါင်းရာမှ ဂုံရှမ်းဒေသ သို့ မိုးနဲမှ တိုင်းလုံခေါ်ရှမ်းကြီးတို့ စတင်ဝင်ရောက်ခဲ့သည်။

၅။ သို့သော် သို့သော် ၁၇၆၄ မှသည် ၁၈၀၂ ခုနှစ်ထိ ဇင်းမယ်၊ တရုတ်တို့နှင့် အပြန်အလှန်တိုက်ခိုက်ကြသည့် စစ်ပွဲများအတွင်း လယ်ယာသီးနှံများပျက်စီးခြင်း၊ မြို့ပြများပျက်စီးခြင်း လူသူများအတိဒုက္ခရောက်ခြင်းများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် ၁၈၀၂ ခုနှစ်တွင် ဇင်းမယ်သည် ကျိုင်းတုံကိုအောင်နိုင်ခဲ့ပြီး ကျိုင်းတုံစော်ဘွားနှင့် အနွယ်တော်အားလုံး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသကဲ့သို့ ကျိုင်းတုံမြို့လည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

၆။ မြန်မာ့ဘုရင်နှင့် ကျိုင်းတုံစော်ဘွားတို့ဆက်ဆံရေးတွင် အပြန်အလှန်လက်ဆောင်ပဏ္ဍာပေးပို့ခြင်း၊ သမီးကညာ အပြန် အလှန် ဆက်သခြင်းများဖြင့် မိတ်ဖွဲ့ထားကြသည်။ ကျိုင်းတုံဘက်က မဟာမိတ်ဆက်ဆံရေးဟု ယူဆထားပုံရပြီး မြန်မာ ဘုရင်ဘက်ကမူ မြန်မာပိုင်နက် အစွန်အဖျားနယ်မြေအဖြစ် သဘောထားပုံရသည်။ သို့သော် မြန်မာဘုရင်သည် စစ်ကဲတပ် မှူးအချို့အား ကျိုင်းတုံတွင် ထားရှိသော်လည်း နယ်မြေအုပ်ချုပ်ရေးအာဏာသည် ကျိုင်းတုံစော်ဘွားလက်တွင်းသာရှိသည်ကို တွေ့ရသည်။ မြန်မာဘုရင်သည် ကျိုင်းတုံစော်ဘွားနှင့်သာ ဆက်ဆံရေးထူထောင်ထားပြီး ကျိုင်းတုံစော်ဘွားနယ်မြေ အုပ်ချုပ်ရေးတွင် ပါဝင်ခြင်းမရှိပေ။

၇။ သို့သော် အင်အားသာလွန်သည့် မြန်မာဘုရင်သည် ၎င်းတို့စိတ်တိုင်းကျမဖြစ်သည့်အခါ စနေမင်း (၁၆၉၈ - ၁၇၁၄) လက်ထက် ၁၇၀၈ ခုနှစ်တွင် ၂၉ ဆက်မြောက်ကျိုင်းတုံစော်ဘွား စဝ်ဆမ်ဖီအားတိုက်ခိုက်၍ ဖမ်းဆီးကွပ်မျက်ခဲ့ပြီး ၂၂ နှစ် ခန့် မည်သည့်စော်ဘွားမျှမထားဘဲ လစ်လပ်ထားရှိခဲ့သည်။ ၁၇၃၀ ခုနှစ်တွင် မြန်မာဘုရင်စိတ်ကြိုက် ကျိုင်းတုံစော်ဘွားနွယ်တဦးဖြစ်သူစဝ်မောန်ခေါန်ခေါ် စဝ်မောန်မြို့ (၁၇၃၀ - ၁၇၄၀) တွင် စော်ဘွားတင်မြှောက်ခဲ့သည်။ သို့သော် လူထုအားနှိပ်စက် သူဖြစ်၍ လူထုအုံကြွမှုများကြောင့် ထိုစော်ဘွားထွက်ပြေးခဲ့ရသည်။ ထို့နောက် စဝ်မောန်ဆမ် (၁၇၄၀ - ၁၇၈၆) ကို မြန်မာ ဘုရင်က ပြောင်းလဲခန့်ထားခဲ့သည်။ ထိုခေတ်ကာလသည် မြန်မာဘုရင်က ကျိုင်းတုံကို စိတ်တိုင်းကျ ချယ်လှယ်နိုင်သည့် ကာလဖြစ်သည်။

၈။ ၁၈၀၂ ခုနှစ်တွင် ၃၂ ဆက်မြောက်စော်ဘွားဖြစ်သူ စဝ်ကောန်တိုင်း (၁၇၈၆ - ၁၈၀၂) လက်ထက် ၁၈၀၂ ခုနှစ်တွင် ဇင်း မယ်က ကျိုင်းတုံအား အောင်နိုင်ပြီး စော်ဘွားနှင့် အနွယ်တော်အားလုံးဖမ်းဆီးခံရပြီး ကျိုင်းတုံ ဖျက်ဆီးခံခဲ့ရသည်။

၉။ ထိုအဖမ်းခံစော်ဘွားအနွယ်တော်ထဲမှ  ထွက်ပြေးလွတ်မြောက်လာသူ စဝ်မဟာခနန်က လူသူအင်အားပြန်လည်စုဆောင်း ၍ ကျိုင်းတုံနယ်မြေကိုပြန်လည်စုစည်းခဲ့သည်။ မြန်မာဘုရင်က အစောပိုင်းလက်မခံဘဲ လိုက်လံဖမ်းဆီးခဲ့သော်လည်း ၁၈၁၃ ခုနှစ်တွင် အသိမှတ်ပြုခဲ့ရပြီး ၁၈၁၇ ခုနှစ်တွင် စဝ်မဟာခနန်သည် ကျိုင်းတုံတွင် ပြန်လည်အခြေပြုခဲ့သည်။

၁၀။ ထို့ကြောင့် ကျိုင်းတုံဒေသအား မြန်မာဘုရင်၏တိုက်ခိုက်မှုကြောင့် ၁၇၀၈ ခုနှစ်မှ ၁၇၃၀ ထိ ၂၂ နှစ်ကြာ စော်ဘွား ဆက်ပြတ်ခဲ့ရသကဲ့သို့ ၁၇၃၀ မှ ၁၈၀၂ ခုနှစ်ထိ ၇၂ နှစ်ကြာ မြန်မာဘုရင်စိတ်ကြိုက် စော်ဘွားတင်မြှောက်ခြင်းခံခဲ့ရသည်။ တဖန် ၁၈၀၂ ခုနှစ်တွင် ဇင်းမယ်၏တိုက်ခိုက်မှုကြောင့်၁၈၁၇ ခုနှစ်ထိ ၁၅ နှစ်ကြာ ကျိုင်းတုံအုပ်ချုပ်ရေး ပျက်သုန်းခဲ့ရသည်။

၁၁။ ၁၇၀၈ ခုနှစ် မြန်မာဘုရင်၏ တိုက်ခိုက်မှုမှစ၍ ဇင်းမယ်၏တိုက်ခိုက်မှုအဆုံးတွင် ၁၀၉ နှစ်အကြာတွင် ကျိုင်းတုံဒေသ ရှမ်းများ၏ရုန်းကန်မှုကြောင့် စော်ဘွားမျိုးဆက်အသစ်တခုသည် ၃၃ ဆက်မြောက်စော်ဘွား (၁၈၀၂ - ၁၈၅၇) လက်ထက် တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး