ကိုသန်းလွင် - သနားကြင်နာမှု နှင့် ကိုယ်ချင်းစာတရား
ကိုသန်းလွင် - သနားကြင်နာမှု နှင့် ကိုယ်ချင်းစာတရား
(မိုးမခ) အောက်တိုဘာ ၆ ၊ ၂၀၂၃
( ၁ )
သနားကြင်နာတတ်သော သဘောနှင့် ကိုယ်ချင်းစာတရားတို့သည် မတူညီဘဲ ကွဲပြားကြပါသည်။ သနား ကြင်နာခြင်း (Sympathize) မှာ မိမိက တခြားလူအပေါ်ထားသော မေတ္တာတရားနှင့် ကောင်းစေလိုသော စေတနာ တို့ကို ရည်ညွှန်းပါသည်။ ကိုယ်ချင်းစာခြင်း (Empathy) မှာ တပါးသူ ခံစားသလို သူ့နေရာတွင် အစားဝင်၍ ခံစားကြည့်ခြင်းဖြစ်ပါသည်။
တပါးသူအပေါ် သနားတတ်ခြင်း ဆိုသည်မှာ တချိန်က ဂုဏ်ရှိသော လူ့ခံစားချက် တမျိုး ဖြစ်ခဲ့ပါသည်။ မိမိကိုယ်ကိုယ် နှိမ့်ချခြင်း၊ စစ်မှန်ခြင်း၊ တပါးသူအပေါ် စိတ်ကောင်းစေတနာထားခြင်းတို့ ပါဝင်ပါသည်။ မိမိထက် နိမ့်ကျသူ၊ ချို့ယွင်းမှုရှိသူတို့အပေါ် သဘောထားမှာ သဘောထားကြီးမှု တို့ဖြစ်ပါသည်။
( ၂ )
သို့သော် ကြင်နာသနားခြင်းမှာ ခံရသူအပေါ်တွင် အပြစ်ဖို့ခြင်း သို့မဟုတ် ပေးပို့သူကမြင့်၍ လက်ခံရရှိ သူက နှိမ့်နေခြင်း စသော အယူအဆများကြောင့် သာမာန်ဆိုလျှင် သနားခြင်းကို ရှောင်ရှားကြရပါသည်။
သနားကြင်နာခြင်းမှ တဆင့်တက်၍ ကိုယ်ချင်းစာခြင်း ဖြစ်ကြရပါသည်။ စာသင်ကျောင်းများနှင့် မိဘများအဖို့ ကလေးများကို ကိုယ်ချင်းစာစိတ်ထားရှိကြရန် ညွှန်ကြားသည်များကို ကြားရပါသည်။ အလုပ်လုပ်ရာတွင် အခြေခံထားရှိရမည့်တရား ဖြစ်ပါသည်။ မိမိ၏ ကောင်းမွန်စွာ နေထိုင်ရေးအစီအစဉ်တွင် ထည့်သွင်းကြရပါသည်။ ကျောင်းစာကြည့်တိုက်များမှ စာအုပ်စဉ်တခုလုံး ကိုယ်ချင်းစာစိတ် ထားရှိရမည့် စာအုပ်များနှင့် ပြည့်နေရပါသည်။ ထိုစာအုပ်များထဲတွင် သနားကြင်နာခြင်း အကြောင်းက အနည်းငယ်သာ ပါဝင်ပါလိမ့်မည်။
သနားကြင်နာခြင်း ဆိုသည်မှာ အဝေးတနေရာမှ ပေးပို့ရခြင်းသာ ဖြစ်ပါသည်။ သို့ရာတွင် ကိုယ်ချင်းစာခြင်း ဆိုသည်မှာ တခြားလူတယောက်၏ အမြင်ကို မိမိကိုယ်တိုင်က မြင်နေသလို မြင်ကြရပါသည်။ သနားတတ်သူများက ကြင်နာခြင်းကို ပို့ပေးရာတွင် ရရှိသူနှင့် မဆိုင်ဘဲ သူကိုယ်တိုင်၏ အမြင်ဖြင့်သာ ပို့ပေးကြရပါသည်။ တခြားလူတယောက်၏ အမြင်မျိုးနှင့် မြင်တတ်ရန်မလိုဟုလည်း ဆိုပါသည်။ သနားကြင်နာခြင်းမှာ မိမိ၏ ကိုယ်ပိုင်ခံစားချက်၊ မိမိပိုင်သော အရာသာ ဖြစ်ပါသည်။ ကိုယ်ချင်းစာတရားက မည်သည့်အားသာချက်များ ရှိပါသနည်း။
ကြင်နာသနားခြင်းကို ၁၆ ရာစုကတည်းက စတင်အသုံးပြုခဲ့ကြပြီး ဂရိဘာသာစကားဖြင့် “လူ ၂ ဦးတွင် တူညီသောအမြင် ရှိသည် “ ဟု အဓိပ္ပာယ်ရပါသည်။ ကိုယ်ချင်းစာတရားထက် ၄ ရာစုနှစ်ခန့်ပိုစော၍ လူတို့ အသုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။ ၂၀ ရာစုနှစ်တွင် ဂျာမန်အသုံးစကားများတွင် ပါဝင်လာခဲ့ပြီး ဖီလိုဆိုဖီ၊ အလှအပတရားနှင့် စိတ်ပညာဘာသာရပ်တို့တွင် သုံးသော စကားလုံး ဖြစ်ပါသည်။ ကိုယ်ချင်းစာတရား ကိုဝက်စတား အဘိဓာန်ကမူ ပြုလုပ်သူကို ဗဟိုပြု၍ စိတ်ခံစားချက် ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်။ “ မိမိကိုယ်တိုင်၏ ခံစားချက်” ဟူ၍ အဓိပ္ပာယ်ရပါသည်။ လူတို့၏ အတွေးအခေါ်၊ ရည်ရွယ်ချက်တို့နှင့်လည်းဆိုင် ပါသည်။
သို့သော် ယနေ့တွင် ၎င်းတို့၏ အဓိပ္ပာယ်များမှာ အနည်းငယ် ပြောင်းလဲသကဲ့သို့ ဖြစ်လာသည်။ သနားကြင်နာခြင်းမှာ မိမိက အမြင့်တွင်ရှိနေသော သဘောဖြစ်နေပြီး ကိုယ်ချင်းစာတရားများမှာသာ တူညီမှုသဘောများ ပါဝင်ပါသည်။ ကိုယ်ချင်းစာခြင်း ဆိုသည်မှာ ကိုယ်စားပြုခံစားခြင်းဟု ဆိုလိုပြီး တပါးသူ၏ စိတ်ဆန္ဒအရ ခံစားခြင်းဟု အဓိပ္ပာယ်ရပါသည်။ သနားကြင်နာခြင်းမှာ ဒုက္ခရောက်နေသူ တဖက်သားအပေါ် အကြင်နာပေးခြင်း ဖြစ်ပါသည်။ ဤဖြစ်ရပ်အတွက် ဝမ်းနည်းခြင်း၊ တဖက်လူအတွက် ခံစားခြင်းဟူသော သဘောကို စကားလုံးများမှ ဖယ်ထုတ်လိုက်ကြပါသည်။
သနားကြင်နာခြင်းမှာ အကျိုးသက်ရောက်မှု မရှိဟု ဆိုသူလည်း ရှိနေပြန်ပါသည်။ လူတယောက်သည် တွင်းနက်ကြီးတစ်ခုအတွင်းသို့ ကျနေသည်ဟု ဆိုပါစို့။ ဘေးလူက ပြောသည်။ “ ခင်ဗျား တွင်းနက်ထဲ ကျနေတဲ့ အတွက် ဝမ်းနည်းပါတယ်” ဆိုသော စကားသည် တွင်းထဲမှလူအဖို့တော့ ဘာမှအရာမရောက်ပါဟု ဆိုလိုပါသည်။ သို့သော် ကိုယ်ချင်းစာတရားအတွက်ကတော့ နောက်လူ သည်တွင်းထဲသို့ လိုက်ဆင်းရမည်။ ထိုလူ ခံစားသလို ခံစားရသလို ထပ်တူထပ်မျှ ခံစားရသည်ဟု ဆိုလိုသည်။ သို့မဟုတ် တွင်းထဲကလူ ခံစားသလို ခံစားဖို့ဆိုလျှင် တစုံတရာနှင့် ဆက်သွယ်၍ ထိုဆက်သွယ်မှုမှတဆင့် ထိုလူ ခံစားသလို လိုက်ခံစားရမည်ဟု ဆိုလိုပါသည်။
ထိုကဲ့သို့ အမြင်မျိုးဆိုပါက ကိုယ်ချင်းစာစိတ် ဆိုသည်မှာ တခြားလူ ခံစားရသလို၊ သူ မြင်ရသလို လိုက်၍ မြင်ကြည့်ခြင်း ဖြစ်ပါသည်။ ဘေးလူက မည်သည့်အမြင်မျိုးပင် ရှိစေ သူ၏အမြင်သည် အရာမရောက်ဘဲ ခံစားသူ၏ အမြင်နှင့် ပတ်ဝန်းကျင်သည်သာ အရေးပါပါသည်။
ထိုသို့ဆိုသည့်တိုင် ကိုယ်ချင်းစာစိတ်ကို မြင်နိုင်ရန် မလွယ်သေးပါ။ သင်သည် အခြားလူတစ်ယောက် ခံစားသလို လိုက်၍ခံစားကြည့်ရန်ဟု ဆိုထားရာ သင်၏အမြင် ဆိုသည်မှာ သင်၏ အတွေ့အကြုံနှင့် ပတ်ဝန်းကျင်အပေါ်တွင်သာ မူတည်ပါသည်။ သင်အဖို့ အခြားလူတယောက် ခံစားသလို ခံစားကြည့်ရန်မှာ မဖြစ်နိုင်ပါ။
အချို့လူများကလည်း အခြေအနေမတူဘဲ ကွဲပြားနေမှုကြောင့် အခြားလူတစ်ဦးတယောက်၏ တရားမျှတခြင်းအပေါ် သဘောထားချင်း မတူနိုင်ပါ။ ၎င်းပြင် ထိုကဲ့သို့ မြင်နိုင်အောင် ကြိုးစားခြင်းမှာ မအောင်မြင်နိုင်သောကြောင့် ထိုအကြောင်းကို လက်လျှော့ကြရပါသည်ဟု ဆိုပါသည်။ ထို့ပြင် လွယ်လွယ်ပြောရလျှင် လူတစ်ဦးတစ်ယောက်၏အမြင်နှင့် ပတ်ဝန်းကျင်အခြေအနေကို အသေအချာမသိရဘဲ ထိုလူ မြင်သကဲ့သို့ မဖြစ်နိုင်ပါ။ ထိုအကြောင်းကို စဉ်းစားခြင်းသည်ပင် ကိုယ်တိုင်မမြင်ရပါပဲလျက် သူ့အနေအထားကို ကိုယ် ထင်မြင်ချင်သလို ထင်မြင်ပြီး ကောက်ချက်ချခြင်းသာ ဖြစ်နိုင်ပါသည်။
ကိုယ်ချင်းစာတရား မရှိခြင်းသည် လူတယောက်ကို အဆင်အခြင် ကင်းမဲ့စေတတ်ပါသည်။ သူ့ကိုယ်စား ခံစားသည်ဟု ဆိုရာတွင် အမှန်တကယ် ဖြစ်နိုင်သလို မိမိစိတ်ကူးမိရာ မိမိအမြင်ကို ချဲ့လျှင်ချဲ့သလို ဒုက္ခကို ပိုပိုဖန်တီးစေနိုင်ပါသည်။ ထို့ကြောင့် ဆင်ခြင်တုံတရား ရှေ့ကမပါလျှင် ကိုယ်ချင်းတရားဆိုရာ၌ အထိန်းအကွပ် မဲ့သွားလျှင် လူကို ဒုက္ခရောက်စေနိုင်ပါသည်။
အခြေအနေချင်း မတူညီသဖြင့် ကိုယ်ချင်းစာတရားထား၍ မရသည်လည်း ရှိပါသည်။ အခြေအနေ၊ ပတ်ဝန်းကျင် အနေအထား မတူညီသောအရပ်မှာ နေသည့်လူ၏ သဘောထားကို မသီဘဲ ထိုသူ ခံစားသလို ခံစားရန်မှာလည်း မဖြစ်နိုင်ပါ။ ဘယ်လောက်ပဲ ကိုယ်ချင်းစိတ်ရှိသည် ဆိုစေဦး၊ သင် နားမလည်သည့် အသိုင်းအဝိုင်းမှာ နေထိုင်သည့် လူ၏ခံစားချက်ကို ကိုယ်ချင်းစာရန် မဖြစ်နိုင်ပေ။
သင်နှင့် ရင်းနှီးသူတစ်ဦး၏ ကလေးဖြစ်သူ ရေနစ်နေသည် ဆိုပါစို့။ ကိုယ်ချင်းစာနာစိတ်ရှိသူ တယောက် အနေဖြင့် သင့်သူငယ်ချင်း ခံစားသလို ခံစားနိုင်ပါသည်။ အလွန်တရာ ဝမ်းနည်းပူဆွေးသောက ရောက်ရပါသည်။ သူ့အဖြစ်ကို စာနာသနား၍ တတ်နိုင်သမျှ ဖေးမကူညီမှုကို ပြုလုပ်နိုင်ပါသည်။ သို့သော် ထိုအဖြစ်အပျက်ရှိ သင့် သူငယ်ချင်း ခံစားသလို သင် ခံစားချင်၍ မရနိုင်ပါ။
သို့သော် တခါတရံ လွဲမှားသော အမြင်ကို ဖြစ်စေပါသည်။ စမ်းသပ်ချက်တစ်ခုတွင် မိန်းကလေး ရှစ်ဦးအနက် ဓာတ်ပုံနှင့် အသံကို ကြားရသောသူအပေါ်တွင်သာ အသနားပိုတတ်ပါသည်။ ထိုမိန်းကလေးကသာ ထောက်ပံ့ငွေများကို ရပြီး တခြား ကျန်သောမိန်းကလေးများမှာ အထောက်အပံ့မရ။ အိမ်မှ ပျောက်သွားသော လူဖြူ အမေရိကန် အမျိုးသမီးမှာ သနားအကြင်နာပိုခံရပြီး ဒါဖော (Defur) အရပ်မှ လူထောင်ပေါင်းများစွာ၏ ဆင်းရဲဒုက္ခမှာ လူအများ လျစ်လျူရှုခြင်းကို ခံကြရပါသည်။ အချို့က နေရာမှားတတ်သောကြောင့် ကိုယ်ချင်းစာခြင်းကို လုံးဝပစ်ပယ်လိုက်ကြရန် အကြံပြုပါသည်။ လူကို မလိုအပ်ဘဲ အစွန်းမရောက်စေရန် ဖြစ်ပါသည်။
သို့တစေ ကိုယ်ချင်းစာနာမှုတွင် ကောင်းသောကျေးဇူး ရှိပါသည်။ ပျော်ရွှင်စရာကောင်းသော အတွေ့အကြုံများဖြင့် အနုပညာ၊ ဝတ္ထုစာပေတို့တွင် ခံစားနိုင်ပါသည်။ ၎င်းအပြင် ကိုယ်ချင်းစာနာမှုကို ရင်းနှီးခင်မင်ခြင်း၏ ပြယုဂ်အဖြစ် သဘောထားနိုင်ကြပါသည်။ လူတို့ကို ကောင်းသောအပြုအမူများနှင့် ကောင်းသောစိတ်စေတနာတို့ကို ဖန်တီးပေးပါသည်။
သို့သော် ၎င်းသည် (Moral ground) အဖြစ် စိတ်ဓာတ်ကို ပြုပြင်ပေးသော အရာဖြစ်ပါသည်။ တခါတရံ မိုက်မဲဆိုးရွားသော အမြင်များကို အခြေခံမိအောင် တိုက်တွန်းနိုင်ပြီး တခါတရံ မကောင်းမှုကြီးကို ဘာမှ မထူးခြားဟန် ပြုမူတတ်ပါသည်။ ၎င်းသည် နိုင်ငံရေးဆိုင်ရာကိစ္စများတွင် မမှန်ကန်သော ကြောင်းကျိုးဆီလျော်မှုမရှိသော ဆုံးဖြတ်ချက်များကို ချစေနိုင်ပါသည်။ ဆရာဝန်နှင့် လူနာဆက်ဆံရေး၊ ဆရာ တပည့်၊ မိဘနှင့် သားသမီး၊ စသည်ဖြင့် ဆက်ဆံရေးတို့ကို ထိခိုက်စေနိုင်လောက်အောင် အကျိုးပေးတတ်ပါသည်။ မိတ်ဆွေ အချင်းချင်း၊ မိဘများ၊ ခင်ပွန်း၊ ဇနီးမယား စသည်ဖြင့် ကိုယ်ချင်းစာနာစိတ်ကို အလွန်အကျွံအသုံးပြုမိရာမှ အမှားများကို ကြုံတွေ့ရတတ်ပါသည်။
( ၃ )
ကိုယ်ချင်းစာခြင်း၏ ဆန့်ကျင်ဘက်မှာ တကိုယ်ကောင်းဆန်ခြင်းနှင့် စိတ်ရင်းမကောင်းခြင်း စသည်တို့ ဖြစ်သည်။ လူတို့ တန်ဖိုးထားရမည်မှာ ထိုအရာများ မဟုတ်ပါ။ ကျွန်တော်တို့သည် ကောင်းသော လူများ၊ ကိစ္စပေါ်လာလျှင် တာဝန်သိသူ တာဝန်ယူနိုင်သူများ ဖြစ်ရပါမည်။ ကမ္ဘာကြီးကို ကောင်းမွန်သောနေရာအဖြစ် ဖန်တီးရန် ကျွန်တော်တို့သည် ကိုယ်ချင်းစာတရားကို နေရာလိုက်၍ မျှမျှတတ ထားကြရန် အရေးကြီးပါသည်။ ကိုယ်ချင်းစာတရားကို တော်ရုံသာ ထားပါ။ သနားကြင်နာခြင်းသည် နေရာတိုင်းတွင် ထားရမည့် စိတ်ထား ဖြစ်ပါသည်။ ကိုယ်ချင်းစာတရားကို ဦးစားပေးလွန်းလျှင် အမှားတွေ့နိုင်ပါသည်။
Ref : Have Some Sympathy, Pamela Paul. N.Y.Times September 29.2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar