Breaking News

စစ်မှုထမ်း ဥပဒေ အသက်သွင်းခြင်းနဲ့ အရှုံး အမြတ်

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂ မြင်ကွင်း

(မိုးမခ) ဧပြီ ၃၊ ၂၀၂၄

စစ်မှုထမ်း ဥပဒေ အသက်သွင်းခြင်းနဲ့ အရှုံး အမြတ်

လက်ရှိ မြန်မာနိုင်ငံရဲ့ နောက်ခံပုံရိပ် ကားချပ်ဟု ဆိုပါလျှင် စစ်ပွဲများ၊ မြို့ရွာများ ပျက်စီးဆုံးရှုံးခြင်း၊ လက်နက်ကျည်ထိမှန် သေဆုံးရခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မြို့ရွာနေသူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီး ဆုံးရှုံးရခြင်း၊ နေအိမ် မီးလောင်ပျက်စီးခြင်း၊ ဓားစာခံလုပ်ပြီး ငွေကြေးဖြင့် ရွေးယူရခြင်း၊ မြို့တွေ ရွာတွေမှ ထွက်ခွာတိမ်းရှောင်ရခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်၊ နေအိမ် ဆုံးရှုံးရခြင်း အစရှိတဲ့ ပုံရိပ်တွေ ဖြစ်နေတာပါ။ အဲဒီပုံရိပ်တွေအပြင် အခုတလော ထပ်တိုးလာတဲ့ ပုံရိပ်တွေက စစ်မှုထမ်း ဆင့်ခေါ်ခြင်း၊ မဲနှိုက်ခြင်း၊ အဓမ္မဖမ်းဆီး ခေါ်ဆောင်ခံရပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံရခြင်းနဲ့ အဲဒီအဖြစ်က လွတ်မြောက်ဖို့အတွက် ငွေကြေးတတ်နိုင်သူ အနည်းငယ်က အိမ်နီးချင်းနိုင်ငံတချို့ဆီ တရားဝင် ခိုလှုံခြင်း၊ မတတ်နိုင်သူတွေက တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခြင်းတွေ ထပ်တိုးလာပါတယ်။ သွားရောက်ဖို့ အလွယ်ကူဆုံး ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူတွေ ရာထောင်ချီ နေသလို၊ နယ်စပ်ကနေ ခိုးဝင်သူတွေလည်း ရာနဲ့ချီ ဖမ်းဆီးခံကြရတဲ့ သတင်းတွေကြားသိ ကြရမှာ ဖြစ်ပါတယ်။ 

နဂို အနေအထားနဲ့ကို ဒုက္ခဝန်တွေ ပိနေကြတဲ့အပေါ် စစ်မှုထမ်းဥပဒေ ဆိုတဲ့ ဒုက္ခထပ်ပိုးလိုက်ရာမှာ ဘယ်ဒုက္ခက ပိုဆိုးသလဲ ဘယ်ဒုက္ခက နည်းနည်းသက်သာမလဲ ဆိုတဲ့ နှိုင်းယှဥ်ကြည့်ရမယ့် အနေအထားမျိုး ရောက်ရှိသွားတာ ဖြစ်ပါတယ်။ 

သို့ပေမဲ့လို့  ခုရက်ပိုင်း ဝါဒဖြန့်မှုလို့ ဆိုဆို သတင်းဓာတ်ပုံအချို့မှာ မြင်တွေ့ရတဲ့ မြင်ကွင်း၊ ကြားသိရတဲ့ သတင်းတချို့မှာတော့ စစ်မှုမထမ်းမနေရ ဥပဒေက လူအများအတွက် ငရဲတမျှ ကြောက်စရာကောင်းပြီး စစ်မှုထမ်း မဲပေါက်တယ်လို့ သိရတဲ့ မိခင်တွေအဖို့ ကိုယ့်သားသမီး သေဒဏ်ကျခံရတဲ့ တရားရုံးအမိန့် ကြားသိရသလိုခံစားရတယ်ဆိုပေမယ့် အချို့သောသူတွေအဖို့တော့ လစာရမယ့် အလုပ်အကိုင်တခုလိုမှတ်ယူပြီး မိမိသဘောနဲ့ သို့မဟုတ် သူ့မိသားစုရဲ့သဘောတူညီမှုနဲ့ ထောက်ပံ့ကြေး တစုံတရာရယူကာ စစ်မှုထမ်းဖို့ ဝင်ရောက်သွားသူတွေ ရှိနေကြတာလည်း မြေ ပြင်က လက်ရှိအနေအထားဖြစ်နေပါတယ်။ 

အချို့သော ကျေးရွာ၊ မြို့နယ်ထဲက ရပ်ကွက်တချို့မှာ ရပ်ကွက်အလိုက် ကျေးရွာအလိုက်တောင်းခံလိုက်တဲ့ လူအရေအတွက် ရသွားလို့ ရပ်ရွာအနေနဲ့ မဲနှိုက်ဖို့ မလိုတဲ့အဖြစ်တွေလည်း နေရာဒေသအချို့မှာ အမှန်တကယ် ရှိနေတယ်လို့ သိရတဲ့အခါ အံ့အားသင့်မိပါတယ်။ 

အဲဒီလို မိမိသဘော ဆန္ဒနဲ့ လိုက်သွားတဲ့သူ၊ ရပ်ရွာက လိုက်သွားမယ့်သူအတွက် ငွေကြေးစုပေါင်း ထည့်ဝင်မှုက ၄င်းတို့မိသားစုအတွက် ကျပ်တည်းနေတဲ့ အနေအထားကနေ သက်သာရာ ရစေလို့ စစ်မှုထမ်း ဆင့်ခေါ်ရာကို လိုက်သွားသူတွေ အရေအတွက် အတိုင်းအတာတခုထိ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဘာကြောင့် ဒီလို ဖြစ်ရသလဲ ဆိုတဲ့အချက်ကို စေ့ငုကြည့်တဲ့အခါ အထက်က ဆိုခဲ့တဲ့ ရွေးချယ်မှုကို ရွေးချယ်သူတွေဟာ ဆင်းရဲမှု၊ အလုပ်အကိုင် ဝင်ငွေရလမ်း နည်းပါးပြီး ကြပ်တည်းနေတဲ့ အနေအထားမျိုးမှာ စစ်မှုထမ်းအဖြစ် ဝင်သွားခြင်းကို ဝင်ငွေရတဲ့ အလုပ်အဖြစ်သာ ရှုမြင်ခြင်းက အဓိက အချက်တချက်ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေ၊ နိုင်ငံရေးအရ မှန်ကန်ခြင်းနဲ့ မှားယွင်းခြင်း ဆိုတဲ့ ရှုမြင်မှုတွေ နားလည် သဘောပေါက် နိုင်တဲ့ အခြေခံ နိုင်ငံရေး အသိအမြင်မရှိကြတဲ့သူတွေလည်း တစုံတရာသောအရေအတွက်ထိ ရှိနေခြင်း ဖြစ်ပါတယ်။ ဒီအချက်တွေ တကယ်လက်တွေ့အနေအထားမှာရှိနေတယ်ဆိုတာကို အခုစစ်မှုထမ်း ဥပဒေစုဆောင်းတဲ့ဖြစ်ရပ်က သက်သေခံလိုက်သလို ဖြစ်ပါတယ်။ 

မြန်မာလူထုတွေအထဲက ဆင်းရဲတဲ့အလွှာက ငွေကြေးတတ်နိုင်တဲ့အလွှာထက် အရေအတွက်အား ဖြင့် များစွာသာလွန်နိုင်ပြီး အဲဒီအလွှာထဲမှာမှ နိုင်ငံရေးအရဗဟုသုတမရှိတဲ့သူတွေအပေါ် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက အမြတ်ထုတ်သွားတဲ့သဘောလို့ပြောရင် မှားမယ်မထင်ပါဘူး။ 

အခုရက်ပိုင်း တွေ့မြင်နေရဲ့ သတင်းဓာတ်ပုံတွေထဲအရ စစ်တိုင်း နယ်မြေတွေအလိုက် စစ်သားစုဆောင်းလို့ ရရှိသူတွေကို စုဝေးပြီး ဆေးစစ်တာတွေ မှတ်တမ်းယူတာတွေ လုပ်နေတာ တွေ့မြင်ရပြီး အရေအတွက် ရာထောင်ဂဏန်းနဲ့ စုဆောင်းရရှိသွားတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ ဝါဒဖြန့်တဲ့အနေနဲ့ ထုတ်ဝေနေတဲ့ ဓာတ်ပုံတွေထဲမှာတော့ စစ်ကောင်စီရဲ့ စုဆောင်းရေးဌာနတွေမှာ စစ်အရာရှိတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုနေကြတဲ့ပုံတွေ၊ အချို့မြို့တွေမှာ ညမိုးချုပ်ချိန်မှာ လုပ်ကြတဲ့ ကြိုဆိုနေရာချတဲ့ အခမ်းအနားတွေ တွေ့နေရတာ ဖြစ်ပါတယ်။ ကြိုဆိုတဲ့ စစ်ကောင်စီက စစ်အရာရှိတွေမျက်နှာမှာတော့ စိတ်သက်သာရတဲ့ အသွင်သဏ္ဌာန်တွေ တွေ့မြင်ရပြီး တနေ့တနေ့ လျင်မြန်စွာယုတ်လျော့နေတဲ့လူအင်အားကို ဖြည့်ဆည်းနိုင်မယ့် သူတွေရလာလို့ စိတ်သက်သာရာရနေတဲ့ အသွင်လည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ 

ဒီစစ်မှုထမ်းဥပဒေက လူအများစုအဖို့ ငရဲလို့ဆိုပေမယ့် အချို့ကတော့ ငရဲကို ငရဲမှန်း မသိလို့၊ သို့ မဟုတ် မယူဆလို့ ကိုယ့်သဘောနဲ့ ကိုယ်သွားမယ့် သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ ဝင်ငွေနိမ့်ကျခြင်းနဲ့ နိုင်ငံရေး ဗဟုသုတ နိမ့်ပါးခြင်းတွေကို စစ်ကောင်စီက အမြတ်ထုတ်လိုက်နိုင်တဲ့ သဘောလား ဆိုတဲ့ မေးခွန်းမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ စစ်ကောင်စီက လက်တွေ့မှာလည်း ဒီအခြေအနေကို အမြတ်ထုတ်နိုင်တာ အမှန်ပဲဖြစ်ပါတယ်။ လစဥ်အနေနဲ့ထောင်ဂဏန်းမျှသော စစ်မှုထမ်းတွေကို စုစည်းနိုင်ခဲ့ရင် လက်ရှိ ရှုံးပြီးရင်း ရှုံးကာ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ အခု စုဆောင်းထားတဲ့ စစ်မှုထမ်းတွေနဲ့ လအနည်းငယ်အတွင်း ဖြည့်ဆည်းနိုင်တော့မလား ဆိုတဲ့ မျှော်လင့်ချက် စစ်ကောင်စီတပ်ဘက်မှာ ရှိနေကောင်း ရှိနေမယ့် သဘောလည်း ဖြစ်ပါတယ်။ 

တပြိုင်နက်တည်းမှာပဲ စစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လည်း လူအင်အား စုဆောင်းရရှိတဲ့ အကျိုးအမြတ် အတိုင်းအတာတခုထိ ရနိုင်တာ ဖြစ်ပါတယ်။ ကျွေးမွေးဖို့၊ လက်နက်ကိုင် တပ်ဖွဲ့ဝင် တဦးမှာ ရှိသင့်တဲ့ လက်နက်နဲ့ ပစ္စည်းတွေ ဆင်ဖို့ ငွေကြေးလိုအပ်ချက်တွေလည်း ရှိနေမှာဖြစ်ပြီး စစ်မှုထမ်းဥပဒေရဲ့ အကျိုးသက်ရောက်မှုကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအပြင် စစ်ကောင်စီကလည်း ဂုဏ်သိက္ခာအရ အရှုံးများစွာရှိသလို၊ တဖက်မှာ သိသာစွာကျဆင်းလျော့နည်းနေတဲ့ လူအင်အားကိုဖြည့်ဆည်းလိုက်နိုင်ပြီလို့ မှတ်ယူနေကောင်း မှတ်ယူနေမှာဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ စိတ်ဓာတ်အားဖြင့် ကျဆင်းမှုတွေ ရင်ဆိုင်နေရတဲ့ သူ့ရဲ့ တပ်တွေ၊ သေနင်္ဂ ဗျူဟာ၊ မဟာဗျူဟာ အမှား၊ ဆုံးရှုံးသွားတဲ့ လူထုထောက်ခံမှု စတာတွေကြားထဲက နောက်ဆုံးသော အခွင့်အလမ်းတခုကို ဆွဲကိုင်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar