Breaking News

သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၂)



သန်း၀င်းလှိုင် - ကင်းဝန်မင်းကြီးဦးကောင်း (၂)

မိုးမခစာအုပ်စင် ကောက်နုတ်ချက်၊ ဇွန် ၅၊ ၂၀၁၉

အခန်း ၂။ သာသနာ့ဘောင်သို့
ကင်းဝန်မင်းကြီးဖြစ်လာမည့် သတို့သားလောင်း မောင်ချင်းသည် အသက် (၇) နှစ်အရွယ်တွင် ဆင်ရှင်ရွာအနီးရှိ ငှက်ပျောတောရွာကျောင်း ဆရာတော် ခင်ကြီးခန်းထံတွင် ပညာစတင်သင်ကြား၍ အသက် ၁၀ နှစ် အရွယ်တွင် မိဘများ သာသနာ့ဘောင် သွတ်သွင်း၍ ရှင်သာမဏေဖြစ်လာ သည်။ ရှင်သာမဏေဘွဲ့မှာ ရှင်အာသဘဖြစ်သည်။

ရှင်အာသဘသည် ငယ်ဆရာနှင့် မိဘများထံ ခွင့်ပန်၍ စစ်ကုန်းရွာ ကျောင်းဆရာတော်၊ ပဒူးရွာကျောင်းဆရာတော် ဦးဝိသုဒ္ဓ (နောင် ပခန်းမြို့ စားမင်းကြီးဖြစ်လာသည့် ဦးရန်ဝေး) နှင့် ငရံ့အိုမြစ်စုတ်ရွာကျောင်းဆရာ တော်တို့ထံတွင် သင်ရိုးကုန် ပိဋကတ် ကျမ်းဂန်များ၊ ပါဠိ၊ သဒ္ဒါ၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာများကို ဆည်းပူးသင်ယူခဲ့သည်။ အသက် ၂၀ တွင် ငှက်ပျော တောရွာငယ်ဆရာထံသို့ ပြန်၍ ရဟန်းဘောင်သို့ တက်ခဲ့သည်။ ထို့နောက် ငရံ့အိုမြစ်စုတ်ကျောင်းဆရာတော်ထံ ပြန်၍ ညဝါကျမ်းစာများ ကို ဆက်လက် ဆည်းပူးသင်ယူခဲ့သည်။

ပဒူးရွာကား ဆရာတော် ဦးဝိသုဒ္ဓ၏ ဇာတိချကြွေ်ကအရပ် ဖြစ်သည်။ ကျောင်းထိုင်ဘုန်းတော်ကြီးမှာ ဦးဥတ္တမဖြစ်ပြီး ဦးဝိသုဒ္ဓ၏ ဦးရီးတော်သူ ဖြစ်သည်။

ရှင်အာသဘသည် ပ္စြုင်းအဖြစ်သို့ ရောက်ပြီး သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် တိုးတက်ကြီးပွားလိုသောစိတ်ဖြင့် ရာဇဌာနီ အမရပူရမြို့တော်သို့ ြွကသွားသည်။

ထိုစဉ်က ပုဂံမင်း နန်းစံလျက်ရှိပြီး ဦးဝိသုဒ္ဓသည် နေပြည်တော် ဗားကရာတိုက် ငွေရေးကျောင်းတွင် ကျောင်းထိုင်ဖြစ်နေသည်။ ဦးအာသဘ သည် ငယ်ဆရာ ဦးဝိသုဒ္ဓနှင့် ပြန်ဆုံ၍ တပည့်ရင်းအဖြစ် စာပေကျမ်းဂန်များ ကို လေ့လာသင်ယူသည်။

ဦးဝိသုဒ္ဓသည် လွှတ်တော်မင်းသားကြီး ဖြစ်နေသော မင်းတုန်းမင်း သားထံသို့ ြွက၍ တရားဟောပေးရသည်။ သီလပေးရသည်။ ၁၂၁၁ ခုနှစ် တွင် မင်းတုန်းမင်းသားက ပညာဗဟုသုတ လေ့လာရှာမှီးသူတို့ အလိုရှိ ကြောင်း မိန့်ကြားသဖြင့် ဦးဝိသုဒ္ဓက မောင်ချင်းရှိကြောင်း ပြောပြ၏။ ကျောင်းပြန်ရောက်သော် မောင်ချင်းကို တိုင်ပင်၏။ နှစ်ယောက်စလုံး တိုင်ပင်၍ မင်းမှုထမ်းလိုရကား ဗားကရာဆရာတော်ထံ လျှောက်တင်ကြသည်။ ဦးဝိသုဒ္ဓကို ရုတ်တရက် ခွင့်မပြု။ မောင်ချင်း ခေါ် ဦးအာသဘကိုကား ချက်ချင်းပင် လူဝတ်လဲ၍ မင်းသားထံ ပို့လိုက်သည်။ ဆင်းရဲလွန်း၍ အင်္ကျီ အဝတ်အစားပင် မရှိရာ။ ကျောင်းအနီးအနားက လူပုဂ္ဂိုလ်တစ်ဦးထံမှ အလှူ ခံ၍ရသော အပေါ်အင်္ကျီနွမ်းတစ်ထည်ကို ဝတ်ပေးလိုက်ရသည်။ အင်္ကျီမှာ ဟောင်းနွမ်းလှ၏။ ခေါင်းပေါင်း ဗွေထိုးယူရ၏။ မင်းတုန်းမင်းသားက မြင်မြင်ချင်း သနားမိသည်။

ထိုစဉ်က မင်းတုန်းမင်းသားသည် တောင်စဉ်ခုနစ်ခရိုင် အသုံးကံ ကျွေးခံရ၍ လွှတ်တက်မင်းသားကြီးအဖြစ် မင်္ဂလာအိမ်တော်တွင် စံတော်မူ သည်။ ပညာဗဟုသုတများ လေ့လာရှာမှီးသူတို့ကို ချီးမြှင့်မြှောက်စားလိုစိတ် ရှိတော်မူ၍ မောင်ချင်း ရောက်လာသောအခါ ကျမ်းဂန်နှင့် စပ်သည့်စကား၊ ပျို့၊ ကဗျာနှင့် စပ်သည့်စကား၊ ခဲရာခဲဆစ်များကို မေးမြန်းတော်မူသည်။ မောင်ချင်းသည် မင်းသားမေးသမျှကို အထစ်အငေါ့မရှိ ဖြေကြားနိုင်ပြီးနောက် ကဗျာဗန္ဓ ဖွဲ့ဆိုရေးသား ဆက်သရန် အလိုရှိတော်မူ၍ ပုရပိုက်၊ ကံ့ကူဆံ ပေး၍ ဖွဲ့ဆိုခိုင်းရာ ရှေ့တော်မှောက်တွင်ပင် ကံ့ကူလက်မှာ မတန့်ရပ်ဘဲ ခဏချင်း ဖွဲ့ဆိုစီကုံး ရေးသားတင်နိုင်သောကြောင့် လွန်စွာအားရတော်မူသဖြင့် အပါးတော်၌ အမြဲခစားထမ်းရွက်ရမည်ဟု မိန့်တော်မူခဲ့သည်။

ဤသို့ဖြင့် ခရစ်နှစ် ၁၈၄၉ ခုနှစ်မှ စ၍ မင်္ဂလာအိမ်တော်တွင် မြဲခဲ့ ၍ ထမ်းရွက်နေထိုင်ရသည်။ ထိုအချိန်မှစ၍ ငယ်မည် မောင်ချင်းကိုလည်း မင်းသားကြီးက မောင်ကောင်းဟု အမည်ပြောင်းလဲပေးခဲ့သောကြောင့် မောင်ကောင်းဟု အမည်တွင်ခဲ့လေသည်။

ယင်းနောက် ဦးကောင်းကို 'နေမျိုးနရစည်သူဘွဲ့' ကို နောင်တော် ပုဂံမင်းတရားထံ တင်လျှောက်သနားတော်မူပြီးလျှင် မင်္ဂလာအိမ်တော် ဘဏ္ဍာစာရေး ခန့်ထားတော်မူသည်။ ဤတွင်မက မင်းတုန်းမင်းသားကြီးသည် စစ်ကိုင်းမင်းလက်ထက်က မှန်နန်းအပျိုတော် ဖြစ်ခဲ့ဖူးသော ဆင်ကြန်သခင် နှင့် လက်ဆက်ပေးသည်အထိ ဂုဏ်ရည်တင်ပေးခဲ့သည်။ ကင်းဝန်မင်းကြီး၏ ဇနီး ဆင်ကြန်သခင်မှာ စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက်က မှန်နန်း အပျိုတော်ဖြစ်၍ ဆင်ကြံကင်းကို စားရသောကြောင့် ဆင်ကြန်သခင်ဟုခေါ်ခြင်း ဖြစ်သည်။ သာယာဝတီမင်း လက်ထက်ရောက်မှ တရားသူကြီး ဦးဘိုးနှင့် အကြောင်းပါသဖြင့် ပွဲတက်လက်စုံစားမယားအဖြစ် ပေါင်းသင်းနေထိုင်သည်။ ထို့နောက် ပုဂံမင်းလက်ထက်တွင် ဦးဘိုးသည် မင်းလှသီရိကျော်ထင် ဘွဲ့ဖြင့်ချီးမြှင့်ခံရသည်။ မင်းတုန်းမင်းလက်ထက်တွင် တရားသူကြီး ဦးဘိုး ကွယ်လွန်သောအခါ မုဆိုးမဖြစ်ခဲ့ရသည်။ တောစိန်ခိုက ဆင်ကြန်သခင်သည် ပုဂံမင်း၏ မိဘုရားဖြစ်ခဲ့သည်ဟု မှားယွင်းစွာ ဖော်ပြခဲ့သည်။ သက္ကရာဇ် ၁၂၁၃ ခုနှစ်တွင် အသက် ၅၉ နှစ်ရှိသူ မုဆိုးမ ဆင်ကြန်သခင်ကို အသက် ၃၀ မျှသာရှိသေးသော ဘဏ္ဍာစာရေး မောင် ကောင်းကို မင်းတုန်းမင်းက စုံဘက်ပေးတော်မူသဖြင့် မင်္ဂလာအိမ်တော်မှာပင် နှစ်ယောက်လုံး အတူတကွ နေထိုင်ကာ အမှုတော်ထမ်းရွက်ခဲ့ရသည်။ ဆင်ကြန်သခင်သည်ဦးကောင်းထက် အသက် ၂၉ နှစ်ကြီးသောကြောင့် ဦးကောင်းက 'မမ' ခေါ်ခဲ့ရသည်။

၁၈၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် မင်းတုန်းမင်းသည် ပုဂံ မင်းထံမှ ထီးနန်းလွှဲပြောင်းယူပြီး အထွတ်အထိပ် ရောက်သောအခါ ဦးကောင်းသည် 'မင်းလှသိင်္ခသူ' ဟူသော 'မင်း' တပ်ဘွဲ့နှင့် စစ်ကိုင်းနယ် ရွာသစ်ကြီးရွာကို ရွာစားအဖြစ် သနားတော်မူခြင်းခံရပြီးလျှင် ရွှေတိုက်စိုး ခန့်တော်မူသည်။

သက္ကရာဇ် ၁၂၁၈ ခုနှစ်အတွင်း တိံသနိပါတ် 'တိန္ဒုကဇာတ်' ကို ပျို့လင်္ကာ ရေးသားဆက်သွင်းရမည်ဟူသော အမိန့်တော်မြတ်အရ ပျို့လင်္ကာ ပုဒ်ရေ (၁၀ဝ) သာရှိသော 'ဝဇီရိန်မိုးကြိုး' ချီ 'တိန္ဒုကပျို့' ကို (၁၅) ရက်နှင့်အပြီး ရေးသားစီကုံး တင်ဆက်ခဲ့ရသည်။

တိန္ဒုကပျို့ကား မင်းကြီး၏ တစ်စောင်တည်းသော ပျို့ဖြစ်သည်။ ပျို့မှာ နိဂုံးအထိပိုဒ်ရေ ၁၀ဝ ရှိ၏။ မင်းတုန်းမင်းတရား အမိန့်တော်ဖြင့် ရေးသားဆက်သွင်းရခြင်း ဖြစ်သည်။ မင်းတုန်းမင်း အမရပူရ ရွှေနန်းတော် ၌ နန်းတက်တော်မူပြီး ၄ နှစ်အကြာ ၁၂၁၈ ခုနှစ်တွင် စပ်ဆိုခြင်း ဖြစ်သည်။

တိန္ဒုကပျို့ကို ကင်းဝန်မင်းကြီးစပ်ဆိုစဉ်က ရွှေတိုက်စိုးအရာ ရွာသစ်ကြီး ရွာစားမင်းလှသိင်္ခသူ ဘွဲ့မည်ဖြင့် ခံစားထမ်းရွက်ခိုက် ဖြစ်သည်။ ယင်းပျို့ကို ၁၅ ရက်ဖြင့် ရေးသားဆက်သွင်းရာ မင်းတုန်းမင်းတရားကြီးက များစွာ အားရနှစ်သက်တော်မူသဖြင့် သပြေငါးရွာကို စားစေလျက် အမှာတော်ရေး အရာခန့်အပ်၍ သူကောင်းပြုခဲ့သည်။

တိန္ဒုကပျို့ကို ဘုရင်မင်းမြတ် နှစ်သက်အားရရှိတော်မူခြင်းကား ရွှေတိုက်စိုး ဦးကောင်းအား တိုးမြှင့်ကောင်းစားဖို့ရန် အခွင့်အလမ်းဖြစ်လာရလေ သည်။

''ငချင်းသည် ရွှေတိုက်စိုးအရာဌာနမျှဖြင့် မတန်ချေ။ တိုင်းပြည်နိုင်ငံ မှုကို စီမံဆောင်ရွက်နိုင်သော မှူးကြီးမတ်ကြီးအရာဌာနသို့ ရောက်အောင် ထမ်းရွက်စေရမည်'' ရည်ရွယ်မြော်ထောက်တော်မူပြီးလျှင် နိုင်ငံတွင်း နိုင်ငံခြားမှု၊ မြို့လုပ်ကျုံးတာစသော လုပ်ကြီးဆောင်ကြီးမှု၊ အခွန်ဘဏ္ဍာ တော်မှု၊ ကုန်းကြောင်းရေကြောင်းနှင့်ဆိုင်သော စစ်သည်ရဲမက်မှု၊ တရား ရာဇဝတ်မှုမှစ၍ အရပ်ရပ် အမှုကြီးငယ်တို့နှင့် ဆက်ဆံရာ၊ မင်း၏ အာဏာ တော်ထားရာ၊ နိုင်ငံ၏ အချက်အချာဖြစ်သော လွှတ်တော်ရေးရာတိုးမြှင့် ခန့်ထားခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရင်မင်းမြတ်ကိုယ်တိုင် ကြည်ကြည် ဖြူဖြူ လိုလိုလားလားရှိလေ၍ သဒ္ဓါယုံမှတ်တော်မူသဖြင့် ခန့်ထားခြင်း ဖြစ်သည်။

မင်းတရားကြီးသည် မောင်ကောင်းကို တွေ့စဦးကပင် နှစ်သက် သဘောကျတော်မူရင်း ဖြစ်သည်။ သူ၏ ဘိုးဘေးဘီဘင်ဖြစ်တော်မူသော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် လက်နက်ဝန် ဦးကောင်းကို အားကိုးပြုလျက် ရတနာသီခ ကုန်းဘောင်ပြည်ကြီးကို တည်ထောင်တော်မူ သကဲ့သို့ မိမိသည်လည်း မောင်ချင်းကို အားကိုးပြုလျက် နိုင်ငံကို ထူထောင် မည်ဟူသော အဇ္ဈတ္တိကမနောမဏီဓိ ရှိတော်မူသည်။ ထို့ကြောင့်လည်း မင်းကြီး၏ ငယ်မည် 'မောင်ချင်း'ကို မနှစ်သက်သဖြင့် 'မောင်ကောင်း'ဟု ကိုယ်တော်တိုင်အမည်ပြောင်းပေးရခြင်း ဖြစ်သည်။

တိန္ဒုက ဇာတ်တော်ကို ပျို့စီကုံးစေသူ မင်းတုန်းဘုရင်၊ ထိုပျို့ကို စပ်ဆိုသူ ဦးကောင်းကို အရှင်နှင့် ကျွန်နှစ်ပါးတို့၏ နိုင်ငံအပေါ်ထားရှိသော စိတ်ကောင်းစေတနာမြတ်ကို တိန္ဒုကပျို့ ဖတ်ရှုသောအခါ တွေ့သိနိုင်ပေ သည်။ ပျို့၏ အတွင်း၌ ရည်ရွယ်ရင်း အချက်ကား အပ္ပမာဒ တရားကို မင်းစိုးရာဇာတိုင်းလက်မှ မကွာရှိသင့်ကြောင်း ဓမ္မနှင့် အဓမ္မအသွင်ကို ပြက်ပြက်ထင်ထင် သိမြင်သောကြောင့်ပင် ဖြစ်သည်။

ဤမွန်မြတ်သော ဆန္ဒမှာ မင်းတုန်းမင်းတရားကြီး၏ စိတ်ဆန္ဒပင် ဖြစ်သည်။ ရှေ့နောက် ညီညွတ်သော သဘောရှိသည်။ ရတနာပုံနေပြည် တော်သတင်းစာ ထုတ်ဝေသောအခါ 'ငါမကောင်းလျှင် ငါ့ကိုရေး၊ မှူးမတ် မကောင်းလျှင် မှူးမတ်ကိုရေး'ဟု လွတ်လပ်စွာရေးသားခွင့်ပေးသော ဘုရင် ၏ စိတ်ဆန္ဒတော်နှင့် တိန္ဒုကဇာတ်တော်ကို ထုတ်ဆိုတော်မူရင်း စိတ်ဆန္ဒ တော်တို့သည် သဘောဖြောင့်တန်း ညီညွတ်လျက်ရှိသည်။

မင်းတုန်းမင်းတရားသည် နောင်တော် ရွှေနန်းရှင် ပုဂံမင်းကို ခြားနား ပြီး ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထီးနန်းလွှဲပြောင်းယူကာ နန်းတက်ခဲ့သူ ဖြစ်သည်။ နောင်တော် ရွှေနန်းရှင်၏ အပ္ပမာဒတရားကင်းလွတ် ပုံကို ကိုယ်တော်တိုင် တွေ့မြင်သိရှိတော်မူခဲ့သည်။ နောင်တော်လက်ထက် နိုင်ငံတွင်း ပြည်သူအများကို ဆင်းရဲကြပ်တည်းပုံ၊ ဘုရင့်အုပ်ချုပ်မှု ညံ့ဖျင်း လျော့ရဲပုံတို့နှင့် မျိုးခြားမြို့ဝန် ဘိုင်စပ်နှင့် မြို့စာရေး မောင်ပိန်တို့ တွင်ကျယ် လူပါးဝခဲ့ပုံတို့ကို မင်းတုန်းမင်းတရားကြီးသည် တွေ့ကြုံခဲ့ရသည်။

ထို့အတူပင် မင်္ဂလာအိမ်တော်ပါ ငယ်ကျွန်ရင်း ဦးကောင်းသည်လည်း ပုဂံမင်းလက်ထက်ကို ကောင်းစွာသိမှီ နားလည်သောပုဂ္ဂိုလ် ဖြစ်သည်။

ထိုသို့သဘောရှိသော ဘုရင်နှင့်စာဆိုတို့၏ စိတ်စေတနာသည် တိန္ဒုကပျို့တွင် ထင်ဟပ်လျက်ရှိသည်။ ဓမ္မနှင့် အဓမ္မသွင်ပြင်ကို ဦးကောင်း သည် ပုဂံမင်းလက်ထက်တွင် ကောင်းစွာ တွေ့မြင်ခဲ့သည့်အတိုင်း တိန္ဒုကပျို့ တွင် ထိထိမိမိ စေ့စေ့စပ်စပ်စီကုံး ဖွဲ့ဆိုနိုင်လေတော့သည်။ မြို့ဝန် ဘိုင်ဆပ် နှင့် မြို့စာရေးမောင်ပိန်တို့ တိုင်းသူပြည်သားတို့ကို ညှဉ်းဆဲပုံ၊ ပြည်သူ ဆင်းရဲသားတို့ ဒုက္ခလှလှကြီး တွေ့ရပုံ၊ ပုဂံမင်း၏ အပ္ပမာဒတရားကင်းလွတ် ကာ ကြက်တိုက်ငှက်တိုက် အပျော်အပါးတို့နှင့်သာ အချိန်ကုန်နေပုံတို့ကို ဦးကောင်းသည် တိန္ဒုကပျို့ကို စပ်ဆိုစဉ် မြင်ယောင်လျက်ရှိပေလိမ့်မည်။

တိန္ဒုကပျို့ဇာတ်တော်၏ ရည်ရွယ်ချက်မှာ မည်သည့် မင်းစိုးရာဇာမဆို အဓမ္မအခြေအနေမှ ဓမ္မအခြေအနေသို့ ရောက်ရှိစေရန် တိုင်းသူပြည်သားတို့၏ အသံကို အမှန်အတိုင်းကြားအောင် နားထောင်၍ တိုင်းပြည်၏ ဆန္ဒအရ အုပ်ချုပ်ရမည်ဟူသော အချက်ပင် ဖြစ်သည်။

တိန္ဒုကဇာတ်တော်၏ အမည်အပြည့်အစုံမှာ 'ဂန္ဓတိန္ဒုက' ဖြစ်သည်။ ၅၅၀ တိံသနိပါတ်တော်ထွက် ဖြစ်သည်။ တစ်ခါတွင် ကောသလမင်းကြီး သည် မြတ်စွာဘုရားထံတော်မှောက်သို့ တရားနာကြားရန် ရောက်ရှိသွား၏။ ထိုအခါ မြတ်စွာဘုရားသည် 'လောကဦးတည်၊ မင်းမည်သည်ကား ယွင်း ဖည်စွာဘိ၊ အဂတိ၌ မငြိစေရာ ငြိချေပါ၍၊ ရှေးအခါကမူ ပြည်လုံးဆူပြီး၊ သပ္ပူရိသ၊ သြဝါဒကြောင့်၊ နောက်မှပြည်ရွာ၊ စည်သာယာ'ဟု တိန္ဒုကဇာတ် ကို ဟောလိုသဖြင့် မိန့်တော်မူ၏။ ကောသလမင်းကြီးကလည်း 'သိင်္ဂနိက္ခ၊ ရွှေဂူဝ၀ယ်၊ သားများ၊ သနင်း၊ ခြင်္သေ့မင်း၏၊ ပုံခင်းတမျှ၊ သီဟနာဒံ၊ တရားသံလို၊ ကြားခံရကြောင်း၊ ပန်ထွာညောင်း'သည်တွင် မြတ်စွာဘုရား သည် တိန္ဒုကဇာတ်တော်ကို အတိတ်ဆောင်၍ ဟောတော်မူလေသည်။

စင်စစ်အားဖြင့် တိန္ဒုက ဇာတ်တော်မှာ ကမ္မိလ္လတိုင်း ဥတ္တရပဉ္စာလ မြို့ ပဉ္စာလရာဇ်မင်းကြီး၏ အုပ်ချ်ု့ရေးကို ဖွင့်ဖော်လျက် တရားသဖြင့် တိုင်းပြည်အုပ်ချုပ်နည်းကို သဗ္ဗုညုတဘုရားရှင် ကိုယ်တော်တိုင် ကောသလ မင်းကြီးအား ဆုံးမညွှန်ကြားသော 'ရာဇောဝါဒ'ဇာတ်တော်တစ်ခုပင် ဖြစ်သည်။ အကြောင်းမူကား ကောသလတိုင်းသည် သက္ကတိုင်း၊ မလ္လတိုင်း တို့ကဲ့သို့ အုပ်ချုပ်ရေးမထွန်းကား။ ကောသလမင်းကြီးသည် သက်ဦးဆံပိုင် ဘုရင်တစ်ပါးဖြစ်သောကြောင့်ပေတည်း။

ပဉ္စာလရာဇ်မင်းကြီး၏ အုပ်ချုပ်ရေးမှာ သက်ဦးဆံပိုင်မျှမက၊ အဓမ္မ အုပ်ချုပ်ရေးဘက်သို့ပင် တိမ်းစောင်းနေသည်။ မှူးမတ်သေနာပတိတို့လည်း တရားလက်လွန်ရှိကုန်၏။ အခွန်အတုတ် အနုတ်အသိမ်းများလွန်းအားကြီး သဖြင့် ပြည်သူဆင်းရဲသားအပေါင်းတို့သည် သားသမီးတို့ကို ယူလျက်တော သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ လူတို့သည်လည်း သားကောင်အလား ကဲ့သို့ ကျင်လည်ကျက်စားကြရလေ၏။ လူက လူကို ကြောက်ရသဖြင့် သစ်ကျားရှိရာသို့ ခိုလှုံရသည်ဆိုသော် ထိုမင်းနှင့် မှူးမတ်သေနာပတိတို့ သည် သစ်ကျားတို့ထက်ပင်လျှင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

တိုင်းသူပြည်သားတို့သည် မင်းချင်းယောကျာ်းတို့၏ ဘေးကို ကြောက်သဖြင့် နေ့အခါ အိမ်တွင်မနေဝံ့ကြဘဲ အိမ်တို့ကို ဆူးခက်တို့ဖြင့် ပိတ်ဆို့ကုန်လျက် အိမ်သို့ညဉ့်အခါမှ ပြန်လာအိပ်စက်၍ အရုဏ်တက်လျှင် ပင်တော့ သို့တဖန်သွားကုန်ပြန်လျက် ပုန်းလျှိုးကြကုန်၏။ နေ့အခါ မင်းချင်း ယောကျာ်းတို့က လုယက်၊ ညဉ့်အခါ ခိုးသား ဓားပြတို့က နှိပ်စက်သဖြင့် ရွာတို့သည် ပျက်ပြုန်းပြိုကွဲကြကုန်၏။

ထိုအခါ ဘုရားအလောင်းသည် ပဉ္စာလမြို့၏ အပြင်ဘက်တွင် တည်ပင်စောင့်နတ်သားဖြစ်၏။ နှစ်စဉ် ပဉ္စာလရာဇ်မင်းအထဲမှ အဖိုးတစ် ထောင်ထိုက်သော ဗလိနတ်စာကိုရ၏။ တည်ပင်စောင့်နတ်သားသည် ပဉ္စာလရာဇ်မင်းတိုင်းပြည်ကို မေ့လျော့ပေါ့တန်စွာ အုပ်ချုပ်သဖြင့် နိုင်ငံ အဝန်းပျက်သုဉ်းရပုံကို သိမြင်၏။ မိမိမှတစ်ပါး အခြားမည်သူမျှ မင်းကြီး အား တည့်မတ်ပေးနိုင်သူမရှိကြောင်းလည်း သိ၏။ မိမိအား နှစ်စဉ် ဗလိနတ် စာ အဖိုးတစ်ထောင်ထိုက်ဖြင့် ပူဇော်ပသသော ကျေးဇူးရှိနေရာ မင်းကြီးအား အဆုံးအမကို ပေးအံ့ဟု ကြံပြီးသော ထိုနတ်သားသည် မင်းကြီးတိုက်ခန်းသို့ ဝင်၍ကိုယ်ထင်ပြ၏။

မင်းကြီးသည် တည်ပင်စောင့်နတ်ကို မြင်၍ အကြောင်းကိုမေး၏။ နတ်သားလည်း လာရင်းအကြောင်းကို ပြန်ကြား၏။

''မင်းတို့ မည်သည့်မေ့လျော့ပေါ့တန်စွာ တိုင်းပြည်ကို အုပ်ချုပ်သည် ရှိသော် တိုင်းပြည်အဝန်း၏ အရှင်သခင်မဖြစ်နိုင်ကုန်။ မျက်မှောက်တွင် ပျက်စီး၍ တမလွန်တွင် ငရဲကြီး၌ ခံကြရကုန်၏။ မင်းတို့ မေ့လျော့ပေါ့တန် လျှင် ထိုမင်း၏ မှူးမတ်သေနာပတိတို့လည်း မေ့လျော့ပေါ့တန်ကြကုန်သည်။ ထို့ကြောင့် မင်းမည်သည့် မမေ့မလျော့မှုကို အရေးတကြီး အလေးပြုအပ် သည်။ သွားလေလော့။ အကြောင်းမှန်ကို သိရန်အတွက် တိုင်းပြည်အတွင်း သို့ စနည်းနာထွက်လော့။ အဓမ္မကိုမြင်သဖြင့် ဓမ္မသို့ရောက်စေပါလော့'' ဟု ဆို၍ တည်ပင်စောင့်နတ်သည် မိမိနေရာဗိမာန်သို့ ပြန်လေ၏။

မင်းကြီးသည် ထိတ်လန့်ခြင်းဖြစ်ရလေကာ မိုးသောက်လေသော် တိုင်းပြည်ကို အမတ်တို့အားအပ်၍ ပုရောဟိတ်ပုဏ္ဏားကို ခေါ်လျက် သူဆင်းရဲအသွင်ဖြင့် နံနက်စောစောပင် မြို့အရှေ့တံခါးမှ ထွက်၍ တစ်ယူဇနာသော ခရီးသို့ရောက်ရှိလေ၏။

ထိုအရပ်၌ သူအိုတစ်ယောက်သည် တောသို့ထွက်၍ ပုန်းလျှိုးရာမှ ညချမ်းအချိန် မင်းချင်းတို့ စဲကုန်သောအခါမှ သားမယားနှင့်တကွ အိမ်သို့ ပြန်လာ၏။ အိမ်တံခါးသို့ ရောက်သော် ခြေထောက်ကို ဆူးစူးလေ၏။ သူအို သည် စောင့်ကြောင့်ထိုင်ရင်း ဆူးနုတ်ရင်း-

''အချင်းတို့ ငါသည် ယခုအခါ ဆူးစူးသည်ဖြစ်၍ ဆင်းရဲဝေဒနာ ခံစားရသကဲ့သို့ ထို့အတူ ပဉ္စာလမင်းကြီးသည် စစ်မြေပြင်၌ မြားစူးသည် ဖြစ်၍ ဆင်းရဲဝေဒနာကြီးစွာ ခံရပါစေ''ဟု ပဉ္စာလမင်းကို ကျိန်ဆဲလေသည်။

ပဉ္စာလမင်းနှင့် ပုရောဟိတ်တို့လည်း ထိုသူအိုအနီးသို့ ရောက်ခိုက် ဖြစ်၍ သူအိုကျိန်ဆဲသည်ကို အလုံးစုံကြားကြလေ၏။ ပုရောဟိတ်သည် သူအို၏အနီးသို့ ချဉ်းကပ်လျက်-

''အချင်းသူအို သင်ကား အိုမင်းသဖြင့် မျက်စိမွဲခဲ့ပြီ။ သင်မမြင်၍ ဆူးစူးသည်ဖြစ်လျက် ပဉ္စာလမင်းမှာ အဘယ်အပြစ်ရှိသနည်း''ဟု မေးမြန်း ၏။ ထိုအခါ သူအိုလည်း မင်း၌အပြစ်ရှိကြောင်း ပြောလိုရကား-

''အချင်းပုဏ္ဏား""" ငါကား ဆူးရှိသော အိမ်တံခါး၌ လဲခဲ့၏။ ငါတို့ ဆူးစူးရာ၌ ပဉ္စာလမင်းမှာ အပြစ်များလှ၏။ မတရားသော အခွန်အတုတ် ဖြင့် နှိပ်စက်ညှဉ်းပမ်းဘိ၏။ ညအခါ ခိုးသားတို့ လုယက်၏။ နေ့အခါ အခွန်တောင်းသော မင်းချင်းတို့ နှိပ်စက်၏။ စဉ်းလဲယုတ်မာသော မင်း၏ နိုင်ငံ၌ မတရားသောသူတို့သည် များပြားလှကုန်၏။ ငါတို့သည် ဆူးတို့ဖြင့် အိမ်ကိုပိတ်ဆို့ကာ တောတွင် ပုန်းအောင်းကြရ၏။ ထို့ကြောင့် ငါ၏ ခြေဖဝါး ပြင်တွင် ဆူးစူးရ၏။ ပဉ္စာလမင်းသည် တိုင်းပြည်ကို စောင့်ရှောက်သော်ကား ငါတို့သည် အိမ်ကိုဆူးဖြင့် ပိတ်ဆို့ရန် အကြောင်းသည်မရှိပြီ။ ထို့ကြောင့် ငါ့အားဆူးစူးသည်မှာ ပဉ္စာလမင်း၏ အပြစ်သာတည်း''ဟု ဆို၏။

မင်းကြီးလည်း သူအိုစကားကိုကြားသောအခါ ပုရောဟိတ်ကိုခေါ်၍-

''ဆရာပုရောဟိတ် သူအိုသည် သင့်လျော်သော စကားကိုပြောဆို လေ၏။ ငါတို့အပြစ်သာ ဖြစ်သည်။ ပြန်ကြကုန်အံ့။ တရားနှင့်အညီ မင်းပြု တန်အံ့''ဟု ဆို၏။

မင်းကြီးနှင့် ပုရောဟိတ်တို့သည် သူအို၏ စကားကို ကြား၍ သူတိုသည့်အတိုင်း မှန်လှတော့သည်ဟု ကြံစည်အောက်မေ့၍ ထိုအရပ်မှ ရှေ့သို့ ဆက်လက်ထွက်ခွာသွားကြသည်ရှိသော် လယ်ထွန်ယောကျာ်း တစ်ယောက်၏ အသံကို ကြားကြရ၏။

ထိုလယ်ထွန်ယောကျာ်း လယ်ထွန်နေစဉ် သူ၏ သာလိဃအမည်ရှိ နွားလားသည်ထွန်သွား စူး၍မြေ၌လဲလေသည်။ လယ်ထွန်ယောကျာ်းလည်း 'ငါ့နွား သာလိယ ထွန်သွားစူးသဖြင့် လဲရှာသကဲ့သို့ ပဉ္စာလရာဇ်မင်းသည် လည်း စစ်မြေပြင်၌ 'လှံမ'စူးလျက် လဲကျပါစေသတည်း'ဟု မင်းကို ကျိန်ဆဲလေသည်။

ထိုအခါ ပုရောဟိတ်သည် လယ်ထွန်ယောကျာ်းကို ထိုသို့မကျိန်ဆဲ သင့်ကြောင်း တားမြစ်၏။ လယ်ထွန်ယောကျာ်းလည်း သူမျက်ထွက်သည်မှာ ထွက်သင့်၍ ထွက်ခြင်း ဖြစ်ကြောင်း၊ တရားနည်းလမ်းကျကြောင်း၊ မင်း၏ နိုင်ငံသည် လုံခြုံမှုမရှိကြောင်း ရှေးနည်းတူပြောဆို၍ သာလိယ နွားထွန်း သွားစူးသည့်အဖြစ်ကို ဖွင့်ဖော်လိုရကား။

''သာလိယသည် ပဉ္စာလရာဇ်မင်းကြောင့် ထွန်သွားစူးရရှာသည်မှာ မှန်၏။ ထမင်းအချိန်မှန်ပို့လာသော ငါ့အိမ်ရှင်မသည် နေမြင့်ပြီးမှ ထမင်း ပို့လာယောင်တကား သူသည် စောစောကပင် ငါ့အတွက် ထမင်းကို ယူခဲ့ လိမ့်မည်။ လမ်းခရီးတွင် မင်းချင်းတို့ နှောင့်ယှက်သဖြင့် ငါ့အဖို့ဖြစ်၏။ ထမင်းဖြင့် လုပ်ကျွေးရလိမ့်မည်။ ငါ့အတွက် တဖန်ထမင်းပြန်၍ ချက်ရသော ကြောင့် အလွန်နောက်ကျမှ ပို့လာနိုင်လိမ့်မည်။ ငါသည် ထမင်းဆာလွန်း သောကြောင့် အိမ်ရှင်မလာလမ်းကို မျှော်ကာ မျှော်ကာ နွားကို နှင်တံဖြင့် မသင့်သောနေရာကို ထိုးမှားမိသည်။ သာလိယသည် ခြေကို မြှောက်၍ ထွန်သွားကန်သဖြင့် ထွန်းသွားစူးရရှာသည်။ ဤကား စင်စစ် ပဉ္စာလရာဇ် မင်း၏ အပြစ်သာဖြစ်တော့သည်''ဟု ဆိုလေသည်။

မင်းကြီးနှင့် ပုရောဟိတ်တို့သည် 'လယ်ထွန်းယောကျာ်း၏ စကား သည် သင့်မြတ်ပေစွ'ဟု ဆို၍ ဆက်လက်စုံစမ်းရာ ၆ ဌာနလုံးမှာပင် ကျိန် ဆဲသံ အပြစ်တင်သံတို့ကို ကြားရလျှင် တောနေတိရစ္ဆာန်မှစ၍ အလုံးစုံသော လူတို့သည် ငါတို့ကိုသာလျှင် ဆဲရေးကြကုန်၏။ အပြစ်ပြောကြကုန်၏ဟု တိုင်ပင်ပြောဆိုလျက် မြို့သို့ဝင်ကာ ထိုနေ့မှစ၍ အဂတိတရားလေးပါး မလိုက်စား အပ္ပမဒတရား လက်ကိုင်ထား၍ တရားနှင့်အညီ မင်းပြုသဖြင့် တိုင်းပြည်ဝပြောသာယာလေသတည်း။ တည်ပင်စောင့်နတ်၏ အဆုံးအမ၌ တည်သော အကျိုးကျေးဇူးပေတည်း။

ဤကား တိံသနိပါတ်ဂန္ဓတိန္ဒုက ဇာတ်တော်အကျဉ်းချုပ် ဖြစ်သည်။ ဤဇာတ်တော်တို့မှ ရွေး၍ ပျို့ဆိုစေသော မင်းတုန်းမင်းတရား၊ ပျို့ကိုစပ်ဆို သော ရွှေတိုက်စိုး မင်းလှသိင်္ခသူ ဦးကောင်း၊ အရှင်ကျွန်နှစ်ဦးတို့၏ စေတနာ ကား ကြီးမြတ်လှပေသည်။ နောင်တော် ပုဂံမင်းလက်ထက်တော်အခါ အမေ့ အလျော့ အပေါ့အတန်အုပ်ချုပ်လေသမျှ နိုင်ငံအဝန်း ကြိမ်မီးအုံးမျှ ပူဆွေး ဒုက္ခရောက်ရလေသမျှ မိမိ၏ လက်ထက်တွင် အဂတိလေးပါးမလိုက်စား၊ အပ္ပမာဒတရားလက်ကိုင်ထား၍ အုပ်ချုပ်သဖြင့် နိုင်ငံဝပြောစည်ပင်ခဲ့လေ ပြီဟု ဆိုလိုရင်းရှိသနည်းဟု တွေးဆနိုင်လေသည်။

ပုဒ်ရေ ၆ တွင်-

''""" ပြည်ထဲအရေး၊ ရှုပ်ထွေး မသင်၊ ပုပ်ဆွေး ဖြစ်သည်။ ဆင်ခြင်မဲ့ ငြား၊ လျှပ်စားဖြတ်စား၊ ဖျံအကြားဝယ်၊ တရားကွယ်ဖြုတ်၊ မြေခွေးယုတ်၍ ခွန်တုတ်ယူသိမ်း၊ မငြိမ်းပြည်ရွာ၊ မသာမြို့ပြ၊ မဝကုံထံ၊ နိုင်ငံလုံးစုံ၊ နိဂုံး ဇနပိုဒ်၊ လျလျရှိုက်လည်း၊ ပိုက်တံငါဆွဲ၊ ပမာကဲ့သို့၊ ရုပ်သဲကုန်စင်၊ ခေါ်ငင် တောင်းယူ၊ လူ့အထံဝ၊ ထူရဘွယ်ဘိ၊ ယုတ်မာဘိ၍ ပြည်ကြီးလောင်စာ၊ ဖြစ်တို့ရာသည်၊ ဗိုလ်ပါတလုံး ဆွေးနွေးတည်း''ဟူ၍ လည်းကောင်း။

ပုဒ်ရေ ၇ တွင်-

''""" ပြည်ပဉ္စာလ၊ နရိန္ဒကား၊ အဓမ္မစာရီ၊ တံထွာညီဖြင့်၊ ဤလျှင် ပယ်ခွင့်၊ ဤအသင့်ဟု၊ မချင့်မစား၊ ပြုသောအားကြောင့်၊ သျှစ်သျှားလုံးပန်း၊ ဆီးသဖန်းကို၊ မန်းဖြင့်သာငြိမ့်၊ ချာချာလိမ့်၍၊ လိမ့်သည်အတူ၊ ပြည်လုံး ဆူသည်၊ ရှင်လူကိုယ်စိတ်မအေးတည်း''ဟူ၍ လည်းကောင်း။

ပုဒ်ရေ ၈ တွင်-

''""" ချာချာဝေမူး၊ နွေအကူးဝယ်၊ လေရူးရွက်ရင့်၊ သက်၍ကွင်းသို့၊ မင်းကျင့်မင်းဂုဏ်၊ မတုန်မလဲ့၊ ြွကင်းမဲ့ပျောက်ပျက်၊ မင်းလက်ထက်ဟု၊ ဆြွိုမက်အများ၊ လွန်ညည်းတွားသည်၊ ရိရှားသက်လုံ ပူဆွေးတည်း''ဟူ၍ လည်း ဖွဲ့ဆိုထားလေသည်။

အဆိုပါ တိန္ဒုကပျို့ ကင်းဝန်မင်းကြီးသည် အသက် ၃၅ နှစ်ခန့်တွင် ဖွဲ့ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကွယ်လွန်သည့်တိုင်အောင် နောက်ထပ် ပျို့တစ်စောင်မှ ထပ်မံရေးဖွဲ့ခြင်း မပြုခဲ့ချေ။ ဤတိန္ဒုကပျို့ကား မင်းကြီး၏ တစ်စောင်တည်းသော ပျို့သာလျှင် ဖြစ်သည်။ တစ်စောင်တည်းဆိုသလောက် မော်ကွန်းထိုးမှတ်သားရမည့် ပျို့ဖြစ်လေသည်။

ယင်းသို့ ရေးသားစီကုံး တင်ဆက်ရာ မင်းတရားကြီးက အထူး နှစ်သက်တော်မူသဖြင့် 'ရွှေတိုက်စိုးအရာဌာနမျှ မတန်ချေ။ တိုင်းပြည်နိုင်ငံ မှုကို စီမံဆောင်ရွက်နိုင်သော မှူးကြီး၊ မတ်ကြီး အရာဌာနသို့ ရောက်အောင် ထမ်းရွက်ရမည်' ဟု ရည်ရွယ်မျှော်ထောက်မူပြီးလျှင် နိုင်ငံတော် အချက် အချာအရာ ပခန်းကြီးမြို့ စီရင်စု သပြေငါးရွာစား ခန့်တော်မူသည်။