ရေဘေးကူညီရေးက နေ ရရှိလာနိုင်တဲ့ စည်းလုံးမှု အပြန်အလှန်ကူညီဖေးမမှု နဲ့ ပြန်လည်ထူထောင်ရေး
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၄
ရေဘေးကူညီရေးက နေ ရရှိလာနိုင်တဲ့ စည်းလုံးမှု အပြန်အလှန်ကူညီဖေးမမှု နဲ့ ပြန်လည်ထူထောင်ရေး
မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေ နဲ့ ကရင်ပြည်နယ် စက်တင်ဘာ ဒုတိယသီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု၊ ရုတ်တရက် တောင်ကျရေနဲ့ ရေမြင့်တက်လာမှုကြောင့် သေဆုံးမှုတွေ ပျက်စီးဆုံးရှုံးမှုတွေ စာရင်းတဖြည်းဖြည်း တိုးမြင့်လာနေပြီး အသက်ကယ်ဆယ်မှု အရေးပေါ် အကူအညီတွေနဲ့ ရေကျသွားတဲ့နောက် ရှင်သန်အသက်ရှင်ရေး အကူအညီတွေ ဆက်လက်ပြီး လိုအပ်နေတာ ဖြစ်ပါတယ်။
အခုရေဘေးဖြစ်ပွားတဲ့ နယ်မြေအများစုက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒေသတွေ ဖြစ်ပြီး အချို့သောမြို့တွေ နဲ့ ကျေးရွာတွေက တိုင်းရင်းသား လက်နက်ကိုင်၊ PDF အဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်မြေတွေထဲမှာ တာချီလိတ်မြို့က ရေဘေးဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ မြို့ဖြစ်ပြီး ကျန်တဲ့ မြို့တွေ ကျေးရွာတွေလည်း ထိခိုက်ပျက်စီးမှု အသက်ဆုံးရှုံးမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။
မန္တလေးတိုင်းထဲက ရမည်းသင်း၊ မြစ်သား၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်တွေထဲက ဒေသတွေ ပျက်စီးဆုံးရှုံးမှု လူသေဆုံးမှု အများအပြားရှိခဲ့သလို နေပြည်တော်ကောင်စီနယ်မြေ ထဲက တပ်ကုန်းမြို့နယ်နဲ့ နေပြည်တော် ကောင်စီထဲက အခြားနယ်မြေတွေမှာလည်း ရေဘေးဒဏ်ကြောင့် သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု ဆိုးဆိုးရွားရွားခံခဲ့ရတာ တွေ့ရပါတယ်။
တဖန် နေပြည်တော် ရဲ့တောင်ဘက် မိုင်၅၀ ခန့်အကွာ ပဲခူးတိုင်းထဲက တောင်ငူ၊ ရေတာရှည် စတဲ့မြို့နယ်တွေမှာလည်း ရေဘေးဒဏ်ကြီးမားစွာ ခံစားနေကြရဆဲလည်း ဖြစ်ပါတယ်။
အခုလို ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ နဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တာအရ ဆို မြို့နယ် ၅၆ မြို့နယ်က လူနေအိမ် ၂ ထောင်ကျော် ပျက်စီးပြီး နေအိမ် ၁ သိန်းခွဲကျော် ရေဝင်နစ်မြုပ်ကာ ရေဘေးသင့်သူ ၁ သိန်း ၆ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အမှန်တကယ် ကိန်းဂဏန်းက အခုထက်ပိုကောင်းလည်း ပိုနိုင်တာ ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့ဒေသတွေက ပျက်စီးဆုံးရှုံးမှုတွေ အခု အချက်အလက်တွေထဲ ပါဝင်ခြင်း မရှိတဲ့ သဘောလို့လည်း ယူဆရပါတယ်။ ကျွဲ နွား တရိစ္ဆာန် ဆုံးရှုံးမှုက ၁ သိန်း ၂ သောင်းကျော် ရှိပြီး စပါးနဲ့ စိုက်သီးနှံခင်းတွေ ရေဝင်နစ်မြုပ်တဲ့ ပမာဏက ဧက ၆ သိန်း ၄ သောင်းကျော် ရှိတယ်လို့ဆိုပါတယ်။
ဒီကိန်းဂဏန်းတွေကို ကြည့်ရင် စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးနဲ့ ဆက်နွယ်နေတဲ့ မွေးမြူထားတဲ့ ကျွဲနွားတိရိစ္ဆာန်တွေ သိန်းနဲ့ချီ သေဆုံးပျက်စီးခဲ့ရတာ၊ စပါးနဲ့ သီးနှံ စိုက်ခင်းတွေ ရေဝင်နစ်မြုပ်တာ၊ တစိတ်တပိုင်းက နုံးတွေဖုံးလွှမ်းပြီး ပျက်စီးသွားတာတွေကြောင့် ဒေသတွင်းရော တနိုင်ငံလုံး အတိုင်းအတာနဲ့ပါ ရိက္ခာဖူလုံမှုတွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေလိမ့်မယ်လို့ ယူဆရပါတယ်။
လတ်တလော ကာလမှာတော့ အရေးပေါ်ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ကြရာမှာ စစ်ကောင်စီ အနေနဲ့ ဘယ်လောက် ရာနှုန်းထိ ကူညီပေးနေသလဲ ဆိုတာ ကိန်းဂဏန်းတွေ ခန့်မှန်းချက်တွေ ပေါ်ထွက်မလာသေး မသိရသေးပါဘူး။
လူထုထံမှ လူထုထံသို့ လို့ ဆိုနိုင်တဲ့ လူထုအချင်းချင်း ကူညီထောက်ပံ့မှုတွေက လူထုအချင်းချင်း အကြားနှိုးဆော်ကာ ရေဘေးကြုံတွေ့ရတဲ့ မြို့တွေ၊ ကျေးရွာတွေဆီ သွားရောက်ကူညီနေကြတာ သတင်းတွေထဲ လူမှုကွန်ရက်မီဒီယာတွေထဲ တွေ့နေရတာ ဖြစ်ပါတယ်။
ဒေသတွင်း ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေနဲ့ မြန်မာနိုင်ငံ အရပ်ရပ်က ပရဟိတ ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေ၊ အစုအဖွဲ့အလိုက် ငွေကြေးစုဆောင်းထည့်ဝင်ပြီး သွားရောက်ကူညီကြသူတွေ နဲ့ ဘာသာရေး အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း အချို့က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြခြင်းဟာ စနစ်တကျ မြို့တွေ ရွာတွေအလိုက် ထိခိုက်ပျက်စီးမှုနဲ့ လိုအပ်ချက်တွေကို ကိန်းဂဏန်းတွေ အချက်အလက်တွေ ကောက်ယူပြီး ကူညီတဲ့ အခြေအနေမျိုး စနစ်ကျတဲ့ အကူအညီမျိုး မဟုတ်သော်လည်း လူထုအချင်းချင်း ကူညီဖေးမမှု ဖြစ်လို့ စိတ်ဓါတ်ရေးရာအရ၊ ရုပ်ဝတ္ထုပစ္စည်း ကူညီမှုအရ အကျိုးများတဲ့ ကိစ္စလို့ ဆိုရမှာဖြစ်ပါတယ်။
ဆိုင်ကလုန်းနာဂစ် ဖြစ်ပွားစဥ်ကလို သဘာဝဘေးအန္တရာယ် ကပ်ဘေးကနေ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမှုကူညီရေး အသင်းအဖွဲ့တွေ ပေါ်ထွက်လာခဲ့တဲ့ အကျိုးရလဒ်ရခဲ့သလို အခုယာဂီမုန်းတိုင်းအကျိုးဆက် ရေကြီးမှုကြောင့် ပြည်သူလူထု အချင်းချင်းအကြား ကူညီဖေးမမှု၊ ကွန်ရက် ချိတ်ဆက်ကာ ပူးပေါင်း လုပ်ဆောင်မှု တကျော့ပြန် အားကောင်းလာတာကို အသိအမှတ်ပြုရမယ့် သဘောလို့ မှတ်ယူမိပါတယ်။
အရေးပေါ် အကူအညီ၊ အသက်ရှင်သန်ရေး အထောက်အပံ့အကူအညီ ပြီးနောက် ကာလမှာ ဒီရေဘေးသင့် ဒေသတွေက လူထုအနေနဲ့ ပြန်လည်ထူထောင်ရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ ပျက်စီးဆုံးရှုံးသွားတဲ့ အရင်းအနှီးပစ္စည်းတွေ၊ ပြန်လည်ရရှိရေးတွေက ဘယ်လို အစီအစဥ်နဲ့ လုပ်ဆောင်ကြမှာလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ ဒီရေဘေးဒဏ်သင့် ဒေသ အများစုက စစ်ကောင်စီ အုပ်ချုပ်မှု အောက်မှာရှိနေဆဲ ဒေသတွေဖြစ်လို့ စစ်ကောင်စီ အနေနဲ့ တာဝန်ရှိတာမှန်သော်လည်း ပြည်တွင်းစစ်ကို အစွမ်းကုန် တိုက်ခိုက်နေတဲ့ စစ်ကောင်စီ အနေနဲ့ ရေဘေး ပြန်လည်ထူထောင်ရေး ရန်ပုံငွေတွေ လုံလုံလောက်လောက် ရှိမယ့် အခြေအနေမျိုးမဟုတ်တာတွေ့ရပါလိမ့်မယ်။
စစ်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက ဒေသအလိုက် ဖြတ်တောက် ပိတ်ဆို့မှုတွေ၊ ကန့်သတ်ချက်တွေ အများအပြားချမှတ်ထားတဲ့ စစ်ကောင်စီ အနေနဲ့ ပြန်လည်ထူထောင်ရေးကို ထိရောက်စွာလုပ်နိုင်မယ့် စွမ်းဆောင်ရည်ရော၊ ဆန္ဒပါ ရှိမနေဘူးလို့ မှန်းဆရပါတယ်။
၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးက နှစ်နဲ့ချီ ကြာသည့်တိုင် နကိုအနေအထားကို ပြန်မရောက်နိုင်ကြတဲ့ အတိတ်သင်ခန်းစာတွေလည်း ရှိတာကြောင့် လက်ရှိ ရေဘေး ကျရောက်တဲ့ ဒေသတွေရဲ့ အနာဂတ်က ရင်လေးစရာ အနေအထားမှာ ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar