NUG/MOD လက်အောက်က တပ်ရင်းအချို့ ရွှေ့ပြောင်းမှုနဲ့ စုစည်းထားနိုင်ဖို့ အရေး
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၁ မြင်ကွင်း
မိုးမခ၊ ဧပြီ ၂၂၊ ၂၀၂၅
NUG/MOD လက်အောက်က တပ်ရင်းအချို့ ရွှေ့ပြောင်းမှုနဲ့ စုစည်းထားနိုင်ဖို့ အရေး
အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှာ ရှိတဲ့ လက်နက်ကိုင် တပ်ရင်းအချို့ နှုတ်ထွက်ပြီး လက်နက်ပြန်အပ်တာ၊ အခြားသော PDF တွေနဲ့ ပူးပေါင်းဖို့ လုပ်ဆောင်တာ သို့မဟုတ် သီးခြားရပ်တည်တဲ့ Local PDF အဖြစ် ရပ်တည်မယ်လို့ ထုတ်ပြန်ကြေညာတာတွေ မကြာခဏ သတင်းတွေထဲ ဖတ်ရှုနေကြရတာပါ။
လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်က ယင်းမာပင်ခရိုင်က တပ်ရင်း ၄ ရင်း ဗိုလ်နဂါးရဲ့ လက်အောက်မှာ ရှိနေခဲ့ပြီး MOD ရဲ့ ထောက်ပံ့မှု ရရှိနေခဲ့ရာက NUG ဘက်က ထောက်ပံ့မှုရပ်ဆိုင်းပြီး MOD လက်အောက်ခံ တပ်ရင်းအဖြစ်ကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ အမိန့်ထွက်ရှိခဲ့ဖူးပါတယ်။ အဲဒီနောက် တပ်ရင်း ၄ ရင်းက NUG/MOD လက်အောက်မှာပဲ ဆက်လက်နေဖို့ တပ်ရင်းမှူးတွေက ဆုံးဖြတ်ကြတဲ့ အကြောင်း ကြေညာပြီးနောက် ဗိုလ်နဂါး က အဆိုပါ တပ်ရင်းတွေက လက်နက်ပြန်အပ်ကြဖို့ အမိန့်ပေးခဲ့ပြန်ပါတယ်။ ဒီအဖြစ်အပျက်က MOD လက်အောက်က နုတ်ထွက်တယ် ဆိုတာထက် MODရဲ့ အထောက်အပံ့ လုံလုံလောက်လောက် မပေးနိုင်မှုအပေါ် မူတည်ပြီး အငြင်းပွားမှုဖြစ်ရာက စတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှာ ရှမ်းတောင်ဒေသမှာရှိတဲ့ တပ်ရင်း ၁၀၀၅ ၊ SSPDF လို့ခေါ်တဲ့ တပ်ရင်း၊ SSRY လို့ ခေါ်တဲ့ တပ်ရင်း ၃ ရင်းလည်း MOD လက်အောက်က နှုတ်ထွက်ကြောင်း ကြေညာခဲ့ကြပါတယ်။ ရှမ်းတောင်ဒေသက တပ်ရင်း ၃ ရင်းနှုတ်ထွက်တဲ့ အကြောင်းရင်းကတော့ တပ်နေရာအပြောင်းအရွှေ့ကို မလိုက်နာနိုင်တာကြောင့်လို့ သတင်းတွေမှာ ဖော်ပြကြတာ တွေ့ရပါတယ်။ MOD ရဲ့ အမိန့်နဲ့ တပ်နေရာ ပြောင်းရွှေ့တာကို သဘောမတူ မလိုက်နာနိုင်တာကြောင့် MOD လက်အောက်ကနေ နှုတ်ထွက်တယ်လို့ နားလည်ရပါတယ်။
နောက်ဖြစ်ရပ်တခုကတော့ ကရင်ပြည်နယ် တောင်ပိုင်းစစ်ဒေသက PDF တပ်ရင်းတွေအဖြစ် သိကြတဲ့ ကျားဖြူ စစ်ကြောင်းနဲ့ ဂဠုန်စစ်ကြောင်းတို့လည်း ယခုနှစ်ဆန်းမှာပဲ MOD လက်အောက်က နုတ်ထွက်ကြောင်း ကြေညာခဲ့ကြတာ တွေ့ရပါတယ်။ စစ်ဒေသ တခုနဲ့ တခုရွှေ့ပြောင်းတဲ့ အမိန့်ကို လိုက်နာနိုင်ခြင်း မရှိတာကြောင့်လို့ တချို့သောသတင်းတွေမှာ ဖော်ပြထားကြပေမယ့် တရားဝင် ထုတ်ပြန်ချက်တွေတော့ ထုတ်ပြန်တာမရှိကြပါဘူး။ KNU/KNLA နဲ့ MOD အကြား ပူးပေါင်းလုပ်ဆောင်နေတဲ့ JOC လို့ ခေါ်တဲ့ စစ်ရေးပူးပေါင်းကော်မတီ ရဲ့ အမိန့်အရ နယ်မြေရွှေ့ပြောင်းဖို့ အမိန့်ကို လိုက်နာနိုင်ခြင်း မရှိတာကြောင့် အဆိုပါ စစ်ကြောင်း ၂ ကြောင်းက MOD လက်အောက်က နှုတ်ထွက်လိုက်ကြတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
နောက်ဖြစ်ရပ်တခုကတော့ ယောနယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဂန့်ဂေါတပ်ရင်း (ယောဒေသ) က MOD လက်အောက်က နှုတ်ထွက်ပြီး YA လို့ အတိုကောက်ခေါ်ဆိုတဲ့ ယောတပ်တော် နဲ့ ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
တပ်ရင်းအလိုက်နှုတ်ထွက်ကြတာက အများစုဖြစ်ပြီး အချို့လည်း MOD လက်အောက်က တပ်ဖွဲ့ဝင်အနေနဲ့ နှုတ်ထွက်ကာ အခြားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ထဲဝင်ရောက်ကြတဲ့ အဖြစ်အပျက်တွေလည်း ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
MOD လက်အောက်က ဘာကြောင့် နုတ်ထွက်ကြသလဲလို့ အကြောင်းရင်းခံတွေကို စိစစ်ကြည့်ရင် အထောက်အပံ့ မလုံလောက်တာ၊ MOD ရဲ့ အမိန့်ကို လိုက်နာနိုင်ခြင်း မရှိတာ၊ တပ်ရွှေ့ပြောင်း အမိန့်ကို မလိုက်နာနိုင်တာနဲ့ လှုပ်ရှားရာဒေသမှာ ရှိနေတဲ့ အခြားသော လက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်း လှုပ်ရှားလိုတဲ့ ရည်ရွယ်ချက် အသီးသီး ဖြစ်ကြပါတယ်။
MOD ရဲ့ အထောက်အပံ့က မလုံလောက်တဲ့ အခြေအနေတွေလည်း ရှိသလို၊ နှောင့်နှေးမှုတွေလည်း ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။ မလုံလောက်တဲ့ အခြေအနေမှာ ဘယ်လိုရပ်တည်ကြမလဲလို့ မေးခွန်းထုတ်စရာလည်း ရှိသလို ဒေသအလိုက် အခွန်အကောက်တွေ ကောက်ယူတဲ့နည်းလမ်းနဲ့ ရပ်တည်ကြတဲ့ အနေအထားမျိုးဖြစ်ပြီး အဲလိုအခြေအနေမှာ MOD လက်အောက်မှာ မရှိရင် ဘယ်ရွေ့ ဘယ်မျှ ကောက်ခံရရှိတဘ် ဆိုတာမျိုးလည်း အထက်ကို အစီရင်ခံစရာ လိုမှာမဟုတ်တဲ့ သဘောဖြစ်ပါတယ်။
NUG/MOD အနေနဲ့ အခုလို နုတ်ထွက်မှုတွေကြောင့် စစ်ရေးအပိုင်းမှာ ဗဟိုချုပ်ကိုင်မှု အားနည်းတာကို ညွှန်ပြနေတဲ့ သဘောလားလို့ တွေးဆစရာလည်း ရှိနေတာဖြစ်ပါတယ်။ MOD အနေနဲ့ ၄င်းရဲ့ လက်အောက်က တပ်ရင်းတွေအနက် ရာနှုန်းအချို့က စတင်တည်ထောင်ကတည်းက MOD ရဲ့ ကမကထ ပြုမှုနဲ့ တည်ထောင်ကြတာ ဖြစ်ပေမယ့် အချို့သော တပ်ရင်းတွေက သူ့ဒေသအလိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အဖြစ်နဲ့ ဖွဲ့စည်း ပေါ်ထွက်လာပြီးနောက်မှ MOD ရဲ့ လက်အောက် အမိန့်အောက်မှာနေပြီး လှုပ်ရှားမယ်လို့ ဝင်ရောက်ပူးပေါင်းလာကြတာလည်း ဖြစ်ပါလိမ့်မယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းမှုဟာ တစုံလုံးအနေအထားနဲ့ အစီအစဥ်ချမှတ်ပြီး ပေါ်ထွက်လာတာမျိုးထက် ဒေသအလိုက် သူ့ပုံစံနဲ့သူ ပေါ်ထွက်လာပြီး လိုက်လံစုစည်းတဲ့ သဘောဆောင်တာလည်း ဖြစ်ပါတယ်။ နဂိုရှိပြီးသား ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မဟာမိတ်လုပ်ခြင်း အကူအညီရယူပြီး ဖွဲ့စည်းခြင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာ အခြေစိုက်ပြီး MOD အနေနဲ့ တပ်ရင်းတွေ ဖွဲ့စည်းကာ လှုပ်ရှားခြင်း စတဲ့ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းလာနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အခုလို MOD အနေနဲ့ နုတ်ထွက်ချင်တဲ့ တပ်နုတ်ထွက်ခွင့်ပြုသလို ပူးပေါင်းချင်တဲ့ တပ်တွေလည်း လာရောက်ပူးပေါင်းနိုင်တယ် ဆိုတဲ့ သဘောမျိုး လမ်းဖွင့်ထားခြင်းဟာ လက်နက်ကိုင်တပ် တခုအနေနဲ့ အားနည်းချက် ဖြစ်နေသလား သို့မဟုတ် မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းသွားတာ ခွဲထွက်လာတာ ၊ တဖွဲ့ချင်း ရပ်တည်ရာက ပူးပေါင်းလာတာရှိသလို တဖွဲ့ချင်း ရပ်တည်ဖို့ ခွဲထွက်တာတွေကို အသာတကြည် ခွင့်ပြုခြင်းဟာ ဘယ်လို အကျိုးဆက်တွေ သက်ရောက်စေနိုင်သလဲဆိုတဲ့ မေးခွန်းလည်း ရှိလာမှာ ဖြစ်ပါတယ်။
MOD အနေနဲ့ လက်နက်ကိုင်တပ်ဖြစ်ပေမယ့်လည်း စီးပွားရေး ဖရန်ချိုက်စ် ကုမ္ပဏီသဖွယ် ပျော့ပြောင်းတဲ့ မူဝါဒနဲ့ ဒေသအလိုက် ဖွဲ့စည်းလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လက်ခံ၊ နှုတ်ထွက် ခွင့်ပြုခြင်းက ရေရှည်အတွက်တော့ အမိန့်ပေး စီမံခန့်ခွဲရတဲ့အပိုင်း အခက်အခဲတွေ ကြုံလာရနိုင်တာလည်း ဖြစ်ပါတယ်။
နောက်တချက်က ဒေသကာကွယ်ရေး LPDF အဖွဲ့တွေ အနေနဲ့ ၄င်းတို့ ဒေသကို ၄င်းတို့ အခွန်ကောက်ပြီး ၄င်းတို့ မူဝါဒနဲ့ အုပ်ချုပ်နေကြတဲ့ အဖြစ်မျိုးကလည်း အများအပြားဖြစ်လာရင် အုပ်ချုပ်ခံရတဲ့ လူထုအဖို့ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေမှာပါ။ စစ်ဘေးကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးနေချိန်မှာ စီးပွားရေးအတွက် မဟုတ်ဘဲလူသုံးကုန်ပစ္စည်းတွေ ဖြတ်သန်းသယ်ဆောင်ရာမှာ ကြီးလေးတဲ့ အခွန်အကောက်တွေက လူထုကို ထပ်မံဝန်ပိစေမှာ ဖြစ်ပါတယ်။
ချုံ့ဆိုရရင်တော့ NUG/MOD အနေနဲ့ လက်နက်ကိုင်တပ်တွေကို စုစည်းမှုရှိစွာ၊ ဗဟိုချုပ်ကိုင်မှုအားကောင်းစွာနဲ့ ထိန်းချုပ်နိုင်ဖို့ အရေးကြီးသလို လက်နက်ကိုင် မြေပြင်မှာ တပ်တွေရဲ့ အုပ်ချုပ်မှုဆိုင်ရာ အခွန်ကောက်ခံမှုဆိုင်ရာတွေကိုလည်း စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပြီး လူထုအနေနဲ့ အသက်အန္တရာယ် ထိခိုက်မယ့်ဘေးက လွတ်အောင် ရှောင်တိမ်းနေကြရသလို ရှင်သန် နေထိုင်နိုင်ရေးကိုလည်း ငဲ့ကြည့်စီမံဖို့ အရေးတကြီး လိုအပ်နေတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar