Breaking News

မောင်စွမ်းရည် - မျိုးချစ်တော်လှန်ရေးသမား ဗိုလ်ချုပ်ကျော်ဇောနှင့် တော်လှန်ရေးသမား ဂုဏ်ပြုသူ စာရေးဆရာမကြီး ခင်ဆွေဦး

၂၀၁၅ နိုဝင်ဘာတုန်းက၊ ဇော်ဇော်အောင်(ကွယ်လွန်)၊ မောင်မိုးသူ၊ ခင်ဆွေဦး (ကွယ်လွန်)၊ မောင်စွမ်းရည်၊ ဂုဏ်ထူးသိန်းနိုင်၊ ဒါရိုက်တာ ဝင်းဖေ။


မောင်စွမ်းရည် - မျိုးချစ်တော်လှန်ရေးသမား ဗိုလ်ချုပ်ကျော်ဇောနှင့် တော်လှန်ရေးသမား ဂုဏ်ပြုသူ စာရေးဆရာမကြီး ခင်ဆွေဦး
(မိုးမခ) မေ ၂၇၊ ၂၀၁၉
သူတို့အကြောင်း မပြောခင် ‘နေသူရိန်’အကြောင်း အရင်ပြောပါရစေ။ ကိုလိုနီခေတ်နှောင်းပိုင်းက ထင်ရှားခဲ့တဲ့ နေသူရိန် အမည်ရှိ စာရေးဆရာကြီးတဦးကို သိကြပါသလား။ သူ့စာတွေကိုရော ဖတ်ဖူးကြပါသလား။ နောင်အခါ လူထုဦးလှလို့ ထင်ရှားတဲ့ ကြီးပွားရေးဦးလှကိုတော့ သိဖူးကောင်း သိဖူးကြပါလိမ့်မယ်။ အဲဒီ ကြီးပွားရေးမဂ္ဂဇင်းမှာ နေသူရိန်က ‘မကြောက်တရား’ ဆောင်းပါးများကို ရေးခဲ့ပါတယ်။ နောက်တော့ ဆောင်းပါးတွေ စုပြီး စာအုပ်အဖြစ် ထုတ်ဝေဖူးပါတယ်။

နေသူရိန်က မကြောက်တရား ဆောင်းပါးတွေ ရေးတော့ ဗမာလူငယ်တွေက ကြိုက်ကြတယ်။ အင်္ဂလိပ်နယ်ချဲ့ အုပ်စိုးသူတွေကို တိုက်ခိုက်ရေးသားတဲ့ ဆောင်းပါးတွေကိုး။ မကြောက်တရား ဆောင်းပါးတွေကို ဖတ်ပြီး ကြောက်လာတဲ့ နယ်ချဲ့အစိုးရက ဦးလှရဲ့ ကြီးပွားရေးမဂ္ဂဇင်းကို အာမခံ တောင်းဖူးတယ်လို့လည်း ကြားလိုက်ဖူးရဲ့။

ကျွန်တော် ဆယ်နှစ်သားလောက်က စာဖတ်စမှာ ဖတ်ခဲ့ရပြီး လူကြီးတွေ ပြောကြ ဆိုကြတဲ့ ဂယက်ကိုပဲ ကျွန်တော် မှတ်မိတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်လောက်က ဖြစ်ရပ်တွေ ဆိုတော့ ကိုယ့်အနီးမှာ ပြန်လှန်ကိုးကားစရာ စာအုပ်တွေ ဘာတွေကလည်း အလွယ်မရှိတဲ့အတွက် အသေးစိတ်တွေတော့ မပြောနိုင်တော့ပါဘူး။ အရေးတကြီး ပြောချင်တာက အကြောက်တရားတွေကို ဖယ်ပြီး မကြောက်တရား တိုးပွား တက်ကြွလာကြသူ လူငယ်တွေထဲမှာ ကိုအောင်ဆန်း၊ ကိုအောင်ကျော်၊ ကိုရွှေ စတဲ့ လူငယ်တွေလည်း ပါခဲ့ပါသတဲ့။ နောင်အခါ သူတို့က ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ကျော်၊ ဗိုလ်ချုပ်ကျော်ဇောတို့ ဖြစ်လာခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့က ကြီးပွားရေးဦးလှနဲ့ ရင်းနှီးကျွမ်းဝင်ကြလို့ လာမေးကြသတဲ့။

“နေသူရိန် ဆိုတာ ဘယ်သူလဲ”ပေါ့။

“မသိဘူး၊ နယ်က ပို့တာ”လို့ ဦးလေးဦးလှ ပြောရသတဲ့။

စာရေးသူက ရန်ကုန်မှာပါပဲ။ မဟာဆွေတဲ့။ သူပုန်ကြီး၊ စစ်ထွက်သူ၊ ဒို့ဗမာ စတဲ့ နိုင်ငံရေးဝတ္ထုတွေ ရေးတဲ့ ဆရာကြီးပေါ့။ ကိုရွှေ ခေါ် သခင်ရွှေကတော့ ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ နေသူဆိုတော့ မဟာဆွေနဲ့ မိသားစုပါ ရင်းနှီးခဲ့ကြတယ်။ ခင်ဆွေဦးတို့၊ ခင်ဆွေအေးတို့က သူတို့မှာ အစ်ကိုမရှိတော့ ကိုရွှေကိုပဲ အစ်ကိုရွှေလို့ ခေါ်ပြီး ရင်းနှီးကျွမ်းဝင်ကြတယ်။

မဟာဆွေက လူငယ်တွေကို တက်ကြွ ရဲရင့်စေချင်တယ်။ သူ့မှာ သားမရှိပေမဲ့ သမီးတွေကိုပဲ သားတွေလို ထိုးဟယ်၊ ရိုက်ဟယ်၊ ကန်ဟယ်၊ ကျောက်ဟယ် ဆိုပြီး သင်ကြား လေ့ကျင့်ပေးလာခဲ့တယ်။ မဟာဆွေ သူရိယမဂ္ဂဇင်းမှာ ရေးတဲ့ ‘ဂျပါတီမလေး’ ဆိုတာ သူ့သမီးတွေအကြောင်းပေါ့။ ကျွန်တော့်အဖေက မဟာဆွေ ကိုးကွယ်သူ ဆိုတော့ ကျွန်တော့်ကို သူရိယမဂ္ဂဇင်းထဲက ‘ဂျပါတီမလေး’တွေအကြောင်း ဖတ်ခိုင်းခဲ့ဖူးတယ်။

ကျွန်တော့်မှာလည်း ယောက်ျားလေး ကစားဖော် မရှိလေတော့ အဘိုး၊ အဘွား၊ အဒေါ်၊ အစ်မတွေနဲ့ ဘုန်းကြီးကျောင်းလိုက်၊ ဥပုသ်စောင့်နဲ့ လုပ်နေတာကို အဖေက မကြိုက်ဘူး။ အထိုးအကြိတ်တွေ မြှောက်ပေးတယ်။ ဓား၊ လှံ၊ သေနတ်တွေ ကိုင်ခိုင်းခဲ့တယ်။

ကျွန်တော် ကြီးလာတော့ ဗိုလ်ချုပ်ကျော်ဇောနဲ့လည်း သိကျွမ်းတယ်။ ခင်ဆွေဦး ညီအစ်မနဲ့လည်း သိကျွမ်းတယ် ဆိုတာ သိရရင် ကျွန်တော့်အဖေ အလွန်ဝမ်းသာရှာမယ်။ ဒါပေမဲ့ အဖေက အသေစောခဲ့ရှာပါတယ်။

ကျွန်တော့်ဦးလေးတွေဟာ အဖေ့ ညီ၊ အမေ့မောင်တွေပေါ့။ သူတို့လေးယောက်ဟာ ဗိုလ်အောင်ဆန်း၊ ဗိုလ်ကျော်ဇော တပ်က ရဲဘော်ဟောင်းတွေပေါ့။ သူတို့ ခေါင်းဆောင်တွေအကြောင်းကို မမောတမ်း ပြောပြလေ့ရှိပါတယ်။ သူတို့ ဗိုလ်ချုပ် ဗိုလ်ချုပ်ကျော်ဇောကို သူတို့ နောက်ပြောင်ကျီစယ်ခဲ့ကြပုံတွေကို ကျွန်တော်က တရုတ်ပြည်ရောက် ဗိုလ်ကျော်ဇောဆီကို စာရေး ပြောပြခဲ့ဖူးပါတယ်။ အဲဒီစာရယ်၊ တင်မိုး မကွယ်လွန်ခင်က သူ အလွန်ချစ်ကြည်ညိုတဲ့ ဗိုလ်ချုပ်ကျော်ဇောကို သွားရောက် ကန်တော့ဖို့ ကျွန်တော့်ကို လိုက်ပို့ခိုင်းထားတာပါ။ ကျွန်တော် လိုက်ပို့ဖို့ စီစဉ်ထားဆဲ သူ ကွယ်လွန်သွားခဲ့လို့ မပို့ရကြောင်း ရေးခဲ့တဲ့ စာရယ်၊ အဲဒီစာနှစ်စောင်ကို ဖတ်ပြီး ဗိုလ်ချုပ်ကျော်ဇော မျက်ရည်လည်လောက်အောင် စိတ်ထိခိုက်ခဲ့ရဖူးတယ်လို့ သိရပါတယ်။

ခင်ဆွေဦး ကွယ်လွန်တော့ ဒီအကြောင်းတွေနဲ့ ဆက်စပ်ပြီး ဗိုလ်ချုပ်ကျော်ဇောနဲ့ စာရေးဆရာမ ခင်ဆွေဦး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ ပြင်ဆင်ထားပေမယ့် အကြောင်းကြောင်းနဲ့ မရေးဖြစ်လိုက်ခဲ့လို့ ခုမှ ရေးရပါတယ်။

ဗိုလ်ချုပ်ကျော်ဇောက သူပုန်စာရေးဆရာကြီး၊ ‘မကြောက်တရား’ မြှင့်တင်ရေးသားသူ နေသူရိန် ခေါ် စာရေးဆရာကြီး မဟာဆွေကို အထူးချစ်ခင် လေးစားသလို ရဲဘော်သုံးကျိပ်ဝင် ဖက်ဆစ်တော်လှန်ရေးသမား ဗိုလ်ကျော်ဇောကိုလည်း မဟာဆွေက အထူးချစ်ခင် လေးစားပါတယ်။ ဆရာကြီး မဟာဆွေမှာ ငွေရေးကြေးရေး အကျပ်အတည်း ကြုံနေရင်လည်း ဗိုလ်ချုပ်ကျော်ဇောက အလိုက်တသိ ကူညီလိုက်တာပဲ ဖြစ်ပါတယ်။ ခင်ဆွေဦးတို့၊ ခင်ဆွေအေးတို့ကိုလည်း သူ့နှမအရင်းတွေလို ချစ်ခင်စောင့်ရှောက်ခဲ့ပါတယ်။ ခင်ဆွေဦး စာရေးဆရာ ဖြစ်လာတော့ ခင်ဆွေဦး လက်ရာမွန်အဖြစ် ကျော်ကြားတဲ့ ‘ဒို့တိုင်းဌာနီ’ဝတ္ထုဟာ သူ့ ‘အစ်ကိုရွှေ’ကို မေးပြီး ရေးခဲ့တာ ဖြစ်ပါကြောင်း ခင်ဆွေဦးက ထုတ်ဖော် ရေးသားခဲ့ဖူးပါတယ်။

ခင်ဆွေဦးက မဟာဆွေရဲ့ သမီးပီပီပဲ မျိုးချစ်တော်လှန်ရေးသမား သူရဲကောင်း သူပုန်ကြီးများကို လေးစား ကြည်ညိုသူ ဖြစ်ပါတယ်။ ဒို့တိုင်းဌာနီ ဝတ္ထုမှာ မျိုးချစ်သူရဲကောင်းပုဂ္ဂိုလ်အဖြစ် သူ့ ‘အစ်ကိုရွှေ’ ဗိုလ်ချုပ်ကျော်ဇောကို စံပြု ရေးသားတာ ဖြစ်သလို သူကိုယ်တိုင် ဗိုလ်ချုပ်ကျော်ဇောဆီက စစ်သည်ဘဝ အချက်အလက်တွေကို တွေ့ဆုံ မေးမြန်း ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သဘာဝလည်းကျ၊ စိတ်ဝင်စားဖွယ်လည်း ဖြစ်တဲ့ လက်ရာမွန်အဖြစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။

ခုဆိုရင် ဗိုလ်ချုပ်ကျော်ဇောသာ သက်ရှိထင်ရှား ရှိသေးလို့ကတော့ ‘ရာပြည့်ပွဲ’ဆင်နွှဲရပြီပေါ့။ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၁၅ မှာ မွေးပြီး ဗိုလ်ချုပ်ကျော်ဇောက ၁၉၁၉ မှာ မွေးခဲ့ပါတယ်။ ၄ နှစ်လောက် အသက်ကွာပါတယ်။ ရဲဘော်သုံးကျိပ်ထဲက ရှားရှားပါးပါး ကျွန်တော် သိကျွမ်းခင်မင်ခွင့် ရရှိသူ ဗိုလ်ချုပ်ကျော်ဇောကို ၁၀၀ ပြည့် အမှတ်တရ ကန်တော့ ဂါရဝပြုရင်း ကျွန်တော့်ဖခင် စံထားခဲ့တဲ့ အမျိုးသမီး သူရဲကောင်း ခင်ဆွေဦးကိုလည်း ဂါရဝပြုလိုက်ပါတယ်။

နှစ်ဦးလုံးအတွက် ကျွန်တော် ပြုသမျှ ကုသိုလ်ကောင်းမှုများကို အမျှဝေလိုက်ပါတယ်။ ရောက်ရာဘဝတွေက သာဓုခေါ်နိုင်ကြပါစေ။

မောင်စွမ်းရည်