Breaking News

တိုက်ငါး(လှိုင်သာယာ) - တရုတ်တို့ရဲ့ လက်တို လက်ရှည် ဆိုတာ ဘာများလဲ



တိုက်ငါး(လှိုင်သာယာ) - တရုတ်တို့ရဲ့ လက်တို လက်ရှည် ဆိုတာ ဘာများလဲ

(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၉

ရှေးရှေးကတည်းက အရပ်ထဲမှာ ‘အင်္ကျီတိုတရုတ်’၊ အင်္ကျီရှည်တရုတ်’၊ ဒါမှမဟုတ်ပြန်လည်း ‘လက်တိုတရုတ်’၊ ‘လက်ရှည်တရုတ်’ ဆိုပြီး ခွဲခွဲခြားခြား ခေါ်ဝေါ်ကြတယ်။ ဒီလို ခေါ်ဝေါ်ကြခြင်းက ဘယ်ဆီကနေ ဆင်းသက်လာပါသလဲ။ ကျွန်တော်တို့ ဂနသေချာ သိရှိခြင်း မရှိပါ။ ဒါဟာလည်း ကြီးမားတဲ့ ဆန်းပြားချက်တော့ မဟုတ်ပါ။ အခြားတပါးသော လူမျိုး ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

အဲဒီ လက်တို၊ လက်ရှည် တရုတ် ဆိုတဲ့ ကွဲပြားခြားနားတဲ့ ခေါ်ဝေါ်တာမျိုးကို မြန်မာတို့ မသိရှိခြင်းက တယ်ပြီး မဆန်းပြားလှပါ။ ပင်ရင်းတရုတ်နွယ်ဖွားတို့ကတောင် ‘လက်တို−လက်ရှည် တရုတ်’ အခေါ်အဝေါ်က ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်လာတယ် ဆိုတာ မသိရှိကြပါ။ အကြောင်းရင်းဇာစ်မြစ် ဆင်းသက်လာပုံကို သိလိုသူတို့က ကျွန်တော့်ကို မေးမြန်းလေ့ရှိကြပါတယ်။ ကျွန်တော် လေ့လာသိရှိတဲ့ အချက်အလက်တို့ကို အသေအချာ ချပြပြီး ရှင်းပြပါ့မယ်။ ဒီရှင်းပြချက်တို့ကို စာနဲ့ ပေနဲ့ ရေးသားဖို့ အကြံပေး တိုက်တွန်းကြတာကြောင့် ခုလို ရေးသား ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။


(၁) တရုတ်ပြည်မကြီးမှ အကြောင်းမျိုးစုံဖြင့် ထွက်ခွာလာကြခြင်း
(က) တော်လှန်ပုန်ကန် ခြားနားခြင်းမှ 
တရုတ်ပြည်ဟာ အင်မတန် ကြီးမားကျယ်ဝန်းပါတယ်။ တောတောင် ချိုင့်ဝှမ်း ထူထပ်ပေါများလွန်းတယ်။ ရှေးအစဉ်အဆက်ကတည်းက များပြားလွန်းတဲ့ သဘာဝဘေးဒဏ်တို့ရဲ့ ဖိစီးခြင်းကို အလူးအလိမ့် ခံကြရတယ်။ မိုးမရွာလို့ မိုးခေါင်တဲ့ဒဏ်၊ မိုးကြီး ပြင်းပြင်းထန်ထန် ရွာသွန်းပြန်တော့ မြစ်ချောင်း အင်းအိုင်တို့၊ ကြီးမားပြီး မြင့်မားမတ်စောက်လှတဲ့ တောင်စဉ်တောင်တန်းတို့က တွန်းတိုက် ထိုးချလာတဲ့ တောင်ကျရေစီးကြောင်းကြီးတို့ရဲ့ ရေလွှမ်းမိုးမှုဒဏ်၊ အဖျက်စွမ်းအား တရားလွန် ကြီးမားပြီး လူသူ ကျွဲ နွား တိရစ္ဆာန်တို့ အသေအပျောက် အင်မတန် ကြီးမားတဲ့ မြေငလျင်ဒဏ်တို့ကို တရုတ်ပြည်သူတို့ လှိမ့်ပိမ့်ခံကြရတယ်။

သဘာဝဘေးဒဏ်ကြီးတို့ရဲ့ ညှာတာမှု ကင်းမဲ့တဲ့ နှိပ်စက်ဖိစီးမှုတို့နဲ့ တွဲဖက်ပြီး မင်းစိုးရာဇာ၊ နယ်စား ပယ်စားတို့ရဲ့ ကြီးမားတဲ့ အခွန်အတုပ် ဝန်ထုပ်ကြီးတို့ကပါ ဘူးလေးရာ ဖရုံဆင့် ခံကြရတဲ့ တရုတ်ပြည်သူ အများစုတို့ဟာ ဆင်းရဲငတ်မွတ်တဲ့ ဘေးဆိုးကြီးကို မခံမရပ်နိုင် ဖြစ်လာကြတယ်။ သူတို့တွေ စုစည်းစုရုံးလာကြတယ်။ ရရာ ဓား၊ လှံ လက်နက် စွဲကိုင်လာကြတယ်။ အုပ်ချုပ်သူ မင်းစိုးရာဇာနဲ့ နယ်စား ပယ်စားတို့ကို တွန်းလှန် ပုန်ကန်ကြတယ်။ အဲဒီပုန်ကန်မှုကြီးတွေကို အုပ်ချုပ်သူ မင်းစိုးရာဇာ၊ နယ်စား ပယ်စားတို့က စနစ်ကျ ပြင်းပြင်းထန်ထန် ဖြိုခွင်းကြပါတယ်။ အုပ်ချုပ်သူတို့ အနိုင်ရရှိတာနဲ့ တော်လှန်ပုန်ကန်ကြတဲ့ ပြည်သူပြည်သားများကို ‘ကျူပင်ခုတ် ကျူငုတ်မကျန်’ နည်းဗျူဟာ ကျင့်သုံးပြီး ဖမ်းပွဲ ဆီးပွဲ လူသတ်ပွဲကြီးတွေ ပြုကျင့်ကပါတယ်။ ရှုံးနိမ့်ကြတဲ့ တော်လှန်ပန်ကန်သူတို့က ပင်လယ်ကမ်းရိုးတန်းတွေကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးကြပါတယ်။ သူတို့ဟာ မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး အရှေ့တောင်အာရှ နယ်မြေဒေသတွေဆီ ရောက်ရှိသွားကြပါတယ်။ ဒါက အကြောင်းခြင်းရာ အချက်တချက်ပါ။

(ခ) ခိုးဆိုးလုယက် ရာဇဝတ်ဘေးတို့မှ 
ရာဇဝတ်ပြစ်မှုများ ဖြစ်တဲ့ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှု ကျူးလွန်ကြသူတို့ဟာ မင်းပြစ်မင်းဒဏ် ခံရမှာ ကြောက်ရွံ့ကြပြီး ထွက်ပြေးရှောင်တိမ်းကြပါတယ်။ အဲဒီ ရာဇဝတ်သားတို့လည်းပဲ တရုတ်ပြည် ပင်လယ်ကမ်းခြေဒေသတွေကနေ ပင်လယ်ရေကြောင်းဖြင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းကြတယ်။ အရှေ့တောင်အာရှ ဒေသတဝန်းဆီ ပျံ့နှံ့သွားကြပါတယ်။ အချို့ တရုတ်တို့ဟာ မြန်မာနိုင်ငံထဲဆီ ဝင်ရောက်ပျံ့နှံ့သွားကြပါတယ်။

(ဂ) ငတ်မွတ်ခေါင်းပါးမှုမှ 
တရုတ်ပြည် တော တောင် ရေ မြေတွေမှာ ရေလွှမ်းမိုးခြင်းဒဏ်၊ မိုးခေါင်ရေရှားမှုဒဏ်၊ စားနပ်ရိက္ခာ ပြတ်လပ်ခြင်းဒဏ်၊ လူဆိုး ဓားပြတို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်၊ တဖက်က ဘေးဆိုးကြီးရဲ့ ခါးသီးမှု ဒဏ်ရာဒဏ်ချက်တွေကို မခံစားနိုင်ကြတဲ့သူတွေဟာ ရေသစ် မြေသစ် ရှာဖို့အတွက် ပင်လယ်ရေကြောင်းလမ်းကို ရွေးချယ်လိုက်ကြတယ်။ ပင်လယ်ကမ်းခြေ ဆိပ်ကမ်းတို့ကနေ အထက်က ပြောခဲ့တဲ့အတိုင်း တရုတ်ပြည်ကနေ ထွက်ခွာလာကြပါတယ်။ နယ်မြေဒေသ အသီးသီးဆီ ပြန့်လွင့်သွားကြပါတယ်။

(၂) ဒေသစွဲမှသည် အတို အရှည် ပေါ်ပေါက်ခြင်း
(က) လက်ရှည် (ဝါ) အင်္ကျီရှည်တရုတ်
မြန်မာနိုင်ငံဆီ အများအပြားနဲ့ အထင်ကရ ရောက်ရရှိလာကြတဲ့ တရုတ်များထဲက ထိုင်ဝမ်ကျွန်းနဲ့ မျက်နှာချင်းဆိုင် နီးကပ်တဲ့ ဖုကျဲန့်(ဟုတ်ကယဲန်) တရုတ်လူမျိုး ဖြစ်ပါတယ်။ ဖုကျဲန့်(ဟုတ်ကယဲန်)ပြည်နယ်က တရုတ် တပြည်လုံးရဲ့ အရှေ့တောင်ပိုင်းလောက်မှာ ရှိပါတယ်။ မြောက်ပိုင်းဘက် အနည်းငယ် ကျရောက်တာကြောင့် ဆောင်းရာသီမှာ ရာသီဉတု အနည်းငယ် အေးပါတယ်။ ဆက်စပ်ပြီး မှတ်သားရမှာက ထိုင်ဝမ်ကျွန်း ဆိုရင် မြို့တော် ထိုင်ပေမြို့က ထိုင်ဝမ်ကျွန်းရဲ့ မြောက်ပိုင်းမှာ ရှိတာကြောင့် ရာသီက အေးပြီး ကျွန်းတောင်ပိုင်း ကောင်းရှုန်မြို့က ရာသီဉတု ပူပြင်းပါတယ်။

အတန်အသင့် အေးမြတဲ့ ဖုကျဲန့်(ဟုတ်ကယဲန်)ဒေက တရုတ်လူမျိုးတွေ မြန်မာနိုင်ငံဆီကို ဆိုက်ရောက်လာကြတဲ့အခါမှာ မူရင်းဒေသစွဲကို မပယ်ဖျောက်နိုင်ကြပါ။ သူတို့ဟာ အင်္ကျီလက်ရှည်၊ ဘောင်းဘီ ခြေရှည်တို့ကို ဝတ်ဆင်ရတာ စွဲလမ်းနှစ်သက်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဝတ်စားဆင်ယင်မှုကို အစွဲပြုပြီး အလွယ်တကူ မှတ်လွယ် သိလွယ်တဲ့ ‘အင်္ကျီရှည်တရုတ်’ ‘လက်ရှည်တရုတ်’ ရယ်လို့ ခေါ်တွင်ကြပါတယ်။

(ခ) လက်တိုတရုတ် (ဝါ) အင်္ကျီတိုတရုတ်
အထက်က အင်္ကျီလက်ရှည်တရုတ်တို့က ထိုင်ဝမ်ကျွန်းနဲ့ မျက်နှာချင်းဆိုင် နီးကပ်တဲ့ ဖုန့်ကျဲန့်(ဟုတ်ကယဲန်)ပြည်နယ် ဖြစ်တယ်။ မြောက်ပိုင်း အတန်ငယ် ကျရောက်ပါတယ်။ ရာသီဉတုက အတန်ငယ် အေးမြပါတယ်။ ကမ်းရိုးတန်းအတိုင်း တောင်ဘက်ဆီ ဆင်းချလိုက်ရင် ကွမ်တုန်းပြည်နယ်ဆီကို ရောက်ရှိလာပါလိမ့်မယ်။ သူ့ရဲ့မြို့တော်က ကွမ်ကျိုးမြို့ကြီးပြကြီးပါ။

ကွမ်တုန်းပြည်နယ်ဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ အသိဉာဏ်ထဲမှာအ င်မတန် တရင်းတနှီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက်ခဲ့တဲ့ ဟိုင်နန်ကျွန်းနဲ့ နီးကပ်နေပါတယ်။ ရာသီက ပူနွေးတဲ့ ရာသီဉတုပါ။ အပူပိုင်းဒေက ကွမ်တုန်းပြည်နယ်သားတို့ဟာ အထက်ပါ အကြောင်းမျိုးစုံကြောင့် မြန်မာနိုင်ငံဆီ ဆိုက်ရောက်လာကြပါတယ်။ မြန်မာနိုင်ငံမှာ ရွှေပြောင်းနေထိုင်ကြတဲ့အခါ မူရင်းဒေသစွဲ ဓလေ့ထုံးတမ်းအတိုင်း အင်္ကျီလက်တို၊ ဘောင်းဘီခြေတို ဝတ်ဆင်ရတာကို စွဲလမ်းနှစ်သက်ကြပါတယ်။ ဒါကို အစွဲပြုပြီး အလွယ်တကူပဲ လက်တိုတရုတ်၊ အင်္ကျီလက်တိုတရုတ် ဆိုပြီး အမှတ်သင်္ကေတပြု ခေါ်တွင်ကြပါတယ်။

(ဂ) လက်စကတရုတ်
တရုတ်ပြည်တပြည်လုံးရဲ့ တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းက ဖုကျဲန့်(ဟုတ်ကယဲန်)ပြည်နယ်နဲ့ ကွမ်တုန်းပြည်နယ် ရှိကြပါတယ်။ အဲဒီပြည်နယ် နှစ်ခုရဲ့ကြားမှာ မေရှဲန့်ခရိုင် ဆိုပြီး ရှိပါတယ်။ ဒီနယ်မြေဒေက ဖုကျဲန့်နှင့် ကွမ်တုန်းပြည်နယ် နှစ်ခုရဲ့ကြားထဲမှာ ရှိနေတာကြောင့် သူ့ကို ‘ခဲ့ကျား’တရုတ် ဆိုပြီး သတ်မှတ် ခေါ်ဝေါ်ကြပါတယ်။ ‘ခဲ့ကျား၏ ဆိုတာ ‘ဧည့်သည်’ ဖြစ်တယ်။

‘ခဲ့ကျား’ ဧည့်သည်တရုတ်ကို တဖန် နှစ်မျိုးနှစ်စား ပိုင်းခြားခေါ်ဝေါ်ပြန်တယ်။ လက်တို(ကွမ်တုန်း)ဘက်နဲ့ နီးကပ်တာကို ကွမ်တုန်းမေရှဲန့်၊ ဖုကျဲန့်နဲ့ နီးစပ်တာကို ဖုကျဲန့်မေရှဲန့် ဆိုပြီး ပိုင်းခြားခေါ်ဝေါ်ကြပါတယ်။ အတိုနဲ့ အရှည်ကြားမှာ ရှိတဲ့ မေရှဲန့်ကို အလွယ်တကူပဲ လက်စက(ဟပ်ကပ်)တရုတ် ဆိုပြီး အလွယ်တကူပဲ သတ်မှတ်ခေါ်တွင်ကြပါတယ်။

ဒါကြောင့် ပင်လယ်ရေကြောင်းကနေ မြန်မာနိုင်ငံဆီ ပြန့်လွင့် ရောက်ရှိလာကြတဲ့ တရုတ်လူမျိုးတို့ကို (၁) လက်တို(အင်္ကျီတို)တရုတ်၊ (၂) လက်ရှည်(အင်္ကျီရှည်)တရုတ်၊ (၃) လက်စက(ဟပ်ကပ်)တရုတ် ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

(၃) အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
(က) ဘိန်းခန်း
အနောက်တိုင်းသားတို့ဟာ နယ်ချဲ့ကျွန်ပြုလိုတဲ့ လုပ်ရပ်တို့ဖြင့် အာရှတိုက်တခွင်ကို ကိုလိုနီပြုကြပါတယ်။ ၎င်းတို့မှာ ခေတ်မီလက်နက်များကို အားထားရုံတင်မကသေးပါ။ တွေဝေမိန်းမောစေတတ်တဲ့ မူးယစ်ဆေးဝါး ဘိန်းကိုပါ လက်နက်အဖြစ် အသုံးပြုပြီး တိုက်ခိုက်ကြပါတယ်။ အင်အားတောင့်တင်းတဲ့ မန်ချူးတပ်ဖွဲ့ကြီးဟာ ဘိန်းစားတပ်ဖွဲ့ကြီး ဖြစ်သွားပါတယ်။ ဒါ့အပြင် တရုတ်ပြည်သူ အများအပြား ‘တရုတ်ဘိန်းစား’ဘဝ သက်ဆင်းကြရပါတယ်။

မြန်မာနိုင်ငံဆီ ရောက်ရှိလာကြပြီး နေထိုင်ကြတဲ့ လက်တို၊ လက်ရှည်၊ လက်စက တရုတ်တို့ဟာ တရုတ်ပြည်မကြီးမှာ နေထိုင်စဉ်တုန်းက စွဲလမ်းနှစ်သက်တဲ့ ဘိန်းစွဲမှုကြီးကိုပါ မွေးရာပါ အမွေအနှစ်အဖြစ် သယ်ဆောင်လာကြတဲ့ တရုတ်တို့လည်း ပါဝင်ကြပါတယ်။ ကိုလိုနီ ဗြိတိသျှအစိုးရက ထိုဘိန်းစားတရုတ်တို့ကို ‘ဘိန်းခန်း’ ဆိုပြီး ဘိန်းရောင်းချခွင့် လိုင်စင် ချပေးပါတယ်။ ဒီလိုနဲ့ ကိုလိုနီခေတ်၊ ဖဆပလ အစိုးရခေတ်တွေမှာ ဗြောင်ကျကျရော၊ ခိုးကြောင်ခိုးဝှက်ပါ လိုင်စင်ရ တရုတ်ဘိန်းခန်းတွေ ကြီးစိုးခဲ့ပါတယ်။ စောစောပိုင်းက လက်တို၊ လက်ရှည်၊ လက်စက တရုတ်အချို့ လိုင်စင်ရ ဘိန်းခန်းဖွင့်ခြင်းဖြင့် ကြီးပွားချမ်းသာကြပါတယ်။

(ခ) ကွမ်တုန်း(လက်တို)တရုတ်တို့ရဲ့ လုပ်ငန်းများ
ကွမ်တုန်း (လက်တို)တရုတ်တို့ဟာ စက်မှုလက်မှုလုပ်ငန်းတို့မှာ ကျွမ်းကျင်ပါတယ်။ ဒါ့အပြင် လက်သမားလုပ်ငန်း၊ တွင်ခုံလုပ်ငန်း၊ မော်တော်ကား စက်ယန္တရား တပ်ဆင်ခြင်း၊ မောင်းနှင်ပြုပြင်ခြင်းတွေ လုပ်ကိုင်ကြပါတယ်။ ၎င်းတို့ရဲ့ လူ့အသုံးအဆောင်၊ အိမ်ထောင်ပရိဘောဂလက်ရာတို့ဟာ အံ့မခန်း ပြောင်မြောက်လှပါတယ်။ သံချောင်း၊ ဝက်အူချောင်းမှ အသုံးမပြုဘဲ စရွေးကိုက် ပြုလုပ်ထားတဲ့ သစ်သားဖြင့် ပြုလုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်၊ ကြောင်အိမ်ဗီရိုတို့က နှစ် တရာကျော်တိုင် အကောင်းပကတိ အခိုင်အခံ့ ရှိကြပါတယ်။

ဒါ့အပြင် ခေါက်ဆွဲဆိုင်၊ ဟိုတယ်လုပ်ငန်းပိုင်းမှာလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ကြပါတယ်။


(ဂ) ဖုကျဲန့်(လက်ရှည်)တရုတ်တို့ရဲ့ လုပ်ငန်း
ကုန်သည်လုပ်ငန်းတွေမှာ ဖုကျဲန့်(လက်ရှည်)တရုတ်တို့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ကြပါတယ်။ စားသုံးကုန်နဲ့ လူသုံးကုန် အစရှိတဲ့ ပွဲရုံလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်းတွေမှာ အကျွမ်းတဝင် ရှိကြပါတယ်။ လက်ရှည်တရုတ်ထဲက ဖုကြိုး(ဟုတ်ကျူး)တရုတ်လူမျိုးတို့က လက်ဖက်ရည်ဆိုင်လုပ်ငန်း၊ စတိုးဆိုင်လုပ်ငန်းတို့ကို ဖွင့်လှစ်ရောင်းချကြပါတယ်။

(ဃ) မေရှဲန့်(လက်စက)(ဟပ်ကပ်)တရုတ်တို့ရဲ့ လုပ်ငန်း
၎င်းတရုတ်လူမျိုးတို့ဟာ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားမှာ နေထိုင်ကြပါတယ်။ သေးငယ်တဲ့ မြန်မာ့ကျေးလက် တောရွာဒေသတွေမှာလည်း နေထိုင်ကြပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်−မြန်မာ နယ်စပ်တွေမှာ မေရှဲန့်(လက်စက−ဟပ်ကပ်)တရုတ်က တခြား လက်တို၊ လက်ရှည်တို့ထက် ပိုမိုများပြား နေထိုင်ကြပါတယ်။

မေရှဲန့်(လက်စက−ဟပ်ကပ်)တရုတ်လူမျိုးတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ လုပ်ငန်းများကတော့ အရက်ချက်ခြင်း၊ အရက်ဆိုင်ဖွင့်ခြင်းနဲ့ စားသောက်ဆိုင်ဖွင့်ခြင်း၊ အပေါင်ဆိုင်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ တရုတ်လူမျိုး အသီးသီးတို့ရဲ့ ဝမ်းစာရေးလုပ်ငန်းတို့က ၁၉၈၈ ခုနှစ်မတိုင်ခင် ရှေးကာလတွေက ဖြစ်အင်တွေ ဖြစ်ကြပါတယ်။ ကမ္ဘာကြီး ခေတ်မီတိုးတက်မှု လွန်ကဲ့တဲ့ ကနေ့လို ခေတ်ကာလတွေမှာ တရုတ်လူမျိုးတို့ဟာ မိမိတို့ လုပ်နိုင်တဲ့ လုပ်ငန်းအပေါ် ဇွဲလုံ့လ ကြီးမားကြတယ်။ ကျွမ်းကျင်နှံ့စပ်အောင် ကြိုးပမ်းကြတယ်။ အရင်းအနှီး နည်းစဉ်မှာ ခြိုးခြံချွေတာ သုံးစွဲ စားသုံးကြတယ်။ သူတို့က ‘အရင်းအနှီး’ကို ဦးစားပေး လုပ်ကိုင်တတ်ကြတယ်။ ‘အရင်း’များလေ၊ ‘အတိုး’ပွားလေ ဖြစ်တယ်။ ဒီလို သီအိုရီကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားကြပါတယ်။ အရင်းအနှီး ကြီးမားတဲ့ လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ကြတာဟာ တရုတ်လူမျိုးတို့ရဲ့ ထုံးတမ်းဓလေ့ ဖြစ်ပါတယ်။

တိုက်ငါး(လှိုင်သာယာ)