Breaking News

ခွန်ဆိုင်း- ချစ်သောအမေ



ခွန်ဆိုင်း- ချစ်သောအမေ

(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၂၀

 အမေနေ့မှာ အမေ့အကြောင်း ရေးခဲ့ဖူးတဲ့ စာလေး ပြန်တက်လာလို့ အပိုင်း ၂ပိုင်း ကို ယူနီကုတ်နဲ့ ပြန်တင်ပြီး အမေ့ကို ဒီစာလေးနဲ့ ဦးခိုက်ပါတယ်။ ။ မိခင်အားလုံးကိုလဲ အလေးအမြတ်ပြုလိုက်ပါရစေ ။

ဝန်ခံချက် ။ ။ ( မာတာကျေးဇူး…မြင့်ရ်မိုဦးကို… ရည်စူးဦးတင် ..စာပန်းဆင်လည်း ..ပီပြင်ရင်တွင်း…. အမိချစ်ခြင်းကို …ထင်လင်းခြင်းငှါ ….မဖွဲ့နိုင်ရာ)

အိမ်အပေါ်ထပ် ဧည့်ခန်းမှာ နေ့လည်နေ့ခင်း သားသမီးတွေခင်းပေးတဲ့ သင်ဖျူးးဖျာလေးပေါ် တမှေးခဏ-အိပ်ပျော်နေရှာတဲ့ မိခင်ကြီးကို ကျွန်တော် အတော်ကြာအောင် စိုက်ကြည့်နေမိပါတယ်။ ဒီတခါ-ငါသွားမယ့်ခရီးကအရင်ခရီးတွေလိုလဲ မဟုတ်ဘူး။ဒီခရီး ဘယ်လောက်ရှည်မယ်ဆိုတာလဲငါ မသိ။ အမေနဲ့ငါ…ဘယ်လောက်ကြာကြာဝေးသွားကြမလဲ ဆိုတာလဲ ငါ ..မသိ။ ဘာမှန်းမသိတဲ့ခရီးတခုကနေ.. ခလုတ်မထိ ဆူးမငြိပဲ အတားအဆီးတွေ မရှိပဲ ကျန်းကျန်းမာမာ အမေ့ဆီပြန်လာနိုင်ကောင်းမှာလား။ ဒါလဲ ငါ...မပြောနိုင်ဘူး။ ပြန်လာခွင့်- အမေ့ရင်ခွင်-တခါပြန်ခိုဝင်ခွင့်ကော-ရှိဦးမလား။ အမေကကော-အရင်လိုပဲ-ငါ့ကို အသက်ရှင်ရက် စောင့်နေနိုင်မှာလား။ အဖေသွားလိုက်သလို နှုတ်မဆက်နိုင်ပဲ ထွက်သွားနှင့်မှာလား။ ဘယ်ပြောနိုင်မှာလဲ။ ကျွန်တော် ..ဘာမှမသေချာမရေရာတဲ့မေးခွန်းပေါင်းစုံနဲ့နဲနဲတော့ငိုင်နေမိပါတယ်။ဒီမေးခွန်းတွေကို တလလောက် ကြာအောင် စဉ်းစားနေခဲ့တာလည်း- ဒီမှာပဲတဝဲတလည်လည်နဲ့ ချီတုံချတုံပဲ ။ခုလိုနေ့လည်နေ့ခင်းမှာ အမေ-အိပ်တယ်ဆိုတာကကြက်အိပ်ကြက်နိုး-ခဏတဖြုတ်လေး။

ဆိုတော့ အချိန်ကသိပ်မရလှဘူး။ အဲဒီအသိလေး ဝင်လာတဲ့ အခိုက်အတန့်လေးမှာ - ထိခြင်းကြီးငါးပါးနဲ့ဦးချရပါတယ်။အမေနိုးသွားလို့ သူ့သားသူ့အနားမှာ ထိုင်နေတာ -ခုလို ကန်တော့နေတာတွေ့သွားရင် မေးတော့ မှာသေချာတယ်။အဲဒီကျမှငါက လိမ်ပြောရမှာလား။ ဒါသိတ်မလွယ်လှဘူး ။ဘာမှမသိရှာတဲ့အမေ။ဘာမှမသိတာကောင်းပါတယ်။ ဘာမှန်းမသိတဲ့အဝေးတနေရာကို ထွက်သွားမယ်ဆိုတဲ့ သားအတွက် ..စိတ်မပူပဲနေမယ့် အမေမျိုး-ဘယ်မှာရှိနိုင်မလဲ။ သွားတော့မယ်အမေ။သား-သွားတော့မယ်….. စိတ်ထဲက တိုးတိုး-နှုတ်ဆက်။ နောက်ကို ဖြေးဖြေးဆုတ်လာခဲ့ပါတယ်။

“ခွင့်လွှတ်ပါအမေ”--“ခဏခဏခွဲတတ်တဲ့သား” “မိသားစုအပေါ်တာဝန် မယူနိုင်တဲ့သား-တာဝန်မကျေတဲ့သား” “မိဘနှစ်ပါးအတွက်ဘယ်တော့မှ စိတ်အေးချမ်းသာမှုကို မပေးနိုင်တဲ့ခရီးတွေကိုအကြိမ်ကြိမ်သွားခဲ့ တဲ့သား” “သွားတိုင်းလဲ လတွေနှစ်တွေ အများကြီးကြာတဲ့သား ” “ခုတခါ -အမေ့ကိုခွင့်မတောင်းပဲ…ထွက်သွားပြန်ပြီပေါ့ အမေ-ခွင့်လွှတ်ပါ-အမေ ‘ ဒီတခါနဲ့ ဆို....သားခွဲ သွား တာ- စတုတ္တအကြိမ်ဖြစ်မှာပေါ့မေမေရေ ”

* အခု ခရီးက.အရင်အခေါက်တွေ လိုတော့မဟုတ်ပါဘူးအမေရယ်။အရင်ခရီးတွေတုန်းက အမေ့ရှေ့မှာ သူတို့ကချည်းခေါ်ခေါ်သွားကြတာမဟုတ်လား ။ အမေ့ခင်မျာ....သူပိုင်တဲ့ထင်မိတဲ့သားကို သူတကယ်မပိုင်ရှာဘူး။ ဘယ်သူကမှလဲ ဘာမှမတတ်နိုင်- ဒီလို ထိုင်ကြည့်နေလိုက်ကြရတာ။ ဒီတခါဒီခရီးကတော့-သားခရီး...သားအပိုင်ပါ၊ ဒါပေမယ့်လဲ သားဘဝတလျောက်လုံး မှာ ဒီ အဆုံးအဖြတ် ဟာ.အခက်ဆုံးပါပဲ။ .ကိုယ်တိုင်စိတ်ဆင်းရဲခြင်းကြီးစွာနဲ့...ဆုံးဖြတ်ရတဲ့ ဆုံးဖြတ်ချက် ။ ဘဝမှာ အခက်ခဲဆုံးအဆုံးအဖြတ်လို့ဆိုရင်မမှားဘူးထင်တယ်မေမေ။ ကိုယ်ချစ်တဲ့မြေကိုစွန့် သွား ရမယ့် အပြင် ။ ပြိုလုဆဲဆဲအမေ၊ အပြီးမလဲပြိုခင်လေးမှာ - သားကြီးကိုမှီခွင့် လေး... အချိန်နဲနဲလောက်.များ .သားကပေးဦးမလား ( ပါးစပ်ကထုတ်မပြောပေမယ့်) တွေးနေမယ့်အမေ။ ဒီအမေအိုကိုစွန့်ခဲ့ရမှာ။ ဘယ်လွယ်မလဲအမေ။ ခွဲထားခဲ့ရမယ့်အမေ့ကိုဘယ်လိုပြောရမလဲ။ဘယ်လိုမှ ပြောမထွက်ဘူး။ 

သားခရီး သားအပိုင် သားဆုံးဖြတ်ချက် ဆိုပေမယ့် တကယ်က ဘာတခုမှရေရေရာရာမဟုတ်ဘူး။ စစ်ဆေးရေးဂိတ်တွေအဆင့်ဆင့်ဖြတ်ရမယ်။ ကိုယ့်ကို စစ်ဆေးဖူးတဲ့ လူတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်သွားတွေ့နေဦးမှာလား။ ခင်ဗျား ခရီးသွားတာကို အကြောင်းကြားခဲ့သေး လားမေးလာရင် ဘာဖြေမလဲ ။ ဆိုတာလေးတွေက အစ .... ရှေ့ဘာဖြစ်မယ်ဆိုတာဘယ်သူမှ မပြောနိုင်ဘူး၊ မသိနိုင်ဘူးအမေ။ ဒီတော့ ဒီအခိုက်အတန့်လေး မျိုး- အမေ စိတ်ပူနေမှာ .. တကြောင့်ကျကျ အမေကျန်ခဲ့မှာ -ဒီလို -သား မထားရက်ခဲ့ဘူး။ ဒီခဏတဖြုတ်အခိုက်အတန့်လေးမှာငြိမ်းငြိမ်းချမ်းချမ်းအိပ်ပါအမေ။ အမေ့ကိုအိမ်သားတွေ အသိပေးတဲ့ အချိန်ကျရင်သား-အဝေးကြီး ရောက်နေ လောက်ပြီ ။ဒီညတညလုံး သားခရီးနှင်မယ်။ အမေနိုးလာလို့ ခါတိုင်းလိုသူ့သားကြီးကိုမေးရင် သူ့သားကြီးဆေးခန်းမှာအလုပ်တွေရှုပ်နေလို့ဒီတညတော့ အိမ်ပြန်မလာ ဘူးလို့အမေ့သမီးက..ညာပေးထားမှာပေါ့။ အစစအရာရာအစီအစဉ်အတိုင်း အဆင်ပြေရင်မနက်ဖြန် နေ့လည်ဆို သား ရေခြားမြေခြား-ရောက်နေလောက်ပြီ- အမေ။

*ဘဝ-အချိုးအကွေ့တခု*
(၂၀၀၆) ဒီတခေါက်ကျွန်တော်ရွှေဘိုကပြန်လာတဲ့အချိန်မှာအမေ - သိသိသာသာ စိတ်ဓါတ်ကျသွားတာတွေ့ပါတယ်။ သားဒီတခါပြန်လာတာက-လူမမာရုပ်နဲ့-ပါးချောင်နချောင်တွေကကျ။ တီဘီဆေးပြတ်ခါစ-သားပုံပန်းက အတော် သိသာနေပေမယ့် အမေ-ပါးစပ်ကဘာမှ ထုတ်မပြောဘူး။ အဖေကဆုံးသွားနှင့်ပြီ။ မိသားစုအခြေအနေက နဂိုလိုမဟန်။ အဘက်ဘက်ကယိုင်၊ ကိုယ်ပေးတဲ့ဒဏ် က အနှစ်၂၀ဆိုတော့ ဘယ်သူခံနိုင်ကြမလဲ။ ၈၈ စကတည်းက-ဒီသားမောင်လက်ရုံးက မိသားစုစီးပွါးရေးကိုလှည့်မကြည့်။ ၈၈ပြီးတော့မင်္ဂလာဈေး-ဆေးဆိုင်ပြုတ်-လူက ထောင်ထဲရောက်။ မိသားစုတွေထောင်ဝင်စာလိုက်တွေ့ကြရ။ ၉၃အကုန်သရက်-တောရကပြန်လာပြီးပြီးခြင်း မိတ်ဆွေများဝိုင်းဝန်းမှုနဲ့ စိတ်တိုင်းကျလ္ဘက်ရည်ဆိုင်ထူလိုက်တော့ ဟုတ်လာမလိုလိုပါ ။အဖေပင်စင်စားနဲ့အမေမှီခိုနဲနဲအသက်ရှူသာသွားတယ်။ ။ ဒါပေမယ့်ထောက်လှမ်းရေးတွေသတင်းပေးတွေက ကိုယ်တို့လို အမည်ပေါက်ပြီးသား လူတွေကိုလွှတ်မထားဘူး။သူတို့နေ့တိုင်းလာတတ်တဲ့ဒီလက်ဖက်ရည်ဆိုင်လုပ်ငန်းမျိုးမှာ ဖင်မြဲမြဲ မထိုင်ချင်ဘူး။ အဲလိုနေရတဲ့ အနေအထားကို ကျွန်တော်မကြိုက်။

ခုထသွားတဲ့လူကဘယ်သူလဲ။ဟိုနေ့ကခင်ဗျားနဲ့ထိုင်စကားပြောနေတဲ့လူကဘယ်ကလဲ။မကြာခဏ-ဒီလိုလာသတင်းနှိုက်တဲ့ မေးတဲ့သူတို့မေးခွန်းတွေကို မဖြေချင်ဘူး။ သည်းညည်းမခံချင်ဘူး ဝေ့လည်ကြောင်ပတ်လုပ်ရတာတွေကို စိတ်ကျဉ်းကြပ်ရတယ်။ 

သူတို့ခေတ်မှာ - "စီးပွါးရေးတဖက် နိုင်ငံရေးတဖက်လုပ်တာ" စိတ်ကူးယဉ်တာပါ။ လူက အမှီအခိုကင်းကင်းနေချင်ပြီး သူတို့နဲ့ပြေလည်အောင်နေမှ စီးပွါးရေးလုပ်နိုင်မယ့်ခေတ် ဆိုတဲ့အသိကိုလည်း လက်မခံဘူး။ သူတို့နဲ့ကင်းကင်းနေချင်တယ်။ ဒီလိုနဲ့ ၁၉၉၇ရောက်တော့ လုပ်ငန်းပြောင်းပြီ။သူတို့ ကိုယ့်ဆီ ကို လာထိုင်မစောင့်နိုင်၊ မ မေးနိုင်တဲ့-ကိုယ်လည်းစိတ်ပါတဲ့ အထူးကုဆေးခန်းတခုမှာ စိတ်ချင်းတူတဲ့ သူငယ်ချင်းတယောက်ကိုသွား ကူညီရင်း--လုပ်ငန်းတခုကို အစပျိုးထူထောင်လိုက်တယ်။ 

အဲဒီလိုထူထောင်စ ၆လအကြာမှာတင် ဘဝဟာ တတိယ အကြိမ်ပြိုလဲသွားပြန်ရော။ ၉၈အစမှာ ထပ်ဖမ်းခံလိုက်ရတာ။ရှောင်တိမ်းချိန်ရရက်နဲ့ ရင်ဆိုင်မယ်ကွာ-လုပ်လိုက်မိတာ။ မိသားစုကို ၇နှစ် ကြာ ဒုက္ခပေးမိပြန်တယ် ။ကျွန်တော့် ဒုက္ခဝန်ထုတ်ကြီးက အိုကြီးအိုမ မိဘတွေ ကိုသေချာ ဖိစီးနှိပ်စက်ခဲ့ပါတယ်။
အဲဒီတခေါက် ကျွန်တော်ရွှေဘိုကိုအပို့ခံလိုက်ရတဲ့အခါ မိအိုနဲ့ ဖအို စိတ်တွေဆောင်ကြပေမယ့် လူမပါနိုင်ကြတော့ဘူး။အရင်အခါတွေလို-ပုံမှန်လာတွေ့တာမျိုးမလုပ်နိုင်ကြတော့ဘူး။ ကိုယ်တောင်၅၀နား ကပ်လာတာကွာ။

နောက်ဆုံးနေ့တွေကိုလက်ချိုးနေတဲ့အဖေ။ တသက်လုံးဘဝကြမ်းခဲ့တဲ့ အဖေစစ်သားကြီး။ အိန္ဒိယနယ်စပ်-ကိုဟီးမားမြို့အထိအင်္ဂလိပ်ကို ကုန်းကြောင်းချီ ထပ်ချပ်လိုက်တိုက်ခဲ့တဲ့။ ဗိုလ်မှူးဗထူး ဗိုလ်မှူးစိန်ဝင်းတပ်မှူးတွေအမိန့်အောက်မှာ ဂျပန်ကိုပြန်တွယ်ခဲ့တဲ့။ အင်းစိန်နဲ့ခဝဲခြံတဝိုက်မှာ အသေအကျေလှံစွပ်ထိုးလုံးထွေး ရန်ကုန်အစိုးရကို ကာကွယ်တယ်ဆိုတဲ့အဖေ။ ချီဘွေလောခေါင် မချမ်းဘောနော်မုန်း အစွန်အဖျားအထိ ခြေလျင်တက် စစ်ထိုးခဲ့ရ တဲ့အဖေ။ ဒီလိုပြည်တွင်းစစ်တွေမှာရတဲ့ မော်တာကျည်သင့်တဲ့ခြေထောက် ။ ကျည်၂ခါသင့် ထား တဲ့ကိုယ်နဲ့လက်။ သေရာပါ ဒဏ်ချက်တွေနဲ့ ....ကျည်မကုတ်နိုင်၊ နောက်ဆုံး ဆေးအဆင့်မမှီတော့မှ နောက်တန်းမှာနားခွင့်ရတဲ့ အဖေ။ သားကြီးဆရာဝန်ဖြစ်ရင်အဖေ တာဝန်ကျေသေပျော်ပြီဆိုတဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံရရှာတဲ့အဖေ။ သားမိုက်ကြီးရှိတဲ့ရွှေဘိုကို တခေါက်ပဲကြိုးစားလာတွေ့နိုင်ရှာပါတယ်။

 *ရွှေဘိုမှာ တကြိမ်ထဲသောဒီထောင်ဝင်စာနဲ့ သူ့သားကိုနောက်ဆုံးလာတွေ့သွားတာ ဆိုတာ ကျွန်တော်သဘောမပေါက်လိုက်ပါဘူး။

ကိုယ်ကနိုင်ငံရေးတွေနဲ့သူရဲကောင်းလုပ်။ ဖေါင်ဖွဲ့ကောင်းနေခဲ့တုန်းပေါ့။ ရန်ကုန်ရွှေဘို-ခရီးက အသက်ကြီးသူတွေအတွက်-အတော်ပြင်းတဲ့၂ညအိပ်သွားရတဲ့ခရီးမျိုး။ ရန်ကုန် မန္တလေးအမြန်ရထားတွဲတွေတဝုန်းဝုန်း။ မြစ်ကူးပြီးရွှေဘိုအထိ ကားဆက်စီးရတဲ့ဒုက္ခ။ စုစုပေါင်းခရီးမိုင် မိုင်၅၄၀။ အသွားအပြန်ဆို မိုင် တထောင်ကျော်ပေါ့ ။ ဒါတွေက တသက်လုံးတောအဆင့်ဆင့်တိုး၊ တောင်အဆင့်ဆင့်ဖြတ်။ ကျည်သင့်ဒဏ်။ကျောပိုးအိတ်ဒဏ်။ ခါးနာဒဏ်တွေ-အဖေ့ကိုပြန်နှိပ်စက်ကြလေတော့ ကျွန်တော်ဆီကအပြန် အိပ်ယာထဲ အတန်ကြာလဲနေသတဲ့။ 

၂၀၀၃ထဲရောက်တော့ သားပြန်ရောက်တဲ့အထိ မစောင့်တော့ပဲ သားကိုတမ်းတ-ကွယ်လွန်သွားသတဲ့။ ကိုယ်လွတ်လာတော့ဆွေမျိုးတချို့ပြန်ပြောပြလို့သိရတာ။ အမေကဘာမှပြန်မပြောပါဘူး။ အဖေကွယ်လွန်ပြီးတလကျော်ကြာညီလာတွေ့တဲ့အခါကျမှအဖေဆုံးသွားပြီဆိုတာ သိရတယ်။ကျန်တဲ့ နှစ်တွေကို အမေအိုနဲ့ညီက တလှည့်။ဒါမှမဟုတ်ရင် ယောက်ဖနဲ့ညီမတလှည့်စီထောင်ဝင်စာလာ။

ကျွန်တော်ရပ်တန့်သေဆုံးနေတဲ့ ... ဒီရွှေဘိုတောရ ၇ နှစ်လုံးလုံး သားလူမိုက် ထောင်ဝင်စာတွေ့ဖို့အပူသောကလုံးတွေပိုက်၊ အညာနေပူမြေပူကို အမေ.......အကြိမ်ကြိမ်ဆန်ခဲ့တယ် ပြောရင် မမှားပါဘူး။
၂၀၀၄ နိုဝင်ဘာ-၇နှစ်ပြည့်ဘို့ ၂လအလိုမှာ ကျွန်တော် ထောင်ကလွတ်။ ၇နှစ်ကြာ ဝေးသွားတဲ့သူငယ်ချင်းဆေးခန်းမှာ ပြန်အလုပ် လုပ်ပေမယ့် အမေက သူ့သားကိုစိတ်မချတော့ဘူး။ မယုံတော့ဘူး။ သူ့သားဒီတသက် ဒီနိုင်ငံရေးကို စိတ်ကုန် မှာမဟုတ်တော့ဘူးလို့ စွဲသွားပုံပါ။

ပြည်တွင်းနိုင်ငံရေးကလည်းဘာမှမတိုးတက်ဘူး။ ၂၀၀၆မတ်လထဲမှာ အလုံမြို့နယ်ကနိုင်ကျဉ်းဟောင်းကိုသက်နိုင်ဦးတယောက် မြို့နယ် အာဏာပိုင်တွေရဲ့လက်မရွံ့တွေက ရပ်ကွက်ထဲမှာပဲ ဝိုင်းရိုက်လို့အသက်ဆုံးပါးရတယ်။ ဒီသတင်း တနိုင်ငံလုံးဟိုးလေးတကျော်ဖြစ်- အမေ ကတီဗွီသတင်းကတဆင့် သိ။ ကိုသက်နိုင်ဦးမိသားစုနဲ့- အမေ-အင်းစိန်ထောင်ဝင်စာမှာ ဆုံဖူးနေတော့ သိနေတဲ့ဘဝတူမိသားစုချင်း မို့ စိတ်လည်းအတော် ထိခိုက်သွားပုံရပါတယ်။ 

ကိုသက်နိုင်ဦးဆုံးပါးရပုံကလည်း မြို့နယ်လုံခြုံရေးနဲ့ အာဏာပိုင်တွေလက်ချက်ဆိုတော့ - သိသိသာသာထိတ်လန့်သွားပါတယ်။ သူ့သား လည်းရပ်ကွက်ထဲမှာမလုံခြုံနိုင်ဘူး။ အချိန်ပြည့်မျက်စိဒေါက်ထောက်စောင့်ကြည့်ခံနေရတဲ့သား ၊ဒါကို သူသိတယ်။ ရပ်ကွက်အာဏာပိုင်တွေနဲ့ ကိုယ့်အိမ်နဲ့က- မဆလခေတ်ကတည်းကခတ်တန်းတန်း၊ ခတ်စိမ်း စိမ်းဖြစ်သွားကြတာ။ ခုလိုနေရာတကာ စွမ်းအားရှင်လိုလို ဘာလိုလိုအာဏာပိုင်မွေး လူတွေ ခေါင်းထောင် လမ်းသလားစပြုတဲ့အချိန်မှာ ဒီစိုးရိမ်စိတ်တွေနဲ့ အမေအိပ်မပျော်တော့ဘူး။

အေးစက်တဲ့ မနက်ခင်း ကော်ဖီဝိုင်းတခု ။ ကိုသက်နိုင်ဦးဆုံးလို့မကြာခင် မှာ တမနက်-ကော်ဖီဝိုင်းမှာပေါ့။ အမေနဲ့ ကျွန်တော်၂ယောက်ထဲ ကော်ဖီသောက်ရင်း အမေ စကားတွေ အများကြီးစပြောပါတယ်။ သူအိပ်မပျော်ကြောင်း။ တိုင်းပြည်က သိသာထင်ရှားကောင်းမွန်တဲ့ဘက်ကို မရောက်ပဲ ပိုဆိုးလာတယ်လို့သူထင်ကြောင်း။ ကျွန်တော့်အတွက် အသက်အန္တရာယ်စိုးရိမ်တဲ့အကြောင်း။ ဗေဒင်အလိုအရ ကျွန်တော့်ကံဇာတာက အဆိုးဂြိုလ်စီးထဲက မထွက်သေးကြောင်း။ဒီတခါ ကျွန်တော်ထောင်ထဲထပ်ဝင်ရရင် ခါတိုင်းလိုသူလာတွေ့ဘို့ သူ့ကျန်းမာရေးအခြေအနေ မပေးတော့ဘူးထင်ကြောင်း။ ဒါအတွက် နေ့တိုင်းစိတ်ဆင်းရဲနေမိကြောင်း။“ အမေမသေခင် သားကို လွတ်လွတ်လပ်လပ်ဘဝနဲ့ မြင်သွားချင်တယ်။ သားအဖေလည်း သူမသေခင် သားကို လွတ်လွတ်လပ်လပ်တွေ့ချင်လိုက်တာ။ တွေ့ခွင့်ရမသွားရှာဘူး။ သား-ထောင်ထဲမှာ ဆိုတဲ့စိတ်နဲ့ ဆုံးတယ်။ မေမေလည်း အဲဒါကို စိုးရိမ်နေတယ်.. ဒီတော့ သား အဝေးကိုထွက်သွားပါ။ သား စိတ်ချရတဲ့နေရာတခုမှာ လွတ်လပ်နေပြီဆိုရင် အဲဒီအသိနဲ့ မေမေစိတ်ချမ်းသာလိမ့်မယ်။ မေမေ…နောက်ဆံမငင်ရပဲ-အသေဖြောင့်ချင်တယ်။ သားကိုမေမေ အဝေးကပဲလွမ်းပါရစေ .ဒီတသက် သားနိုင်ငံရေးကိုစိတ်မပြတ်နိုင်ရင် လွတ်ရာကျွတ်ရာကို အရင်ထွက်သွားပါသားရယ် ”
ဒီလိုပြောဘို့ အမေစကားပုလ္လင်တွေ တော်တော်ချီခဲ့တယ်။ တခါမှ မပြောပြဖူးတဲ့ အတိတ်က ထောင်ဝင်စာအလာမှာ ကြုံရတဲ့ အခက်အခဲတွေ ကောက်ခါငင်ခါ ပါလာတယ်။ သူ သရက်ထောင်ဝင်စာ လာတွေ့တုန်းက ဧရာဝတီမြစ်လယ်ခေါင်ရောက်မှ မုန်တိုင်းမိနေသတဲ့ ။ မြစ်အကူး ရုတ်တရက် ရေလည်ခေါင်မှာ--လေနီကြမ်းမိပြီး- စီးလာတဲ့လှေသမားကအနီးဆုံး သောင်ခုံကိုဝင်ထိုးရတယ်။ မုန်တိုင်းစဲ တဲ့အထိ ခိုခဲ့ရတဲ့အကြောင်း။ အဲဒီအတွေ့အကြုံတွေကနေ ရွှေဘိုထောင်ဘက်ရောက်သွားပြန်ရော။ ရွှေဘိုကအပြန်မှာ မိုးကြီးလေကြီးမိပြီး ငှါးလာတဲ့ကားက ပျက်သွားလို့ လမ်းဘေးကြုံရာအိမ်မှာ ခွင့်တောင်း-ဖြစ်သလို သူ အိပ်ခဲ့ရတာလဲပါလာတယ်။ နောက်ဆုံး သူဘာပြောချင်လဲ ဆိုတာကို ကျွန်တော် သဲသဲကွဲကွဲ သိလိုက်တဲ့အချိန်မှာ အတော်ကြေကွဲသွားပါတယ်။ “ အော် အမေ့......ငါ့ကိုနှင်နေတာပါလား။ အမေကို- ငါ တချိန်လုံး နှိပ်စက်သလိုပါလား ။ ငါပေးတဲ့ဒုက္ခကကြီးတယ်။ ခု ငါ့ကို အဝေးထွက်သွားဘို့ပြောနေပါပေါ့လား ”

အဲဒီတချိန်တည်းမှာ ကိုယ့်ကိုဖိနေတဲ့ အတွေးစတွေက တဖက်မှာ ။ ကိုယ့်ထောင်ထဲက သီချင်းများကိစ္စ။ ကိုယ့်သီချင်းတချို့ အခွေကနေတဆင့် နားထောင်ရတဲ့အကြောင်း စင်္ကာပူရောက်နေတဲ့ သူငယ်ချင်းတချို့ကလှမ်းပြောနေတာ။ ပြည်တွင်းက မိတ်ဆွေတချို့ လည်း လာပြောနေတာ ။ တချို့က သတိပေးသလိုလိုလုပ်သွားတာ ။ လုပ်ဖေါ်ကိုင်ဘက် ကျောင်းတော်ပြန်ဟောင်းတယောက်က... ကျောင်းသားလှုပ်ရှားမှုသမိုင်း....စာအုပ်မှာ ခင်ဗျားဖါသိဖါသာလုပ်နေလိုက်လို့...ခင်ဗျား ခံလိုက်ရတယ်မဟုတ်လားလို့ ထောက်ပြတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်ထုတ်တုန်းက ထုတ်ဝေတဲ့ သမိုင်းပြုစုတဲ့ ကိုအောင်ထွန်းက အရင် အဖမ်းခံသွားရပြီး တလကျော်ကြာပြီးမှ အမှုက ကိုယ့်ဆီ ရောက်ချလာတာ။ ထောက်လှမ်းရေးက လာဖမ်းတော့ သူ့ စာအုပ်တွေအရင်သိမ်း သွားရုံ။ လူကို ပြန်လွှတ်ထားပြီးမှ ထပ်ဖမ်းခံရတာ။ နောက်တဖွဲ့က နောက်တည မှာ လာထပ်ဖမ်း။ ထောင်ချလိုက်တာကို သူငယ်ချင်းက ဆိုလိုတာ။
သားဘာလုပ်ရမလဲ အမေ.. အမေ ပင်ပန်းနေပြီ ဆိုတာသားသိတယ်။ အမေကိုဒုက္ခ္ခလဲ ထပ်မပေးချင်တော့ဘူး။

**ခေါင်းစွပ်ကိုဖင်ခုခဲ့တဲ့ -ထောင်ဝင်စာကာလများ **
ဒီလိုခေတ်မှ ာဒီလိုအမေနဲ့ ဒီလိုသားတွေကြား မေတ္တာ အတိမ်အနက်-အပြန်အလှန် လိမ်ဝှက် သိုသိပ်ခဲ့တာတွေလည်းရှိတယ်ဆိုတာ ဒီခရီးရှည်ကြီးဖြတ်သန်းမှ သိခဲ့ရတာအမေ။ 

တတိယအကြိမ် ထောင် ဝင်တော့ကျွန်တော်တို့ကို ထောင်မှာ-သီးသန့်အကျဉ်းသားဆိုတဲ့ ဝေါဟာရသစ်ထွင်ပြီး စစ်အစိုးရကအခေါ်အဝေါ်ပြောင်းသုံးတယ်။ နိုင်ငံရေးအကျဉ်းသားလို့မသုံးချင်တော့ရှောင်ပြီးသုံးကြတာမျိုး ။ သတင်းတွေမှာဖေါ်ပြဘို့လိုရင် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို ဆူပူနှောက်ယှက်ဖျက်ဆီးလိုသူများလို့သုံးတာပါ့။ အင်းစိန်ကနေ....နယ်ထောင်တွေ-ပို့မပစ်ခင်မှာ ကျယ်ကျယ်ပြန့်ပြန့်နေရတဲ့ အဆောင်ဆိုတာမျိုးနဲ့မထားပဲ ကြပ်ကြပ်တည်းတည်း တိုက်မှာလှောင်ထားတဲ့ပေါ်လစီနဲ့ ထောင်ဝင်စာထွက်ရင် ခေါင်းစွပ်စွပ်၊ ထောင်ဝင်စာခန်းရောက်မှခေါင်းစွပ်ကို ချွတ်ခွင့်ရတဲ့ပေါ်လစီ။

ဒါတွေဟာ သီးသန့် အကျဥ်းသား ဆိုသူ တွေ ကို ကျင့်သုံးလာတဲ့ ပေါ်လစီတွေပဲ ။ ကိုယ်တွေကထောင်ဝင်စာခန်း- အတွင်းခြမ်းမှာအရင်နေရာယူထားရတာ။ ဒီခေါင်းစွပ်ကြီးတွေနဲ့ သားတွေကို အမေတွေများတွေ့သွားရင် စိတ်ဆင်းရဲရှာကြမယ်ဆိုတဲ့အတွေးကြောင့် ခေါင်းစွပ်တွေကို အမေတွေ မမြင်အောင် ကျွန်တော်တို့ ဖင်ခုထိုင်ထားကြတယ်။ ထောင်က ကိုယ်တို့ကိုနေရာချပြီးအဆင် သင့်ဖြစ်တော့မှ- လာတွေ့တဲ့မိသားစုတွေဝင်လာဖို့ သူတို့ဘက်အခြမ်းတံခါးကိုဖွင့်ပေးလိုက်တယ်။ မိသားစုတွေခင်မျာ မနက်စောစောတည်းက ထလာပြီးအပြင်မှာတနေ့လုံးတန်းစီစောင့်နေရတာ။ တခါတလေ ညွှန်ချုပ်၊ထောင်ပိုင်-စတာတွေကထောင်ပတ်စစ်ဆေးနေလို့ဆိုပြီး-နေစောင်းချိန် အထိမိသားစုတွေ ဗူးဝမှာဆီးချုပ်ဝမ်းချုပ်စောင့်ရတဲ့ရက်တွေလည်းရှိသေး။ ကိုယ်ကပြုံးနေတဲ့မျက်နှာနဲ့အမေကိုနှုတ်ဆက်။ အမေနေကောင်းလား သားနေကောင်းတယ်၊အားလုံးအဆင်ပြေတယ်အမေပေါ့။ ဒီလိုပဲနှုတ်ဆက်၊ ယုံတာ မယုံတာ ထား။အမေကလည်း သားရေ..အမေနေကောင်းတယ်။ အဆင်ပြေတယ်။ အပြင်ကလူတွေအတွက်သားဘာမှမပူနဲ့။ သားသာ..နေကောင်းအောင်နေ။ တရားလုပ်ရဲ့လား။ ။ တရားထိုင်ဖြစ်ရဲ့လား။ အဲဒီလို ၁၅မိနစ်တွေ့ချိန်လေးမှာ လူတွေညပ်သတ်နေတဲ့ကြားမှာ အလုအယက်- မြန်မြန်ဆန်ဆန် အပြန်အလှန်-မှာစရာပြောစရာအကုန်လုပ်ရတာ။

တခါမှာတော့ အမေပေးလိုက်တဲ့ထောင်ဝင်စာထုတ်ကြီးဆွဲ၊ တိုက်ကိုအပြန် လမ်းကျမှ ဘယ်သူပြန် စကား စ ပြောမှန်းမမှတ်မိတော့ဘူး။ * ကိုဆိုင်း -ခင်ဗျားအမေထောင်ဝင်စာအလာ- လမ်းမှာဆိုက်ကား မှောက်တယ်ဆို- ခင်ဗျား သိလားတဲ့။ ဒူးတွေပေါင်တွေ ကွဲပြဲပွန်းပဲ့လို့ဆိုပဲ။ ကိုယ်က မသိဘူး။ကြောင်နေတယ်။ အင်းစိန်ကမ်းနားလမ်းမကြီးပေါ်ကနေ ထောင်ဗူးဝရောက်တဲ့အထိက အတော်ဝေးသေးတော့ထောင်ဝင်စာထုတ်သယ်လာရတဲ့မိသားစုတွေက လမ်းမကနေ ဆိုက်ကားတဆင့် ငှါး စီးရသေးတာ။ အဲဒီမှာအမေ-ဆိုက်ကားမှောက်တာ။ အမေတယောက်လဲကွဲပွန်းပဲ့လာခဲ့တာ ကိုယ့်ကိုဘာတခွန်းမှပြောမသွားဘူး။ ထောင်ဝင်စာခန်းမှာ အပြုံးဆင်ပြီး..သားကိုတွေ့သွားတယ်။ ကိုယ်နဲ့ထောင်ဝင်စာအတူတူတွေ့တဲ့သူက သူ့တို့အမေတွေကဆီကတဆင့် သတင်းရ။ ဒါကို သူတို့ က ကိုယ့်ကို တဆင့်ပြန်ဖေါက်သည်ချမှကိုယ်ကသိ။ အဲဒီတော့မှ အော်..အမေ..အမေ သား-သိမှာစိုးလို့ ငါ့ရှေ့ ဖုံးဖုံးဖိဖိလုပ်သွားတယ်ဆိုပြီးနားလည်။ မိဘမေတ္တာဆိုတာ ဒါပါပဲ… တသက်စာ ပါပဲ အမေ။

ထောင်ထဲမှာတော့မမေ့နိုင်တဲ့မိဘမေတ္တာဇာတ်လမ်းတွေအများကြီးကြားရတယ်။ အင်းစိန်ထောင်ကြီးရှေ့-အုတ်ရိုးကြီးတွေအပြင်ဘက်ကနေ..ကျောင်းပိတ်တဲ့ စနေတနင်္ဂနွေလိုနေ့တွေကျရင် လာမျှော်နေတတ်တဲ့ မိခင်တယောက်။ သူ့သား၂ယောက်လုံး‌ ရောက်နေခဲ့တဲ့ ဟို အထဲကို လှမ်းမျှော် ရင်း ငါ့သားလေးတွေရှိလေရဲ့ဆိုပြီးအမြဲလာ လာ ငေးလေ့ ရှိတတ်တဲ့ကျောင်းဆရာမကြီးတယောက်အကြောင်း။ နောက်တခါ သားကိုလာတွေ့ရင်း အင်းစိန်ဈေးလမ်းပေါ်မပေါ်မှာတင် ကားတိုက်လို့ ဆုံးပါးရရှာတဲ့အမေတယောက် အကြောင်း။ထောင်ထဲမှာ သားခြင်ကိုက်နေရှာမှာဆိုပြီး *အမေလည်းအိမ်မှာခြင်ထောင်နဲ့မအိပ်ဘူး*ဆိုတဲ့အမေတယောက်အကြောင်း။ သေဒဏ်ကျနေတဲ့ သူ့သားကို သူ့ကိုယ်တိုင် မပြောရက်လို့ ကျွန်တော်တို့ကိုပဲ တိုးတိုးတိတ်တိတ်မှာသွားရှာတယ်။ ** မင်းတို့သူငယ်ချင်းကို ပြန်ပြောပြလိုက်ပါကွယ် ၊ သူ့အဖေ အရင်အပတ်က ဆုံးသွားပြီဆိုတာကို ** လောင်မြိုက်နေတဲ့ သူ့သောကအပူမီးတွေကို သူ့သားမသိအောင် မြိုသိတ်ဖုံးဖိပြီး အိမ်ပြန်သွားတဲ့ အမေတယောက်အကြောင်း။ ဒါတွေက ကျွန်တော်တို့ဘဝတွေကို အရောင်ရင့်ရင့် ဆေးခြယ်ကြတယ်။

**မေတ္တာ ပိတုန်းစောင့်တဲ့-ကာလများ**
၈၈ဖြစ်နေဆဲ ကာလတခုလုံးကော၊ စစ်တပ်အာဏာသိမ်းအပြီး- ကာလတွေမှာပါ မိခင်ကြီးက ကျွန်တော့်ကို စိုးရိမ်စိတ်နဲ့ဟန့်တာ -တားတာ- ဘာတခုမှဝင်မလုပ်။ သားကိုလက်လျော့ထားပုံမျိုးနဲ့ ။ကျွန်တော်လည်းစစ်တပ်က အာဏာသိမ်းပြီးခါစ အိမ်တွေကို ညညတက်ဖမ်းတဲ့ ညမထွက်ရကာလကြမ်းကြမ်း- တလလောက်ကို -ဟိုအိမ်ဒီအိမ် ဝပ်ကျင်းလုပ်-နောက်ငြိမ်သွားတဲ့ အခါ ကိုယ့်အိမ်ကိုယ်ပြန်အိပ်။ စီးပွါးရေးလုပ်ငန်းရှိရာ မင်္ဂလာဈေးက ဆေးဆိုင်ဖက် ဆီလဲ ပြန်မရောက်တော့ပဲ ဆက်လှုပ်ရှားနေခဲ့ပါတယ်။

 ပါတီတွေအများကြီးထဖွဲ့ကြ။ နအဖကစောင့်ကြည့် လမ်းလွှဲ-ပရိယာယ်အကွက်ကြွယ် အကွက်တွေရွေ့တဲ့ ကာလ၊ ရွေးကောက်ပွဲသွားရေး မသွားရေး ငြင်းခုန်ဆူညံကြတဲ့ ကာလ။ ကိုယ်၌က မြေပေါ် တရားဝင်တာတွေကော၊ မြေအောက်တရားမဝင်တာတွေကော ရောထွေးလှုပ်ရှားနေတဲ့ကာလ ။ ဒီလိုနဲ့ စစ်တပ်အာဏာ သိမ်းပြီး ၁၀လအကြာမှ ာထောင်ထဲရောက်ပါပြီ။ 

မတရားတဲ့အမိန့် အာဏာ ဟူသမျှ- တာဝန်အရ-ဖီဆန်ကြ ကြွေးကြော်သံအောက်- ဟောပြောပွဲတွေလုပ်ခဲ့ လို့ မကြာလိုက်ခင် နဝတ က.. ကွန်မြူနစ် တွေ ဆိုပြီး-တံဆိပ်ကပ်-ဖမ်းလိုက်တာပါပဲ။ အမေနဲ့အဖေကကြိုတင်ခန့်မှန်းပြီးလို့လား၊ မဆလ လက်ထက် ဖမ်းဆီးစဉ်က အတွေ့အကြုံတွေအရလားမသိ- အိန္ဒြေရရပူပန်နိုင်ကြတယ်။ ဝမ်းနည်းပုံသိပ်မပြ။ ၅လအကြာမှာ ထောင်ဝင်စာ လာ တွေ့ကြ ပါတယ်။ 

၉၀ခုနှစ်စက်တင်ဘာလကုန်ခါနီးမှာတော့ ကျွန်တော်တို့ထောင်ထဲကနေ သပိတ်မှောက်ကြတယ်။ ၉၀မေလ ရွေးကောက်ပွဲမှာ -ဒီချုပ်-အပြတ်အသတ်နိုင်သွားတာကိုစစ်တပ်အာဏာမလွှဲတဲ့ကိစ္စ။ ဒါတိုင်းပြည်ကိုအရူးလုပ်တာ။ လူထုဆန္ဒကိုဂရုမစိုက်တာ။ ဒါကိုတတ်နိုင်သလိုဖိအားပေးထောက်ပြရမယ်ဆိုပြီး ထောင်ထဲကနေ ထချကြ တာ။ တာဝန်ကျေခဲ့ချင်တယ်လေ။ အဲဒီတုန်းက အင်းစိန်တိုက်ခန်းတိုက်ဝင်း - တိုက် ၆ တိုက်ရှိတယ်။ တိုက်ခန်းအကုန် လုံး စုစုပေါင်းလိုက်ရင် အကျဉ်းသားပေါင်း ၇၀၀ ကျော်ရှိနေပြီး လူအားလည်းကောင်း၊ တက်တက်ကြွကြွလည်းရှိကြ။ အားလုံးနိုင်ငံရေးနဲ့ဆက်စပ်နေတာမဟုတ်ပေမယ့် ၈၈အရေးအခင်းနဲ့ဆက်စပ်နေကြတာများတယ်- ရာဇဝတ်မှုနဲ့ စွဲထားတဲ့ သေဒဏ်ကျ ကြိုးသမားချည်း စုစုပေါင်းလူ တရာကျော်ရှိနေခဲ့တယ်။ 

သပိတ်မှောက်တဲ့နေ့က-ထောင်ဖွင့်သံချောင်းခေါက်ပြီးတာနဲ့ ကျွန်တော်တို့ကြွေးကြော်သံတွေတိုင်၊ မိန့်ခွန်းတွေချွေကြတာပေါ့။ဘဝရဲ့ အကျဉ်းဆုံးနေရာကနေ အကျယ်ဆုံးအသံနဲ့ စကားပြောခဲ့ဖူးတာအဲဒီမှာပဲ ။ထောက်လှမ်းရေးတွေရောက်နေတာအုတ်ရိုးနားကပ်နားထောင်နေတာ ကိုယ်တွေ မသိ၊ သူတို့ကပါလာတဲ့ လက်ကိုင်ဖုန်းတွေဖွင့် အသံဖမ်းပြီးလူကြီးတွေဆီ တိုက်ရိုက်သတင်းပြန်ပို့နေတာလို့ နောက်မှသိရတယ်။

တိုင်းပြည်အာဏာ- လူထုကို လွှဲပြောင်းရေး---အဓိကကြွေးကြော်ကြတာပါ။ မွန်းတည့်တော့ကျွန်တော်တို့အသံတွေကုန်နေပြီ။ ထောင်သပိတ်က စိတ်လှုပ်ရှားစရာနဲ့- ရီစရာအကွက်တွေလည်းပါတယ်။ ထောင်အာဏာပိုင်တွေကနံရံ လေးဖက်လေးတန်မှ ာလော်စပီကာတွေဆင်ပြီး တွံတေးသိန်းတန်- ကိုတင်လှိုင်သီချင်းတွေနဲ့ အသားကုန်တန်ပြန်ကြတယ်။ စာဥရေ ... ငါအရောက်ပြန်ခဲ့မှာ သီချင်းကို ထပ်တလဲလဲကျော့။ဆုတောင်းတိုင်းသာ-ပြည့်စေချင်ပါသည် ဆိုတဲ့ သီချင်းခွေလဲ ပါ။ နောက်ဆုံးတိုက်ဝင်းထဲကို လုံထိန်းနဲ့စစ်တပ်တွေတပြုံကြီး ဝင်လာပြီး မကြာခင်မှာ တဦးချင်းစီ ခေါ်ထုတ်ရိုက်နှက်ပြီး သပိတ်ကိုဖြိုပါတော့တယ်။

တိုက်၄မှာ ကျွန်တော့်တိုက်ခန်းက ထိပ်ဆုံးခန်းဆိုတော့ အရင်ဆုံးကိုယ်ကခေါ်ထုတ်ခံရတယ်။ အခန်းကထုတ်ထုတ်ချင် းထောက်လှမ်းရေးဗိုလ်ကြီးက ကိုယ့်နံမည်မေးပြီး စထိုးကြိတ်တော့တာပဲ။ နောက်ဝန်ထမ်းတွေကခေါင်းကို ပုဆိုးနဲ့စုချီပြီး လက်ထိပ်နောက်ပြန်ခတ်ခေါ်သွားကြ။ တိုက်ဝင်းကွက်လပ်လို့ထင်ရတဲ့နေရာမှာကိုယ့်ကို တွန်းလှဲမြေကြီးမှာ မှောက်ရက်ကျနေတုန်းမှာ ဘယ်သူတွေ ဘေတယ်တော့ မမြင်တော့ဘူး။ ကျောနဲ့တင်ပါးဆီကို နံပါတ်တုတ်တွေအဆက်မပြတ်ကျနေပါတယ်။ အသားကုန်တွယ်ကြ တော့ အသားနာပြီးအော်နေရတာပေါ့။ အဲဒီမှာမှ တမင်သက်သက်လား၊ တိုက်ဆိုင်တာလား မသိဘူး။ကိုတင်လှိုင်ရဲ့ အမုန်းခွန်အားပေးသနားပါ-သီချင်းကိုကြားနေရတာ အတော် မဆီလျော်တဲ့ကိစ္စပဲ။ တိုက်ဝင်းတခုလုံးမှာရိုက်သံနှက်သံဆဲဆိုသံ။ငယ်သံပါအောင်အော်တဲ့အသံတွေနဲ့ ပွက်လောရိုက်နေခဲ့တဲ့အချိန်တခု။ 

လူအတော်များများကိုထုတ်ရိုက်နေပြီးတဲ့နောက် ကျွန်တော်တို့ကိုနေပူပူမှာ အတော်ကြာ အောင်ပစ်ထားလိုက်ပါတယ် ။ ၂နာရီလောက်များရှိမလားမသိဘူး။ နေကမွန်းလွဲပြီဆိုတော့ခြစ်ခြစ်တောက်နေပူတာ ရေငတ်နေတာ ခံရတယ်။နောက်ဝန်ထမ်းတယောက်လာထူတာ။ ဆွဲခေါ်တာကို သိတယ်။ အကျဉ်းသားတယောက်စီ ကို ဝန်ထမ်းတယောက် တွဲခေါ်ကြပုံရတယ်။မမြင်မကန်းနဲ့ တနေရာရာကိုခေါ်သွားကြတာ။ ခေါင်းကိုပုဆိုးနဲ့ ကြပ်ကြပ်ပတ်ထုတ်ထားတာခံရပြီး လက်ထိပ်နောက်ပြန်ခတ်ထားတာဆိုတော့လမ်းလျှောက်ရအတော်ခက်။ ဝန်ထမ်းသာမတွဲရင် လဲလဲကွဲကွဲလျှောက်ရမယ်။ လျှောက်နေတုန်းလည်းလမ်းမှာတချို့တွေကို တဖုန်းဖုန်း ချနေသံကြားတယ်။ ကိုယ်က ထောင်ဂျိုးကျလာတော့ သွားရတဲ့ ခရီးတာကိုမှန်းကြည့်တာနဲ့ ဒါစစ်ခွေးတိုက်ဖက် ဖြစ်လိမ့်မယ်မှန်းမိတယ်။ တော်တော်ဝေးဝေးလျှောက်ရတာကိုး။ အင်းစိန်မှာပြသနာကြီးကြီးဖြစ်ရင် လူဝေးသူဝေးမှ ာထားနိုင်တာ။ သတင်းအမှောင်ချ၊ တိတ်တဆိတ်နှိပ်ကွပ်လို့ရတာ ဒီနေရာ-စစ်ခွေးတိုက်တခုပဲ။ ထောင် သက်တမ်းတလျောက်-စစ်ခွေးတိုက် လေးခါရောက်ဖူးရတယ်။ ဘယ်လောက်ကြာအောင်ထား- နှိပ်စက်ကြမလဲလို့တွေးပူနေကြတုန်း ညတွင်းချင်းဝန်ထမ်းတွေရောက်လာ။ တိုက်ခန်း အပြင်ကိုထုတ်တယ်။

 ခြေထောက်ကို ခြေကျင်းတွေစ ခတ်တော့ ထောင်ပြောင်းပုံပေါ်တယ် မှန်းဆပျော်သွားကြတယ်။စစ်ခွေးတိုက်မှာကြာကြာထား သူတို့ နှိပ်စက်နေမှာကို ခံမနေချင်ဘူး။မကြာခင်မှာ ထောင်ပုံစံအဝတ်အစားအသစ်တွေလာပေးပြီး ဝတ်ထားတဲ့ပုံစံ အဟောင်းတွေကိုချွတ်သိမ်းတော့သေချာပြီ။ ထောင်ပြောင်းလိမ့်မယ်ဆိုတာ ။ လူအတော်များများရဲ့ဝတ်လက်စ ပုဆိုးအင်္ကျီပုံစံအဟောင်းတွေက သွေးစွန်းနေကြတယ်။ ခေါင်းကွဲတဲ့လူနဲ့တတောင်ပြဲတဲ့လူနဲ့။ ကိုယ်နဲ့တခန်းထဲမှာ ထောင်သပိတ်ထဲပါလာတာက သံလျင်ရေနံချက်စက်ရုံ ဗုန်းခွဲတယ်ဆိုပြီး သေဒဏ်ချထားတဲ့ အင်န်အယ်လ်ဒီလူငယ်ကိုသန်းဇော်။ သူ့တကိုယ်လုံးသွေးတွေလူးနေတယ် ။ သူ့ ခေါင်းကိုရိုက်လို့ကွဲ။ နှာခေါင်းကလည်း အထိုးခံရလို့ယောင်ပြီး သွေးကျနေခဲ့တယ်။ မနက်၃နာရီလောက်ကျတော့ အားလုံးခြေကျင်းခတ်ပြီးပြီ။ မနက်၄နာရီလောက်ကျ ထောင်ဗူးဝရောက်နေကြပြီ။ မကြာခင်အချုပ်ကားအပြာကြီးပေါ်တက်ကြရ တယ်။ ခုမှ အချုပ်ကားအစစ်စီးဖူးတာ ။ကျွန်တော်တို့ကားပြာကြီးကိုရဲကားတွေရှေ့နောက်ညှပ်ခေါ်ထုတ်လာပြီးစက်ကုန်ဖွင့်မောင်းကြတာတနေကုန်။ 

ပထမတော့သာယာဝတီထောင်ပြောင်းထင်တာ ။မဟုတ်ဖူး။ သာယာဝတီမြို့ကျော်လာတယ်။ ပြည်မြို့က ထောင်ကိုခဏဝင်တယ်။ ထမင်းကြွေးတယ်။ ထပ်ထွက်ရတယ် ။ အောင်လံ ကျတော့ မော်တော်နဲ့တဖက်ကမ်းသရက်ကိုကူးရပြီ။ ညနေစောင်းတော့ သရက်ထောင် တိုက်ခန်းတခန်းထဲ ရောက်နေကြ ။ သိသွားပြီ။ တခန်း တယောက်စီထား ။ သရက်ကိုင်းမှာ နားကြတော့မှာ ပေါ့။ 

အားလုံးမှာဒဏ်ရာကိုယ်စီ။ တင်ပါးခြေသလုံးတွေဖူးယောင်နေကြလို့ တချို့လမ်းဖြေးဖြေးပဲ လျှောက်နိုင်တယ်။ ကျောကုန်း-တင်ပါးခြေသလုံးတွေဖူးရောင်ညိုမဲ။ သပြေသီးရောင်ထတယ်ဆိုတာ ဒါမျိုးပြောတာနေမှာ။ တချို့ကျတော့ မီးလောင်သလို အရည်ကြည်ဖုတွေ ထနေတာမျိုးလည်းတွေ့တယ်။ ပြောင်းလာတဲ့လူ၂၀မှာ ရာဇဝတ်မှုနဲ့ သေဒဏ်ကျကြိုးသမားက ၁၀ယောက်။ နိုင်ငံရေးမှုနဲ့က ၁၀ယောက်။ ဆတူတွဲ ပို့လိုက်တာ ။ သင်္ကန်းကျွန်းမြို့နယ် အရေးအခင်း မှာ ခေါင်း၅ခေါင်းဖြတ်တယ်ဆိုတဲ့ ခွေးဘီလူး ခင်မောင်လတ် ဆိုတဲ့အကျဉ်းသားဆိုးပေကြီးလဲ ပါတာပေါ့။ တလလောက်ခြေကျင်းနဲ့။ တိုက်ခန်းထဲက လုံးဝမထွက်ရဘူး။ 

ကိုယ်တွေကတိုက်ပိတ်ထားလေ ကြိုက်လေ။ အဲဒီမှာရုပ်ဒဏ်ရာတွေကိုကုစားချိန်ရတယ်။စိတ်အနားရတယ်။အစားအသောက်တော့ ထည့်တွက်လို့မဖြစ် ဘူး။ အသက်ရှင်ဖို့ စားနေတယ်ပဲ မှတ်ပါတယ်။ ပိုင်ဆိုင်မှုဆိုလို့ ခါးဝတ်ခါးစားအဝတ်တစုံတည်း ပါလာတာ။ 

တလပြည့်ခါနီးမှာ ခေါင်းလာညှပ်။ ခြေကျင်းဖြုတ်ပေး။ကံကောင်းလာပြီပြောရမလား။ ထောင်ပိုင်က အရပ်သား။ သဘောကောင်းပုံပါ။သူက ပင်စင်သွားခါနီးပြီ။ တလအလိုလို့သိရတယ်။ သူ့ကြောင့်ဘာပြသနာမှထပ် တက်ချင်ပုံမရ။ ရောက်ရောက်ချင်းမှာ ကျွန်တော်တို့ ဒဏ်ရာတွေကိုတခေါက် လာကြည့်ပြီ းထပ်နှိပ်စက်တာ ဘာမှမလုပ်ဘူး။ တလကျော်လာတော့ ဒဏ်ရာတွေပျောက်ပြီ။ ခေါင်းကို ပုဆိုးနဲ့ အတုတ်ခံထားရတုန်းက အတော်ဆိုးတယ်။ အသက်ရူမရအောင် လည်ပင်းအစ်နေလို့ပြန်ဖြည်ပေးဘို့ အော်ပြောပေမယ့်လည်ပင်းကိုဆွဲဆောင့်တဲ့ဒဏ်၊ ကြွေးကြော်သံတိုင်ထားတဲ့ ဒဏ်၂ခုပေါင်းပြီး လည်ပင်းအသံအိုးနဲနဲထိခိုက်သွားပုံရတယ်။ လည်ပင်းနာ။ စကားအသံပုံမှန်မထွက်ဖြစ်နေတာ တော်တော်ကြာတယ်။တလကျော်မှပျောက်နေတဲ့အသံ ပုံမှန်ပြန်ပေါ်လာတယ်။

အဲလိုတလအကျော်မှာ မိခင်ကြီး- ညီတော်မောင်ကိုအဖေါ်ပြုလို့ ပထမဆုံးထောင်ဝင်စာလာတယ်။ထောင်ပိုင်က အသစ်ဖြစ်သွားပြီ ၊စစ်တပ်ကလာတာတဲ့။ သူ့ရုံးခန်းမှာ ခေါ်တွေ့ခိုင်းတယ်။ ဘာတွေပြောကြမလဲ၊သူ ကိုယ်တိုင် နားထောင်ချင်ပုံ။ အမေက-တလလုံးသားပျောက်သွားလို့- သားပျောက်လိုက်ရှာတဲ့အကြောင်း။ အပြင်မှာ သေပြီလို့သတင်းဖြစ်ကြောင်း၊ စာရွက်တွေလည်းဝေတယ်ဆိုတဲ့အကြောင်း။ သာယာဝတီနဲ့ အင်းစိန်သွားမေးပေမယ့် ဘာသတင်းမှမရကြောင်း။ အပတ်တိုင်းသွားမေးပေမယ့် ဘယ်သူ့ဆီမှသတင်းမေးမရကြောင်း။ ဘယ်တာဝန်ရှိသူကမှ သတင်းမပေး မပြောကြကြောင်း။ တလကျော်မှ အင်းစိန်ထောင်မှူးတယောက်က သရက်ကိုသွားကြည့်ပါလားဆိုလို့ ရမ်းသမ်း လိုက်လာတာဖြစ်ကြောင်း။နောက်ပြီး ကျောကုန်းကို လှန်ခိုင်းလှည့်ပြခိုင်းပါတယ်။ ခေါင်းကဆံပင်တွေကိုလည်း အသာလှန်ဖွ-စစ်ဆေးပါတယ်။ ပြန်ကာနီး အမေကိုပွေ့ဖက်နှုတ်ဆက်ခွင့်ရတယ်။ ညီငယ်ကလည်းဖက်လှဲတကင်း နှုတ်ဆက်သလိုလုပ်ပြီးမှ- ထောင်ပိုင်အလစ် ကျွန်တော့်လက်ထဲကိုတခုခုထည့်လိုက်တာသိတယ်။သေးသေးလေး။ ဘာမှန်းမသိဘူး။ အသာဆုတ်-ပုဆိုးကြားညပ်-တိုက်ဝင်းဘက်ပြန်လာခဲ့တယ်။ 

တိုက်ခန်းထဲရောက်မှ ကြည့်လိုက်တော့ သစ်သားပိတုန်းရုပ်သေးသေးလေး။ သစ်မာသားနဲ့ထုထားတာ။ နီကျင်ကျင်။ ဒါပေမယ့် ထူးခြားတာ ထုထားတဲ့သစ်သားက-မီးလောင်ထားတဲ့အနာပါတယ်။ မီးကျွမ်းထားတဲ့ အခြမ်းကမဲနေတယ်။ ( နောင် ဗေဒင်နဲ့ အဆောင်တွေ အစီအရင်-ယတြာတွေ နားလည်တဲ့ သူတွေကိုမေးကြည့်တော့ ဒါ သေချာစီရင်ထားတာဖြစ်ကြောင်း။ ကြာသပတေးနံမွေးနေ့ရှင်အတွက်ရည်ရွယ်ကြောင်း။ အသက်ဘေး အန္တရာယ်ကကျော်နင်းအောင်စီရင်တာဖြစ်ကြောင်း။ ပိတောက်( ဒါမှမဟုတ်) ပျဉ်းကတိုးသား နဲ့ လုပ်ထားတဲ့ လှည်း-ပတောင်းကိုယူ-မီးရှို့။ ပိတုန်းရုပ်ထု- နောက် ပိတုန်းရုပ်မှာ-ဝမ်းခေါင်းလေးထွင်း ။ ဝမ်းခေါင်းတွင်းထဲကို ပြဒါးထည့်ပြီးမှ ပဒိုင်းရိုးနဲ့ပြန်ထိုး-ပိတ်ထားတာဖြစ်ကြောင်း။ သိလာတယ်။ တကယ်လည်း ဟုတ်တယ်။ ဘာမသိညာမသိ နဲ့ ကိုယ်က...တချိန်မှာ-စပ်စပ်စုစု- ပိတုန်းဖင်လေးမှာထိုးထားတဲ့ အဖြူရောင်သစ်စလေးကိုဆွဲနှုတ်ကြည့်လိုက်တော့ အတွင်းကပြဒါးတွေ ထွက်ကျလာတာတွေ့တယ်။တိုက်ခန်းသမံသလင်းပေါ်ကျသွားတဲ့ ပြဒါးတွေဆိုတော့ ပြန်ကောက်ထည့်လို့မရတော့ဘူး။ ပိတုန်းခေါင်းပိုင်းမှာ-သစ်သားကွင်းသေးသေးလေးတခု ပါတယ်။ ထုထားတဲ့ပိတုန်းရုပ်လေးကလှတော့ ကျွန်တော် ကြိုးကျစ် ပြီး သစ်သားကွင်းလေးမှာကြိုးကွင်းလုပ်။ လည်ပင်းမှာအမြတ်တနိုးဆွဲထားပါတယ်။ 

အဲဒီတုန်းက-ယတြာတွေကိုသေချာသိလို့ ယုံကြည်လို့ဆွဲတာမျိုးတော့ မဟုတ်ဘူး။ အမေ့အမှတ်တရ။ ချစ်မိခင်က သားအတွက် လုပ်ပေးလာတာဆိုတဲ့ ချစ်ခင်စိတ်သက်သက်နဲ့။ တချိန်မှာ ထောင်ပိုင်က လူလာစစ်တုန်း ကျွန်တော့်လည်ပင်းမှာ ဆွဲထားတဲ့ ပိတုန်းရုပ်လေးကို သတိထားမိသွားတဲ့အခါ စပ်စပ်စုစုမေးပါတော့တယ်။ ကျွန်တော်ကကျန်းမာရေးအတွက်ဆွဲထားတာပြောပေမယ့် သူကဗေဒင်တွေယတြာတွေကိုအရေးတယူရှိပုံရတယ်။ ကျွန်တော် အဆောင်ထားတာကို ကြိုက်ပုံမရ။ သူ သိမ်းလည်း သိမ်းရဲပုံမပေါ်။ သူ သိမ်းလိုက်ရင် သူ့ကိုခိုက်မလား ထင်တဲ့ ပုံ။ အိမ်ကိုသာ အတင်း ပြန်ပို့ခိုင်း ပြန်ထည့် ပေးခိုင်းပါတယ်။ အိမ်ကထောင်ဝင်စာဧည့်တွေ့လာချိန်မှ ာမှတ်မှတ်ရရပြန်ပေးခိုင်းတာနဲ့ ပိတုန်းရုပ်လေး အိမ်ကိုပြန်ပါသွားပါ တော့တယ်။

(အမေ့ကျေးဇူးကို ပြောပြဘို့--- အပိုင်း ၂ ဆက်ရပါဦးမယ်)
မိခင်များနေ့ အတွက် သားသမီးများချစ်ခြင်းမေတ္တာဖြင့် ခွန်ဆိုင်း ( ၃-၁-၂၀၁၅ )

**ပေါက်ပန်းဖြူ-လူတရပ်**
တကယ်ဆို ကျွန်တော် သိသလောက် အမေက ဗေဒင်တွေယကြာတွေ လုပ်လေ့လုပ်ထ ရှိတဲ့လူမဟုတ်ပါဘူး။ သူ့သားထောင်ကျမှ လုပ်တတ်သလိုလျှောက်လုပ်လာတာပါ။ အဖွားရှိတုန်းကတော့ တောကသူ့အိမ်ခြံလေးထဲ နန်ကရိုဏ်းမယ် ကိုးထားတာ မှတ်မိတယ်။ ကလေးပီပီအဖွား နတ်ကွန်းသွား၊ အင်တုံလေးထဲက- ကနဖေါ့စိုစိုစိမ်းစိမ်းလေးတွေ ဆိတ်လိုက်-ဖဲ့လိုက်လုပ် ။ အဖွားကမြင်ရင်အော်ပေါ့။ သူ့အိမ်ပေါ်နတ်ရုပ်တွေ နတ်မြင်းတွေဆိုတာ ကျွန်တော့်ကစားစရာတွေပါပဲ ။ ကိုးမြို့ရှင်တဲ့။ ဒို့က လယ်တွင်းကိုးခရိုင်အဆက်တွေ -ဆိုလား။ ကိုယ်စိတ်ဝင်စားတာက နတ်မြင်းဖြူ။ အဖွားလစ်ရင် ကြိုးတွေ--သွားသွားဆွဲတယ်။ တခြားလူတွေ သူ့အိမ်လာလို့ အကျီအမဲဝတ်လာရင် အဖွားဗြစ်တောက်ဗြစ်တောက်လုပ်တာမှတ်မိတယ်။ နတ်မကြိုက်ဘူးတဲ့။ ကျွန်တော်သိတ်နားမလည်။ 

အမေကအဖွားလုပ်တာတွေ လိုက်မလုပ်ပါဘူး။ စမ်းချောင်းကို အိမ်ပြောင်းခါစ အိမ်အဟောင်းမှာ အိမ်တွင်းနတ်အုန်းပါလာသေးတယ်။ ဒီလိုပဲဆက်ဆွဲထား။ အိမ်အသစ်ဆောက်တော့ သားသမီးတွေ ကအပြိုင်းအရိုင်းအရွယ်ရောက်လာပြီ။ တယောက်တခန်းစီယူလိုက်ကြတော့ အိမ်တွင်းနတ် အုန်းဆွဲစရာနေရာမရှိတော့။ ဘုရားခန်းမှာလည် းနတ်အုန်းမဆွဲ။ ဒါနဲ့အိမ်တွင်းနတ်အုန်းနေရာ ပျောက်သွားရှာရော။ 

ဒါပေမယ့်စစ်အစိုးရကာလရှည်ကြီးကြောင့် အမေ့ဘုရားခန်းမှ ာယကြာတွေပိုပို များများလာခဲ့တယ် လို့ကျွန်တော်ထင်တာပဲ။ ကျွန်တော်သရက်က ပြန်လာတဲ့အချိန် ကျွန်တော့်ငယ်ငယ်က ဓါတ်ပုံလေး တပုံ-ဘုရားစင်ပေါ်က မှန်ဒေါင့်တခုမှာတင်ထားတာ တွေ့မိပြီ။ ဓါတ်ပုံနားမှာ ရေချမ်းခွက်က တခွက်။ ယကြာပန်းလေးတွေကအစုံ။ သားအတွက် အမေဘာတွေများ ဆုတောင်းနေခဲ့သလဲ။ အမေ့ကို နှိုက်နှိုက်ချွတ်ချွတ်တခါမှမမေးဖြစ်ခဲ့ဘူး။ အမေစိတ်သက်သာရင် ပြီးတာပဲဆိုပြီးဖာသိဖာသာ နေလိုက်မိပါတယ်။ 

ကျွန်တော် ထောင်ထဲကာလတလျောက်လုံးအဝေးကနေ မိခင်ကြီးသားဇောနဲ့ သူနိုင်သမျှ ကျွန်တော်အန္တရာယ်ကင်းဘို့ ကျန်းမာဘို့ ဆိုပြီးကောင်းနိုးရာရာတွေ လျှောက်လုပ်ပါတယ်။ ( ခုတော့ သူ့သားအတွက် အမေ့ကို ဆရာအစုံက တွက်ချက်ပေးထားတဲ့ ယတြာစာရွက်အစုံ တထပ်ကြီးကို ဒီ သားက အမှတ်တရ သိမ်းထားခဲ့ပါပြီ ) ဒီတခေါက်ပဲခူးကိုသွားတဲ့အကြောင်း၊ ဒီတခေါက်ညောင်လေးပင်ကို သွားခဲ့တဲ့အကြောင်း၊….ဘယ်ဆရာတော်ကြီးနဲ့တွေ့ပြီ းဘယ်လိုဖူးခဲ့ကြောင်း။ သားအတွက်ရည်စူး-ဘာတွေလုပ်ခဲ့ကြောင်း၊ဘယ်လို ကုသိုလ်တွေပြုခဲ့ကြောင်း- ဘယ်မှာ- ဘယ်ဆရာက- သားအတွက် ဘယ်လိုဟောလို့ ဘယ်လိုယတြာတွေ ချေခဲ့တဲ့ အကြောင်း....ဧည့်တွေ့လာတဲ့အခါတွေမှ ာပြောပြော ပြပါတယ်။ ကျွန်တော်က-ဟုတ်ကဲ့- အင်း- လိုက်- အသာနားထောင်- အော် ငါ့အတွက်နဲ့ အမေပင်ပန်းလှပါလား - စိတ်ထဲမှာ -ထိခိုက်မိပါတယ်။

သရက်ထောင်ဝင်စာခရီးက မိခင်ကြီးအတွက် နွေရာသီမှာ ဒုက္ခတမျိုး မိုးရာသီမှ ာဒုက္ခတမျိုး .....မရိုး အောင်ပေးပါတယ်။ ကမ်းပေါ်တက်ရတဲ့မော်တော်ဆိပ်တွေက ပုံသေမရှိ။ နွေတမျိုး မိုးတမျိုး ဝေးလိုက်နီးလိုက်ပေါ့။ နွေရေကျချိန် ဆိပ်ခံက နဂိုကမ်းနဲ့ ကွာသွားတယ် ၊ တခါတခါ မြို့နဲ့တမိုင်လောက်ကွာတဲ့နေရာသောင်ပြင်မှာ မော်တော် ကပ်ရသတဲ့။ အဲဒီအခါကျရင် နေပြင်းပြင်းအောက် သောင်ပြင်ပူပူကြဲကြဲကြီးထဲထောင်ဝင်စာထုတ် အလေးအပင်တွေတဖက်နဲ့ သဲသောင်ခုံတွေကို ဖြတ် ရတာပင်ပန်းလှကြောင်း နဲနဲထုတ်ညည်းရှာပါတယ်။ ဧည့်တွေ့ လာချိန်က အချိန်အကန့်အသတ်နဲ့ သတ်မှတ်ချိန် မှီအောင်လာရတာမျိုးဆိုတော့ ဧည့်ချိန်မှီအောင် သရက်ဖက်ကမ်းကူးစရာ- မော်တော်ချိန်အဆင်မသင့်တဲ့အခါမျိုး- ကြုံသလိုလှေကလေး နဲ့ကူးလာရတဲ့ အခေါက် တွေလည်းရှိသတဲ့။ မိုးတွင်း ကမ်းလုံးပြည့်ရေကြီးချိန်ဆို.... အောင်လံ-သရက်-မော်တော်တွေ တောင် ဧရာဝတီမြစ်ကိုအထက် တော်တော်ဆန်ပြီးမှ ဖြတ်ကူးရတာ။ လှေနဲ့ကျ ပိုဆိုးတာပေါ့။

အမေ ငယ်ငယ်ကတည်းက ရေကြောက်တတ်တာကျွန်တော်သိတယ်။ ရေလမ်းခရီးသွားရမှာ သိတ်ကြောက်တတ်- သိတ်ရှောင်တတ် တဲ့အမေ-ခုတော့သားဇောနဲ့မကြောက်နိုင်ရှာဘူး။ လှိုင်းလေတွေကြီးရင်-ရင်တုန်ပန်းတုန်- သံဗုဒ္ဓေကို တွင်တွင်သာရွတ်လာရကြောင်းပြောရှာပါတယ်။ ကျွန်တော်က အမေ့ကိုမညှာနိုင်ခဲ့ပဲ ကိုယ့်ရူးသွတ်မှုနဲ့ ကိုယ်- ကာလရှည်ကြီးကို ဖြတ်သန်းနေခဲ့သူတယောက်။

၉၈ မှာ ရွှေဘိုထောင်ရောက်တော့ အမေ လစဉ် မလာနိုင်ရှာတော့ပါ။ အမေမလာနိုင်တဲ့လမျိုးမှာ ညီတလှည့်၊ ယောက်ဖနဲ့ ညီမကတလှည့်လာပေးပါတယ်။ အဲဒီမှာရာသီဥတုကပြင်း၊ အစားအသောက်ကလည်းအတော်ဆင်းရဲ။ ကျွန်တော့်ကျန်းမာရေးလည်း အတော်ချူချူချာချာဖြစ်လာခဲ့ပါတယ်။ တီဘီမဖြစ်ခင်မှာလေးဖက်နာလိုလို နာတာရှည်အဖျားနဲ့ အဆစ်အမြစ်တွေ ကိုက်ခဲတဲ့ရောဂါအရင်ပေါ်တယ်။ အမေလာတဲ့အခေါက် ဧည့်တွေ့ချိန်တခုမှာ- ကျွန်တော်ကအတော်အားနည်းနေပြီး စကား ပြောရင်အသံတိမ်၊ အသံပြတ်နေတော့အမေ အတော်စိုးရိမ်သွားပုံရတယ်။

 နောက်တခေါက် ထောင်ဝင်စာက- ယောက်ဖတော်ဆရာဝန်အလှည့်။ သူလာတွေ့တော့ ထောင်ဝင်စာထုတ်တွေတဖက်။ တခြားတဖက်မှာက သူ့အရပ်ထက်ရှည်တဲ့သစ်ကိုင်းအရှည်ကြီးတချောင်း ။ ကို့ယို့ကားရား ကိုင်ဝင်လာတာတွေ့ပါတယ်။ ဘာလဲ လို့မေးတော့ ပေါက်ပန်းဖြူပင်ဖြစ်ကြောင်း။ အမေက သေချာမှာလိုက်တာဖြစ်လို့- မှာတဲ့အတိုင်း- သေသေချာချာလိုက်လုပ်ရန်ဖြစ်ကြောင်း ပြောပါတယ်။ ပေါက်ပန်းဖြူကကျွန်တော့်အရပ်နဲ့ဆတူ။ အခက်အလက်ထွင်ပြီးသား။လုံးချောအပင်တပင်ကို အပြတ်ခုတ်လာပုံ။ ယတြာအလိုကတိုက်ခန်းပြန်ရောက်တာနဲ့ အဲဒီအပင်ကိုအပိုင်းပိုင်းခုတ်ထစ်မီးရှို့ရမှာ။အဲဒီမီးမှာကျွန်တော့်အဝတ်တစုံထည့်၊ ပြာကျတဲ့အထိမီးမြိုက်လိုက်ဘို့အမေမှာပါတယ်။ ကျွန်တော် စိတ်အတော်ရှုပ်သွားပါတယ်။ အော် အမေ..အတော်ပူပန်တတ်တာပါလား။ ကိုယ့်မှာ ဒါမျိုးတွေကိုမယုံကြည်သော်လည်းမိခင်ကြီးကိုသနားစိတ်၊စိတ်ချမ်းသာစေချင်သောစိတ်၊ လိမ်မပြောချင်သောစိတ်တို့နဲ့အမေမှာသလို အကုန်လိုက်လုပ်ပါတယ်။

နောင်ပြန်သိရတဲ့အခါ အဲဒီပေါက်ပန်းဖြူတရပ်စာ ထောင်ထဲရောက်ဘို့ ဆိုင်ရာပိုင်ရာထောင်ဝန်ထမ်းတွေကိုငွေအတော်များမျာ းလာဘ်ထိုးရတယ်လို့သိရပါတယ်။ အတော်အဆင်မပြေတဲ့ယတြာပါ။ ပေါက်ပန်းဖြူကိုဘယ်ကရှာလာသလဲ-ယောက်ဖကို ခုထိကျွန်တော်မမေးဖြစ်။ ရန်ကုန်က ရွှေဘိုအထိ သယ်လာတယ်မထင်။ ဒီလို ဘဝမှတ်မှတ်ရရတွေက မိခင်တွေရဲ့ သားသမီးအပေါ်ထား တဲ့ မေတ္တာကို -ထာဝရအမှတ်ရစရာ၊စိတ်ဖြေသိမ့်ရာ၊စိတ်မလုံခြုံဘူးလို့ထင်တဲ့အခါတိုင်းပြန်တွေးရင်စိတ်နားခိုလုံခြုံရာနေရာတခု ဖြစ်စေပါတော့တယ်။

ကျွန်းကုတင် နဲ့ ရှန်သားခြင်ထောင်

ကျွန်တော် သရက်ကအပြန်အမေက * သား အိပ်ခန်းကို သေချာပြန်ပြင်ထားတယ်* လို့ပြောပြပါတယ်။

မောင်နှမမွေးချင်းတွေအားလုံးအသီးသီး အိမ်ထောင်ကျ။ တချို့အိမ်ခွဲ။ အမေမြေးတွေရတဲ့အထိ ကိုယ်ကအိမ်ထောင်မကျတော့ အစစအရာရာ အမေကဂရုစိုက်တုန်း။ **တခြားသားသမီးတွေက သူတို့ကိုဂရုစိုက်မယ့်လူတွေရှိပြီ။ သားမှာကအမေပဲရှိတာ** လို့ မကြာခဏပြောတတ်ပါတယ်။ အသက်၄၀ကျော် တဲ့အထိအိမ်ထောင်မကျတဲ့သားဟာ ကိုယ့် ဖာသာတာဝန်မယူနိုင်သေးတဲ့သားလို့များ အမေမှတ်သလားမသိပါ။ အိမ်အပေါ်ထပ်နောက်ဆုံးအခန်းက သီးသီးသန့်သန့်အဖြစ်ဆုံးနဲ့ လေဝင်လေထွက်အကောင်းဆုံးအခန်းမှာကျွန်တော့်အတွက် တယောက်အိပ်လည်းမက၊ ၂ယောက်အိပ်လည်းမကျတဲ့ ကျွန်းကုတင်သစ်တလုံးဝယ်ဆင်ပေးထားတာတွေ့ပါတယ်။ ကျွန်တော်က ခါးနာတတ်တော့ မွေ့ယာနဲ့မအိပ်နိုင်ဘူး။ အမေသိတယ်။ သင်ဖြူးချောဖျ ာအင်မတန်ကြိုက်တာလည်းသိတယ်။ ခြင်ထောင်ဆိုနိုင်လွန်မကြိုက်။ ရှန်သားမှ အေးတယ်လို့ထင်-ကြိုက်တဲ့သူ။ ရှန်သားက အသားကိုထိရင်-အေးတယ်လို့ အမေ့ကိုပြောဖူးတယ်။ အမေက အဲလိုပြောထားတာတွေကို မှတ်မှတ်သားသားနဲ့အားလုံး စီမံပေးထားရှာတာ။

**အဝေးက ပို့တဲ့မေတ္တာတွေ... သားရတယ်မေမေ **

မြန်မာပြည်ကထွက်ခဲ့ပြီး ထိုင်းဘက်ကမ်းကူးမိပြီးတာနဲ့ အရင်ဆုံးဖုန်းဆက်မိတာ အမေပါ။ အမေ့ကိုကန်တော့ကြောင်း။ စိတ်မပူဘို့အကြောင်း။ အမေ့စိတ်ပူမှာစိုးလို့ ခွင့်မပန်ခဲ့တာကို ခွင့်လွှတ်ဘို့အကြောင်း။အမေနေကောင်းအောင်နေဘို့အကြောင်း။ အမေက ပြန်ပြီးဖုန်းထဲကနေ သူအရမ်းဝမ်းသာကြောင်း။ စိတ်နဲနဲအေးသွားပြီဖြစ်ကြောင်း။ပြန်မလာဘို့အကြောင်း။ ဒါပဲပြောတယ်။ ဥရောပကိုခြေချတော့လည်းကျန်းမာရေးဂရုစိုက်ဘို့ မိသားစုကိုဂရုစိုက်ဘို့သာ အမေပြောပါတယ်။ အခွင့်ရတာနဲ့ ပြန်လာတွေ့မယ်ပြောတိုင်း- ပြန်မလာနဲ့သားလို့ပြောတယ်။  သားကိုဘယ်တော့မှလွမ်းတယ် မပြောဘူး။ ဘာလို့စိတ်ခိုင်ရတာလဲအမေ။

*အမေအသက်ကြီးပြီ။ သေပျော်ပြီ။ သေခြင်းကိုလည်း ဆင်ခြင်ပြီးပြီ။ သားအဆင်ပြေနေရင် အမေဝမ်းသာကြောင်းစိတ်ချမ်းသာကြောင်းပဲ အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော့်မိတ်ဆွေ - အင်္ဂလန်က မြန်မာပြည်ကိုပြန်လည်ခွင့်ရတဲ့အခါ- အမေဆီဝင်တယ်။ အမေလွမ်းလောက်ပြီ။ ကျွန်တော့်ကို တခြား ဘာများမှာလိုက်သေးလဲ မိတ်ဆွေအပြန်မှာမေးတော့ အဲဒီမှာပဲ အဆင်ပြေအောင်နေ။ အမေအားလုံးပြည့်စုံတယ်။ အဆင်ပြေတယ်။ ဘာမှစိတ်မပူဘို့။ ပြန်မလာဘို့သာမှာပါတယ်။ အိမ်ကိုဝင်ထွက်နေတဲ့ မိတ်ဆွေအရင်းအခြာတယောက် ရန်ကုန်က အင်္ဂလန်အလည်လာတဲ့အခိုက်လည်း အမေဘာများမှာလိုက်လဲမေးတော့--ဒီမှာပဲအဆင်ပြေအောင်နေဘို့နဲ့- ပြန်မလာဘို့အကြောင်း မပြောင်းမလဲမှာပါတယ်။ မြန်မာပြည်ကြီးက မပြောင်းလဲသေးဘူးလား.. မေမေ။ သားကိုလွမ်းကြောင်း...တွေ့ချင်ကြောင်းမပါသေးဘူး။

ခုတော့ အမေက အစာပိုက်နဲ့ အိပ်ယာပေါ်မှာဖြစ်နေပြီတဲ့။ ဖုန်းထဲမှာအမေ့အသံက အရမ်းအားနည်းနေတယ်။ အမေအိုကိုခွဲထားခဲ့တာ ၈နှစ်တောင်ရှိပြီဆိုတော့ အမေ ဒီလောက်ပဲတတ်နိုင် တော့မှာပါ။ သားပြန်တွေ့နိုင်ဘို့ ကြိုးစားတာကြာပြီအမေ။ အမေသိမှာမဟုတ်ဘူး။ ဒီတခေါက်သား အိမ်ပြန် ရောက်ခဲ့ရင်အမေ့ဘေးမှာ သားအိပ်ချင်သေးတယ်။ အမေ့ရင်မှာ သားခဏလေးလောက်- ဖွဖွလေး ခေါင်းမှီထားချင်သေးတယ်။

သားအိပ်နေပြီဆိုပြီး အမေလာကြည့်။ ခြင်ထောင်ကိုဖျာအောက် သေချာအောင်လာထိုးပေးတာမျိုးလုပ်ဘို့အမေ့မှာ အားမရှိတော့ဘူးဆိုလည်း ကိစ္စမရှိတော့ပါဘူးအမေရယ်။ အမေ့ခြေအစုံကိုသား နဖူးနဲ့ဦးတိုက် ပြီး... သားနှလုံးအိမ်ကိုကြမ်းပြင်နဲ့အနီးဆုံးမှာချပြီး အမေ့ကို အရိုကျိုးဆုံးကန်တော့ချင်လို့ပြန်လာချင်တာပါမေမေ။

ငယ်ဘဝကပါးစပ်နဲ့ ကိုယ်တိုင်ဝါး။ အမေ့ ကစီဖတ်မှာ- သားသမီးတပြုံတမကြီး လူဖြစ်လာအောင် ကျွေးမွေးပြုစုခဲ့တာတွေကို ပြန်အောက်မေ့ ရင်း အမေ့ကိုထွေးထွေးပွေ့... သားကိုယ်တိုင် အစာပြန်ခွံ့ပေးချင်လို့ပါအမေ။ မေမေကိုယ်တိုင်ဈေးမသွားနိုင်၊ မီးဖိုချောင်မဝင်နိုင်တော့ဘူးဆိုလည်း--- အနည်းဆုံး---ဟဲ့ ဒန့်ဒလွန်သီး ချဉ်ရည်ဟင်းလေးချက်ပါဟဲ့။ မျှစ်ချင်က သားကြိုက်တဲ့ဟင်းပါဟဲ့။ပဲပုတ်စိမ်းကိုဆီနိုင်နိုင်ကြော်ပါဟဲ့-ဆိုပြီး...သားအတွက်သူများတွေကိုသြဇာလုပ်နေတဲ့အသံလေးလောက်နားထောင်ရရင်သားကျေနပ် မှာပါ မေမေ။

သား အုတ်နံရံတွေကိုမှီပြီး အမေ့ကို အောက်မေ့လို့ရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀လောက်က .. ချစ်သောအမေ... ဆိုတဲ့ သီချင်းလေး အမေ့ကိုညည်းပြချင်သေးလို့ပါ။။ အမေ့ဘုရားစင်မှ ာသားဓါတ်ပုံလေးတွေတင်ထားတာရှိ သေးလား။ သားအန္တရာယ်ကင်းစေဘို့ဆိုပြီး၊ သားနားမလည်တဲ့ပန်း. သစ်သီး. ဆီမီးရေချမ်းတွေနဲ့အမေချေလေ့ရှိတဲ့ယတြာလေးတွေကော ရှိနေ သေးလားဆိုတာ (ကျေနပ်စိတ်- ချစ်ခင်စိတ်နဲ့) စစ်ဆေးချင်သေးတယ်အမေ။ သားပြန်လာတဲ့အခါ မေမေ ပေါ့ပေါ့ပါးပါးဖြစ်အောင်၊ပူပန်ကြောင့်ကျနေရတာတွေမဖြစ်ရအောင်-သား ပြောမယ်လေ။

သားတို့ ... လူ ၂၃ ယောက်တိတိကို ထောင်နှစ်ရှည်တွေအပြစ်ရစေ၊ မွန်းကြပ်လှတဲ့အကျဉ်းအကြပ် အုတ်ရိုးထဲအမှုတွဲ စန္ဒယားဆရာတယောက်ရဲ့ အသက်ကို ရုတ်တရက်ဆုံးရှုံးစေ၊ အထင်ကရ ရှေ့နေကြီး ၄ ယောက်လည်း လွှတ်ပေးလို့မကြာခင် ရခဲ့တဲ့ဒဏ်ချက်တွေနဲ့လောကကြီးထဲက အပြီး ကျောခိုင်းသွား စေခဲ့တဲ့ - ကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်ကြီး။ အဲဒီ စာအုပ်ကိုအခုစာရေးသူကိုယ်တိုင်ပြန်ထုတ်ခွင့်ရပြီတဲ့။** စာရေးသူကိုယ်တိုင် သူထောင်က လွတ်လို့ တရားဝင်ပြန်ထုတ်ပြီးပြီ။ လူတွေလည်း စိတ်အေးလက်အေးနဲ့ ဆိုင်တွေမှာဝယ်ဖတ်လို့ ရနေပြီဆိုတဲ့အကြောင်း ပြောချင်သေးတယ်မေမေ။

ညအချိန်နောက်ကျကျ အိမ်ရှေ့မှ ာကားတစီးရပ်။ လူတွေ ဆင်းလာ ။ သားနဲ့တွေ့ချင်လို့ဆိုပြီး သားနံမည်မေးလာတဲ့အခါ ထိတ်ထိတ်ပြာပြာဖြစ်ရတာမျိုးတွေ မလိုတော့ပါဘူးမေမေရယ်။ ဒီနေ့ ဒီအခါ သားသူငယ်ချင်းတွေလည်း လက်ကိုင်ဖုန်းတွေ ကိုင်နိုင်လောက်ပါပြီ။ သူတို့ အိမ်လာလည်မယ်ဆို - လာမလည်ခင် သားဆီ ဖုန်းအရင်ကြိုဆက်ကြမှာပါ။ သားမိတ်ဆွေမဟုတ်- အချိန်မတော်လာတဲ့ဧည့်သည်တွေလည်း ခုတော့သူတို့ ကိုယ်တိုင်ကြုံဖူး။ ခံစားဖူးသွားကြ လို့ သားသမီးချင်း ကိုယ်ချင်းစာစိတ်ရှိလောက်ပါပြီ။

ဆင်းရဲနိမ့်ကျဖြစ်ခဲ့တာတွေကော သက်တောင့်သက်သာရှိခဲ့တာတွေကော -အနိမ့်အမြင့်မျိုးစုံဖြတ်ပြီးတဲ့နောက်- ဘဝမှာရလာတဲ့အသိတရားက တန်ဖိုးနည်းတာ များတာ အဓိကမကျဘူးဆိုတာရယ်။ တခါတလေခန်းနားလှတဲ့ နိုင်ငံတကာဟော်တယ်ကြီးတခုက ဧရာမအခန်းကြီးတခုထဲ သားသားနားနားကုတင်ကြီးပေါ်အိပ်နေရပေမယ့် အိပ်လို့မပျော်တာ။ စိတ် ကျဉ်းကြပ်နေတာ။ တခုခုလိုနေတာ ဖြစ်မိတယ်အမေ။

အရေးကြီးတာက --သားအိပ်ဘို့အမေ တတ်နိုင်သလိုဝယ်ပေးတဲ့ ကျွန်းကုတင်လောက် မကြီးကျယ်လဲ - ရတယ်။ ဘဝမှာတကယ် လိုတာ- သားအိပ်လောက်ပြီဆိုပြီ းအမေတိတ်တိတ်လေး အနားလာကြည့်၊ သားခြင်ထောင်ကိုသာသာ ဖိပေးသွားတယ်ဆိုတဲ့အသိ။ အဲဒီအသိစိတ်နဲ့ နွေးထွေးလုံခြုံတဲ့စိတ်လေး။ နောက်ဆုံးတော့--- မေတ္တာဆိုတာ သွားလေရာရာဆောင်လို့ရတဲ့ ပစ္စည်း။ ကျေနပ်ခြင်းတွေ နဲ့စီးတဲ့-စုန်ရေ။ နှလုံးအိမ်တွေကိုရွှင်လန်းစေတဲ့အငြိမ်းဓါတ်၊ လောကကြီးကိုချစ်ခင်စိတ်နဲ့ စောင့်ရှောက်ပေးတဲ့ တရား။
ဒါတွေကို သင်ကြားနားလည်ခဲ့ပါတယ် ... မေမေရယ်။

မိခင်များနေ့ အတွက် သားသမီးများရဲ့ချစ်ခြင်းမေတ္တာဖြင့်
ခွန်ဆိုင်း ( ၃-၁-၂၀၁၅ )