Breaking News

မင်းကိုနိုင် - ပြုံးပြုံးလေးများဖြစ်နေမလား



မင်းကိုနိုင် - ပြုံးပြုံးလေးများဖြစ်နေမလား

(မြန်မာတိုင်းမ်စ်မှာ ဖော်ပြပြီး)
(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၀


နာမည်ကြီး လူမိုက်တစ်ယောက်ကို ကျွန်တော် တွေ့ဖူးသည်။ သူနာမည်ကြီးပုံက ခပ်ဆန်းဆန်း။ ပြုံးပြုံးလေး လူသတ်လို့တဲ့။

သူသတ်လိုက်တာကလည်း နာမည်ကြီး လူမိုက်တစ်ယောက်ပဲတဲ့။ အဲသလို နာမည်ကြီးလူမိုက်ဆိုတာတွေ ထပ်နေသည့်ဇာတ်လမ်းက ခုလိုစသည်။

မူလက အရပ်ထဲ ဘာမျှမဆန်းသည့် ပုံမှန်လူငယ်တစ်ဦး။ အရပ်ထဲအသုဘအိမ် ဖဲဝိုင်းနားထိုင်ကြည့်မိရာမှ နာမည်ကြီးလူမိုက်က ပိုက်ဆံချေးရာမှစသည်။ လူလည်ကောင် အနိုင်ကျင့်ခံရစော်ကားပြုမူခံရတော့ သူစဉ်းစားသည်တဲ့။ ကိုယ်က လူကောင်သေးသေးရယ်မို့ ပြန်မလုပ်ဝံ့။ သို့နှင့်ပြုံးပြုံးကလေးနေလိုက်သည်။ ဒါပေမဲ့ တစ်ညလုံး အိပ်မရတော့။ အရှက်အတွက် တုံ့ပြန်ရမည်ဟု သူဆုံးဖြတ်လိုက်ပါသတဲ့။
.
နောက်နေ့ ထိုနေရာထပ်ရောက် ၊လူမိုက်ကလည်း ထပ်အနိုင်ကျင့်၊ သူကလည်း ပြုံးပြုံးလေး နှုတ်ဆိတ်တုံ့ပြန်။ ဟိုက အခြားအာရုံရောက်နေချိန်မှာ သူအဆင့်သင့်ယူလာသည့်ဓားက လူမိုက်နှလုံးသား ဘယ်နားရှိသည်ကို တစ်ချက်တည်းနှင့် ရောက်အောင်ရှာတွေ့သွားပြီ။

ပြီးပြီထင်သည့် ဇာတ်လမ်းက ထောင်ထဲရောက်သော် မဆက်မဖြစ်ဆက်ရပြန်ပါသတဲ့။

သူ့အမှုကို ကြားသိပြီးသူ ထောင်ဝါရင့် လူမိုက်တွေကသူ့ကို စောစောစီးစီး ဦးချိုးထားရန်ကြံကြသည်။ လူမိုက်ထုံးစံအတိုင်း လက်ရုံးဗလအားဖြင့် ဝိုင်းဖိသည်။ လူပုံအလယ် ချိုးနှိမ်သည့်နည်းဖြင့် အနိုင်ကျင့်ကြပြန်၏။

သူအရေးပေါ်ဆုံးဖြတ်ရပြန်သည်။ အား အခြေအနေအရ သူပြုံးပြုံးလေးသာ ငြိမ်နေခြင်းဖြင့် တုံ့ပြန်နိုင်သည်။ ပရိသတ်တွေကပွဲကောင်း မကြည့်လိုက်ရ၍ အားမရသလိုသူ့အား ညံ့ရန်ကော၊ ပျော့ရန်ကောဟု မှတ်ချက်ချလိုသည့် မျက်လုံးများကို သူပြုံးပြုံးလေးပဲ တုံ့ပြန်နေရသည်။

ထိုည သူအိပ်မရပြန်။ ဟိုတစ်ခါလိုပင်အတွေးပူတွေ ခေါင်းပူအောင် ဖိစီးခံရပြန်သည်။

သို့နှင့် မကြာမီတစ်ရက်မှာ ဟိုနေ့က သူ့အား အရှက်ခွဲအနိုင်ကျင့်ခဲ့သူနံပါး သူရောက်သည်။

သူ့ပင်ကိုဟန်အတိုင်း တွေ့သမျှ လူတကာကို ခပ်ပြုံးပြုံးနှုတ်ဆက်လျက်။

ခဏအကြာမှာ ဟစ်အော်သံတွေညံ ပွက်သွားပြီး ဝါရင့်စီနီယာ လူမိုက်ကြီး အထိတ်တလန့် ရင်ဝဖိလျက် အရုပ်ကြိုးပြတ် လဲကျပြန်ပြီ။

ပြုံးပြုံးလေးကတော့ သွေးစွန်းဓားကို ဂုဏ်ပြုပန်းစည်းနှယ် ပွေ့ကိုင်လျက် အားလုံးကို ဝင့်ထည်အပြုံးဖြင့် နှုတ်ဆက်ဦးညွတ်ပြနေသေး။

ဒီနေရာမှာ ထောင်ထဲ ဓားဘယ်လိုရသလဲမေးတော့ သူက နောက်လူတွေ အလွယ်ရကုန်မှာစိုးလို့ နည်းလမ်းကို စပ်စုချင်သူတို့အား ငြင်းဆန်သည်။ ထောင်သက်ရင့်သူတွေ (ဝန်ထမ်းအပါအဝင် အကျဉ်းသားတွေ)ကတော့ သိပြီးသား ကိစ္စသာ။

ပြောစရာရှိတာက ဒီကိစ္စမှာ အမှုကြီးမဖြစ်ခဲ့။ ဓားဦးက ဒီတစ်ကြိမ် နှလုံးသားဆီ မရောက်ခဲ့။ သည်တော့ ထောင်အာဏာပိုင်တွေကလည်း နာမည်ပျက်မခံချင်။ ဌာနဆိုင်ရာ အရေးယူခံရမှုတွေကိုလည်း ရင်မဆိုင်ချင်သည်နှင့် နိုင်သမျှ ဖုံးဖိဖျောက်လိုက်သည်။

ပြုံးပြုံးလေးအတွက် ဇာတာတက်ဖို့ဖြစ်လာသည်ဆိုပါတော့။ ထောင်ထဲမှာ မည်သူမျှ မစမ်းဝံ့တော့။ သည်မျှပင်မက တစ်စုံတစ်ယောက်က လုပ်မှား ကိုင်မှားပဲဖြစ်ဖြစ်၊ မဟုတ်မတရားဖြစ်ဖြစ် လုပ်မိတုန်း သူရောက်လာပြီး ပြုံးနေလျှင် ကျောစိမ့်လာသည်။ မလုံမလဲနှင့် ပူဇော်ပသတာတွေပင် ရှိလာသည်ဟု ဆိုပါသည်။

ဖြစ်စဉ်ကို ချုပ်ရလျှင် သူအချိန်တန်တော့ နိုင်ငံတော်လွတ်ငြိမ်းသက်သာ ကြေညာချက်တွေကောင်းမှုဖြင့် ရဲဖက်စခန်းက ပြန်လာသည်။ ဇာတိမြေပြန်ရောက်၏။

လူတွေက သူ့ကို ဟိုတုန်းကလို လျှော့မတွက်ဝံ့တော့။ ထောင်ထဲမှာ အကြီးဆုံး လူမိုက်ကို ထပ်ဖြိုခဲ့သူ၊ ပြုံးပြုံးကလေး ပြန်နှက်ခဲ့သူအဖြစ် ရွံ့သူကရွံ့၊ ဖြုံသူက ဖြုံ။သူပုံကိုလည်း ကြည့်ပါ။

ကုတ်အင်္ကျီအနက်ကြီးကို သုံးရာသီ မချွတ်တမ်းဝတ်စားပြီး လက်က အိတ်ထဲအမြဲထည့်ထားမည်။ ပြီးတော့ တွေ့သမျှလူကို သူ့မူပိုင်အပြုံးဖြင့် အမြဲတုံ့ပြန်နေတာ တွေ့ရပါမည်။

အရပ်ထဲက နောက်ပေါက်လူငယ်တွေ၊ သူ့အကြောင်း ကြားသိထားသူတွေက သူပြုံးပြနှုတ်ဆက်တိုင်း အမလေး အစ်ကိုပြုံးပြရင် ညီလေးကြောက်တယ် မှားတာရှိရင်လည်းပြောပါအစ်ကိုရယ် ဒီလိုတော့ မပြုံးပါနှင့်ဟု တုံ့ပြန်လျှင် သူက အဓိပ္ပာယ် အပြည့်ပါသော အပြုံးဖြင့်သာ တုံ့ပြန်လေ့ရှိပါသတဲ့။

အချို့ဓာတ်သိတွေက ပြောတာရှိသည်။

သူ့စိတ်ကို ကျွန်တော်တို့ သိတယ်ဗျ။ သူအေးဆေးပဲ နေချင်နေပြီ။ ဒါပေမဲ့ ပတ်ဝန်းကျင်ကလူတွေက သူ့ကို ရှိန်ကြောက်နေတော့ သူကလည်း ဒီအတိုင်းဆက်နေနေရတာဟု ကျွန်တော့်အား ကြားဝင်ရှင်းပြကြပါသည်။ အချို့က ထိုအမြင်ကို မသေချာဘူးဟု ငြင်းကြ၏။ သို့နှင့် သူ့ရင်ထဲ ဘာအမှန်ရှိသလဲ ကျွန်တော် ယတိပြတ်မပြောဝံ့ပါ။

ကျွန်တော် ပြောပြချင်သည့် ဖြစ်ရပ်က ခုမှစပါမည်။

တစ်ရက် လူစုလူဝေးရှိနေခိုက် ခေတ်ပေါ်လူမိုက် ဂျူနီယာတစ်ဦးက သူ့အားသွေးထိုးစမ်းသည်။ အကြောင်းသိတွေက ဟန့်တားရင်း အေးဆေးစွာနေပြီဖြစ်သည့်သူအား ရန်မစရန် သတိပေးကြပါ၏။ မအောင်မြင်။ ပိုသာဆိုးတော့သည်။ ဂျူနီယာလူမိုက်က အတင့်ရဲ သထက်ရဲလာပြီး အကုပ်ခံရပြီးသည့်ြ က်ကိုကြောင်ကြီးက ဘယ်ညာ လက်ဖြင့် ပုတ်ကစားသလို နိုင်စားရန်ပြုမူတော့သည်။

ပရိသတ် မျက်လုံးများက ပြုံးပြုံးလေးထံ စုပြုံလာပြီ။
ဟုတ်ပါသည်။ အများထင်သည့်အတိုင်း သူမူပိုင်အပြုံးဖြင့် တုံ့ပြန်နေ ပါ၏။
မှန်ပါသည်။ ထိုည သူအိပ်မပျော်ပြန်ပါ။
လူမိုက်တစ်ယောက်အကြောင်းကတော့ ဒီမှာပြီးပါသည်။

မပြီးသေးသည်က ကျွန်တော့် အတွေးများဖြစ်ပါ၏။ ကျွန်တော်အပါအဝင် ကျွန်တော်တို့ဝန်းကျင်က လူတွေထဲ အများကသတ်မှတ်ခံထားရတာ အမျိုးစုံရှိပါရောလား။

ဒီလူက သိပ်ရီရတာ ၊
ဒီလူကတော့ လုပ်သမျှတလွဲချည်းပဲ၊
ဒီလူက ဒေါသကြီးတယ် သွားမလုပ်နဲ့၊ စသည်စသည် ဇာတ်ရုပ်ကိုယ်စီ။ လူတွေမှတ်ချက်အတိုင်း ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ခံယူလိုက်သူများကို ကြည့်ပါ။

ရီရတယ်ဆိုသူက သူပြောသမျှ ရယ်ကြရအောင် ရှာဖွေရင်း သူတပါး၏ ရိုးသားသော အားနည်းချက်ကို အတုအပလုပ်ပြ ရယ်စရာဖြစ်အောင် ဖန်တီးရင်း တစ်ဖက်သား၏ ဥပဓိ၊ ရုပ်ရည်၊ အသံကအစ အားနည်းချက်ကို ပုံကြီးချဲ့လှောင်ပြောင်သူဖြစ်သွားတာတွေ၊

တချို့ကကိုယ့်ကိုယ်ကိုယ် လုပ်တိုင်းလွဲသူ၊ ကြံတိုင်း ပျက်သူ၊ ယှဉ်တိုင်း ရှုံးနိမ့်သူအဖြစ် အမြဲသရုပ်ဆောင်ရင်း ဇာတ်ရုပ်သေသွားသူတွေ။

အခြားတူရာ နမူနာများစွာကို မိတ်ဆွေကိုယ်တိုင်ထည့်ဖြည့် ဖော်ထုတ်နိုင်ပါသည်။

သူ့ကိုသွားမဖျောင့်ဖျနဲ့ သူက ခေါင်းမာတယ်ဟူသော ဂုဏ်ပုဒ်ကို အမြဲထိန်းချင်သူတွေ။

သူက စိတ်ထားတော့ ကောင်းပါရဲ့ ဒါပေမယ့် နုံ့လွန်းတယ် အားကိုးမရဘူးဟု သတ်မှတ်ခံရသူတွေ။

အားလုံး အားလုံး မှန်ထဲပြန်ကြည့်လျှင် ပြုံးပြုံးကလေးများ ဖြစ်နေသလားဟု။

မင်းကိုနိုင်
02 NOV 2019
မြန်မာတိုင်းမ်နေ့စဉ်