Breaking News

မင်းကိုနိုင် - နောက်ဆုံးညအတွေး

မင်းကိုနိုင် - နောက်ဆုံးညအတွေး

(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၀
(သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)

နှစ်သစ်ကူးမည့်ညရောက်တိုင်း တစ်စုံတစ်ရာအတွေးက ကျွန်တော့်အား လက်တို့ တီးတိုး ပြောသည်။ နောက်ဆုံးညအတွေး တဲ့။ ဒီဇင်ဘာ ၃၁ ရက်ညဆိုတာ လည်း လူတွေအတွက် အထူး သတိပြုမိတာမျိုး မဟုတ်ပါလား။ နှစ်တစ်နှစ်နောက်ဆုံးည။

မနက်ဖြန်ဆို နှစ်သစ်ကူး တော့မည်။ အဟောင်းတွေ စွန့်၊ အသစ်ကို ပြင် ဒီလိုရေရွတ်မိကြ မြဲ။ ဒါနဲ့ပဲ နှစ်သစ်ကူးနှုတ်ခွန်း ဆက်တွေ၊ နှစ်ဟောင်းကို သုံး သပ်တာတွေ တိုးဝှေ့ထွက်လာကြ သည်။

မီဒီယာတစ်ခုက ဆိုလာ သည်။ နှစ်ချုပ်သုံးသပ်ချက်နဲ့ နှစ် သစ်အတွက် အမြင်တဲ့။ ဆက် ပြောရင် သူလိုချင်တာက နိုင်ငံ ရေးရှုထောင့်က သုံးသပ်ချက်တွေ ဖြစ်နေသည်။

ကျွန်တော့်မှာ ရှိတာက နောက်ဆုံးညအတွေးပဲဖြစ်သည်။ နောက်ဆုံးညဆိုတာ နှစ်တစ်နှစ် ပြက္ခဒိန်တစ်ခုအတွက်မှ မဟုတ်။ သင်တန်းကာလနောက်ဆုံးည လည်းဖြစ်နိုင်သည်။ ခရီးရှည်တစ် ခု၏ နောက်ဆုံးညလည်းဖြစ်နိုင် သည်။ မိတ်ဆွေတစ်ယောက်ကို မေးမိသည်။ ဘယ်နောက်ဆုံးည က အလှုပ်ခတ်ဆုံးလဲလို့။

သူက ဖြေသည်။ တက္ကသိုလ် ကျောင်းသားဘ၀ရဲ့ နောက်ဆုံး ညပေါ့တဲ့။ ဟုတ်မည်။ ကြားဖူး သည်။ အပျော်ဆုံးနေ့တွေ ကုန် သည့်ညပေါ့။ သူကလည်း ၀န်ခံ သည်။ ဒါတင်ဘယ်ကမလဲ။ အ လုပ်တာ၀န်တွေ ထမ်းဆောင်ရ တော့မယ်ဆိုပြီး တွေးလန့်တာ လည်းပါသေးတယ်။ အချစ်ရဆုံး အရပ်ကို ထာ၀ရစွန့်ခွာရတော့ မယ်ဆိုတာလည်း ပါတာပေါ့ဟု အဆစ်ဖြည့်ပေးပါ၏။

ဒီမှာ ကျွန်တော်ဖြတ်တွေးမိ သည်။ ပုံမှန်ကျောင်းတက်၊ ဘွဲ့ ယူ၊ ကျောင်းကထွက်ဆိုသူတွေအ တွက်တော့ တက္ကသိုလ်နောက်ဆုံး ညဆိုတာ ကြိုသိသည်။ ဒါပေမဲ့ အချိန်မတန်၊ ကျောင်းမပြီးသေး ဘဲ အုတ်ရိုးထဲရောက်၊ အရွယ် လွန်၊ ခရီးလွန်သွားသူတွေက တော့ မိမိ၏ တက္ကသိုလ်နောက်ဆုံး ညဆိုတာ သိခွင့်တောင်ရလိုက် သည် မဟုတ်။

ဒါကြောင့် တက္ကသိုလ် နောက်ဆုံးညအတွေးကိုလည်း ရ လိုက်သည်မဟုတ်။ နောက်ထပ် ဘာနောက်ဆုံးညတွေ ကျန်ပါ လိမ့်ဟု ရေကြည့်သော် အကျဉ်း သားဘ၀ရဲ့ နောက်ဆုံးညအတွေး ကလည်း မေးစမ်းချင်စရာကောင်း ပါဘိ။ လောကထဲကို ဘယ်လို တောင်ပံ၊ ဘယ်လို၀တ်စုံနှင့် ပြန် ၀င်လာရပါ့။

သည်လိုပဲ ကျောင်းဆရာအို တစ်ယောက်ရဲ့ ဆရာဘဝနောက် ဆုံးညအတွေး၊ မနက်ဖြန်အငြိမ်း စားယူပြီဖြစ်တဲ့ ၀န်ထမ်းဘ၀ နောက်ဆုံးညအတွေး။ များလှပါ ဘိ။

ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံမှုတွေ ဖြစ်ပွားလှ သည့် ဂျပန်နိုင်ငံတွင် လူတစ် ယောက်အလုပ်မှ အငြိမ်းစားယူရ သည့်နေ့ညက ရှေ့ဆုံးမှာရှိပါ သည်တဲ့။ ထိုနောက်ဆုံးညအ တွေးတွေက ရိုက်ချက်ပြင်းပါဘိ။ ဒါကြောင့် သူတို့ဆီမှာ အလုပ်မှ ထာ၀ရနားရမည့်နေ့ကို မိသားစု အပါအ၀င် အသိုင်းအဝုိင်းက ကြို သိအောင် ကြိုးစားကာ တစ် ယောက်တည်း ပြန်တာမျိုးမဖြစ် အောင် ဖေးမကြရသည်တဲ့။ အ လုပ်တာ၀န်ရှိသူဘ၀ နောက်ဆုံး ညအတွေးပါတကား။

အမေရိကန်ပြည်ထောင်စု တွင်တော့ လူငယ်တစ်ယောက် (၂၁) နှစ်ပြည့်သည့်နေ့က ပြဿ နာအများဆုံးနေ့ထဲ ပါနေပြန် သည်။ ဘ၀မှာ ပထမဆုံးအရက် ကိုသောက်ခွင့်ရသည့်နေ့ပေကိုး။ ထိန်းမနိုင် သိမ်းမရတွေဖြစ်ကုန် ကြသည်တဲ့။ အရက်ဆိုင်တွေက လည်း အထူးအရောင်းမြှင့်တင် ကြသည်။ (၂၁)နှစ်ပြည့်သူမွေးနေ့ ရှင်အတွက် အခမဲ့အထူးအစီအ စဉ်တွေ အပြိုင်နှင့် ကြိုကြသည်ပဲ။ ထိုနေ့မတိုင်မီ အရွယ်မရောက်သူ ဘဝနောက်ဆုံးညအတွေးက ဘာ တွေအာသာပြင်းပြခဲ့ပါလိမ့်။

အိပ်ရာ၀င်အတွေးမှာပင် နဖူးပေါ်လက်တင်စဉ်းစားနေကျ ကျွန်တော်တို့သည် ဘ၀၏အ လှည့်အပြောင်း၊ အချိုးအကွေ့ ရောက်တိုင်း နောက်ဆုံးညအ တွေးတွေနှင့် မိတ်ဖွဲ့ဖူးကြပါလိမ့် မည်။

လက်ထပ်သည့်ညဆိုတာ လည်း လွတ်လပ်သူဘ၀၏ နောက်ဆုံးညအတွေး။ ခုနက ပြောသည့် အကျဉ်းသားဘ၀ နောက်ဆုံးညအတွေးနှင့် ယှဉ်နား ထောင်ချင်ပါဘိ။

ဆက်မေးလျှင်လည်း တွေး စရာတွေကျန်ပါ၏။

မိမိစွဲလမ်းဖူးသောအရာ ဥပမာ လူပုဂ္ဂိုလ်၊ အသပြာစည်း စိမ်၊ လက်နက်၊ အာဏာကို မစွန့် မီ နောက်ဆုံးညအတွေး။ အတော် လေးတော့ ၀င်စားဖွယ်ကောင်း လာပြီဟု ထင်ပါသည်။ ဘာပဲဖြစ် ဖြစ် နောက်ဆုံးညအတွေးတွေက တစ်စုံတစ်ရာသော ဝါကျကို ရေး နိုင်မည်ဟုထင်သည်။ နှောင်းလူ တို့အတွက် အကိုးအကားလည်း ရနိုင်သည်။

အလောင်းတော် သိဒ္ဓတ္ထ မင်းသား၏ တောမထွက်မီ လော ကီနောက်ဆုံးညအတွေးက လော ကအလင်းအတွက် မီးခတ်ကြည့် ခြင်းဟု ကျွန်တော်ကဗျာဖွဲ့ချင် သည်။

အသားအရောင်ခွဲခြားမှုကို ဖျက်သိမ်းသည့်ဥပဒေသက်၀င် မည့်မနက်ဖြန်အတွက် ဒီညက ကော။ ထိုနောက်ဆုံးညအတွေး တွေက ကမ္ဘာကြီးကို မိတ်ကပ် မခြယ်ဘဲ ကျက်သရေရှိစေခဲ့သည် မဟုတ်ပါလား။

မနက်ဖြန်လွတ်လပ်ရေးနေ့ ဆိုလျှင်...

ကျွန်ဘ၀ရဲ့ နောက်ဆုံးည အတွေးတွေကကော ဘယ် လောက် စိမ်းစိုရှုခင်းကျယ်မှာပါ လိမ့်။ အကျဉ်းထောင်တံခါး အတွင်းနှင့်အပြင် လေရှူရတာ သည်ပင် မည်မျှကွာကြောင်း ကြုံ ဖူးသူတွေမှသာ သိသည်ပဲ။

ဒီလိုပဲ စစ်ပွဲကြီးရဲ့ နောက် ဆုံးည၊ စနစ်ဆိုးကြီးရဲ့ နောက်ဆုံး ည၊ နောက်ဆုံးညအတွေးတွေကို ဖတ်ကြည့်ချင်သည်။

ဒီလိုနဲ့ ဘ၀၏နောက်ဆုံးည လည်း မရှိချင်ဘဲရှိလာမည်။ ကြို သိခွင့်ရတာ၊ မရတာပဲ ကွာမည် ကိုး။ သိခွင့်ရသူက နည်းနည်း၊ သိ ခွင့်မရသူတွေက များများ။ သိခွင့် ရတော့ကောတဲ့။

ငယ်ငယ်က သင်္ကြန်ပွဲတော် နောက်ဆုံးညဆိုလျှင်တောင် ပူ စပ်ပူလောင်ရှိခဲ့ကြသေးတာဟု ရေရွတ်မိပါသည်။

ကမ္ဘာစစ်ကြီး ပြီးတယ်ဆို တောင်မှ စစ်ကြီးရဲ့နောက်ဆုံးည ကို စစ်ရှုံးနိုင်ငံသားများအတွေးက သနားစဖွယ်ဖြစ်နေပါလိမ့်မည်။

ခရီးရှည်ထွက်လေ့မရှိသူ များဆိုလျှင် အကြိုညများတွင် အိပ်မပျော်တတ်ကြပါ။ ခရီးသစ် အပေါ် လှုပ်ရှားနေမိကြမြဲ။ ခရီး သွားနေကျသူများသာ ကောင်းစွာ အတွေးမများကြတော့။

ဒါကြောင့်လည်း ဓမ္မရိပ်သာ တွေမှာ အသေကျင့်သည်ဟုခေါ် ကြသည်ပဲ။ ဘ၀၏နောက်ဆုံးည အတွေးကို ဘယ်သူတွေတွေးကြ ပါသလဲ။

ဂဠုန်ဆရာစံ၏ နောက်ဆုံး ညအတွေးမျိုး၊ ဂျူးလိယက်ဖူးချစ် ၏ နောက်ဆုံးညအတွေးမျိုး၊ မနက်ကြိုးစင်ဆီလှမ်းရမည့်ညအ တွေးမျိုး၊ ပြီးတော့ ဆိုကရေးတီး ၏ နောက်ဆုံးညအတွေး၊ ဂျော် ဒန်နိုဘရူနို၏ နောက်ဆုံးညအ တွေး ကျွန်တော်တို့ သိခွင့်မရခဲ့ သော်လည်း သူတို့တွေးခွင့်ရခဲ့ကြ ပါသည်။ ကျွန်တော်တို့ မတွေးဖူး ပါက တွေးကြည့်နိုင်ပါလိမ့်မည်။

ခြွေရံစည်းစိမ်အားလုံးကုန် ချိန် ဆေးဆရာပေးခဲ့သည့် သျှိ သျှားသီးတစ်ပိုင်းကိုသာ ပိုင်သည့် တစ်ခါက ဧရာမအင်ပါယာအရှင် အသောကဘုရင်၏ နောက်ဆုံး ညအတွေးကလည်း လောကကြီး ကို တစ်ခုခုပြောပြနိုင်ပါလိမ့်မည်။

လူသတ်မှုအပါအ၀င် ရာဇ သတ်ပုဒ်မစုံနှင့် မနက်ဖြန်သေ ဒဏ်ကျခံရမည့် ကြိုးသမားတို့၏ နောက်ဆုံးညများ၊ အတွေးများ အကြောင်း ကျွန်တော်သိဖူးသမျှ အချိန်ရလျှင် ဝေမျှရေးပြချင်သေး သည်။