Breaking News

ဇင်လင်း - ဖွဲ့စည်းပုံ မပြင်ဆင်နိုင်ပါက ငြိမ်းချမ်းရေးလည်း ရဖွယ်မမြင်



ဇင်လင်း - ဖွဲ့စည်းပုံ မပြင်ဆင်နိုင်ပါက ငြိမ်းချမ်းရေးလည်း ရဖွယ်မမြင်

(မိုးမခ) မတ် ၂၂၊ ၂၀၂၀

မကြာသေးမီက လွှတ်တော်အတွင်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ အပြန်အလှန်ဆွေးနွေးချက်များ၌ ပြည်သူလူထုမျှော်မှန်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးကို လိုလားသူများနှင့် မလိုလားသူများသည် မည်သူတို့ဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။ နဝတ/နအဖ စစ်အစိုးရများခေတ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော် ခေါင်းဆောင်များအား အကာအကွယ်ပေးရန် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်အတွင်း မတ်လ ဆွေးနွေးချက်များက ထင်ရှားစေခဲ့သည်။

ဥပမာအားဖြင့် ဥပဒေနှင့် အာဏာ အလွဲသုံးမှုများ အတွက် နောက်ကြောင်းပြန် အရေးယူခြင်း မလုပ်နိုင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ (ပုဒ်မ ၄၄၅)ကို ထည့်သွင်းထားခဲ့ ခြင်းဖြစ်သည်ကို ယခုအခါတွင် ပြည်သူအများ ပိုမို သဘောပေါက် နားလည်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ကြိုးစားပါက၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကို ထိခိုက်စေလိမ့်မည်ဟု လွှတ်တော်အတွင်း၌ တပ်မတော် နှင့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ က ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်စနစ် ကို တည်ဆောက်နိုင်လိမ့်မည်ဟု ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

NLD နှင့် တိုင်းရင်းသားပါတီတို့မှ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် အဓိကကျသည့် ပုဒ်မ ၄၃၆ (က)၊(ခ) တို့ကို ပြင်ဆင်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်များ၏ မဲကို ဖယ်ထုတ်၍ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော် မဲရလဒ်ဖြင့် ပြင်ဆင်ရန် လွှတ်တော်သို့တင်ပြခဲ့သည်။ ၄၃၆ ကို ပြင်ဆင်ရန် ကြိုးစားလျှင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးထိခိုက်မည်ဟု တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် ဗိုလ်မှူးချုပ် မောင်မောင် က ဆိုခဲ့သည်။ ထို့ကြောင့် တပ်မတော်၏ မဲကို ဖယ်ထုတ်ရန်ကိစ္စမှာ မဖြစ်နိုင်ဟု ၎င်း၏ ပြောကြားချက်ကို ပြည်သူတို့ ကြားသိခဲ့ကြသည်။

အခြေခံဥပဒေ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များအခန်းပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍကို လျှော့ချသည့် အင်န် အယ်လ်ဒီ၏ ပြင်ဆင်ချက်များကို ရွေးကောက်ခံကိုယ်စားလှယ် ၈၄ ရာခိုင်နှုန်းကျော်က ထောက်ခံ သော်လည်း ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပေ။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး တတိယ မြောက်နေ့(မတ်လ ၁၂ ရက်) တွင် ပုဒ်မ ၄၃၆ (က) နှင့် အကျုံးဝင် သော ဆန္ဒမဲလက်မှတ် (၃) ပါ ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခု ကို ပြည် ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၊ ပြင်ဆင်ရန် တင်ပြချက်အားလုံးသည် လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မူလ အတိုင်း ဆက်လက် ရှိမည်ဟု အဖြေထွက်ခဲ့သည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်အခြေအနေ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍသည် လွန်စွာကြီးမား ကျယ်ပြန့်သည်ဟု ရွေးကောက်ခံ အမတ်များက ရှုမြင်ထားပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင် စုလွှတ်တော်၏ အခန်းကဏ္ဍကို တိုးမြှင့်ရန် NLD က ပြင်ဆင်ချက်တင်သွင်းခဲ့ခြင်း ဖြစ် သည်။ သို့သော် ယင်းပြင်ဆင်ချက်များသည် တပ်မတော်သားကိုယ်စားလှယ်များ၏ ထောက်ခံမှု မရရှိ၍ မအောင်မြင်ခဲ့ပေ။

နိုင်ငံတော်သမ္မတက ကာလုံနှင့်ညနှိုင်းပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်ခြင်း၊ ကာလုံအဖွဲ့ဝင် မစုံလင်ပါက တပ်ချုပ်၊ ဒု-တပ်ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် ညှိနှိုင်းကာအရေးပေါ်အခြေအနေ ကြေညာနိုင်ခြင်း၊ အရေး ပေါ် အခြေအနေတွင် တပ်မတော်၏ အကူအညီဖြင့်ဆောင်ရွက်နိုင်ခြင်း နှင့် စစ်အုပ်ချုပ်ရေး ကြေညာနိုင်ခြင်းစသည့် မူလ ပြဋ္ဌာန်းချက်များကို NLD က ပယ်ဖျက်လိုသည်။ ထို့ပြင် NLD ၏ ပြင်ဆင်ချက်များ၌ အရေးပေါ်အခြေအနေကို နိုင်ငံတော် သမ္မတကိုယ်တိုင် ကြေညာပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရန်၊ သမ္မတသည် ကာလုံနှင့် ညှိနှိုင်းမည့်အစား ပြည်ထောင်စု လွှတ်တော်က အတည်ပြုဆုံးဖြတ်သည့် အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်စသည့် အချက်များ ပါဝင်သည်။

မူလ ပြဋ္ဌာန်းချက်များတွင် နိုင်ငံအတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေ အနေပေါ်ပေါက်လျှင် (သို့မဟုတ်) ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိလျှင် နိုင်ငံတော်သမ္မတက ကာလုံ နှင့် ညှိ နှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေကြေညာနိုင်သည်ဟုပါရှိသည်။ အရေးပေါ် အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ပြန် ရောက်ရန် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရေး တပ်မတော်၏ အကူအညီရယူ ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ လိုအပ်ပါက နိုင်ငံတော် သမ္မတသည် စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန် နိုင်ပြီး ယင်းအမိန့်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့်တာဝန်များ သတ်မှတ်ပေးရန် အခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထိုသို့သော ပြဋ္ဌာန်းချက်များကို NLD ပါတီက ပယ်ဖျက်ခြင်း၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်၏ အခန်း ကဏ္ဍကို ထည့်သွင်းပြင်ဆင်ခြင်းများဖြင့် အဆိုပြုခဲ့သည်။ သို့သော် NLD ၏ ပြင်ဆင်ချက် အားလုံး ရှုံးနိမ့်ပြီး (အိုမင်း မစွမ်း) အစား (သက်ကြီးရွယ်အို) ၊ (မသန်မစွမ်း) အစား (မသန်စွမ်း) ဟူသည့် စကားရပ်များ (ပုဒ်မ ၂ ခု) ကိုသာ ပြင်ဆင်နိုင်ခဲ့၍ ကျန်ပုဒ်မများကို ပြင်ဆင်နိုင်ခြင်း မရှိပေ။

ရက်သတ္တ တစ်ပတ်ကြာဆွေးနွေးမှုကို ပြန်လည် သုံးသပ်ကြည့်လျှင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နာမည်ကျော် ပုဒ်မများ ဖြစ်သည့် ပုဒ်မ-၆(စ)၊ ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၁၀၉(ခ)၊ ပုဒ်မ-၂၆၁၊ ပုဒ်-၄၁၀ မှ ၄၃၀-အထိ “အရေး ပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်”များနှင့်အတူ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၌ အလွန်အရေးပါသော ပုဒ်မ-၄၃၆ (က)(ခ) တို့အပါ အဝင် ပုဒ်မအများအပြားကို အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ကြသည်။ ပုဒ်မ-၆(စ)“နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတ်တော် ပါဝင်ရေး” ဆိုသည့်နေရာ၌ ပြည်သူ့ဆန္ဒနှင့် အညီ ပါဝင်ရေး ဆိုသည့် အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် ကော်မတီက ထည့်သွင်းပြင်ဆင်ထားသည်။ ယင်း ပြင်ဆင်ချက်ကို NLD နှင့် တိုင်းရင်းသားပါတီအားလုံးနီးပါးက ထောက်ခံဆွေးနွေးခဲ့ပြီး၊ တပ်မတော်သားကိုယ်စား လှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီ (USDP)-ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြောင်း တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်ရေး ရည်ရွယ်ပြဌာန်းထာသည်ဟု လူသိများသော နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် ပုဒ်မ-၅၉(စ) ပယ်ဖျက်ရေးပြင်ဆင်ချက်ကို NLD နှင့် တိုင်းရင်းသားပါတီ အချို့က ထောက်ခံဆွေးနွေးခဲ့ပြီး၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် USDP ကိုယ်စားလှယ်များ၊ တစညပါတီကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြ သည်။ နောက်ထပ် အရေးကြီး ပုဒ်မတစ်ခုဖြစ်သည့် ပုဒ်မ-၁၀၉ (ခ) “လွှတ်တော်အသီးသီးတွင် တပ်မတော် ကိုယ်စားလှယ် ၂၅% ပါဝင်နေခြင်းကို “လွှတ်‌တော်သက်တမ်း သုံးကြိမ်အတွင်း တဖြည်းဖြည်းချင်း လျှော့ချရေး” ပြင်ဆင်ချက်ကို NLD နှင့် တိုင်းရင်းသားပါတီအားလုံးက ထောက်ခံဆွေးနွေးခဲ့ပြီး၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် USDP ကိုယ်စား လှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြကြောင်း တွေ့မြင်ကြရသည်။

တိုင်းနှင့် ပြည်နယ်များတွင် ဝန်ကြီးချုပ်ခန့်အပ်ရေးကိစ္စနှင့် စပ်လျဉ်း၍ နာမည်ကျော် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို အဆို မူကြမ်း တင်သွင်းခဲ့သူ ဦးသိန်းထွန်းနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ USDP ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မဲအများဆုံး အနိုင်ရပါတီဖြစ်သောကြောင့် ဒီမိုကရေစီနည်းအရဆိုလျှင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည် ရခိုင်အမျိုးသားပါတီကသာ ဖြစ်သင့်သည်ဟု ANP ကိုယ်စားလှယ်များက အလေးထား တင်ပြခဲ့ကြသည်။ အာဏာရပါတီ NLD က လက်ရှိ လွှတ်တော်အသီးသီးတွင် တပ်ကိုယ်စားလှယ် ၂၅% ရှိနေသေး၍ ယခုအချိန်တွင် ပုဒ်မ ၂၆၁ ကို ပြင်ခဲ့မည်ဆိုလျှင် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို တပ်မတော်သားများက ရွေးချယ် ခန့်အပ်သကဲ့သို့ ဖြစ်သွားနိုင်၍ ကန့်ကွက်ခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မများကို ပြင်ဆင်မည် ဟု အာဏာရ NLD ပါတီမှ ဦးထွန်းထွန်းဟိန် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦး တင်သွင်းသည့် မူကြမ်းတွင် "တပ်ကိုယ်စားလှယ်များ လျော့ချရေး၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာလုံ၏ လုပ်ပိုင်ခွင့် လျော့ချရေး" ကိစ္စများကို အဓိက တင်ပြထားသည်ဟု ဆိုသည်။ တပ်မတော်သားများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အားလုံးက တညီတစ်ညွတ် တည်း ပြင်းပြင်းထန် ထန် ကန့်ကွက်ခဲ့သည်ကို တီဗွီ ဖန်သားပြင်မှတစ်ဆင့် ပြည်သူအများ မြင်တွေ့ခဲ့ရသည်။ ယင်းအခြေ အတင် လွှတ်တော်အတွင်း ၇ ရက်ကြာ ဆွေးနွေး ချက်များကို ၂၀၂၀ မတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ လျှို့ဝှက် ဆန္ဒမဲဖြင့် ဆုံးဖြတ်ခဲ့သည်။ မဲဆန္ဒရှင် ပြည်သူများကိုယ်စား ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ်များ မဲပေးခဲ့ကြ သော်လည်း ဖွဲ့စည်းပုံ၏ ၄၃၆ ပေးထားချက် အရ လိုချင်သည့် ရလဒ်မထွက်ခဲ့ပါ။ ထောက်ခံမှု ပမာဏမှာ ကျေနပ်ဖွယ်ဖြစ် သည်။ မဲပေါင်း ၆၀ဝ ကျော်အနက် ၄၀ဝ ကျော်ရရှိခဲ့သည်။ ပုဒ်မ ၁၄ ခုအနက် အရေးမပါသည့် ပုဒ်မ၂ ခုသာ ပြင်နိုင်သည်။ ကျန်အရေးပါသော ပုဒ်မများ ပြင်ခွင့် မရပါ။ မဲအရေအတွက် ၇၅%မကျော်သဖြင့် မူလအတိုင်းထားရှိရန်ဟုသာ အဖြေထွက် ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၌ ဆန္ဒမဲပေးခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦး ရှိသည့်အနက် ရွေးကောက်ခံ ကိုယ် စားလှယ် ၂၁ ဦး ခွင့်ယူသဖြင့် ၆၃၃ ဦး တက်ရောက်ခဲ့သည်။ တပ်မတော်သား ကိုယ်စားလှယ်များ ခွင့်ယူခြင်းမရှိဘဲ ၁၆၆ ဦးစလုံးအပြည့် တက်ရောက်သည်။ ထို့ကြောင့် လာရောက်ဆန္ဒမဲပေးသည့် ရွေးကောက်ခံအမတ်များအနက် NLD ၏ ပြင်ဆင်ချက်များကို အနည်းဆုံး ၈၇ ဒဿမ ၇၉ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြသည်ဟု ဆိုနိုင်သည်။ ရွေးကောက်ခံ ပြည်ခိုင်ဖြိုး အမတ် ၄၀ ဦး ကို ထည့်မတွက်ပါက NLD ၏ ပြင်ဆင်ချက်များကို ရွေးကောက်ခံ အမတ် အနည်းဆုံး ၉၅ ဒဿမ ၃၅ ရာခိုင်နှုန်းက ထောက်ခံဆန္ဒမဲပေးဟု ဆိုနိုင်သည်။

မည်သို့ဆိုစေ လွှတ်တော်အတွင်းမှ ပေါ်ထွက်ခဲ့သော ရလဒ်များကြောင့် ပြည်သူလူထုအနေဖြင့် ဝမ်းနည်းဝမ်းသာ ဖြစ်စရာ မလိုဟု ယူဆသည်။ လွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးပြောဆိုချက်များကို ကြားခဲ့ကြရပြီဖြစ်၍ မည်သူတို့သည် ဒီမိုကရေစီဘက်ကဖြစ်၍၊ မည်သူတို့ သည် အာဏာရှင်ဂိုဏ်းသားများဖြစ်ကြောင်း သိခဲ့ရခြင်းမှာ အမြတ်ဟု ဆိုနိုင်သည်။ ထိုသို့အမြတ်ထွက်ခဲ့သည့် အချက်အလက်များကို သင်္ခန်းစာယူ၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်မည့် ကိုယ်စားလှယ်များကို ရွေးချယ်၍ ဆန္ဒမဲ ပေးနိုင်မည့် အခွင့်အရေးတစ်ရပ်ကို ပြည်သူအများ ရရှိခဲ့ကြ သည်ဟု ဆိုရမည်။

ဆိုရှယ်မီဒီယာပေါ်မှ ဝေဖန်သုံးသပ်ချက်များတွင် အတိုက်အခံအုပ်စုများဘက်က ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မအချို့ကို ပင် ပြင်ဆင်ရန် ပူးပေါင်းဆောင်ရွက်မှု မပြသသောကြောင့် တိုင်းရင်းသားပြည်သူလူထုအများစု၏ ဆန္ဒဖြစ်သော ဖက်ဒရယ် ရည်မှန်းချက်သည်ပင်လျှင် မှေးမှိန်သွားသည်ဟု ဆိုကြသည်။ ထို့ပြင် ပြည်သူတို့၏ စိုးရိမ်ချက်မှာ အရပ်ဖက်နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ပါဝင်စွက်ဖက်မှု သက်ဆိုးရှည်နေမည့်ကိစ္စဖြစ် သည်။ သို့တိုင်အောင် ပြည်သူလူထုသည် နိုင်ငံရေးအတွေ့အကြုံအတော်ပင် ရင့်ကျက်လာသည့်အလျောက် အခွင့်ထူးခံ အရာရှိကြီးများနှင့် အောက်ခြေတပ်ဗိုလ်တပ်သားများတို့၏ ဘဝအခြေအနေကွာခြားမှုကို စာနာနားလည်ကြသည်။ ပြည်သူတို့ဆန့်ကျင်ကြသည်မှာ ဗိုလ်ချုပ်မည်သူမည်ဝါ စသူတို့ကို မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေး စနစ်အစဉ်အလာတို့ကိုသာ မလိုလား မနှစ်မြို့ခြင်း ဖြစ်သည်။ ဤသို့ ဖြစ်လာရသည်မှာလည်း နှစ်ပေါင်းငါးဆယ်ကျော် စစ်အစိုးရအဆက်ဆက်အောက်၌ နေခဲ့ရသော ဘဝအတွေ့အကြုံသင်္ခန်းစားများကြောင့် ဖြစ်သည်။

စစ်အစိုးရအုပ်ချုပ်မှုကြောင့် ပြည်သူတို့ဘဝ ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာသွားသည်ဆိုသော နိုင်ငံမျိုး ကမ္ဘာပေါ်တွင် မပေါ်ပေါက်ဖူးသေးပါ။ စစ်အစိုးရအုပ်ချုပ်သောကြောင့် အကျင့်ပျက်ခြစားမှု၊ တရားဥပဒေ၏ အထက်၌ နေခွင့်ရ လူတန်း စား တစ်ရပ်ပေါ်ထွန်းလာမှု၊ တိုင်းပြည်၏ သယံဇာတများ အလွဲသုံးစားလုပ်ခြင်းခံရသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ မူယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု ကြီးထွားခွင့်ရနေသဖြင့် တိုင်းပြည်၏ လူငယ်လူရွယ် လူသားသယံဇာတများ လေလွင့် ဆုံးရှုံးမှု၊ ပြည်တွင်းစစ်ကို စီးပွားရေးလုပ်ငန်းတစ်ခုသဖွယ် ဖန်တီးခံရမှု၊ ငြိမ်းချမ်းရေးကို မက်လုံးတစ်ခုအဖြစ်သာ ဖန်တီး ခံရမှု၊ မြေသိမ်းယာသိမ်း အလွန်အကျွံလုပ်သဖြင့် လယ်သမားယာသမားများ အလုပ်လက်မဲ့ ဖြစ်မှု၊ စက်ရုံအလုပ်ရုံ များ၌ အလုပ်သမားတို့အတွက် ဘဝအာမခံချက်များမပေးသဖြင့် စီးပွားရေးမတည်ငြိမ်မှု၊ လူကုန်ကူးလုပ်ငန်းကြီးမားကျယ်ပြန့် လာမှု၊ စသည်တို့ကို ဖြစ်ပေါ်စေကြောင်း ယေဘုယျတွေ့ရသည်။ အရင်းခံအားဖြင့် စစ်အစိုးရအုပ်ချုပ်ရေးစနစ် ပေါ်ပေါက် သည့် နိုင်ငံအသီးသီးတွင် နိုင်ငံရေး စီးပွားရေး လူမှုရေး ဆိုးသွမ်းသံသရာလည်ကြရပေသည်။

၂၀၁၈ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ‘စိတ်ကူးစံထဲက ဖက်ဒရယ် ပြည်ထောင်စု ပုံစံ’ အကြောင်း ရှင်းပြခဲ့ဖူးသည်။ “ကျွန်မတို့ ဖက်ဒရယ် အိပ်မက်ကို ဘယ်လိုအကောင်အထည်ဖေါ်ကြမှာလဲ ဆိုတာကို လက်တွေ့ကျကျ စဉ်းစားဖို့ လိုပါတယ်။ စိတ်ကူးစံပြု ဖက်ဒရယ်အိပ်မက်က တဖက်မှာ ရှိနေပြီး၊ ဒီကနေ့ ၂၀ဝ၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေရဲ့ အရှိတရားကလည်း တဖက်မှာ ရှိနေပါတယ်။ ဒီနှစ်ခုအကြားမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းခံတွေကို တစ်ခုချင်း ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မယ်ဆိုရင် ဖြစ်နိုင်ခြေလည်း ရှိတယ်။ လက်တွေ့လည်းကျတယ်။ အကောင်အထည်ဖေါ်ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့် အခြေအနေတရပ်ကို ကျွန်မတို့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ဖူးသည်။

အနှစ်ချုပ်သုံးသပ်ရလျှင် ယနေ့မြန်မာနိုင်ငံ၌ စစ်ပွဲများ ရပ်စဲ၍ မရဘဲ ဖြစ်နေရခြင်းမှာ နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် စစ်ရေးအမြင်ဖြင့် ချဉ်းကပ်ဖြေရှင်းရန် ကြိုးပမ်းနေသောကြောင့် ဖြစ်သည်။ ယနေ့တိုင် ငြိမ်းချမ်းရေး မရနိုင်ဘဲ ဖြစ်နေရခြင်း မှာ ငြိမ်းချမ်းရေးအဖြေရှာကြရာတွင် သယံဇာတအကျိုးအမြတ်လက်ဝါးကြီးအုပ်လိုမှုနှင့် နယ်မြေချဲ့ထွင်ပိုင်ဆိုင်လိုမှုတို့ကို ရှေ့တန်းတင်၍ စီးပွားရေး အင်ပါရာထူထောင်လိုသော လောဘများကြောင့် ဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီကို လက်မခံ နိုင် ဖြစ်နေကြခြင်းမှာ အထက်၌ဆိုခဲ့သော ဝိသမလောဘများကြောင့်ဟု ဆိုလျှင် မမှားနိုင်ပေ။

အကယ်၍သာ တပ်မတော် နှင့် အတိုက်အခံ ကိုယ်စားလှယ်များအနေဖြင့် ပြည်သူကို မျက်နှာမူ၍ သတ္တိရှိရှိ ဆုံးဖြတ်ခဲ့ကြ မည်ဆိုလျှင် ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၌ ဒီမိုကရေစီဘက်က အမြင်များကို ညှိနှိုင်း လက်ခံနိုင်ကြဖွယ် ရှိသည်။

သို့သော် လွှတ်တော်အတွင်းမှ နောက် ဆုံး ထွက်ပေါ်လာသော ရလဒ်များအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် တိုင်းရင်းသားပြည်သူအများစု လက်မခံနိုင်သော ၂၀ဝ၈ ဖွဲစည်းပုံအခြေခံ ဥပဒေကို တရားသေဖက်တွယ်နေသူများကြောင့် နိုင်ငံရေးပဋိပက္ခများ ဆက်ဖြစ် ပွားနေလိမ့်ဦးမည်။ အကျိုးဆက်အဖြစ် ပြည်တွင်းစစ် သက်ဆိုးရှည်ဖွယ်ရှိနေသည်။ ထို့ပြင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံ၏ ဦးတည်ချက်မှာလည်း အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်နေသည့်အလျောက် ၂၀ဝ၈ ဖွဲစည်းပုံကို ခုခံကာကွယ်သူများရှိနေသမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည်လည်း သဲထဲရေသွန် အရာမထင် ဖြစ်နေဦးမည်ဟု သုံးသပ်မိသည်။