Breaking News

မောင်လူပေ - ကိုရိုနာ တောင်ထိပ်ရောက်ပြီလား (၆။၄။၂၀၂၀)



မောင်လူပေ - ကိုရိုနာ တောင်ထိပ်ရောက်ပြီလား (၆။၄။၂၀၂၀)

(မိုးမခ) ဧပြီ ၇၊ ၂၀၂၀

ရောဂါကူးစက်ခံထားရတဲ့ အင်္ဂလန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ တနင်္ဂနွေနေ့မှာထဲက ဆေးရုံတက်ပြီးကုသနေပေမဲ့ မသက်သာတဲ့အတွက် ICU အထူးကြပ်မတ်ခန်းကို ပို့ထားရတယ်။

အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူ တစ်သောင်းကျော်သွားသလို ကူးစက်ခံလည်း သုံးသိန်းခွဲကျော် ပါတယ်။

ကူးစက်မှုအများဆုံးဖြစ်တဲ့ နယူးယောက်ပြည်နယ်ကို ဧပြီလကုန်ခါနီးအထိ ပိတ်ထားမယ်လို့ ကြေညာပါတယ်။ သေဆုံးသူ လေးထောင့်ခုနှစ်ရာကျော်သွားပြီ။ တစ်နိုင်ငံလုံးသေဆုံးမှုရဲ့ ထက်ဝက်နီးပါးရှိတယ်။ ICU တင်ရတဲ့ လူနာဦးရေ ပထမဆုံးအကြိမ် ကျဆင်းလာလို့ နယူးယောက်ရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီလို့ ယူဆကြတယ်။

အမေရိကန်ပြည်ထောင်စုမှာ လာမဲ့သီတင်းပတ်တွေဟာ ပုလဲဆိပ်ကမ်းဗုန်းကျဲခံခဲ့ရသလို၊ 9/11 အကြမ်းဖက်ခံခဲ့ရသလို အဖြစ်မျိုးနဲ့ တူလိမ့်မယ်လို့ မှန်းထားတဲ့အတွက် အားလုံးက သတိကြီးစွာထား၍ ပြင်ဆင်ထားကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်အတွက် မှာယူထားတဲ့ အသက်ရှူစက်ငါးရာကို လိုအပ်နေတဲ့နေရာမှာသုံးဖို့ ဗဟိုအစိုးရစာရင်းထဲ ပြန်ပေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ထင်သလောက် ဆိုးရွားမှုမရှိခဲ့လို့ဖြစ်တယ်။




ရောဂါဗဟိုချက်ဖြစ်နေတဲ့ ဥရောပမှာ သေနှုန်းမြင့်နေဆဲဖြစ်ပေမဲ့ ကူးစက်နှုန်းလျှော့လာနေတယ်။ သေဆုံးမှုမှာ အီတလီက သောင်းခြောက်ထောင်ကျော်၊ စပိန်က သောင်းသုံးထောင်ကျော်၊ အမေရိကန်ပြည်ထောင်စုက တစ်သောင်းကျော်၊ ပြင်သစ်က ကိုးထောင်နီးပါး၊ အင်္ဂလန်က ငါးထောင်ကျော်၊ အီရန် သုံးထောင့်ရှစ်ရာနီးပါး နဲ့ အစဉ်လိုက် ရပ်တည်နေတယ်။ အဲဒီနိုင်ငံတွေရဲ့ သေဆုံးမှုဟာ တရုတ်ပြည်ထက် များစွာ သာလွန်နေသော နိုင်ငံများ ဖြစ်ကြတယ်။ ( တရုတ်ရဲ့ တရားဝင် သေဆုံးစာရင်းဟာ သုံးထောင့်သုံးရာကျော်ပါ။)

ရိုလာကိုစတာလို အတက်အကျကြမ်းနေတဲ့ စတော့စျေးကွက်လည်း ဒီနေ့အတက်နဲ့စျေးပိတ်ခဲ့တယ်။ Dow Jones အညွှန်းကိန်းအမှတ် ၁၂၀၀ကျော် ပြန်တက်လာတယ်။

အာရှမှာ အစောဆုံးကူးစက်ခဲ့ပေမဲ့ ထိန်းနိုင်ခဲ့တယ်လို့ နာမည်ရခဲ့တဲ့ ဂျပန်မှာလည်း တိုကျိုအပါအဝင် ဒေသကြီးခြောက်ခုမှာ အရေးပေါ်အခြေအနေကြေညာမယ်လို့ သိရတယ်။ ကူးစက်ခံ သုံးထောင့်ငါးရာကျော်ထဲက တစ်ထောင်ကျော်ဟာ တိုကျိုမြို့ကဖြစ်တယ်။

ကျွန်းနိုင်ငံငယ်လေး စင်္ကာပူမှာလည်း ကူးစက်ခံရသူ(၆၆)ဦးထပ်တိုးလာလို့(၁၃၇၅)ဦးအထိ ရှိလာနေပြီ။ တစ်ဦးသာ နိုင်ငံခြားကဝင်လာတာဖြစ်ပြီး ကျန်တာတွေက ရပ်ရွာကူးစက်မှုဖြစ်တယ်။ အဲဒီထဲက (၃၅)ဦးဟာ စုပေါင်းနေထိုင်ရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဖြစ်တယ်။ ဒါကြောင့် အလုပ်သမားနှစ်သောင်းခန့်ကို ခန်းမကျယ်ကြီးနှစ်ခုမှာ သီးခြားထားရှိမယ်လို့ သိရတယ်။ အလုပ်သမားအများစုက ဘင်္ဂလားဒေ့ချ်အပါအဝင် တောင်အာရှဒေသက ဖြစ်ကြတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းမှာလည်း နိုင်ငံခြားခရီးသည်တင်လေယာဉ်အားလုံး ဆိုက်ကပ်ခွင့်ပိတ်ထားခြင်းကို ဧပြီလ(၁၈)ရက်နေ့အထိ သက်တမ်းတိုးကြောင်းကြေညာပြီး ပိုမိုတင်းကျပ်လိုက်တယ်။ ထိုင်းမှာ ကူးစက်ခံ(၂၂၀၀)နဲ့သေဆုံး(၂၆)ဦးရှိပြီ။

ဖိလစ်ပိုင်မှာ ကူးစက်ခံလေးရာကျော်တိုးလာပြီး (၃၆၆၀)ဦးအထိရှိလာသလို (၁၆၃)ဦးသေဆုံးခဲ့တယ်။ (ဖိလစ်ပိုင်မှာ တားမြစ်ချက်များမလိုက်နာသူကို ပစ်မိန့်ပေးထားတယ်။)

အင်ဒိုနီးရှားမှာလည်း ကူးစက်ခံနှစ်ရကျော်အထိ အမြင့်ဆုံးကူးစက်ခဲ့တဲ့အတွက် နှစ်ထောင့်ငါးရာနီးပါးရှိလာတယ်။ (၁၁)ဦးသေဆုံးခဲ့ပြီ။

ရောဂါစတင်ခဲ့ရာ တရုတ်ပြည်မှာလည်း နိုင်ငံခြားကနေကုန်းလမ်း၊ လေကြောင်းလမ်းများမှ ရောဂါပိုး ပြန်လည်တင်ပို့လာမှုတွေ တိုးလာနေတယ်လို့ ကြေညာတယ်။ နိုင်ငံခြားက ပြန်ရောက်လာတဲ့ တရုတ်လူမျိုး (၃၈)ဦးက ရောဂါပိုးကို ပြန်လည်တင်သွင်းခဲ့တာ တွေ့ရပြီး (၂၀)ဦးက ရုရှားကနေ ကုန်းလမ်းနဲ့ပြန်လာသူတွေဖြစ်ကြတယ်။ နိုင်ငံတွင်း ကူးစက်မှုကို ထိမ်းချုပ်နိုင်ပြီဖြစ်လို့ ထိန်းချုပ်မှုတွေ လျှော့လိုက်ပြီဖြစ်တယ်။ စက်ရုံတွေ ပြန်ဖွင့်နေကြပြီ။

ကမ္ဘာကြီးမှာ တစ်သန်းသုံးသိန်းသုံးသောင်းခန့်ကူးစက်ခံရပြီး ခုနှစ်သောင်းလေးထောင်ခန့်သေဆုံးခဲ့ပြီ။ ကူးစက်ခံလေးဦးမှာ တစ်ဦးက အမေရိကန်ပြည်ထောင်စုမှ ဖြစ်တယ်။

မြန်မာပြည်မှာ နိုင်ငံခြားပြန်တစ်ဦးစာရင်းတိုးလို့(၂၂)ဦးအထိ ကူးစက်သူတွေ့ရှိပါတယ်။

ဂရုစိုက်ကြပါ။