Breaking News

နေသွင်ညိဏ်း - ကိုရိုနာ ကပ်ဘေးနှင့် နိုင်ငံတွေရဲ့ ခံနိုင်ရည် (ဖရန့်စစ် ဖူကူယားမား)


ကိုရိုနာ ကပ်ဘေးနှင့် နိုင်ငံတွေရဲ့ ခံနိုင်ရည် (ဖရန့်စစ် ဖူကူယားမား)
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၆၊ ၂၀၂၀

အကြပ်အတည်းကာလမှာ အစိုးရတွေရဲ့ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်းဆိုတာ အာဏာရှင်အစိုးရတွေမို့လို၊ ဒီမိုကရေစီ အစိုးရတွေမို့လို့ဆိုတာမျိုးခွဲခြားတာက အဓိကမကျပါဘူး။

ကိုရိုနာကူးစက်ကပ်ဘေးကြီးဟာ ဇန်နဝါရီ လတုန်းကတော့ တရုတ်နိုင်ငံတွင်းမှာပဲ ရှိနေပါသေးတယ်။ နောက်ပိုင်း လူတွေ ပြောကြတာက တရုတ်ရဲ့အာဏာရှင်စနစ်က သတင်းအမှောင်ချလိုက်လို့ အခြေအနေ ဘယ်လောက် စိုးရိမ်စရာ ကောင်းလဲဆိုတာကို လူတွေ သိခွင့်မရလိုက်ဘူးလို့ ဆိုကြပါတယ်။ ဥပမာကိုရိုနာ ရောဂါအခြေအနေကို အများသိအောင်ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့တဲ့ Li Wenliang ဆိုတဲ့ ဆရာဝန်ဟာ အပြစ်ပေးခံခဲ့ရပြီး နောက်တော့ ဒီရောဂါနဲ့ပဲကွယ်လွန်ခဲ့ပါတယ်။ ဒါကိုကြည့်ပြီး အာဏာရှင်စနစ်ရဲ့ အသုံးမကျတဲ့သရုပ်သကန်အဖြစ် ရူ့မြင်ကြပါတယ်။

အခြေအနေက ဒီမိုကရေစီအစိုးရတွေအတွက်လည်း ပန်းခင်းလမ်းမဟုတ်ပါဘူး။ ဥရောပတိုက်မှာ တရုတ်နိုင်ငံထက်တောင် အခြေအနေဆိုးနေပါတယ်။ အီတလီတနိုင်ငံတည်းမှ သေဆုံးတဲ့လူနာ အရေ အတွက်ဟာ တရုတ်နိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့အရေအတွက်ထက် ပိုများပါတယ်။ လူဦးရေချင်းနှိုင်းယှဉ်ရင် အီတလီက တရုတ်လူဦးရေရဲ့အပုံနှစ်ဆယ်ပုံ တစ်ပုံပဲ ရှိပါတယ်။ ဒါကို ကြည့်ရင် ဒီမိုကရေစီ နိ်ုင်ငံတွေမှာလည်း အစိုးရတွေဟာကူးစက်ရောဂါကို ပေါ့ပေါ့တန်တန်ဟန် လုပ်ခဲ့ကြလို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပေါ်လွင်ပါတယ်။ ခေါင်းဆောင်တွေဟာ နိုင်ငံရဲ့စီးပွားရေးအပေါ် ထိခိုက်မှာကို ရှောင်းရှားလိုစိတ်နဲ့ ဒါမှမဟုတ် တကိ်ုယ်ရည် အကျိုးစီးပွားတွေကို ကာကွယ်ချင်စိတ် နဲ့ ပေါပေါ့တန်တန်ဟန် လုပ်ခဲ့ကြပါတယ်။

ဘရာဇီး၊ မက္ကဆီကို ခေါင်းဆောင်တွေသာမက ဒေါ်နယ်ထရမ့်ကလည်း ဒီလိုပဲ လုပ်ခဲ့ပါတယ်။ မတ်လအလယ်အထိ ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုမှာ ရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ ရောဂါဟာလည်း မကြာခင်မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မျက်ဖြူဆိုက်လာနိုင်မယ့်အရေးကို နှစ်လလောက် အချိန်ဆုံးရှုံးခဲ့ပါတယ်။ စမ်းသပ်ရေး ကိရိယာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်ဖို့ အခြေအနေတွေ ဖန်တီးခဲ့ပါတယ်။ ဒီအချိန်မှာ တရုတ်နိုင်ငံမှာတော့ လူနာအသစ် အများကြီး ထပ် မတိုးတော့ပါဘူ။ ဗြိတိန်မှာ ရှိတဲ့တရုတ်ကျောင်းသားတွေကလည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့လျှော့တိလျှော့ရဲ စီမံဆောင်ရွက်ချက်တွေကို အံ့သြနေကြတယ်လို့ သတင်းတွေ ကြားရပါတယ်။

ကပ်ဘေးကြီး ပြီးသွားတဲ့အခါကျရင် ကျနော်တို့ရဲ့ပြီးစလွယ် အဖြူအမည် ခွဲခြားတာကို စွန့်လွှတ်ပါ့မလားလို့ သံသယဝင်မိပါတယ်။ အကြပ်အတည်းကာလမှာ အစိုးရတွေရဲ့ ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်းဆိုတာ အာဏာရှင် အစိုးရတွေမို့လို၊ ဒီမိုကရေစီ အစိုးရတွေမို့လို့ဆိုတာမျိုးက အဓိက မကျပါဘူး။ တကယ်တော့ ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်းရှိတဲ့ အာဏာရှင် နိုင်ငံတွေရှိသလို၊ တချို့လည်း အလဲလဲအကွဲကွဲဆိုတာကို တွေ့နေရတာပါပဲ။ ဒီမိုကရေစီ နိုင်ငံတွေမှာ ဆင်တူရိုးမှား သို့မဟုတ်လည်း ထူးမခြားနားတဲ့ ရလဒ်တွေပါပဲ။ အစိုးရရဲ့ စွမ်းဆောင်ရည်ကို အဆုံးအဖြတ်ပေးတာ ဘယ်လို အစိုးရအမျိုးအစားလဲဆိုတာက အဓိက မကျပါဘူး။ နိုင်ငံတော်ရဲ ့စွမ်ဆောင်ရည်က အဆုံးအဖြတ်ပေးပါတယ်။ ဒါတွေ အားလုံးထက် အရေးကြီးကတော့ အစိုးရအပေါ်မှာ ယုံကြည်စိတ်ချမှု ဖြစ်ပါတယ်။

ဘယ်နိုင်ငံရေးစနစ်မှာ မဆိုအုပ်ချုပ်ရေး ယန္တယားကို လိုအပ်ရင် လိုအပ်သလို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အကြပ်အတည်းကြုံတဲ့ ကာလမျိုးမှာ ပိုလို့တောင် လိုအပ်ပါတယ်။ နိုင်ငံတွေမှာ မကြုံဖူးတဲ့၊ အလျင်အမြန် ပြောင်းလဲနေတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ကြိုတင်ရေးရေးဆွဲထားတဲ့ ဥပဒေတွေလည်း ရှိနှင့်နေမှာမဟုတ်ပါဘူး။ ရလဒ်ကောင်းသလား မကောင်းဘူးလားဆိုတာ ထိပ်ဆုံးမှာရှိနေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက်၊ ဆင်ခြင်တုံတရားအပေါ်ပဲ မူတည်ပါတယ်။
ဒီနေရာမှာ အုပ်ချုပ်ရေးအဖွဲ့ကိုတာဝန်လွှဲအပ်ခြင်း၊ ယုံကြည်မှုပေးခြင်းဟာ လူ့အဖွဲ့အစည်းကြီးတခုလုံးရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးတဲ့နေရာမှာ ထိပ်ဆုံးအရေးကြီးဆုံး ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံမှာလည်း အာဏာရှင်နိုင်ငံမှာလိုပဲ အစိုးရကလုပ်နေတာကို ယုံကြည်မှုပေးဖို့ဟာ အရေးကြီးပါတယ်။ ပြည်သူက အစိုးရအပေါ် ဒီလိုယုံကြည်မှုမျိုးဟာ အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ကာလမှာ ပျောက်ဆုံးနေပါတယ်။

လူတွေ အကောက်အယူလွဲနေကြတာက လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရရဲ့အခန်းကဏ္ဍကို လျော့ချထားဖို့လိုအပ်ပြီး အများပြည်သူ့ ဆန္ဒတွေနဲ့ တရားရုံးတွေရဲ့လုပ်ထုံးတွေကိုလေးစားရမယ်လို့ ယူဆကြပါတယ်။ ခေတ်မီနိုင်ငံတော်တွေ (အစိုးရတွေ) မှာ အားကောင်းတဲ့ အုပ်ချုပ်ရေးယန္တယားတွေ ရှိကြပါတယ်။ ဒီလိုမရှိရင် ဘယ်နိုင်ငံမှမတည်ရှိနိုင်ပါဘူး။ အားကောင်းပြီး၊ ထိရောက်တဲ့ ခေတ်မီ နိုင်ငံတွေ ဖြစ်မှလိုအပ်တဲ့အခါ လူ့အဖွဲ့အစည်းကိုအကာအကွယ်ပေးနိုင်တဲ့ပါဝါလည်း ရှိနေမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကိုအစီအစဉ်တကျဖြစ်နေအောင်၊ အများပြည်သူ့အတွက် မရှိမဖြစ် ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ အင်အား ရှိမှာ ဖြစ်ပါတယ်။

လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေနဲ့ အာဏာရှင်နိုင်ငံတွေကြားမှာ ခြားနားချက်က နိုင်ငံတော်ရဲ့အာဏာနဲ့ တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီနည်းကျ တာဝန်ယူ တာဝန်ခံမှု ဆိုတဲ့ အာဏာကို ထိန်းကြောင်းတဲ့ အင်စတီကျုရှင်းတွေကြားက မျှခြေဖြစ်ပါတယ်။ အစိုးရ အာဏာနဲ့ အာဏာကို အဓိကထိန်းကြောင်းရတဲ့ အင်စတီကျူးရှင်းတွေ ( တရားရုံးတွေ၊ ဥပဒေပြုခြင်ူး)တို့ကြားကမျှခြေဟာ ဒီမိုကရေစီ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ၊ အခြေအနေအချိန်အခါအရ ကွဲပြားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ဖြစ်၊ တခြား လစ်ဘရယ် နိုင်ငံတနိုင်ငံမှာပဲ ဖြစ်ဖြစ် ဒီသဘောပဲ ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံတနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြုံလာရရင် အုပ်ချုပ်ရေးအဖွဲ့ကို အရေးပေါ် အာဏာ အပ်နှင်းရတာပါပဲ။ ဒီလို အပ်နှင်းရတဲ့ တခုတည်းသော ရည်ရွယ်ချက်က အခြေအနေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုနဲ့ အပ်နှင်းတဲ့ အာဏာကို အုပ်ချုပ်ရေးအဖွဲ့ကလည်း ပညာပါပါ၊ ထိထိရောက်ရောက် အသုံးပြုရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဒီနေ့ ကြုံနေရတဲ့ ပြဿနာက ဒီနေရာမှာ ရှိနေပါတယ်။

ယုံကြည်မှုကို အုတ်မြစ်နှစ်ခုပေါ်မှာ တည်ဆောက်ရပါတယ်။ ပထမက အစိုးရအဖွဲ့မှာ အတွေ့အကြုံနဲ့ကျွမ်းကျင်မှု ရှိတယ်။ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သိတယ်။ ကိုင်တွယ်နိုင်တဲ့ အစွမ်းအစလည်း ရှိတယ်။ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ဖြောင့်ဖြောင့်မှန်မှန် ရွေးချယ်နိုင်စွမ်း ရှိတယ်ဆိုတဲ့ ယုံကြည်မှုတွေ ဖြစ်ပါတယ်။ အစိုးရရဲ ့ စွမ်းဆောင်ရည်ဆိုတာက မှန်မှန်ကန်ကန် လေ့ကျင့်ပေးထားပြီး ပေးအပ်တဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ရှိတာကိုဆိုလိုပါတယ်။ နယ်ခံမီးသတ်သမားတွေ၊ ရဲတပ်ဖွဲ့တွေ ကျန်းမာရေး ဝန်ထမ်းတွေကနေ အစိုးရအဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအထိပါဝင်ပါတယ်။ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ လူတွေကို အသွားအလာ ထိန်းချုပ်တာကနေ ငွေကြေး ထောက်ပံ့တာအထိ ကိစ္စရပ်တွေကို မှန်မှန် ကန်ကန် ဆုံးဖြတ် နိ်ုင်စွမ်းရှိသူတွေ လိုအပ်ပါတယ်။

ဒုတိယ အရေးကြီးတဲ့ အုတ်မြစ်က နိုင်ငံရဲ့ထိပ်ဆုံး ခေါင်းဆောင်အပေါ်ယုံကြည်မှု ဖြစ်ပါတယ်။ အမေရိကန်ထောင်စုမှာ သမ္မတ လင်ကွန်း၊ ဝီလဆင်၊ရုစဗဲ့ တို့ဟာ အကြပ်အတည်းကာလ ခေါင်းဆောင်တွေ ဖြစ်ပြီး ယုံကြည်မှုလည်း အပြည့်အဝ ရခဲ့ပါတယ်။ စစ်အတွင်းမှာ နိုင်ငံကိုဦးဆောင်ခဲ့ကြတဲ့ သမတ သုံးယောက်စလုံးဟာ တဦးချင်း လူပုဂ္ဂိုလ်အရရော၊ နိုင်ငံတော်အရေးကို ဆောင်ရွက်တဲ့ နေရာမှာပါ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြပါတယ်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု အပြီးမှာ ဂျော့ဒဗလျူဘုရှ်ဟာလည်း ဒီလို အနေအထားမျိုး ရှိခဲ့ပေမယ့်လည်း အီရတ်ကို ကျူးကျော်စစ်ဆင်နွဲတဲ့အခါမှာတော့ သမ္မတကို ယုံကြည်မှုအပ်နှင်းမိတာ မှားသွားပြီးလားဆိုတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

နိဂုံးချုပ်ရရင်တော့ ကပ်ရောဂါကို ရင်ဆိုင်တဲ့ နေရာမှာအာဏာရှင်က ပိုတော်တယ်။ ဒီမိုကရေစီအစိုးရက ပိုကောင်းတယ်လို့ အကြမ်းစား ကောက်ချက်ချနိုင်လိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး။အခု အချိန်အထိ ကိုရိုနာ ကပ်ဘေးကို ရင်ဆိုင်တဲ့ နေရာမှာ တောင်ကိုရီးယား၊ ဂျာမနီ တို့လို ဒီမိုကရေစီ နိုင်ငံတွေလညး် အတိုင်းအတာ တခုအထိ အောင်မြင်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ထင်သလောက် အခြေအနေ မကောင်းပါဘူး။ နောက်ဆုံး အရေးကြီးတာက အစိုးရ ပုံစံမဟုတ်ပါဘူး။ ပြည်သူပြည်သားတွေက သူတို့ ခေါင်းဆောင်ကိုယုံကြည်သလား၊ ခေါင်းဆောင်တွေကရော နိုင်ငံတော်ကို ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်သလား ဆိုတာက ပိုပြီး အဓိကကျပါတယ်။

(The Thing That Determines a Country’s Resistance to the Coronavirus ဆောင်းပါးကို ကောက်နှုတ် ဘာသာပြန်ပါသည်။)

နေသွင်ညိဏ်း
မှတ်ချက်။ ။ စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။
မိုးမခ