Breaking News

ငြိမ်း (ပဲခူး) - အခိုက်အတန့်အချိန်လေးတွေ

အခိုက်အတန့်အချိန်လေးတွေ
ငြိမ်း (ပဲခူး)
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၀

(၁)

ပြေးလာတဲ့အမေ

သီတင်းကျွတ်လပြည့်နေ့ရောက်ခါနီးပြီဆိုတာနဲ့ စတိုးဆိုင်တွေ စူပါမားကတ်တွေမှာ  ခြင်းကြီး ခြင်းငယ်တွေ မုန့်တွေကို အများမြင်အောင်လို့ ခင်းကျင်းထားပြီပဲ ဖြစ်ပါတယ်။ နောက်ပြီး သီ တင်းကျွတ်လပြည့်နေ့ဆိုတာကလည်း ကျွန် တော်တို့ မြန်မာလူမျိုးတွေရဲ့ အမြတ်တနိုးတန်ဖိုးထားတဲ့ နေ့လေးတစ်နေ့ဆိုလည်း မမှားပါဘူး။ ပြီးတဲ့အခါ ကိုယ်ကလူကြီးမိဘ ဆရာသမား တစ်ယောက်ယောက်ကို ကန်တော့ကြတဲ့အခါ ကိုယ်ရောက်နေတဲ့ ခေတ်အခြေအနေချင်း မတူညီတဲ့အတွက် တစ်ခေတ်နဲ့တစ်ခေတ် ကန် တော့ကြတဲ့ ပစ္စည်းအမျိုးအစားတွေဟာလည်း မတူညီကြဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်တစ်ယောက်ကို  မက်ဆင်ဂျါကနေ ဖုန်းဘေကို မက်ဆေ့ပို့ပြီး ကန် တော့ဖူးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနေ့ရောက်တိုင်း တူညီတာတစ်ခုက တော့ ပစ္စည်းအမျိုးအစားတစ်ခုခုနဲ့ လက်အုပ်ချီပြီး ကန်တော့ကြတာပါပဲ။

အဲ့ဒီနေ့ရောက်ပြီဆိုရင် ကျွန်တော်ကတော့ အမေ့ကို ပိုက်ဆံတစ်သိန်းနဲ့ ကန်တော့ပါတယ်။ ဘာဖြစ်လို့ ပိုက်ဆံတစ်သိန်းနဲ့ ကန်တော့ရတာလည်းဆိုတော့ အမေရဲ့သွားတွေဟာ မကောင်းတော့တာကြောင့် မုန့်ပဲသွားရည်စာတွေနဲ့ ကန်တော့ပြန်ရင်လည်း စားလို့မရဘူး။ နောက်ပြီး အမေက သူ့အတွက် မုန့်ပဲသွားရည်စာထက် ပိုက်ဆံက ပိုလိုအပ်တယ်ဆိုပြီး ကျွန်တော့်ကို ပြောထားတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ကျွန်တော် အမေ့ကို ကန်တော့လာတဲ့အချိန်ကလည်း ၂ နှစ်ကျော် ၃ နှစ်လောက်ပဲ ရှိပါသေးတယ်။ ပြီးတဲ့အခါ အမေ့ကို ကျွန်တော်က သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ကန်တော့မယ့်ပိုက်ဆံကို ကြိုပြီးပေးထားကာ သီတင်းကျွတ်လပြည့်နေ့ရောက်လို့ မကြီးနဲ့ယောက်ဖတို့ ကန်တော့ကြပြီဆိုတာနဲ့ သူတို့နဲ့အတူ လက်ဗလာနဲ့ ကျွန်တော်ပါရောပြီးကန် တော့တာပေါ့။ Account စကားနဲ့ပြောရမယ်ဆိုရင်တော့ အမေ့ကို ကန်တော့မယ့်ပိုက်ဆံ Advance သွင်းထားတာပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ သီးတင်းကျွတ်ရုံးပိတ်ရက်အရောက်မှာ ကျွန်တော် အိမ်ပြန်တယ်။ ညဘက် ၇ နာရီလောက် မြို့ကလေးကိုရောက်တော့ အိမ်တန်းမပြန်သေးဘဲ သူငယ်ချင်းတွေနဲ့ အတူတူ ဆိုင်ထိုင်ပါတယ်။ ပြီးမှ ည ၈ နာရီကျော်လောက် အိမ်ပြန်တာပေါ့။ အိမ်ရောက်တော့ "သား ရောက်ပြီ အ မေ" လို့ ပြောပြီး အိပ်ယာထဲတန်းဝင်လာခဲ့ တယ်။ ရုံးပိတ်ရက်ဆိုတော့ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ နေဖင်ထိုးမှပဲ အိပ်ယာက ကျွန် တော်နိုးပါတော့တယ်။ အဲဒါနဲ့  မျက်နှာသစ် သွားတိုက် ရေချိုး ပြီးတဲ့အခါ မျက်နှာကရေတွေကို မျက်နှာသုတ်ပုဝါနဲ့ သုတ်နေတဲ့အချိန်မှာပဲ အမေ့ကို ကန်တော့ဖို့ ပိုက်ဆံတစ်သိန်း ကျွန်တော့်မှာမရှိသေးတာကို ပြန်တွေးမိလာတယ်။ အဲ့ဒီအတွေးက သီတင်းကျွတ်လရောက်ထဲက ကျွန်တော့်အပေါ်ကို ဖိစီးနေတာပေါ့။ တခါတလေကျရင် ကျွန် တော်ဟာ ပိုက်ဆံတစ်သိန်းကို ဘယ်ကနေ ဘယ်လို ရှာရမလဲဆိုတာကို စဉ်းစားရင်း စိတ် ဓာတ်ကျမိတာ အခါခါပဲ။ ပြောရမယ်ဆိုရင် အစဉ်အလာတစ်ခုကို ကျွန်တော် ချိုးဖောက်ရတော့မှာ ဖြစ်တာကြောင့်ပါ။ ပြီးတဲ့အခါ အဲ့ဒီထက် ပိုဆိုးတာက အမေ စိတ်မကောင်းဖြစ်သွားမှာ ကျွန် တော် အလွန်ပဲစိုးရိမ်နေမိပါတယ်။

ယောက်ဖ ကယ်ရီပို့ပြီး မနက်စာ စားဖို့ ပြန်လာတော့ သူ့ဆိုင်ကယ်ခဏငှါးပြီး ကျွန်တော်သ တင်းစာဝယ်ဖို့ ထွက်လာခဲ့ပါတယ်။ ကျွန်တော် သွားမယ့် လမ်းကြောင်းက အမေ့ရဲ့ ကွမ်းယာ ဆိုင်လေးမှာ ကွမ်းနှစ်ရာလောက်ဝင်ထုပ်ပြီး သတင်းစာရောင်းတဲ့ဆိုင်ကို သွားမှာပဲ ဖြစ်ပါ တယ်။ အဲဒါနဲ့ ကျွန်တော်ဟာ အမေ့ရဲ့ ကွမ်းယာ ဆိုင်လေးရှိတဲ့ လမ်းထိပ်ဘက်ကို ဆိုင်ကယ် မောင်းလာခဲ့ပါတယ်။
အမေ့ရဲ့ကွမ်းယာဆိုင်လေးကို မနက်ဘက်နဲ့ ညဘက်မှာ မကြီးကရောင်းပြီး နေ့ဘက်မှာ အမေက ရောင်းပါတယ်။  အမေ့ကို ခဏလောက်ရှောင်နေချင်တဲ့ ကျွန်တော့်အတွက်တော့ ကွက်တိပဲပေါ့။ အဲဒါနဲ့ ကျွန်တော် ဆိုင်ကယ်မောင်းလာရင်း အမေ့ရဲ့ ကွမ်းယာဆိုင်လေးရှေ့ကိုရောက်တော့ စက်ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်ကနေ ဆင်းမလို့ပဲရှိသေးတယ်၊ ကျွန်တော့်နာမည်ခေါ်ပြီး ကျွန် တော်ရှိတဲ့ဘက်ကို ပြေးလာတဲ့အမေ့ကို တွေ့လိုက်ရတယ်။ လက်ထဲမှာ အမွှေးတိုင်ထုပ်လေး ကိုင်ပြီးတော့ပေါ့။

အမေ ကျွန်တော့်အနားကိုရောက်တော့ ဘယ်သွားမလို့လဲဆိုပြီး မေးပါတယ်။ အဲ့ဒီအချိန် ကျွန်တော့် အတွင်းစိတ်ထဲကနေ သိနေပါတယ်။ အဲ့ဒီနေ့ဟာ  သီတင်းကျွတ်လပြည့်နေ့မှာ ကန်တော့ဖို့အတွက် အမေ့ကို ပိုက်ဆံတစ်သိန်း ကြိုတင်ပေးရတဲ့နေ့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အမေက ကျွန်တော် ပိုက်ဆံလာပေးတယ်အထင်နဲ့ ဝမ်း သာအားရလှမ်းခေါ်ပြီး ပြေးလာတာပေါ့။ "သ တင်းစာသွားဝယ်မလို့ အမေ" လို့ပြောပြီး ကျွန် တော်ဟာ ကွမ်းမထုပ်တော့ဘဲ ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့ပါတယ်။ ကျွန်တော့်နောက်မှာတော့ အမေဘယ်လိုကျန်ခဲ့မလဲ။ မပြောပြတတ်အောင်ပဲ ကျွန်တော့်စိတ်တွေ ဖိစီးလေးလံစွာနဲ့ အဲ ဒီအခိုက်အတန့် အချိန်လေးကို ကျော်လွှားခဲ့ရပါတယ်။

(၂)

ခုံးကျော်တံတားတစ်ခုကို ဖြတ်ကျော်ခြင်း
ညနေရုံးဆင်းပြီဆိုရင် ဖယ်ရီရှိတဲ့ ကုမ္ပဏီတွေက ဝန်ထမ်းတွေဟာ  ရုံးပေါ်ကနေ ရုံးအောက်ကို အေးအေးဆေးဆေးဆင်းပြီး ဖယ်ရီကားကို ရပ်စောင့်နေရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖယ်ရီမရှိတဲ့  ကုမ္ပဏီတွေက (ကျွန်တော်အပါအဝင်) ဝန် ထမ်းတွေမှာတော့ ညနေရုံးဆင်းပြီဆို ဝရုန်း သုန်းကားနဲ့ ဘတ်စ်မှတ်တိုင်ဆီကို သုတ်ခြေတင်ရတော့တာပဲ။ တကယ်လို့ ပစ္စည်းတစ်ခုခုကျန်ခဲ့ရင်လည်း တော်ရုံတန်ရုံ အရေးမကြီးဘူးဆိုရင် ပြန်မယူတော့ဘဲ ထားခဲ့လိုက်ရတယ်။

အဲဒီလို မသွားလို့လည်း မရဘူးလေ။ ဘာကြောင့်လဲဆိုတော့ ဘတ်စ်မှတ်တိုင်ကို အချိန်နည်းနည်းလေးနောက်ကျမှ ရောက်သွားမယ်ဆိုရင် ဘတ်စ် ကားပေါ်ကို အတင်းအဓမ္မတိုးဝှေ့တက်ရပြီး ဘတ်စ်ကားပေါ်ရောက်တဲ့အခါမှာလည်း  မတ်တပ်ရပ်ပြီးစီးရဖို့တောင်မှ ကိုယ့်ကိုယ်ကိုယ်မ နည်းရပ်ရမှာပဲ ဖြစ်တာကြောင့်ပါ။ အဲဒါကြောင့် ရုံးဆင်းချိန် ညနေခင်းတိုင်းမှာ ထိုင်ခုံနေရာရဖို့ဆိုတာကတော့ ရေသည်ပြဇာတ်ထဲက စကားပြောလေးတစ်ခုလို "ကောင်းကင်နဲ့ မြေကြီး လင်ကွင်းတီး၍ မနီးသည့်နှယ် ဆိုသလို" ပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါ ကျွန်တော်ဟာ ရန်ကုန်မြို့မှာ ဘတ်စ် ကားတိုးစီးရင်း ထိုင်ခုံတစ်ခုံ ခုံနားမှာကပ်ပြီး မတ်တပ်ရပ်စီးရပြီဆိုတာနဲ့ ထိုင်ခုံနေရာရနေတဲ့လူကို ကြည့်ပြီး ဗုဒ္ဓံသယနံ ဂစ္ဆာမိ၊ ဓမ္မံသယနံ ဂစ္ဆာမိ၊ သံဃံသယနံ ဂစ္ဆာမိ ကို စိတ်ထဲကနေ မရပ်မနား ရွတ်ဆိုတော့ာပဲ။ 

အဲဒီမှာ တအောက်လောက်နေရင် အဲဒီလူထသွားတဲ့အတွက် ကျွန် တော် ထိုင်ခုံနေရာရပါတယ်။ အဲဒါကြောင့် ကျွန် တော်ဟာ ရန်ကုန်မြို့မှာ ဘတ်စ်ကားတိုးစီးရတော့မှ အရင်ကထက်တောင် ဘုရား တရားကို ပိုပြီးမြဲလာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိပါတယ်။

ညနေရုံးဆင်းလို့ ဘတ်စ်မှတ်တိုင်ဆီကို လမ်း လျှောက်သွားတော့မယ်ဆိုရင် တစ်ယောက်ထဲ လမ်းလျှောက်သွားရတာထက် အဖော်တစ် ယောက်နဲ့ လမ်းလျှောက်ရတာက ပိုပြီးမိုက်ပါ တယ်။ ပြီးတဲ့အခါ အများအားဖြင့် ကျွန်တော်နဲ့ အတူတူ ဘတ်စ်မှတ်တိုင်ဆီကို လမ်းလျှောက်တဲ့ အခါတိုင်း အများဆုံးပါတဲ့ အဖော်ကတော့ ကျွန် တော်နဲ့ ဌာနမတူတဲ့ Sale Department က Saleman တစ်ယောက် ယောက်ပဲဖြစ်ပါတယ်။အဲဒီလိုလမ်းလျှောက်နေရင်း ဘာတွေပြောကြလဲဆိုတော့ လုပ်ငန်းခွင်ထဲမှာ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲအကျပ်အတည်းတွေကို တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ကြတာပဲ ဖြစ်ပါ တယ်။ ပြီးတော့ Saleman များရဲ့ အမြင်ကပ်ခြင်းကို အများဆုံးခံရတဲ့ စာရင်းစစ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကလည်း ကျွန်တော် တိတိ ကျကျ စာရင်းစစ်ရတာက အထက်လူကြီးက စစ်ခိုင်းလို့၊ ပြီးတော့ခင်ဗျားတို့ အလုပ်ကိုကူညီတဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်တာပါဆိုပြီး သူတို့ ကျွန်တော့်ကို တင်းနေတာတွေလျှော့အောင် ဘာဘာညာညာတွေ ပြောရတာပေါ့။ facebook စ ကားနဲ့ပြောရရင်တော့ ဈေးဗန်းဝင်ခင်းတာပေါ့ဗျာ။ နောက်ပြီး ဒီစကားတွေကို ရုံးပေါ်မှာပြောရင်လည်း ကိုယ့်အထက်လူကြီးကြားသွားလို့ မကောင်းဘူးလေ။ အဲဒါကြောင့် ဘတ်စ်မှတ်တိုင်ကို လမ်းလျှောက်သွားရတဲ့ အချိန်လေးတွေမှာ ပြောရတာပဲ ဖြစ်ပါတယ်။

ရုံးဆင်းချိန် ညနေခင်းလေးတစ်ခုမှာ ကျွန်တော် ဟာ Saleman တစ်ယောက်နဲ့ ဘတ်စ်မှတ်တိုင်ဆီကို အေးအေးလူလူပဲ လမ်းလျှောက်သွားတယ်။ သူနဲ့ကျွန်တော်နဲ့က စီးရမယ့် ဘတ်စ်ကားချင်း မ တူပေမယ့် ကိုယ်စီးမယ့် ဘတ်စ်ကားကို စောင့်ရတဲ့မှတ်တိုင်က တူနေတာကြောင့်  အများဆုံး နှစ် ယောက်အတူတူ လမ်းလျှောက်သွားဖြစ်တယ်။ ဒီလိုနဲ့ တောင်ပြော မြောက်ပြော ပြောကာ လမ်း လျှောက်လာရင်း ရထားလမ်းတစ်ခုကိုကျော်ပြီး ဆောက်ထားတဲ့ ခုံးကျော်တံတားနားကို ရောက် လာတယ်။ အဲဒီခုံးကျော်တံတားက ကျွန်တော်တို့ နှစ်ယောက်သွားမယ့် ဘတ်စ်မှတ်တိုင်နဲ့ မီးပွိုင့် တစ်ခုကြားမှာ ရှိပါတယ်။ ပြီးတော့ ခုံးကျော်တံ တားကိုကျော်ဖို့အတွက် အတက်လှေခါးနှစ်ခုနဲ့ အဆင်းလှေကားတစ်ခု စုစုပေါင်း လှေခါးသုံးခုဖြတ်ရတယ်။ အဲဒါနဲ့ ပထမလှေခါးတစ်ခုက လှေ ကားထစ်တထစ်ကို စတက်တဲ့အချိန်မှာပဲ ကျွန်တော့်ရှေ့မှာ ကျန်းမာရေးကောင်းမွန်ပုံမရတဲ့ အဖိုးအိုတစ်ယောက်ဟာ တောင်ဝှေ့တစ်ချောင်းကို အားပြုပြီး လေးလံတဲ့ခြေလှမ်းတွေနဲ့ လှေခါးထစ်တွေကို တထစ်ပြီး တထစ် တက်လို့နေပါတယ်။ အဲဒီအချိန်ကျွန် တော်ကတော့ လူချောင်တဲ့ဘတ်စ်ကားမှီဖို့နဲ့ ကံ ကောင်းရင် ကျွန် တော်စီးမယ့် ဘတ်စ်ကားဟာ မီးပွိုင့်မိနေတတ်ပြီးခုံးကျော်တံတားနားမှာ ရပ်နေတတ်တာကြောင့် အဆိုပါ အဖိုးအိုကိုရှောင်ပြီး အပြေးအလွှားတက်လိုက်ပါတယ်။

ပထမ လှေကားတစ်ခုကို ကျွန်တော် ကျော်တက်ပြီးတဲ့အချိန်မှာပဲ ကျွန်တော့်အဖော် Saleman မပါလာလို့ အနောက်ကိုလှည့်ကြည့်လိုက်တော့ Saleman ဟာ အဖိုးအိုရဲ့ လက်တစ်ဖက်ကိုတွဲပြီး လှေကား တထစ်ချင်းစီကို ညင်ညင်သာသာလေး နင်းတက်လာတာ တွေ့လိုက်ရပါတယ်။ အဲဒီ အ ခိုက်အတန့်အချိန်လေးမှာ ကျွန်တော်ဟာ ရှေ့ ဆက်မသွားတော့ဘဲ ရပ်စောင့်ပြီး ကြည့်နေလိုက်တယ်။ သူတို့ကျွန်တော့်အနားရောက် လာတော့မှ ဒုတိယလှေကားကို ထပ်တက်ပါတယ်။ ပြီးတော့ တတိယလှေကားတစ်ခုဖြစ်တဲ့ အဆင်းလှေကားကနေ ဆင်းပြီးတဲ့အချိန်မှာတော့ အဘိုးအိုဟာ လမ်းပေါ် ရောက်သွားပါတယ်။ ပြီးတဲ့အခါ ကျွန်တော့်အဖော် Saleman ကို ဘာစကားမှမပြောဘဲ အဓိပ္ပါယ်များစွာပါတဲ့ အပြုံးလေးတစ်ခုကို အဲဒီအဖိုးအို ပြုံးပြသွားပါတယ်။
ကျွန်တော်က ကိုယ့်ဇောနဲ့ကိုယ် လှေကားထစ် တွေပေါ်ပြေးတက်ရင်း အဲဒီအဘိုးအိုကိုမြင်ပေမယ့်လည်း အခိုက်အတန့်အချိန်လေးသာပေးပြီး ကူတွဲပေးရမှာကို မစဉ်းစားနိုင်ခဲ့ဘူး။ (အဲဒါဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။) ဒါပေမယ့် ကျွန်တော့်အဖော် Saleman ကတော့ ကျွန်တော့်လို မဟုတ်ဘဲ အခိုက်အတန့်အချိန်လေးကို အသုံးပြုပြီး အဲဒီအဘိုးအိုကို ကူတွဲပေးခဲ့တာပဲ ဖြစ်ပါတယ်။

(၃)

ထိုင်နေတဲ့ အဘိုးအို

ကျွန်တော် ညီမလေးကို ကားဂိတ်ပို့ပြီး ဆိုင်ကယ် မောင်းကာ အိမ်ကိုပြန်လာခဲ့တယ်။ ဆိုင်ကယ်မောင်းလာရင်း လမ်းတစ်ဝက်လောက်အရောက် မှာ ရင်ပူလာလို့ အအေးတစ်ဗူးလောက်သောက်  ချင်တာနဲ့ ကုန်မျိုးစုံရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာ ဆိုင်ကယ်ကို ရပ်လိုက်ပါတယ်။ ပြီးတဲ့အခါ ဆိုင်ကယ်ပေါ်ကနေဆင်းကာ ဆိုင်ရှင်ကို အအေးတစ်ဗူးလောက်ပေးပါလို့ပြောပြီး ပိုက်ဆံငါးရာ ကျွန်တော်ပေးလိုက်ပါတယ်။ ဆိုင်ကလည်း လက်မလည်လောက်အောင် ရောင်းနေရတော့ ကျွန်တော့်ဝယ်တဲ့ အအေးဗူးကိုရဖို့ ပလပ်ဖောင်းပေါ်မှာ ရပ်စောင့်နေရတာပေါ့။ အဲဒါနဲ့ ကျွန်တော်ဟာ ဘာရယ်မဟုတ်ဘဲ ဆိုင်ဘေးပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ပါတယ်။ အဲဒီမှာ ဆိုင်ရဲ့ညာဘက်မှာရှိတဲ့ တံခါးနားမှာ အဖိုးအိုတစ်ယောက်ဟာ ဖက်ကြမ်းဆေးလိပ်ခဲကာ ဆိုင်နံရံကိုမှီပြီး ခြေပစ် လက်ပစ်ထိုင်နေတာကို ကျွန် တော်တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာပဲ ကျွန် တော် ဝယ်ထားတဲ့အအေးဗူးကို အဲဒီဆိုင်က အ လုပ်သမားလေးတစ်ယောက် လာပေးပါတယ်။ ပြီးတဲ့အခါ ပိုတဲ့ပိုက်ဆံနှစ်ရာကို နောက်တစ်ခေါက်လာပေးတော့ ကျွန်တော် လက်ကာပြလိုက်ပြီး မုန့်ထပ်ယူအုံးမယ်လို့ ပြောပြီး မုန့်တွေတင်ထားတဲ့ စင်ဘက်ကိုသွားကာ ကျွန်တော် ရွေးနေလိုက်တယ်။ အဖိုးအိုစားလို့ရမယ့် နူးညံ့တဲ့ ပေါင်မုန့်တစ်ထုပ်ကိုပေါ့။

ပေါင်မုန့်ဖိုးပိုက်ဆံရှင်းပြီး ပေါင်မုန့်ကိုယူကာ အဘိုးအိုကို ကျွန်တော် ပေးလိုက်ပါတယ်။ အဲဒီအခါ အဖိုးအိုဟာ ဝမ်းသာအားရနဲ့ ပေါင်မုန့်ထုပ်ကို လှမ်းယူလိုက်တယ်။ ကျွန်တော်က အဖိုးကြိုက်လားလို့မေးတော့ ခေါင်းလေးငြိမ့်ပြီး သွားတွေတစ်ချောင်းမှမရှိတဲ့ သွားဖုံတွေပေါ်ကာ အကြီးကြီးပြုံးပြပါတယ်။  ပြီးတဲ့အခါ ကျွန်တော်ဟာ ရေသန့်ဗူး အသေးတစ်ဗူး ဝယ်လိုက်ပြီး အဘိုးအိုရေသောက်တဲ့အခါ  အဖုံးဖွင့်မရမှာစိုးတာကြောင့် ပါကင်ပိတ်ထားတာကို ခွါလိုက်ပြီး ပေးလိုက်ပါတယ်။ အဲဒီအခါ အဖိုးအိုဟာ ရေသန့်ဗူးကို  လှမ်းယူပြီး သူ့မျက်လုံးနားကိုကပ်ကာ ကြည့်လိုက်တယ်။ ပြီတော့ ပြန်ချထားလိုက်ပြီး ပေါင်မုန့်ထုပ်ကိုကိုင်ပြီးကြည့်ပြန်တယ်။ ဒီနေ့အတွက်တော့ ဖူလုံသွားပြီဆိုတဲ့ အထာလား ဘာလား တော့  ကျွန်တော် တိတိကျမသိပါဘူး။
အဲဒါနဲ့ ကျွန်တော်ဟာ ဆိုင်ကယ်ပေါ်ကို တက်လိုက်ပြီး ဖုန်းပြောချင်ယောင်ဆောင်ကာ အဖိုးအို ကျွန်တော့်ကို နှုတ်ဆက်အုံးမလားဆိုပြီး ကြည့်လိုက်တော့ အဖိုးအိုဟာ မှုန်ကုတ်ကုတ် မျက်နှာအမူအရာလေးနဲ့ ကြည့်နေတယ်။ အဲဒီအချိန် ကျွန်တော်ကတော့ အခိုက်အတန့်အချိန်လေးသာ မြင်လိုက်ရတဲ့ အဖိုးအို ကျွန်တော့်ကို အရင်ဆုံးလုပ်ပြတဲ့ မျက်နှာအမူအယာလေးကို ပြန်လည်ပုံဖော်ကြည့်ပြီး တသိမ့်သိမ့် ကြည်နူးနေမိတာပေါ့။

ငြိမ်း (ပဲခူး)