Breaking News

ဂါမဏိ - ၂၁ ပင်လုံသို့ ဆင့်ကဲဖြစ်စဉ်သမိုင်းကြောင်း

Art - Than Htay Maung


ဂါမဏိ - ၂၁ ပင်လုံသို့ ဆင့်ကဲဖြစ်စဉ်သမိုင်းကြောင်း

(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၀

၁။ ရှမ်းပြည်

(က) SSPP - ၁၉၅၈ မေ ၂၁ ရက်မှာ နွန်စစ်ဟန်နာမယ်နဲ့ ရှမ်းတော်လှန်စစ် စခဲ့တယ်။ ရှမ်းပြည်အနှံ့ အခြေ စိုက်ခဲ့တယ်။ ၁၉၆၀-၆၄ ကာလမှာ SSA SURA SSIA ဂိုဏ်းကွဲတွေ ဖြစ်လာတယ် (SSIA က ၁၉၇၆ လောက်ကနေ ၁၉၈၉ အထိ ဗကပ ထဲ ပေါင်းစည်းခဲ့ပြီး အခုတော့ NDAA ထဲ ပေါင်းစည်းနေတယ်)။ ၁၉၆၃ သြဂုတ်-နိုဝင်ဘာမှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်။ SSA က SSPP ပါတီကို ၁၉၇၁ မှာထောင် ခဲ့ပြီး ၁၉၈၉ စက်တင်ဘာ ၂၄ မှာ စာချုပ်မဲ့အပစ်ရပ် အထူးဒေသ ၃ ဖြစ်လာခဲ့တယ်။ ၂၀ဝ၉ ခုမှာ ပြည်သူ့ စစ်အဖြစ် တရားဝင်အသွင်ပြောင်းခံရလို့ ဗဟိုနဲ့ တပ်မဟာ ၃ အင်အား ၁၀ဝ၀ က စိန်ကျော့ပြည်သူ့စစ်၊ တပ်မဟာ ၇ အင်အား ၅၀ဝ က ကာလိပြည်သူ့စစ် ဖြစ်သွားတယ်။ (တပ်မဟာ ၂ ကတော့ ၂၀ဝ၅ မှာ လက် နက်ချခိုင်းခံရတယ်။) ပြည်သူ့စစ်လုပ်ဖို့ လက်မခံတဲ့ တပ်မဟာ ၁ က SSA/SSPP ပြန်ထောင်ပြီး ၂၀၁၀ က နေ အခုထိ တိုက်ပွဲတွေမကြာခဏဖြစ်နေတယ်။ အင်အား ၅၀ဝ၀ ကျော်ရှိပြီး ၂၀၁၂ ဇန်နဝါရီ ၂၈ မှာ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့ပေမဲ့ NCA မထိုးသေး။

(ခ) RCSS - ဗကပ ကနေ ၁၉၅၆ ခုမှာ ခွဲထွက်ပြီး ထူထောင်ခဲ့တဲ့ ရှမ်းပြည်ကွန်မြူနစ်ပါတီဟာ ၁၉၅၈-၅၉ မှာ လက်နက်ချ၊ ၁၉၆၀ မှာ တောပြန်ခိုပြီး SURA ဖြစ်လာတယ်။ ၁၉၈၄ မှာ ခွန်ဆာရဲ့ SUA နဲ့ပေါင်းပြီး TRC ဖြစ်လာတယ်။ ၁၉၈၅ မှာ TRC က MTA နာမယ်ပြောင်းခဲ့တယ်။

ခွန်ဆာရဲ့ SUA ကာကွယ်ရေးအဖွဲ့ကို ၁၉၆၀-၆၃ ကတည်းက ထူထောင်ခဲ့တယ်။ ခွန်ဆာ ထောင်က ပြန် လွတ်လာပြီးနောက် ၁၉၇၆ မှာ SUA ပြန်လည်ဖွဲ့စည်းခဲ့တယ်။ ၁၉၈၅ မှာ SURA နဲ့ပေါင်းပြီး MTA ဖြစ်လာ တယ်။

၁၉၉၅ မှာ SSNA က MTA မှခွဲထွက်ပြီး ၁၉၉၅ ဂျွန်လမှာ စာချုပ်မဲ့အပစ်ရပ်ခဲ့တယ်။ MTA ဟာ ၁၉၉၆ မှာ လက်နက်ချခဲ့ပြီး လက်ရှိမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်သားတွေ၊ ပြည်သူ့စစ် အနည်းဆုံး ၁၁ ဖွဲ့ (နော်ခမ်းအဖွဲ့ ဖျက်သိမ်းခံရလို့ ၁၀ ဖွဲ့ကျန်) အဖြစ်ရပ်တည်နေတယ်။ လက်နက်မချသူတွေက SURA ပြန် ထူထောင်ခဲ့တာ ၁၉၉၆ နှစ်ကုန်ပိုင်းလောက်မှာ SSPP, SSNA နဲ့ SURA တဖွဲ့တည်းပေါင်းပြီး တခုတည်း သော SSNO ပါတီနဲ့ SSA တပ်အဖြစ်ရပ်တည်ဖို့ သဘောတူဆုံးဖြတ်ခဲ့ပေမဲ့ နဝတ စစ်အုပ်စုကလက်မခံလို့ မဖြစ်မြောက်ခဲ့။ ဒါနဲ့ SURA က RCSS နာမယ်ပြောင်းပြီး SSA-တောင်ပိုင်းအဖြစ် လက်မောင်းတံဆိပ် ပြောင်းခဲ့တယ်။ SSNA ကတော့ ၂၀ဝ၅ မေလမှာ အတင်းအကြပ်လက်နက်ချခဲ့ရပြီး လက်နက်မချသူတွေက RCSS ဆီရောက်သွားတယ်။ RCSS ဟာ ၂၀၁၁ ဒီဇင်ဘာမှာ ပဏာမအပစ်ရပ်စာချုပ်၊ ၂၀၁၅ အောက်တို ဘာမှာ NCA လက်မှတ်ထိုးခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေဆဲ။ မြန်မာစစ်တပ်နဲ့တိုက်ရုံမက TNLA PNLO တို့နဲ့လဲတိုက်ပြီး ဒီ့အရင်ကတော့ UWSA PNO တို့နဲ့လဲ တိုက်ခဲ့ဖူးတယ်။ SSNA အဖွဲ့လေးတဖွဲ့ နဲ့ RCSS အဖွဲ့လေးတဖွဲ့ ၁၉၉၆ နဲ့ ၂၀ဝ၆ တို့မှာ ခွဲထွက်ပြီး ပြည်သူ့စစ်ဖြစ်သွားခဲ့ပေမဲ့ ၂၀ဝ၆ နဲ့ ၂၀၁၉ မှာ အပြီးအပိုင်လက်နက်ချခဲ့ရတယ်။

(ဂ) TNLA PSLA - ၁၉၆၃ ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်တော်လှန်စစ် စခဲ့တယ်။ မြောက်ပိုင်းရှမ်းပြည်ကို အခြေခံခဲ့တာ အင်အား ၇၀ဝ လောက်ဖြစ်ခဲ့ပြီး ၁၉၈၉ မှာ မိုင်ကျော်ရင်အဖွဲ့ ခွဲထွက် လက်နက်ချခဲ့တယ်။ PSLA ဟာ ၁၉၉၁ ဧပြီ ၂၁ မှာ စာချုပ်မဲ့အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအထူးဒေသ ၇ ဖြစ်လာပေမဲ့ ၂၀ဝ၅ ဧပြီ ၂၉ မှာတော့ အတင်းအကြပ်လက်နက်ချခိုင်းခံရတယ်။ လက်ရှိမှာ ပြည်သူ့စစ် နဲ့ အရပ်သားများ ဖြစ်နေပြီး အများအပြားကလဲ ၂၀၁၂ မှာ တော်လှန်စစ်ပြန်စတဲ့ TNLA ထဲပါဝင်ခဲ့တယ်။ လက်ရှိ TNLA အင်အား ၈၀ဝ၀ ကျော်ရှိပြီး စစ်ပွဲဝင်နေဆဲ၊ အပစ်ရပ်စာချုပ်/NCA မထိုးသေးပါ။

(ဃ) PNO SNPLO PNLO - ၁၉၄၉ ဒီဇင်ဘာ ၁၁ မှာ ပအလဖ/ပအမဖ အဖြစ် ရှမ်းပြည်တောင်ပိုင်းကို အခြေခံခဲ့ပြီး ပအိုဝ်းတော်လှန်စစ်စခဲ့တယ်။ ၁၉၅၀ ဂျူလိုင်က ၁၉၅၁ ဂျွန်လအထိ လက်နက်ချခဲ့တယ်။ ဒုတိယအကြိမ်အဖြစ် ၁၉၅၈ မေမှာ 'လက်နက်နဲ့ဒီမိုကရေစီ' လဲခဲ့ပေမဲ့ ၁၉၆၆ နိုဝင်ဘာမှာ ရလလဖ အဖြစ် တော်လှန်စစ်ပြန်စခဲ့တယ်။ ၁၉၇၃ မှာ ပအိုဝ်းဖြူ (PNO) အင်အား ၅၀ဝ ခွဲထွက်ပြီး ၁၉၉၁ ဖေဖော်ဝါရီမှာ စာချုပ်မဲ့အပစ်ရပ်ခဲ့လို့ အထူးဒေသ ၆ ဖြစ်သွားတယ်။ မကြာခင်မှာဘဲ တရားမဝင်ပြည်သူ့စစ်ဖြစ်ခဲ့ပြီး ၂၀ဝ၉ မှာ တရားဝင်ပြည်သူ့စစ် အသွင်ပြောင်းခံရတယ်။

ကျန်ခဲ့တဲ့ ရလလဖ-ပအိုဝ်းနီ (SNPLO) အင်အား ၁၀ဝ၀ ကျော်လဲ ၁၉၉၄ အောက်တိုဘာ ၉ ရက်မှာ စာချုပ် မဲ့အပစ်ရပ်လို့ အထူးဒေသ ၁၃ ဖြစ်ခဲ့ပြီး ၂၀ဝ၈ သြဂုတ် ၄ ရက်မှာ အတင်းအကြပ်လက်နက်ချခိုင်းခံရတယ်။ တဖွဲ့လုံးလက်နက်မချခင်မှာ SNPLO အဖွဲ့ငယ် ၃ ဖွဲ့ ၂၀ဝ၆ နိုဝင်ဘာ၊၂၀ဝ၇ ဂျွန်နဲ့ ၂၀ဝ၇ ဂျူလိုင်မှာ ခွဲထွက် ခဲ့တာ ၂ ဖွဲ့က လက်နက်ချပြည်သူ့စစ်ဖြစ်သွားခဲ့ပြီး အင်အား ၃၀ဝ တဖွဲ့က PNLO အဖြစ် တော်လှန်စစ်ပြန် စခဲ့တယ်။ PNLO ဟာ ၂၀၁၂ သြဂုတ် ၂၅ မှာ ပဏာမအပစ်ရပ်ခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ မှာ NCA လက်မှတ်ထိုးခဲ့တယ်။

(င) LDU - ၁၉၇၃ ဂျန်နဝါရီ ၁ ရက်မှာ လားဟူတော်လှန်စစ် စခဲ့တယ်။ စခါစမှာ အင်အား ၂၀ဝ၀ ကျော်ခဲ့ ပေမဲ့ ၁၉၇၄-၇၅၊ ၁၉၈၄-၈၅ နဲ့ ၂၀ဝ၄ ဂျွန်မှာ တော်တော်များများလက်နက်ချခဲ့တယ်။ ဗကပ ထဲလဲ အများ ကြီးပေါင်းစည်းသွားခဲ့တယ် (အခု UWSA ဖြစ်သွားပြီ)။ ကျန်တဲ့အင်အား ၁၀ဝ လောက်က ၂၀၁၈ ဖေဖော် ဝါရီ ၁၃ မှာ NCA လက်မှတ်ထိုးခဲ့တယ်။ တခြားအင်အားစုတွေကတော့ လက်ရှိမှာ အရပ်သားများ၊ BGF နဲ့ ပြည်သူ့စစ်တွေ ဖြစ်သွားကြတယ်။

(စ) WNO - ၁၉၅၉၊ ၁၉၆၆၊ ၁၉၆၇၊ ၁၉၆၈ တို့မှာ တော်လှန်စစ်များ စခဲ့ပြီး အများစုက ဗကပ ထဲ ပေါင်း စည်းသွားတယ်။ ကျန်တဲ့ အင်အားစု ၅၀ဝ လောက်က ၁၉၆၉ မှာ WNO ထူထောင်ခဲ့ပေမယ့် အများအား ဖြင့် ခွန်ဆာ SUA-MTA လက်ဝေခံဖြစ်နေခဲ့တယ်။ ၁၉၈၃ မှာ WNDP–WNC အင်အား ၂၀ဝ ကျော် ခွဲထွက် ပြီး ၁၉၈၉ မှာ UWSA နဲ့ ပေါင်းစည်းခဲ့တယ်။ လက်ကျန် WNO အင်အား ၅၀ ကျော်က အပစ်ရပ်စာချုပ်/ NCA လက်မှတ်မထိုးသေးပါ။

(ဆ) MNDAA - ၁၉၆၇ မေလမှာ ကိုးကန့်တော်လှန်စစ်စတင်ခဲ့ပေမဲ့ စစ်ရှုံးလို့ တရုပ်ပြည်မှာခိုလှုံပြီးနောက် ဗကပ နဲ့ ပေါင်းစည်းသွားခဲ့တယ်။ ၁၉၆၈ ဇန်နဝါရီ ၁ ရက်မှာ ဗကပ အဖြစ် ကိုးကန့်နယ်မြေ (သံလွင်မြစ် အနောက် နဲ့ အရှေ့) ကို ပြန်အခြေခံခဲ့တယ်။ ၁၉၈၉ မတ်လ ၁၂ မှာ အင်အား ၂၀ဝ၀ ကျော် ဗကပကို ပုန်ကန်ခွဲထွက်ပြီး MNDAA ထူထောင်ခဲ့တယ်။ မတ် ၃၁ မှာ စာချုပ်မဲ့အပစ်ရပ်ခဲ့လို့ အထူးဒေသ ၁ ဖြစ်လာ တယ်။ ၂၆ သြဂုတ် ၂၀ဝ၉ မှာ BGF အသွင်ပြောင်းရေး လက်မခံလို့ မြန်မာစစ်တပ်ရဲ့ ဖြိုခွဲနှိမ်နင်းမှုခံရပြီး တောပြန်ခိုရတယ်။ တောမခိုဘဲကျန်တဲ့အင်အားများ ၂၀ဝ၉ ဒီဇင်ဘာ ၄ ရက်မှာ BGF အသွင်ပြောင်းခံရ တယ်။ တောခိုအင်အားစုများက ၂၀၁၂ မှာ တော်လှန်စစ်ပြန်စခဲ့တာ အခု အင်အား ၄၀ဝ၀ ကျော်ရှိနေပြီ။ တရားဝင်နှစ်ဖက်အပစ်ရပ်မှုမရှိဘဲ အိမ်နီးချင်းတရုပ်ဖိအားကြောင့် တဖက်သတ်အပစ်ရပ်ထားရပေမဲ့ NCA မထိုးသေး။ ၁၉၉၅ ခုမှာ သံလွင်အနောက်ခြမ်းက မုန်းကိုးကာကွယ်ရေးတပ် (MDA) အင်အား ၅၀ဝ MNDAA မှခွဲထွက်ထူထောင်ခဲ့တာ ရှိခဲ့ပေမဲ့ ၂၀ဝ၀ နိုဝင်ဘာမှာ မြန်မာစစ်တပ်၏ ချေမှုန်းခြင်းခံရတယ်။

(ဇ) UWSA - ၁၉၅၉၊ ၁၉၆၆၊ ၁၉၆၇၊ ၁၉၆၈ တို့မှာ တော်လှန်စစ်များ စခဲ့တဲ့ ဝ သူပုန်အများစုဟာ ၁၉၆၈-၆၉-၇၀ ခုနှစ်များအတွင်း ဗကပ ထဲ ပေါင်းစည်းသွားတယ်။ ၁၉၈၉ ဧပြီ ၁၇ မှာ ဝ အင်အား ၁၂၀ဝ၀ ကျော် ဗကပ ကိုပုန်ကန်ခွဲထွက်ပြီး UWSA ထူထောင်၊ ၁၉၈၉ မေ ၉ ရက် စာချုပ်မဲ့အပစ်အခတ်ရပ်စဲခဲ့တော့ အထူး ဒေသ ၂ သတ်မှတ်ခံရတယ်။ အခု အင်အား ၃၀ဝ၀ဝ ကျော်နဲ့ ဗမာပြည်မှာအခိုင်မာဆုံးလွတ်မြောက်ဒေသ ရှိနေပြီ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ သတ္တုတွင်းတွေနဲ့ လက်နက်စက်ရုံတွေလဲ ရှိနေတယ်။ ၂၀၁၁ စက်တင်ဘာ ၆ ရက်မှာ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့ပေမဲ့ NCA မထိုးသေး။

(ဈ) NDAA - ၁၉၇၂ မှာ အခါသူပုန် တော်လှန်စစ်စခဲ့ပြီး မကြာခင် ဗကပ ထဲပေါင်းစည်းသွားခဲ့တယ်။ ၁၉၈၉ မေ ၁၉ မှာ ဗကပ ကို ပုန်ကန်ခွဲထွက်ပြီး ၁၉၈၉ ဂျွန် ၃၀ မှာ စာချုပ်မဲ့အပစ်ရပ်တော့ အထူးဒေသ ၄ သတ်မှတ်ခံရတယ်။ SSIA ကနေ ဗကပ ထဲ ကူးပြောင်းခဲ့တဲ့ တပ်မဟာ ၇၆၈ နဲ့လဲ ပူးပေါင်းခဲ့တယ်။ ၂၀၁၁ စက်တင်ဘာ ၆ ရက်မှာ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့ပေမဲ့ NCA မထိုးသေး။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ၊ သတ္တုတွင်းတွေ အားကောင်းတယ်။ လက်ရှိအင်အား ၄၀ဝ၀ ကျော်ရှိတယ်။

၂။ ကချင်ပြည်

(က) KNDA – ၁၉၄၉ ဖေဖော်ဝါရီမှာ တော်လှန်စစ်စခဲ့တာ အင်အား ၁၅၀ဝ လောက်ရှိပေမဲ့ မအောင်မြင်လို့ ၁၉၅၀ ဧပြီမှာ တရုပ်ပြည်သွားခိုလှုံရတယ်။ တချို့လဲ KNU ထဲမှာ ခိုလှုံနေပြီး ၁၉၆၀-၆၁ မှာ KIA ကို ထူ ထောင်ခဲ့တယ်။ တရုပ်ပြည်ရောက်အင်အားစုတွေက ၁၉၆၇ မှာ ဗကပထဲ ပေါင်းစည်းသွားခဲ့ပြီး ၁၉၈၉ နောက်မှာ UWSA MNDAA NDAA တွေဖြစ်သွားတယ်။

(ခ) KIA - ၁၉၆၁ ဖေဖော်ဝါရီ ၅ မှာ တော်လှန်စစ် စခဲ့တယ်။ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်ကို အခြေခံ ခဲ့တယ်။ ၁၉၆၃ ဂျွန်လက နိုဝင်ဘာလအထိ တကြိမ်၊ ၁၉၇၂ နှစ်ဦးပိုင်းမှာတကြိမ် (၄ လ အပစ်ရပ်)၊ ၁၉၈၀ မှာတကြိမ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်။ ၁၉၉၄ ဖေဖော်ဝါရီမှာ နဝတ နဲ့ အပစ်ရပ်စာချုပ် ချုပ် ပြီး ကချင်အထူးဒေသ ၂ ဖြစ်လာတယ်။ ၂၀၁၁ ဂျွန်လမှာ စာချုပ်ပျက်သွားပြီး တော်လှန်စစ် ပြန်စခဲ့တယ်။ လက်ရှိအင်အား ၁၀ဝ၀ဝ နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လက်နက်စက်ရုံတွေရှိနေပြီး နောက်ထပ်အပစ် ရပ်စာချုပ်အသစ်တွေ၊ NCA တွေ မထိုးသေးဘဲ စစ်ပွဲဝင်နေဆဲဖြစ်တယ်။ တရုပ်ဖိအားကြောင့် နှစ်ဖက် စစ်ရှိန်လျှော့ထားရတယ်။ ၁၉၉၁ နှစ်ဆန်းတုန်းက တပ်မဟာ ၄ အင်အား ၁၅၀ဝ ကျော် KIA ကခွဲထွက်ပြီး ဇန်နဝါရီ ၁၁ ရက်မှာ စာချုပ်မဲ့အပစ်ရပ်ခဲ့တယ်။ အထူးဒေသ ၅ သတ်မှတ်ခံရပြီး ၂၀ဝ၉ မှာ တရားဝင် ကောင်ခါးပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခံရတယ်။ ၂၀၂၀ မတ်လမှာ မူးယစ်ဆေးပြဿနာအကြောင်းပြပြီး လုံးဝလက်နက်ချလိုက်ရတယ်။ လဆန်အောင်ဝါအဖွဲ့ အင်အား ၃၀ဝ ကျော်လဲ ၂၀ဝ၄ တုန်းက KIA မှ ခွဲထွက် လက်နက်ချပြီး ပြည်သူ့စစ်ဖြစ်သွားတယ်။

(ဂ) NDA-K ဖြစ်မယ့် KIA အဖွဲ့ငယ်တဖွဲ့ ၁၉၆၉ မှာခွဲထွက်ပြီး ဗကပ နဲ့ပေါင်းစည်းသွားခဲ့တယ်။ ၁၉၈၉ နှစ် ကုန်ပိုင်းမှာ အင်အား ၆၀ဝ ကျော် ဗကပကိုပုန်ကန်ခွဲထွက်ပြီး ဒီဇင်ဘာ ၁၅ မှာ စာချုပ်မဲ့အပစ်ရပ်ခဲ့တယ်။ ကချင်အထူးဒေသ ၁ ဖြစ်ခဲ့တယ်။ ၂၀ဝ၉ နိုဝင်ဘာ ၈ ရက်မှာ BGF နဲ့ ပြည်သူ့စစ်တွေအဖြစ် အသွင်ပြောင်း ရတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ သတ္တုတွင်းတွေ အားကောင်းတယ်။ RRF ရဝမ်အဖွဲ့ငယ် အင်အား ၁၀ဝ က ၂၀ဝ၅ စက်တင်ဘာမှာ NDA-K မှ ခွဲထွက်ပြီး လက်နက်ချခဲ့သေးတယ်။ လက်ရှိ ပြည်သူ့ စစ်နဲ့ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်နေတယ်။ ၂၀၁၃ မှာ လာအားဆာအဖွဲ့ အင်အား ၁၀ဝ NDA-K မှ ခွဲထွက်ပြီး လက်နက်ချ ပြည်သူ့စစ်လုပ်သွားတယ်။

၃။ ရခိုင်ပြည်

(က) ရခိုင်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလဖ) က ၁၉၄၇ ဧပြီ-နိုဝင်ဘာမှာ တော်လှန်စစ်စခဲ့တယ်။ အင်အား ၂၀ဝ၀ ကျော်အထိ ရှိခဲ့ပြီး ၁၉၅၅ နှင့် ၁၉၅၈ ဂျန်နဝါရီမှာ လက်နက်ချခဲ့တယ်။ ဒီ့နောက်ပိုင်းမှာ ACP, NUPA, ALP, AIA စတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ဥပဒေတွင်းပါတီတွေ၊ CSO တွေ ဖြစ်သွားကြတယ်။

(ခ) ရက္ခိုင့်တပ်တော် (AA/ULA) - ၂၀၁၁ မှာ တော်လှန်စစ်စခဲ့တယ်။ အခြေခံဒေသတွေက ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ ရှမ်းမြောက်တို့ဖြစ်ပြီး အင်အား ၉၀ဝ၀ လောက်ရှိတယ်။ လက်ရှိ စစ်ပွဲဝင်နေဆဲဖြစ် တယ်။ အပစ်ရပ်စာချုပ်/NCA မထိုးသေး။

(ဂ) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) - ၁၉၆၇ မှာ တော်လှန်စစ် စခဲ့တယ်။ ကရင်ပြည်၊ ရခိုင်ပြည်၊ ချင်းပြည်တို့ကို အခြေခံခဲ့တယ်။ အင်အား ၁၅၀ လောက်ရှိပြီး ၂၀၁၂ ဧပြီ ၅ မှာ ပဏာမအပစ်ရပ်စာချုပ်၊ ၂၀၁၅ အောက်တိုဘာ ၁၅ မှာ NCA လက်မှတ်ထိုးခဲ့တယ်။

(ဃ) ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP) - ၁၉၆၂ မှာ အလံနီပါတီမှ ခွဲထွက်ထူထောင်ခဲ့တယ်။ အင်အား ၅၀ဝ လောက်ရှိခဲ့ပြီး တချို့က ၁၉၈၀ မှာလက်နက်ချ၊ တချို့က ၁၉၈၆ နောက်ပိုင်းမှာလက်နက်ချခဲ့တယ်။ ကျန် အင်အားစုတွေက ၂၀ဝ၄ ခုမှာ NUPA အဖြစ် ပေါင်းစည်းခဲ့တယ်။ လက်ရှိမှာတော့ ဥပဒေတွင်းပါတီများ၊ CSO များအဖြစ် ရပ်တည်နေတယ်။

National United Party of Arakan (NUPA) - ၁၉၈၅ မှာ NUFA အဖြစ် တော်လှန်စစ် စခဲ့တယ်။ ရခိုင် ပြည်၊ ချင်းပြည်၊ တနင်္သာရီတိုင်းတို့ကို အခြေခံခဲ့တယ်။ အင်အား ၄၀ဝ ကျော်ရှိခဲ့ပြီး ၁၉၉၆၊ ၁၉၉၉၊ ၂၀ဝ၂၊ ၂၀၁၀ တို့မှာ လက်နက်ချခဲ့သလို ၁၉၉၈ မှာ အိန္ဒိယစစ်တပ်ကချေမှုန်းတာလဲ ခံခဲ့ရတယ်။ လက်ရှိ အရပ် သားများ၊ CSO များ၊ ဥပဒေတွင်းပါတီများ၊ ANC, AA တို့ဖြစ်သွားတယ်။

Democratic Party of Arakan (DPA) - ၁၉၈၉ မှာ တော်လှန်စစ်စပြီး အင်အား ၂၀ဝ လောက်ရှိခဲ့တယ်။ ရခိုင်ပြည်မှာ အခြေခံခဲ့ပြီး ၂၀ဝ၄ လက်နက်ချခဲ့တယ်။ တချို့က NUPA ဖြစ်သွားတယ်။ လက်ရှိမှာ အရပ် သားများ၊ CSO များ၊ ANC အဖြစ် ရပ်တည်နေတယ်။

ရခိုင်ပြည်တပ်မတော် (AA သို့မဟုတ် ASA-ANC) - ၂၀ဝ၄ မှာ တော်လှန်စစ်စပြီး ကရင်ပြည်နဲ့ ရခိုင်ပြည် ကို အခြေခံတယ်။ အင်အား ၁၀ဝ လောက်ရှိတယ်။ လက်ရှိမှာ မြေအောက်လှုပ်ရှားမှု နဲ့ မြေပေါ်စစ်ပွဲဝင် နေတယ်။ အပစ်ရပ်စာချုပ်/NCA မထိုးသေး။

(င) မူဂျာဟစ် - ၁၉၄၇ ဒီဇင်ဘာမှာ တော်လှန်စစ်စခဲ့တယ်။ ရခိုင်ပြည်မြောက်ပိုင်းကို အခြေခံခဲ့တယ်။ အင် အား ၁၅၀ဝ ကျော်ရှိခဲ့ပြီး ၁၉၆၁ မှာ လက်နက်ချခဲ့တယ်။ ဒီ့နောက်ပိုင်းမှာ RPF, RSO, ARNO လက်နက် ကိုင်အဖွဲ့တွေ၊ CSO တွေ၊ အရပ်သားတွေ ဖြစ်လာတယ်။ ၁၉၆၄ မှာ RPF (၁၉၇၈ မှာ လက်နက်ချ)၊ ၁၉၈၂ မှာ RSO (၂၀၁၀ နောက်ပိုင်းမှိန်သွား)၊ ၁၉၉၈ မှာ ARNO (၂၀ဝ၁ နောက်ပိုင်းမှိန်သွား)၊ ၂၀၁၃ မှာ ARSA တွေ ပေါ်လာတယ်။ အမာခံအင်အား ၅၀ဝ ကျော်ရှိတဲ့ ARSA ကလွဲရင် ကျန်တာတွေက တဖွဲ့ကို အမာခံ အင်အား ၅၀ ကျော်စီလောက်ဘဲ ရှိတယ်။ ARSA ဟာ စစ်ပွဲဝင်နေဆဲဖြစ်ပြီး အပစ်ရပ် စာချုပ်/NCA မထိုး သေး။

၄။ ကရင်ပြည်

(က) KNU ဟာ ၃၁ ဂျန်နဝါရီ ၁၉၄၉ မှာ တင်းပြည့်ကျပ်ပြည့်တော်လှန်စစ် စခဲ့တယ်။ ဒါပေမဲ့ ၁၉၄၈ ဂျွန်လကတည်းက ဟိုတကွက်ဒီတကွက် ထုံ့ပိုင်းထုံ့ပိုင်း တော်လှန်စစ်စခဲ့တာဖြစ်တယ်။ ၁၉၆၆ မှာ KNUP နဲ့ KNUF ၂ ဖွဲ့ကွဲခဲ့တာ ၁၉၇၅ မှာ ပြန်ပေါင်းစည်းခဲ့တယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမ၊ ကရင်ပြည်၊ မွန်ပြည်နဲ့ တနင်္သာရီတိုင်းတို့ကို အခြေခံခဲ့ပြီး ၁၉၇၄-၇၅ မှာ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမ စွန့်လွှတ်လိုက် ရတယ်။ ၁၉၄၉ ဧပြီ၊ ၁၉၆၀ ဖေဖော်ဝါရီ၊ ၁၉၆၃ ဂျွန်မှနိုဝင်ဘာအထိ၊ ၁၉၉၆ တို့မှာ ငြိမ်းချမ်းရေးဆွေးနွေး မှုတွေ လုပ်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ၂၀၁၂ ဂျန်နဝါရီမှာ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုး၊ ၂၀၁၅ အောက်တိုဘာမှာ NCA ထိုးခဲ့တယ်။ လက်ရှိအင်အား ၆၀ဝ၀ ကျော်ရှိပြီး တချို့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေဆဲ။ ၁၉၆၂ မတိုင်ခင်တုန်းက လက်နက်ချတွေကို ပြည်ထောင်စုကရင်ငြိမ်းချမ်းရေးတပ် (ပကငတ) အဖြစ် အစိုးရဖွဲ့စည်းပြီး KNU ကိုပြန်တိုက်ခိုင်းခဲ့တယ်။ ၁၉၆၃ မှာ KRC နဲ့ တပ်မဟာ ၁ ခွဲထွက်ပြီး လက် နက်ချ ပြန်တိုက်ခဲ့ရတယ်။ ၁၉၆၅ မှာ အများစုက KNU ဆီပြန်လာခဲ့တယ်။

(ခ) ၁၉၉၄ နှစ်ကုန်ပိုင်းမှာ DKBA အင်အား ၂၀ဝ၀ KNU ကခွဲထွက်ပြီး စာချုပ်မဲ့အပစ်ရပ်ခဲ့တယ်။ KNU ကို ပြန်တိုက်ခဲ့တယ်။ ၁၉၉၇ တုန်းကလည်း KPF အင်အား ၄၀ဝ လောက် KNU က ခွဲထွက်ပြီး လက်နက်ချ ပြည်သူ့စစ် လုပ်ခဲ့တယ်။ ၂၀ဝ၉ မှာ DKBA ရော၊ KPF ပါ BGF နဲ့ ပြည်သူ့စစ်အဖြစ် တရားဝင်အသွင် ပြောင်းခံရတယ်။ ဒါကိုလက်မခံသူတွေက DKBA အဖြစ်ဆက်ရပ်တည်ပြီး အင်အား ၁၀ဝ၀ လောက်နဲ့ ၂၀၁၀ မှာ တော်လှန်စစ်ပြန်စခဲ့တယ်။ ဒီမူလ DKBA က ၂၀၁၁ နိုဝင်ဘာမှာ ပဏာအပစ်ရပ်စာချုပ်၊ ၂၀၁၅ အောက်တိုဘာမှာ NCA ထိုးခဲ့တော့ KKO အဖြစ် နာမယ်ပြောင်းခံရတယ်။

DKBA နာမယ်နဲ့ဘဲ အင်အား ၃၀ဝ အဖွဲ့ငယ်တဖွဲ့က ၂၀၁၄ မှာ ခွဲထွက်ပြီး တော်လှန်စစ် ဆက်ဆင်နွှဲခဲ့ပြန် တယ်။ အပစ်ရပ် စာချုပ်/NCA မထိုးသေး။

(ဂ) ၂၀ဝ၇ ဖေဖော်ဝါရီမှာ KNU ကနေ PC အင်အား ၃၀ဝ ခွဲထွက်ပြီး စာချုပ်မဲ့အပစ်ရပ်ခဲ့တယ်။ ၂၀၁၂ ဖေဖော်ဝါရီမှာ တရားဝင် ပဏာမအပစ်ရပ်စာချုပ် ချုပ်ပြီး ၂၀၁၅ အောက်တိုဘာမှာ NCA လက်မှတ်ထိုးခဲ့ တယ်။

(ဃ) ၁၉၉၇၊ ၁၉၉၉ မှာလဲ ကရင်ပြည်မြောက်ပိုင်းကနေ KNU အဖွဲ့ငယ်တွေ ခွဲထွက်ပြီး ပြည်သူ့စစ်ဖြစ်သွား ခဲ့သေးတယ်။ ၁၉၉၇ က တနင်္သာရီတိုင်းမှာ ဘုရားသခင်တပ်မတော် ခွဲထွက်ပြီး တော်လှန်စစ်ဆင်ပေမဲ့ ချေမှုန်းခံရသလို ၂၀ဝ၁/၂၀ဝ၆ မှာ တချို့လက်နက်ချခဲ့ရတယ်။ တနင်္သာရီဘက်မှာလဲ ၁၉၉၄၊ ၂၀ဝ၃၊ ၂၀ဝ၄ တို့မှာ ထားဝယ်တပ်တချို့ ကရင်တပ်တချို့ လက်နက်ချခဲ့ပြီး တရားမဝင်ပြည်သူ့စစ်တွေ၊ အရပ်သား တွေ ဖြစ်ကုန်တယ်။ ပဲခူးတိုင်းနဲ့ မွန်ပြည်မှာလဲ ၂၀ဝ၅၊ ၂၀၁၀၊ ၂၀၁၁ တွေမှာ KNU အဖွဲ့ငယ်တချို့ လက် နက်ချပြီး တရားမဝင်ပြည်သူ့စစ်တွေ ဖြစ်သွားကြတယ်။

၅။ ကရင်နီပြည်

(က) KNPP ၁၉၄၈ သြဂုတ် ၉ ရက်မှာ တော်လှန်စစ်စခဲ့တယ်။ ကယားပြည်နယ်လို့ အတင်းနာမယ်ပြောင်း လိုက်တဲ့ ကရင်နီပြည်မှာ အခြေစိုက်ပြီး လက်ရှိအင်အား ၈၀ဝ ကျော် တထောင်လောက်ရှိတယ်။ ၁၉၆၃ မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်ခဲ့။ ၁၉၉၅ မတ် ၂၁ မှာ စာချုပ်မဲ့အပစ်အခတ်ရပ်စဲခဲ့တာ ၃ လအ ကြာမှာ စစ်ပြန်ဖြစ်ခဲ့တယ်။ ၂၀၁၂ မတ် ၇ ရက်မှာတော့ ပဏာမအပစ်ရပ်စာချုပ်လက်မှတ်ထိုးခဲ့တယ်။ NCA မထိုးသေး။

(ခ) KNPP ထဲက ခွဲထွက်ခဲ့တဲ့အဖွဲ့တွေ အနည်းဆုံး ၄ ဖွဲ့လောက်ရှိတယ်။ ၁၉၇၈ ဂျွန်မှာ ကလလတ (KNPLF) ခွဲထွက်ခဲ့တယ်။ အင်အား ၆၀ဝ ကျော်နဲ့ ၁၉၉၄ မေ ၉ ရက်မှာ စာချုပ်မဲ့အပစ်ရပ်ပြီး ကယားပြည် နယ် အထူးဒေသ ၂ ဖြစ်လာတယ်။ ၂၀ဝ၉ မှာ BGF နဲ့ ပြည်သူ့စစ်အဖြစ် တရားဝင်အသွင်ပြောင်းခဲ့တယ်။ ၁၉၉၆ နိုဝင်ဘာမှာ နဂါးအဖွဲ့ (KNDP)၊ ၁၉၉၉ မှာ ကယောအဖွဲ့ (KNPDP)၊ ၂၀ဝ၂-၂၀ဝ၃ မှာ ကမစည (KNUSO) အဖွဲ့ငယ်တွေ KNPP မှခွဲထွက်ခဲ့ပြီး တရားမဝင်ပြည်သူ့စစ်ဖြစ်ခဲ့ကြတယ်။ ၂၀ဝ၉ မှာ အပြီး လက်နက်ချကြရတယ်။

(ဂ) ကယန်းပြည်သစ်ပါတီ KNLP ၁၉၆၄ ဂျွန် ၄ ရက်မှာ ကယန်းတော်လှန်စစ် စခဲ့တယ်။ စခါစမှာ အင်အား ၂၀ဝ၀ ကျော်ရှိခဲ့ရာက မကြာခင် ၁၉၆၄ မှာဘဲ အများစုလက်နက်ချသွားတယ်။ ကျန်တဲ့အင်အားစုတွေက တော်လှန်စစ်ဆက်ဆင်ရင်း အင်အား ၇၀ဝ နဲ့ ၁၉၉၄ ဂျူလိုင် ၂၆ မှာ စာချုပ်မဲ့အပစ်ရပ်ခဲ့လို့ ကယားအထူး ဒေသ ၃ ဖြစ်လာတယ်။ ၂၀ဝ၉ မှာ ပြည်သူ့စစ်အဖြစ် တဖက်သတ် သတ်မှတ်ခံရတယ်။

၁၉၉၂ ဖေဖော်ဝါရီ မှာ KNG အဖွဲ့ငယ်တဖွဲ့ခွဲထွက်ခဲ့ပြီး စာချုပ်မဲ့အပစ်ရပ်လို့ ကယားအထူးဒေသ ၁ ဖြစ်ခဲ့ တယ်။ ၂၀ဝ၉ မှာ အပြီးလက်နက်ချလိုက်ရတယ်။

၆။ မွန်ပြည်

(က) မွန်ပြည်သစ်ပါတီ NMSP မွန်တော်လှန်စစ်က ၁၉၄၈ ဂျူလိုင်လမှာ စခဲ့တယ်။ မွန်ပြည် ကရင်ပြည် တနင်္သာရီတိုင်းတို့မှာ အခြေခံပြီး ၁၉၅၈ ခုမှာ အများစုက "လက်နက်နဲ့ဒီမိုကရေစီ" လဲခဲ့ဖူးတယ်။ လက် ကျန်အနည်းစုက ပြန်လည်ထူထောင်ခဲ့ပြီးနောက် ၁၉၆၃ မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ မအောင်မြင်ခဲ့။ ၁၉၈၀ လောက်မှာ လက်ဝဲ-လကျာ် နှစ်ဖွဲ့ကွဲခဲ့ပေမဲ့ ၁၉၈၈-၈၉ မှာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့တယ်။ ၁၉၉၅ ဂျွန်မှာ စာချုပ်မဲ့အပစ်ရပ်ခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီ ၁ ရက်မှာ တရားဝင်ပဏာမအပစ်ရပ်စာချုပ်၊ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ မှာ NCA လက်မှတ်ထိုးခဲ့တယ်။ ၂၀ဝ၁ မှာ HRP ခွဲထွက်ပြီး တော်လှန်စစ် ဆက်နွှဲခဲ့ပေမဲ့ ၂၀၁၂ လောက်မှာ အများစုလက်နက်ချခဲ့သလို အချို့လဲ NMSP ဆီပြန်ရောက်သွားခဲ့တယ်။ ၁၉၉၆၊ ၁၉၉၇ နဲ့ ၂၀၁၀ တို့မှာလဲ MNDA MMA MPDF MMFD စတဲ့အဖွဲ့ငယ်တွေ ခွဲထွက် လက်နက်ချပြီး တရားမဝင် ပြည်သူ့စစ်ဖြစ်ကုန်တယ်။

၇။ ချင်းပြည်/စစ်ကိုင်းတိုင်း

(က) ၁၉၆၀/၁၉၆၄ မှာ ချင်းဦးစီးအဖွဲ့၊ ချင်းဒီမိုကရေစီပါတီစသဖြင့် ချင်းတော်လှန်စစ် စတင်ခဲ့ပေမဲ့ ရေရှည် မရပ်တည်နိုင်ခဲ့ဘဲ ၁၉၈၈ မှာတော့ CNF က တော်လှန်စစ်စခဲ့တယ်။ အင်အား ၂၀ဝ နီးပါးရှိပြီး ချင်းပြည် အလယ်ပိုင်းရဲ့ နယ်စပ်မှာ အခြေစိုက်ခဲ့တယ်။ ၂၀၁၂ ဂျန်နဝါရီမှာ ပဏာမအပစ်ရပ်စာချုပ်၊ ၂၀၁၅ အောက် တိုဘာမှာ NCA လက်မှတ်ထိုးခဲ့တယ်။

(ခ) NSCN-K ၁၉၆၃ မှာ အိန္ဒိယနိုင်ငံမှာ နာဂ တော်လှန်စစ်စခဲ့ပြီး ၁၉၈၀ မှာ ဗမာပြည်ဘက်ကို တော်လှန် စစ်ကူးစက်ခဲ့တယ်။ စစ်ကိုင်းတိုင်း နာဂတောင်တန်းကို အခြေခံတယ်။ အင်အား ၅၀ဝ လောက်ရှိပြီး ၂၀၁၂ ဧပြီ ၉ ရက်မှာ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့ပေမဲ့ NCA မထိုးနိုင်သေးဘဲ ဗမာစစ်တပ်ရဲ့ နှိပ်ကွပ်မှု အမျိုးမျိုး ခံနေရတယ်။

(ဂ) ကူကီး (KNA) တော်လှန်စစ်က ၁၉၈၈ မှာ စပြီး အင်အား ၄၀ဝ လောက်နဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည် မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ မဏိပူရပြည်တို့မှာ အခြေစိုက်တယ်။ အပစ်ရပ်စာချုပ်/NCA မပါသေး။

(ဃ) ဇိုမီး (ZRA) တော်လှန်စစ်က ၁၉၆၄၊ ၁၉၉၇၊ ၂၀ဝ၄ တို့မှာ အကြိမ်ကြိမ်ထခဲ့တယ်။ လက်ရှိအင်အား ၅၀ဝ လောက်နဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ မဏိပူရပြည်တို့မှာ အခြေစိုက်တယ်။ အပစ်ရပ်စာချုပ်/NCA မပါသေး။

(င) ရှမ်းနီ (SNA) တော်လှန်စစ်က ၁၉၈၉ ဂျူလိုင်မှာ စခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်တောင်ပိုင်းတို့မှာ အခြေခံတယ်။ အင်အား ၂၀ဝ လောက်ရှိပြီး အပစ်ရပ်စာချုပ်/NCA မပါသေး။

၈။ ဗမာပြည်

(က) ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ ၂၈ မတ် ၁၉၄၈ မှာ တော်လှန်စစ်စတင်ခဲ့တယ်။ 

အခြေခံ ဒေသတွေအဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ၁၉၄၈ က ၁၉၇၄ အထိ၊ ပဲခူးရိုးမမှာ ၁၉၄၈ က ၁၉၇၅ အထိ၊ မသုံးလုံး (မန္တလေး-မကွေး-မိတ္ထီလာ) မှာ ၁၉၄၈ က ၁၉၆၄ အထိ၊ စစ်ကိုင်းတိုင်း-မြစ်ဖျားတိုင်းမှာ ၁၉၄၈ က ၁၉၆၈ အထိ၊ အောက်ဗမာပြည် (ပဲခူးတိုင်း-မွန်ပြည်) မှာ ၁၉၄၈ က ၁၉၅၈ အထိ၊ အနောက်မြောက်တိုင်း (မကွေးတိုင်းအနောက်ခြမ်း) မှာ ၁၉၄၈ က ၁၉၈၀ အထိ၊ ရှမ်းပြည်မှာ ၁၉၄၈ က ၁၉၈၉ အထိ၊ ရှမ်းပြည် အရှေ့မြောက်ပိုင်းနဲ့ ကချင်ပြည်မှာ ၁၉၆၈ က ၁၉၈၉ အထိ၊ ပျဉ်းမနား ပေါင်းလောင်းဒေသမှာ ၁၉၄၈ က ၁၉၉၃ အထိ၊ တနင်္သာရီတိုင်းမှာ ၁၉၄၈ က ၁၉၉၅ အထိ၊ ရခိုင်ပြည်မှာ ၁၉၄၇ က ၁၉၉၅ အထိ ရပ်တည်ခဲ့ တယ်။ 

ဗကပ ဟာ ၁၉၆၃ ဂျွန်လ-နိုဝင်ဘာလ နှင့် ၁၉၈၀ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်ခဲ့။ အခြေခံဒေသတွေထဲမှာ ရှမ်းပြည်၊ အရှေ့မြောက်ပိုင်း၊ ကချင်ပြည်နဲ့ တနင်္သာရီတိုင်းတို့ကလွဲရင် ကျန်တဲ့ နေရာတွေက စစ်ရေးအရအရေးနိမ့် ချေမှုန်းခံရတာတွေ၊ လက်နက်ချတာတွေ ဖြစ်တယ်။ အင်အား ၂၀ဝ၀ဝ အထိရှိခဲ့ပြီး ပင်မအင်အားစုကြီးဟာ အတွင်းပိုင်းအကြောင်းတွေကြောင့် ၁၉၈၉ မှာ ပြိုကွဲသွားခဲ့တယ်။ 

၁၉၈၈-၈၉ မှာ ၈ လေးလုံးအရေးတော်ပုံကထွက်လာတဲ့ အင်အားစုတွေကို DPA ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ ခွဲထုတ်ထူထောင်ပေးခဲ့ပေမဲ့ ဗကပ ပြိုကွဲမှုနဲ့အတူ မှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်။ ဗကပ ပြိုကွဲပြီးနောက် လက်ရှိကာလမှာတော့ ပြည်ပရောက်များ၊ နိုင်ငံရေးပါတီများ၊ CSO များ၊ အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ၊ အရပ်သားများအဖြစ် ရပ်တည်နေတယ်။ တနင်္သာရီဒေသမှာတော့ ယခု မြိတ်-ထားဝယ်ညီညွတ်ရေးတပ်ဦး (MDUF) အင်အား ၂၀ဝ ဟာ မြေအောက်အဖွဲ့အစည်းအဖြစ်နဲ့ အရပ်သားများအဖြစ်နဲ့ ရပ်တည်နေတယ်။ ဗကပ၊ DPA, MDUF တို့ဟာ အပစ်ရပ်စာချုပ်/NCA မှာ မပါ။

(ခ) ဗမာပြည်မမှာ တခြားလက်ဝဲနွယ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကတော့ တော်လှန်သော ဗမာ့တပ်မတော် (RBA)၊ ပြည်သူ့ရဲဘော်အဖွဲ့ (PVO/PCP)၊ အလံနီကွန်မြူနစ်ပါတီ (RF) တို့ရှိခဲ့ဖူးတယ်။

တော်လှန်သောဗမာ့တပ်မတော် (RBA) အင်အား ၂၀ဝ၀ က ၁၉၄၈ သြဂုတ် ၁၀ ရက်မှာ မြန်မာစစ်တပ်မှ ခွဲထွက်ပြီး တော်လှန်စစ်စခဲ့ရာက ဗကပထဲ ပေါင်းစည်းသွားခဲ့တယ်။

ပြည်သူ့ရဲဘော်အဖွဲ့ ဟာ ၁၉၄၈ ဂျူလိုင် ၁၆ မှာ တော်လှန်စစ်စခဲ့ပြီး ဗမာပြည်အလယ်ပိုင်း နဲ့ အောက်ဗမာ ပြည်မှာ အခြေခံခဲ့တယ်။ အင်အား ၄၀ဝ၀ လောက်ရှိခဲ့ပြီး ၁၉၅၈ သြဂုတ် ၁၅ မှာ 'လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်' ခဲ့တယ်။ နောက်ပိုင်းမှာ ဥပဒေတွင်းပါတီ (၁၉၅၈-၁၉၆၂၊ ၁၉၈၉-၂၀၁၅) တွေ၊ အရပ်သားတွေ အဖြစ် ရပ်တည်ခဲ့တယ်။

အလံနီကွန်မြူနစ်ပါတီဟာ ၁၉၄၈ ဧပြီ ၂၉ မှာ တော်လှန်စစ်စပြီး ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရခိုင်တိုင်းတို့ မှာ အခြေခံခဲ့တယ်။ အင်အား ၇၀ဝ လောက်ရှိခဲ့တယ်။ ၁၉၆၃ ဂျွန်-နိုဝင်ဘာမှာ ငြိမ်းချမ်းရေးဆွေးနွေး သော်လည်း မအောင်မြင်ခဲ့။ ၁၉၇၁-၇၈ မှာ လက်နက်ချခဲ့တယ်။ လက်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်သားများ၊ စစ်တပ်လိုလားသော ဥပဒေတွင်းပါတီများအဖြစ် ရပ်တည်နေတယ်။

(ဂ) ဗမာပြည်မနဲ့ အဓိကဆိုင်တဲ့ တခြားတော်လှန်ရေးအဖွဲ့တွေကတော့ ABSDF ၊ ပါလီမန်ဒီမိုကရေစီပါတီ (PDP) နဲ့ ပြည်သူ့ပြည်ချစ်ပါတီ (PPP) တို့ဖြစ်ပါတယ်။

ABSDF က ၈ လေးလုံးအရေးတော်ပုံက ပေါက်ဖွားလာခဲ့ပြီး ကရင်ပြည်၊ မွန်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်၊ ကချင်ပြည်၊ ရခိုင်ပြည်၊ တနင်္သာရီတိုင်းတို့မှာ အခြေခံခဲ့တယ်။ အင်အား အကောင်းဆုံးအချိန်မှာ ၈၀ဝ၀ ကျော် တသောင်းအထိ ရှိခဲ့ပေမဲ့ အခုတော့ ၄၀ဝ လောက်ဘဲရှိတယ်။ ၂၀၁၅ အောက်တိုဘာလမှာ NCA လက်မှတ်ထိုးခဲ့တယ်။ ၂၀၁၄ မှာ UNRA ဆိုပြီး အဖွဲ့လေးတဖွဲ့ ခွဲထွက်ခဲ့သေးတယ်။ ၁၉၉၉ တုန်းကတော့ စွမ်းအားမြင့်စစ်သည်တော် (VBSW) ပေါ်ပေါက်ခဲ့တာ ထိုင်းအစိုးရ၊ ဗမာအစိုးရနဲ့ KNU သုံးဖက်ညှပ်နှိမ်နင်း တာခံခဲ့ရတယ်။ UNRA နဲ့ VBSW တို့ဟာ အပစ်ရပ်စာချုပ်/NCA မှာ မပါ။

PDP ဟာ ၁၉၆၆ နဲ့ ၁၉၆၉ မှာ တော်လှန်စစ်စခဲ့တယ်။ ကရင်ပြည် မွန်ပြည် တနင်္သာရီတိုင်းတို့ကို အဓိက အခြေခံခဲ့တယ်။ အင်အား ၂၀ဝ၀ အထိရှိခဲ့ရာက ၁၉၈၀ မှာ အဓိကအင်အားတွေ လက်နက်ချခဲ့တယ်။ PDP ထဲကနေ ၁၉၇၄ မှာ PPP ခွဲထွက်ပြီး အင်အား ၅၀ဝ ကျော်ရှိခဲ့တယ်။ သူတို့လဲ ၁၉၈၀ မှာ အများစုလက်နက် ချကုန်တယ်။ ၂၀၁၀ နောက်ပိုင်းမှာ DKBA နဲ့တွဲပြီး တော်လှန်စစ်ပြန်ထဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့။ အပစ်ရပ်စာချုပ်/NCA မပါ။ နှစ်ဖွဲ့စလုံးဟာ အခုတော့ ပြည်ပရောက်တွေနဲ့ ဥပဒေတွင်းပါတီတွေအဖြစ် ရပ်တည်နေကြတယ်။

ဒီစာတမ်းဟာ ဗမာပြည် ပြည်တွင်းစစ် သို့မဟုတ် တော်လှန်စစ်ရဲ့ ရေရှည်လမ်းကြောင်းနဲ့ ဆင့်ကဲဖြစ်စဉ် တွေကို အခုနောက်ဆုံး NCA နဲ့ ၂၁ ပင်လုံမှတ်တိုင်အထိ ချုပ်ပြောထားတာဖြစ်တယ်။ ဒီလမ်းကြောင်းနဲ့ ဖြစ် စဉ်တွေကိုကြည့်ရင် တိုင်းရင်းသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာနဲ့ စစ်မှန်တဲ့ဒီမိုကရေစီဖော်ဆောင်ရေးပြဿ နာကို မဖြေရှင်းနိုင်သရွေ့ နိုင်ငံတကာတန်းဝင် ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်နိုင်ကြောင်း ထင်ရှားနေပါ တယ်။

 ဒီလိုပုံနဲ့ အပစ်အခတ်ရပ်စဲရေးတွေ ငြိမ်းချမ်းရေးတွေ နာမယ်အမျိုးမျိုးပြောင်းသလိုမျိုး တော်လှန်စစ် တွေလဲ နာမယ်တွေပြောင်း၊ လူတွေဘဲပြောင်းသွားပြီး စစ်ပွဲတွေနဲ့ လူမဆန်ဖိနှိပ်မှုတွေဟာ ၂၂ ရာစု ပင်လုံ ညီလာခံနဲ့ နောက်ပိုင်းအထိ ဆက်လက်မင်းမူနေမှာဖြစ်လို့ ကမ္ဘာမှာ လူတန်းမစေ့ လူရာမဝင်တဲ့ နိုင်ငံသူ နိုင်ငံသားများ ဆက်ဖြစ်နေအုံးမှာ မြေကြီးလက်ခတ်မလွဲ ဖြစ်လေသတည်း။

ဂါမဏိ