Breaking News

ဒေါက်တာသိန်းလွင် - အင်္ဂလန်မှ ထိုင်း-မြန်မာနယ်စပ်ဒေသသို့


ဒေါက်တာသိန်းလွင် - အင်္ဂလန်မှ ထိုင်း-မြန်မာနယ်စပ်ဒေသသို့

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၀

မိတ်ဆွေ သူငယ်ချင်းများအတွက်ရေးသောစာ အပိုင်း (၁၃) 

ဒီအပိုင်းက နယူးကာဆယ်မှာ ပညာသင်ကာလ ပြီးသွားလို့ ကျွန်တော် ထိုင်း-မြန်မာ နယ်စပ်ကို ပြန်လာပြီး နယ်စပ်ပညာရေးကို ကူညီတဲ့ အကြောင်းပါ။
ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာလ ၂၃ ရက်။

အင်္ဂလန်မှ ထိုင်း-မြန်မာနယ်စပ်ဒေသသို့

ကျွန်တော် ၂၀၀၁ ခုနှစ်မှာဘွဲ့ယူတော့ အမေ့ကို ဝမ်းသာရအောင် လှမ်းအကြောင်းကြားပါတယ်။ အမေကသူ့သား ဒေါက်တာဘွဲ့ရတယ်ဆိုတော့ ဆရာဝန်ဘွဲ့ရတယ်လို့ ထင်သွားပါတယ်။ ရွာကျောင်းမှာ ဥပုသ်စောင့်ရင်း “ကျွန်မသား ဆရာဝန်ဖြစ်ပြီ” လို့ ကြွားတာပေါ့။ ရွာကျောင်းဆရာတော်လည်း ဝမ်းသာပြီး အင်္ဂလန်က ဆေးတွေပို့ပေးဖို့ ကျွန်တော့်ကို မှာပါတယ်။

​BBC က ဦးကျော်ဇံသာလဲ အင်တာဗျူးလုပ်ပါတယ်။ (ခုတော့ ဦးကျော်ဇံသာက VOA မှာလို့ထင်ပါတယ်)။ မြန်မာနိုင်ငံရဲ့ ပညာရေးအကြောင်းမေးတာပါ။ ကျွန်တော်ကလဲ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကိုလေ့လာပြီးစဆိုတော့ အားရပါးရကို ဖြေပါတယ်။ ပညာရေးစနစ် မအောင်မြင်တဲ့အကြောင်း၊ ပြုပြင်ရမည်ဖြစ်ကြောင်းပြောပါတယ်။

​အဲ့ဒီတုန်းကအုပ်ချုပ်တဲ့ စစ်အစိုးရက အတော်လေး စိတ်ဆိုးသွားပုံရပါတယ်။ ဆောင်းပါးရှင်တစ်ဦးက “ပေါက်စ” ဆိုတဲ့ ကလောင်အမည်နဲ့ ကျွန်တော်ရဲ့အင်တာဗျူးကို ချေပရေးသားပါတယ်။ မြန်မာ့အလင်းသတင်းစာမှာ ရေးပါတယ်။ “ဒေါက်တာသိန်းလွင်ဆိုသူဟာ နိုင်ငံခြားရောက်ပြီး မျက်စေ့ကွယ်သွားကြောင်း၊ တပ်မတော်အစိုးရက ပညာရေးကို ကောင်းအောင်လုပ်နေတာကို မမြင်တော့ကြောင်း” စတာတွေရေးပါတယ်။ 

ပြီးတော့ “ဒေါက်တာသိန်းလွင်ဆိုသူဟာ အစိုးရက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ပညာတော်သင် စေလွှတ်ခဲ့တဲ့ ကျေးဇူးကိုမှမထောက်” လို့ ရေးပါတယ်။ BBC က အသံလွှင့်တဲ့အချက်အလက်တွေကို ချေပတာကတော့ ကျွန်တော်ပြောတာတွေကို ချေပတာပါ။ မော်စကိုမြို့ကို ပညာသင်စေလွှတ်တယ်ဆိုတာကတော့ ကျွန်တော်မဟုတ်ပါဘူး။ ကျွန်တော်က ရုရှားနိုင်ငံက မော်စကို ကို မရောက်ဖူးပါဘူး။ အင်းစိန်ထောာင်က မော်စကို ကိုသာ ရောက်ဖူးတာပါ။ ဆောင်းပါးရှင် “ပေါက်စ” က လူမှားသွားပုံရပါတယ်။ ပညာရေးတက္ကသိုလ် စိတ်ပညာဌာနက အငြိမ်းစားယူသွားတဲ့ ဆရာကြီး ဒေါက်တာသိန်းလွင်နဲ့ မှားပြောတာပါ။ ဆရာကြီးကို ခေါ်စစ်သေးတယ်လို့ ကြားပါတယ်။

​နောက်တော့ BBC မှာ ပြောတာ ကျွန်တော်မှန်းသိသွားပြီး ရွာက အမေ့အိမ်မှာ သွားရှာပါတယ်။ အမေကတော့ ရိုးရိုးပဲ ကျွန်မသား အင်္ဂလန်မှာ ကျောင်းသွားတက်တယ်လို့ ဖြေပါတယ်။ အမေ့ဆီ ကျွန်တော်ရေးတဲ့ စာတွေလည်း သိမ်းသွားပါတယ်။ ကျွန်တော့်အစ်ကိုဝမ်းကွဲတွေက အဲ့ဒီအကြောင်း ကျွန်တော့်ဆီ လှမ်းပြောပါတယ်။ “မောင်သိန်းလွင်၊ မင်းအဲ့ဒီမှာပဲနေ၊ ပြန်မလာနဲ့အုံး” လို့ မှာပါတယ်။ မြန်မာပြည်ကို ပြန်ဖို့အဆင်မပြေသေးတာနဲ့ ထိုင်း-မြန်မာနယ်စပ်ကို ပြန်သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်နယ်စပ်မှာ သုတေသနသွားလုပ်တုန်းက နယ်စပ်ဒေသ ပညာရေးလိုအပ်ချက်တွေကို ကျွန်တော် သိရှိလာပါတယ်။ သွားရောက် ကူညီချင်ပါတယ်။ 

အမှားကောင်း

​စိတ်ပညာဆရာကြီး ဒေါက်တာသိန်းလွင်နဲ့ ကျွန်တော့်ကို နာမည်တူနေလို့ မကြာခဏ မှားကြပါတယ်။ ကျွန်တော် နဲ့ နာမည်တူတဲ့အတွက် ဆရာကြီးကတော့ ထောက်လှမ်းရေးတွေ စစ်ဆေးတာခံရပြီး ကျွန်တော်ကတော့ ဆရာကြီးနဲ့ နာမည်တူတဲ့အတွက် ကောင်းကျိုး ရပါတယ်။

​တမနက် ချင်းမိုင်ရုံးမှာ ကျွန်တော်ရှိနေတုန်း ချင်းမိုင် တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ဗမာမလေးတစ်ယောက် ကျွန်တော့်ဆီ ဖုန်းဆက်ပါတယ်။ သူ့အမေရောက်နေလို့ ကျွန်တော့်ကို လာတွေ့ချင်ကြောင်းပြောပါတယ်။ ကျွန်တော်နဲ့ သိကျွမ်းသူ (သို့မဟုတ်) သူ့သမီးရဲ့ပညာရေးအကြောင်းပြောချင်လို့ တွေ့ချင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်က ချက်ချင်းပဲ လာခဲ့ကြပါလို့ ခေါ်ပါတယ်။ 

နေ့လည်ခင်းရောက်တော့ ဖုန်းဆက်တဲ့ကျောင်းသူလေးရယ် ကျွန်တော်ထက် နဲနဲလောက်ပဲ ကြီးမယ်ထင်တဲ့ အစ်မကြီးတစ်ယောက်ရယ် ရုံးကိုလာပါတယ်။ ကျွန်တော်ထပြီး နှုတ်ဆက်ပါတယ်။ “ကျွန်တော် ဒေါက်တာသိန်းလွင်ပါ” လို့ ပြောတော့ အစ်မကြီးရဲ့မျက်နှာ တစ်မျိုးဖြစ်သွားတာကို သတိထားမိပါတယ်။ 

နေရာထိုင်ခင်းပေးပြီး ကျွန်တော်ရဲ့အလုပ်အကြောင်း နည်းနည်းပြောပြီး ကလေးမလေး ချင်းမိုင်မှာ ကျောင်းတက်တာအဆင်ပြေလားမေးပါတယ်။ ပြီးတော့မှ လာရင်းကိစ္စကို မေးပါတယ်။ အစ်မကြီးက “ဒေါက်တာသိန်းလွင်ဆိုတော့ ကျွန်မ ပညာရေးတက္ကသိုလ် တက်တုန်းက ကျွန်မရဲ့ ဆရာ ဒေါက်တာသိန်းလွင် ထင်လို့လာတာပါ” လို့ ပြောပါတယ်။ 

သူတို့ယူလာတဲ့ လိမ္မော်သီးတွေ မုန့်တွေကိုလက်ဆောင်ဆိုပြီး ကျွန်တော့်ကိုပေးပါတယ်။ ကျွန်တော့်အတွက် ရည်ရွယ်တာမဟုတ်မှန်း သိပါတယ်။ ကျောင်းသူလေးကလည်း အတင်းပေးတာနဲ့ ကျွန်တော် ယူထားလိုက်ပါတယ်။ ဆရာကြီး ဒေါက်တာသိန်းလွင်နဲ့ လူမှားတဲ့အတွက် ကျွန်တော်က လိမ္မော်သီးတွေ မုန့် တွေစားရပါတယ်။

ကျောင်းဖွင့်ရေးလှုပ်ရှားမှု (Open School Campaign)

၁၉၈၈ ကစလို့ တက္ကသိုလ်တွေ မကြာခဏ ဖွင့်လိုက်၊ ပြန်ပိတ်လိုက်နဲ့ ကျောင်းသားတွေ ပညာသင်ယူခွင့် ကောင်းကောင်းမရကြပါဘူး။ ထိုင်းနယ်စပ်ကို ရောက်နေကြတဲ့ကျောင်းသားတွေ ဦးဆောင်တဲ့ (ABSDF)၊ လူ့ဘောင်သစ်ပါတီ၊ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အစရှိတဲ့ လူငယ် အဖွဲ့အစည်းတွေ ဦးစီးပြီးတော့ ကျောင်းဖွင့်ရေးလှုပ်ရှားမှု လုပ်ကြပါတယ်။ ၂၀၀၀ ခုနှစ်တုန်းကပါ။

၂၀၀၀ ခုနှစ်၊ ဒုတိယနှစ်ဝက်ထဲမှာ ပညာရေးဆွေးနွေးပွဲတစ်ခုကို ချင်းမိုင်မှာ လုပ်ပါတယ်။ နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ကြပါတယ်။ ကျွန်တော့်ကို ဖိတ်ကြားတဲ့အတွက် ကျွန်တော် သုတေသနလုပ်ထားတဲ့ မြန်မာနိုင်ငံပညာရေးသမိုင်းကို သွားပြောခဲ့ပါတယ်။ တခြားပြောကြသူတွေထဲမှာ အမေရိကန်က လူ့အခွင့်အရေးဘာသာရပ်တွေ သင်ယူပြီး ပြန်ရောက်လာတဲ့ ကိုအောင်မျိုးမင်း၊ တောင်အာဖရိက တက္ကသိုလ် တစ်ခုက ပါမောက္ခ Prof. Salim Vally, ဖိလစ်ပိုင်တက္ကသိုလ်တစ်ခုက ပါမောက္ခ Prof. Flora Arellano တို့ကို မှတ်မိပါတယ်။

​အမှတ်တရအဖြစ်ဆုံးကတော့ ကျွန်တော်စင်ပေါ် တက်ဟောနေတုန်း ထိုင်းရဲတွေ လာဝိုင်းတာပါ။ ကျွန်တော်တို့ Seminar လုပ်တဲ့နေရာက ချင်းမိုင်မြို့ပြင်က ဟိုတယ်တစ်ခုမှာပါ။ Seminar မှာရှိတဲ့ လူအားလုံးကို တစ်ယောက်ချင်းစီ Passport စစ်ပါတယ်။ နယ်စပ်ကလာတဲ့လူတွေက ဘာအထောက်အထားမှမရှိလို့ ဖမ်းခေါ်သွားပါတယ်။ 

ကျွန်တော့်မှာ ထိုင်းနိုင်ငံဝင် ခွင့် ဗီဇာရှိတဲ့အတွက် ကျွန်တော်လွတ်သွားပါတယ်။ ကိုအောင်မျိုးမင်းကတော့ ရဲတွေဝင်လာလာချင်း ဟိုတယ်ခြံစည်းရိုးကျော်ပြီး ပြေးပါတယ်။ Prof. Salim Vally က သူ့ကို မဖမ်းပေမဲ့ အဖမ်းခံရသူတွေနဲ့အတူ လိုက်သွားပါတယ်။ ပညာရေးဆွေးနွေးကြတာမို့ မဖမ်းသင့်ကြောင်း ရဲစခန်းကို လိုက်ပြောပေးပါတယ်။ ဖမ်းသွားတဲ့လူတွေကိုတော့ ညနေဖက်မှာ ပြန်လွှတ်လိုက်ပြီး ဆွေးနွေးပွဲကို ရပ်ခိုင်းလိုက်ပါတယ်။ ကျွန်တော် အစလေးပဲ ဟောရသေးတယ် ဆွေးနွေးပွဲပျက်သွားပါတယ်။


နယ်စပ်ဒေသ ပညာရေးဆွေးနွေးပွဲများ

​မြန်မာပြည်ပြန်ဖို့ အဆင်မပြေသေးတဲ့အချိန်မှာ နယ်စပ်ဒေသပညာရေးကို ကူညီဖို့ ကျွန်တော်ပြန်လာတာပါ။ ၁၉၉၉ ခုနှစ်က ကျွန်တော်ရဲ့ဘွဲယူစာတမ်းအတွက် သုတေသနပြုဖို့လာခဲ့တုန်းက တွေ့ဆုံခဲ့တဲ့မိတ်ဆွေတွေနဲ့ ပြန်ဆက်သွယ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ ပညာရေးနဲ့ ကျန်းမာရေးကော်မတီ (NHEC) ရုံးက ချင်းမိုင်မြို့မှာ ရှိပါတယ်။ သူတို့က ကျွန်တော့်ကို NHEC မှာလုပ်ပေးဖို့ တိုက်တွန်းကြပါတယ်။ 

ပြည်တွင်း NLD မှာတုန်းက သိကျွမ်းခဲ့တဲ့ ၁၉၉၀ ရွေးကောက်ခံအမတ်တွေဖြစ်ကြတဲ့ ဒေါက်တာစန်းအောင်နဲ့ ဒေါက်တာမောင်မောင်လတ်တို့လည်း NHEC မှာရှိပါတယ်။ သူတို့နဲ့ တိုင်ပင်ဆွေးနွေးပြီး NHEC ရဲ့ ပညာရေးကဏ္ဍမှာ ကျွန်တော် ပါဝင်ဆောင်ရွက်ပေးပါတယ်။

​ကျွန်တော်ရောက်ပြီး မကြာခင်မှာပဲ ဒေါက်တာစန်းအောင်ရော ဒေါက်တာမောင်မောင်လတ်ရော နိုင်ငံခြားကို ထွက်ခွာသွားကြပါတယ်။ KNU ပညာရေးဌာနက ဆရာစောဝင်းဂိတ်က NHEC ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ နယ်စပ်ဒေသ အသီးသီးမှာ အခြေစိုက်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဆွေးနွေးပွဲတွေလုပ်ဖို့ ကျွန်တော် အဆိုပြုပါတယ်။ သဘောတူညီချက် ရတာနဲ့ ပညာရေးဆွေးနွေးပွဲတွေ ကျွန်တော်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

​NHEC ရဲ့ပညာရေးကဏ္ဍမှာ ကျွန်တော်၊ စောဘားနားဘတ်စ်နဲ့ မနန်းလုံတို့ တာဝန်ယူပါတယ်။ စောဘားနားဘတ်စ်က KNU ကဖြစ်ပြီး မနန်းလုံက လားဟူခေါင်းဆောင် ဦးဘင်ဂျမင်ကြာဦးရဲ့သမီး ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ရထားသူ ဖြစ်ပါတယ်။ စောဘားနားဘတ်စ်က စက်မှုသိပ္ပံကျောင်းဆင်းဖြစ်ပါတယ်။
​ကျန်းမာရေးကဏ္ဍမှာတော့ ဒေါက်တာဖိုးသော်တာ၊ ဒေါက်တာအောင်ထွန်းနဲ့ ဒေါက်တာသိန်းမြင့် (ကိုသိန်းစီ) တို့ တာဝန်ယူပါတယ်။ ရုံးအဖွဲ့နဲ့ ငွေစာရင်းတွေအတွက် ဦးရီထွန်း၊ ကိုမင်းမင်းဦး၊ ကိုဒိုမို၊ ကိုကျော်ထက်နဲ့ Maureen Jabu တို့ တာဝန်ယူပါတယ်။ NHEC ကော်မတီဝင်တွေကတော့ ၆လ တစ်ကြိမ် အစည်းအဝေးရှိမှသာလာကြပြီး ဥက္ကဋ္ဌစောဝင်းဂိတ်တစ်ဦးသာ တာဝန်ခံအဖြစ် ချင်းမိုင်ရုံးမှာနေပါတယ်။

ဒီမိုကရေစီ ညောင်ပင်

​ပညာရေးဆွေးနွေးပွဲတွေအကြောင်း မရေးခင် ဒေါက်တာအောင်ထွန်းအကြောင်း သတိရလို့ ရေးချင်ပါတယ်။ ၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့အတွက် စစ်တပ်က အာဏာသိမ်းတော့ ဒေါက်တာအောင်ထွန်း အိန္ဒိယနယ်စပ်ကို ထွက်ပါတယ်။ နယ်စပ်ကတဆင့် ဒေလီမြို့ကို ခက်ခက်ခဲခဲ ရောက်သွားပါတယ်။ ဒေလီမှာ NLD အမတ် ဒေါက်တာတင့်ဆွေ၊ ABSDF က ဒေါက်တာအောင်ကျော်ဦး၊ ကျောင်းသားလူငယ်အဖွဲ့ က ကိုကျော်သန်း၊ ပန်းချီဆရာ စစ်ငြိမ်းအေး၊ လူ့ဘောင်သစ် ကိုငြိမ်းဝင်း (၇၄-၇၅-၇၆ ကျောင်းသားဟောင်း ကိုဂျွန်ကြီး) နဲ့ ချင်းတောင်က လာသူတွေ ရှိပါတယ်။

​ဒေလီကိုရောက်ပြီး တစ်ရက်မှာ ဒေါက်တာအောင်ထွန်း ဗုဒ္ဓဂါယာကို ဘုရားဖူးသွားပါတယ်။ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ ဗောဓိပင်အောက်က ညောင်ပင်ပေါက်ကလေးကို နှုတ်လာပါတယ်။ ဒေလီရောက်တော့ ပန်းအိုးလေးနဲ့ စိုက်ပျိုးထားပြီး ပြုစုယုယပါတယ်။ 

ဒေါက်တာစန်းအောင်တို့ ဒေါက်တာမောင်မောင်လတ်တို့ နိုင်ငံခြားထွက်သွားတဲ့အတွက် ချင်းမိုင် NHEC ရုံးမှာ ဆရာဝန်အင်အားနည်းသွားလို့ ဒေလီက ဒေါက်တာအောင်ထွန်းကို ချင်းမိုင်လာဖို့ခေါ်ပါတယ်။ ဒေလီကအဖွဲ့တွေက ဒေါက်တာအောင်ထွန်းကို လေဆိပ်လိုက်ပို့ကြပါတယ်။ ဗောဓိညောင်ပင်လေးကို ချင်းမိုင် ယူသွားဖို့ဆိုပြီး လက်ထဲကိုင်လာပါတယ်။ လိုက်ပို့တဲ့သူတွေက ညောင်ပင်ယူမသွားဖို့တားပါတယ်။ ဒေါက်တာအောင်ထွန်းက “ဒီမိုကရေစီရရင် ဗောဓိညောင်ပင်ကို သူ့ရွာမှာ စိုက်ချင်လို့ယူသွားမယ်” လို့ ပြောပါတယ်။ 

ဒါနဲ့ ဟိုလူတွေက ဒေါက်တာအောင်ထွန်းကို “ညောင်ပင်ဆိုတာက တောထွက်ပစ္စည်း။ လေယာဉ်ပေါ် သယ်သွားလို့မရဘူး။ ခင်ဗျား Passport ကလည်း အတုကြီး။ တောထွက်ပစ္စည်းယူသွားလို့ဖမ်းရင် Passport အတုပါမိနေမယ်”။ ဒေါက်တာအောင်ထွန်း မျက်စိမျက်နှာပျက်ပြီး ညောင်ပင်လေးကိုင်၊ အထုတ်တွေဆွဲပြီး အိမ်သာခန်းထဲဝင်သွားပါတယ်။ လေယာဉ်ပေါ်တက်တော့ လက်ထဲမှာ ညောင်ပင်မရှိတော့ပါဘူး။

​ကျွန်တော်တို့ NHEC ရုံးအဖွဲ့သားတွေက ချင်းမိုင်လေဆိပ်သွားပြီး ဒေါက်တာအောင်ထွန်းကို ကြိုပါတယ်။ လေဆိပ်ထဲကထွက်လာတော့ ကျွန်တော်တို့ နှုတ်ဆက်တာတောင် မကြည့်အားဘဲ သူ့ခရီးဆောင်အိတ်ကို ဖွင့်ပြီး ညောင်ပင်လေးကို ထုတ်ပါတယ်။ လေယာဉ်က ဒေလီကနေ လေးနာရီလောက်သာကြာတာမို့ လန်းလန်းဆန်းဆန်း ရှိပါသေးတယ်။ NHEC ရုံးကို ရောက်ရောက်ချင်း ပန်းအိုးတစ်လုံးတောင်းပြီး သူ့ညောင်ပင်လေးကို ပြန်စိုက်ပါတယ်။ အတော်ယုယပါတယ်။ နေ့စဉ်ရေလောင်း၊ အရွက်သစ်လေးတစ်ရွက်ထွက်ရင် ဓါတ်ပုံတစ်ခါရိုက်၊ ရွက်ဟောင်းတစ်ရွက်ကြွေရင် တစ်ခါကောက်ပြီး စာအုပ်ကြား ညှပ်ပါတယ်။

​နွေရာသီတစ်ရက်မှာ ကျန်းမာရေးညီလာခံတစ်ခုတက်ဖို့ ဒေါက်တာအောင်ထွန်း ဘန်ကောက်ကိုသွားပါတယ်။ သူ လေဆိပ်မသွားမီ သူ့ညောင်ပင်လေးကိုရေလောင်းပေးဖို့ ရုံးကလူတွေကို မှာသွားပါတယ်။ ကျွန်တော်တို့အားလုံး ရေလောင်းဖို့ မေ့နေကြပါတယ်။ သုံး၊ လေးရက်ကြာတော့ သူ့ညောင်ပင်လေးနားမှာ ကျွန်တော်တိို့ တစ်သိုက်စကားပြောနေကြရင်း ညောင်ပင်လေးကို မြင်တော့ ရေလောင်းဖို့ သတိရသွားပါတယ်။ ဦးရီထွန်းက သူ့လက်ထဲက သောက်လက်စကျန်တဲ့ ရေနွေးကြမ်းလက်ကျန်ကို လောင်းပေးပါတယ်။ ရေနွေးကအေးနေပါပြီ။ လ္ဘက်ခြောက်ဖတ်တော့ နည်းနည်းပါသွားပါတယ်။

​နောက်ရက် ဒေါက်တာအောင်ထွန်း ပြန်လာတော့ သူ့ညောင်ပင်ကို အလျင်ကြည့်ပါတယ်။ နွေရာသီမို့ ညောင်ပင်က အရွက်တွေကြွေနေပါတယ်။ ညောင်ပင်လေးပေါ်မှာ လ္ဘက်ခြောက်ဖတ်တွေတွေ့တော့ ရေနွေးပူနဲ့ လောင်းတာကြောင့် ညောင်ရွက်တွေ ကြွေကုန်တယ်လို့ ထင်သွားပါတယ်။

“ဘယ်ကောင်လဲကွ။ ငါ့ညောင်ပင်ကို ရေနွေးနဲ့ လောင်းတာ” 

သူဒေါသထွက်နေလို့ ကျွန်တော်တို့အားလုံး ပြန်မပြောဝံ့ဘဲ ငြိမ်ကုတ်နေကြပါတယ်။ ကံကောင်းထောက်မပြီး နောက်ရက်တွေမှာ မိုးရွာလာတော့ ညောင်ပင်က အရွက်လေးတွေ ပြန်ထွက်လာပါတယ်။

ဆရာတင်မိုး၏ ကဗျာများ

​ဒေါက်တာအောင်ထွန်းက ကဗျာလည်း ဝါသနာ ပါပါတယ်။ ဆရာတင်မိုးရဲ့ ကဗျာတွေကိုလည်း အလွတ်ရွတ်နိုင်ပါတယ်။ ဆရာကြီးဦးတင်မိုး ချင်းမိုင်ကိုလာတုန်းက ဆရာသွားလေရာကို ဒေါက်တာအောင်ထွန်း တကောက်ကောက်လိုက်ပါတယ်။ ကဗျာအကြောင်း၊ စာအကြောင်းတွေ ပြောကြတော့ ဆရာဦးတင်မိုးက သူကိုယ်တိုင်စပ်ထားတဲ့ကဗျာတွေ များလွန်းသမို့ တချို့ကဗျာတွေဆို မေ့တောင်နေပါပြီ။ အဲ့ဒီအခါမျိုးမှာ ဒေါက်တာအောင်ထွန်းက (ဘုန်းကြီးတရားဟောတဲ့အခါ လိုက်ရတဲ့တရားထောက်တွေလို) ဆရာဦးတင်မိုးရဲ့ကဗျာတွေကို ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ ရွတ်ပြပါတယ်။ အံ့သြရပါတယ်။ 

​ဆရာဦးတင်မိုး ချင်းမိုင်ကနေပြန်တော့ ကျွန်တော်တို့တစ်သိုက် လေဆိပ်လိုက်ပို့ပါတယ်။ လေယာဉ်ပေါ်တက်ခါနီး ဆရာက ဒေါက်တာအောင်ထွန်းကိုမှာပါတယ်။ “ကိုအောင်ထွန်း၊ ဆေးလေးဘာလေးလဲကုအုန်း။ ကဗျာတွေချည်း ရွတ်မနေနဲ့” တဲ့။ ခုတော့ ဒေါက်တာအောင်ထွန်း တတိယနိုင်ငံမှာ အခြေချဖို့သွားပါပြီ။ ဩစတေးလျနိုင်ငံလို့ ထင်ပါတယ်။ သူ့ ညောင်ပင်လေးကို ဘယ်မှာစိုက်ထားခဲ့တယ်ဆိုတာ မသိပါဘူး။ ခုလောက်ဆို ညောင်ပင်လည်း မုတ်ဆိတ်တွဲလောင်း ဖြစ်နေလောက်ပါပြီ။ ဒီမိုကရေစီကတော့ မရသေးပါဘူး။ 




ပညာရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာဒေသများ၊ အကြောင်းအရာများ

​၂၀၀၀ ခုနှစ်၊ နှစ်ကုန်ပိုင်းကစလို့ ၂၀၀၁ ခုနှစ်အတွင်းမှာ ပညာရေးဆွေးနွေးပွဲတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ အခြေစိုက်တဲ့ဒေသများကို သွားရောက်ပြုလုပ်ခဲ့ပါတယ်။ 

အဖွဲ့အစည်းအတော်များများ အခြေစိုက်တဲ့ မဲဆောက်မြို့နားက နယ်စပ်တနေရာမှာ ပထမဦးဆုံးပြုလုပ်ပါတယ်။ KNU က နေရာစီစဉ်ပေးပါတယ်။ မွန်ပြည်သစ်ပါတီ၊ ထားဝယ်ညီညွတ်ရေးတပ်ဦးနဲ့ ဗိုလ်မှုးချုပ်ဟောင်း ဦးစိန်မြရဲ့ တပ်ဖွဲ့တွေ အခြေစိုက်တဲ့ ဘုရားသုံးဆူ နယ်စပ်ဂိတ်နားက စံခလဘူရီမြို့ငယ်လေးမှာလည်း ပြုလုပ်ခဲ့ပါတယ်။ ကရင်နီတိုးတက်ရေးပါတီ (KNPP) အခြေစိုက်ရာ မယ်ဟောင်ဆောင်မြို့အနီး၊ မြန်မာပြည်နယ်စပ်မှာရှိတဲ့ နန်းဆွယ်ရွာကလေးမှာလည်း ကျင်းပခဲ့ပါတယ်။ ကချင် KIA ထိန်းချုပ်ရာဒေသဖြစ်တဲ့ မိုင်ဂျာယံ မှာလည်း ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများက ဖိတ်ခေါ်တဲ့အတွက် အိန္ဒိယနိုင်ငံ ဒေလီမြို့မှာလည်းကျင်းပခဲ့ပါတယ်။

​ပါဝင်တက်ရောက်ကြသူတွေကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေဖွင့်လှစ်ထားကြတဲ့ စာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေ ဖြစ်ကြပါတယ်။ 

​ဆွေးနွေးကြတဲ့အကြောင်းအရာတွေကတော့ ကျွန်တော်နဲ့အဖွဲ့က မြန်မာနိုင်ငံပညာရေးအပေါ်သုံးသပ်ချက်နဲ့ နိုင်ငံတကာပညာရေး ဥပမာတွေကိုပြောပါတယ်။ တက်ရောက်လာကြသူတွေက သူတို့ဒေသရဲ့ပညာရေးအခြေအနေတွေကို တင်ပြကြပါတယ်။ ကျောင်းသားများ ကျောင်းနေနိုင်တဲ့ အခွင့်အရေးနည်းပါးခြင်း၊ ဘာသာစကားအခက်အခဲ၊ သင်ရိုးညွှန်းတမ်း အဆင်မပြေမှုများနဲ့ ဆရာ၊ ဆရာမများရဲ့ အရည်အသွေးဆိုင်ရာ ကိစ္စတွေပြောကြပါတယ်။ 

နယ်စပ်ဒေသတွေမှာ စစ်ပွဲတွေကြောင့် မတည်ငြိမ်ခြင်းနဲ့ မိဘတွေရဲ့အလုပ်မှာ ကလေးတွေဝိုင်းကူနေကြရတာကြောင့် ကျောင်းမသွားနှိုင်ခြင်း၊ ဗမာစကားနားမလည်တဲ့အတွက် အစိုးရဖွင့်တဲ့ကျောင်းများမှာ အဆင်မပြေခြင်း၊ အစိုးရပြဋ္ဌာန်းတဲ့ သင်ရိုးနဲ့ ဖတ်စာများက နယ်စပ်ဒေသတိုင်းရင်းသားများနဲ့ မကိုက်ညီခြင်း၊ ဆရာ ဆရာမများအတွက် သင်တန်းများလိုအပ်ခြင်း စတာတွေကို ကျွန်တော် လေ့လာသိရှိရပါတယ်။ 

​ဒေသအသီးသီးမှာ ဆွေးနွေးပွဲတွေ လုပ်ပြီးတဲ့အခါ ဒေသအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ပညာရေးညီလာခံတစ်ခုကို ချင်းမိုင်မြို့မှာ ကျင်းပပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေ တိုင်ပင်ဖို့ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလမှာပါ။ အတိအကျ မှတ်မိနေတာကတော့ ကျွန်တော်တို့ညီလာခံစတင်တဲ့ မနက်မှာ အမေရိကန်နိုင်ငံ World Trade Center ကို တိုက်ခိုက်တဲ့အဖြစ်အပျက်ကို TV သတင်းမှာတွေ့မြင်ရပါတယ်။ ညီလာခံကိုစတင်တော့ တိုက်ခိုက်မှုကြောင့် သေဆုံးရသူများကို ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကြပါတယ်။ 

အဲ့​ဒီညီလာခံကို အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်တက္ကသိုလ်က ဆရာမတို့ ဇနီးမောင်နှံ (Mary & Steve Wootten) ပါဝင်တက်ရောက်ပါတယ်။ ညီလာခံမှာ အပြန်အလှန်ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များအဖြစ် ပညာရေးဆိုင်ရာ အကူအညီများရရှိရေး၊ မိခင်ဘာသာစကားအခြေပြုသင်ကြားရေး၊ ဒေသနဲ့ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းများ ပေါ်ပေါက်ရေး၊ ဆရာ ဆရာမများအတွက် သင်တန်းများပို့ချရေးနဲ့ ပညာတော်သင်စေလွှတ်ရေးတို့ ဖြစ်ပါတယ်။
ကျွန်တော် အစိုးရကို အကြံပြုတိုက်တွန်းခဲ့တဲ့ အချက်တွေဖြစ်တဲ့ မသင်မနေရ ပညာရေးကို အလယ်တန်းအဆင့်အထိ အကောင်အထည်ဖော်ရေး၊ မိခင်ဘာသာစကားအခြေပြုပညာရေး၊ ဒေသသင်ရိုးရေးဆွဲရေး၊ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး စတာတွေဟာ အဲ့ဒီ ၂၀၀၀-၂၀၀၁ ကာလက ဒေသခံတွေရဲ့ အကြံပြုချက်တွေကို ထည့်သွင်းတင်ပြတာ ဖြစ်ပါတယ်။ 

​ရှေ့လာမယ့်အပတ်မှာ နယ်စပ်ဒေသပညာရေးဖွံ့ဖြိုးရေး ဆောင်ရွက်မှုတွေအကြောင်း ရေးပါမယ်။

ဓါတ်ပုံတွေက ကျွန်တော်ကိုယ်တိုင် ရိုက်ထားတာပါ။ မိန်းကလေးက ဝဒေသ၊ ရင်ဖန်မိဘမဲ့ကျောင်းက ကျောင်းသူပါ။ ယောက်ျားလေး ၅ ယောက်က ကရင်နီ ဒုက္ခသည်စခန်းက ကျောင်းသားတွေပါ။ သူတို့ဆီ သွားတုန်းက ကျွန်တော့်ကို တောင်ခြေ၊ တောစပ်မှာ လာကြိုကြတာပါ။ တတိယပုံကတော့ ကျွန်တော် မဲခေါင်ခါး ဒုက္ခသည်စခန်းကို သွားတုန်းက ကလေးတစ်အုပ် ကွင်းထဲမှာ တွေ့လို့ ရိုက်ထားတာပါ။

ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာလ ၂၃ ရက်။