Breaking News

မျိုးသန့်ထွန်း(စစ်ကိုင်း) - “ပေ၊ ပုရပိုက်ပညာရှင် ဆရာကြီး ဦးညွှန့်မောင် (UCL)"



မျိုးသန့်ထွန်း(စစ်ကိုင်း) - “ပေ၊ ပုရပိုက်ပညာရှင် ဆရာကြီး ဦးညွှန့်မောင် (UCL)"

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၀

“ပေ၊ ပုရပိုက် ပညာရှင် ဆရာကြီးဦးညွန့်မောင်(UCL)”

(ရဟန်းလူထွက်၊ ကွန်မြူနစ်လိုလားသူ၊ ပေ ပုရပိုက် ပညာရှင်)

ဆရာ့ရဲ့ကောက်ကြောင်း ရေးမယ်ဆိုတော့ ဒီခေါင်းစီးလေး ပေးထားတာ ကို ဆရာဦးညွန့်မောင်အား ပြကြည့်မိတယ်။

“ကြိုက်လား ဆရာ!” လို့ မေးလိုက်တော့…

ဆရာက “ကြိုက်တယ်၊ ကြိုက်ပါတယ် ရေးပါ” လို့ ဆရာ့အသံချွဲချွဲလေးနဲ့ ပြောပါတယ်။

အမှန်ပြောရရင် ဆရာဦးညွန့်မောင်က ကျွန်တော့်ရဲ့ ဆရာအရင်း တပည့်အရင်းပါ။ ၂၀၁၀-၁၁ လောက်မှာ စာရေးသူဟာ ရန်ကုန်တက္ကသိုလ်ထဲက စာကြည့်တိုက်ပညာဒီပလိုမာသင်တန်း သွားတက်ဖြစ်ပါတယ်။ အဲဒီမှာ ဆရာဦးညွန့်မောင်နဲ့ စတွေ့တာပါ။

ဆရာက ကျွန်တော်တို့ကို ‘ပေ၊ ပုရပိုက်’တွေအကြောင်းနဲ့ ပြုပြင်ထိန်းသိမ်းပုံ၊ စာမှတ်သွင်းပုံ (ပေ၊ ပုရပိုက်-ကက်တလောက်သွင်းပုံ) စတဲ့ဟာတွေကို ဆရာစားမချန် သင်ကြားပေးတဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ စာသင်ကြားတဲ့နေရာမှာ ဆရာကို ကြည့်လိုက်ရင် အမြဲတမ်း စိတ်အေးလက်အေး စာသင်လေ့ရှိတယ်။ ဆရာ့လက်ရေးက ဝိုင်းစက်ခန့်ညားပြီး မြန်မာဆန်ပါတယ်။ လက်ရေးလက်သား သိပ်လှတာပဲ။ မြန်မာလူမျိုး၊ မြန်မာ့လက်ရေးမျိုး ဖြစ်ပါတယ်။ စာသင်ကြားရင်လည်း မြန်မာစာသာမက ပါဠိပါဒ်သားကအစ အမှားမခံရ၊ ပြောစရာမရှိအောင် ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်လွန်းလှပါတယ်။ နောက်ကျမှ သိတယ်။ ဆရာက ဘုန်းကြီးလူထွက်ကိုး။ ဘုန်းကြီးတောင်မှ နှယ်နှယ်ရရ မဟုတ်ပါဘူး။ အစိုးရ ဓမ္မာစရိယ အောင်ပြီးသား။ ဘုန်းကြီးတိုင်း ကြောက်ကြတဲ့ အောင်ဖို့ရန် အလွန်ခဲယဉ်းသော မန္တလေး သကျသီဟ စာမေးပွဲကို အောင်မြင်ခဲ့တဲ့ အရှင်ရဟန်းတစ်ပါး ဖြစ်ခဲ့ဖူးပါတယ်။

ဆရာဟာ ဦးမောင်မောင်ညွန့်(မန်တလေးတက်ကသိုလ်) ကလောင်အမည်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ကျမ်းတွေ အများကြီး ရေးခဲ့ပါတယ်။ ပခုက္ကူဦးအုန်းဖေဆုတို့၊ စာပေဗိမာန်ဆုတို့ အကြိမ်ကြိမ် ဆွတ်ခူးခဲ့သူတစ်ဦးပါ။ ဆရာဒေါက်တာသန်းထွန်းက ‘ဆရာဦးညွန့်မောင် ရှိနေတုန်း ပေမူကနေ ပုံနှိပ်မူ လုပ်မယ်’လို့ အခါခါ ပြောခဲ့ပါတယ်။ ဆရာမကြီးဒေါ်ကြန်ကလည်း ရခိုင်ရာဇဝင် ပေမူတွေကို ဆရာညွန့်နဲ့ တိုင်ပင်ပြီး ပုံနှိပ်စာအုပ် ဖြစ်စေချင်ပါတယ်။ စာကြည့်တိုက်မှူး ဆရာဦးသော်ကောင်းကတော့ “ပေ၊ ပုရပိုက်နဲ့ပတ်သက်လာရင် ဆရာဦးညွန့်မောင်ကိုပဲ အားကိုး အားထားရဆုံးပါပဲ” လို့ ကျနော့်ကို ပြောပြဖူးပါတယ်။

ဆရာကို ရင်းနှီးကြတဲ့သူများက ဆရာညွန့်လို့ ခေါ်၊ ဗိုလ်ညွန့်လို့လည်း ခေါ်ကြပါတယ်။ ဆရာ့ပုံပန်းက ပိန်ပိန်ပါးပါး၊ အရပ်က ခပ်ပျပ်ပျပ်၊ လက်ပြင်ကိုင်းကိုင်းနဲ့ လမ်းလျှောက်ရင် ရှေ့သို့ငိုက်ငိုက်လေး လျှောက်လေ့ ရှိတယ်။ ဆရာ့ကိုယ်ခန္ဓာအပေါ် မှာ တိုက်ပုံအင်္ကျီရယ်၊ ‘ကြံတိုင်းအောင်’ လွယ်အိတ်တစ်လုံးရယ်၊ တုတ်ကောက်ရယ်က မပါမဖြစ်တဲ့ပစွည်းများ ဖြစ်ပါတယ်။ အတန်းပြီးလို့ ဆရာနဲ့ ကျွန်တော် ကျောင်းထဲက လက်ဖက်ရည်ဆိုင်မှာ ထိုင်သောက်ရင် ဆရာ့အကြောင်းကို မေးမြန်းစပ်စုတာပေါ့။ ဆရာက သူ့ဘဝ ဇာတ်လမ်းအစုံ ခင်းပြတော့တာပါပဲ။

ဆရာ့ကို မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်၊ နွားတဲရွာ(ယခု-နန်းတည်ရွာ ဟုခေါ်) မှာ အဖ ဦးပိုး၊ အမိ ဒေါ်ကောက်တို့က မြန်မာနှစ် ၁၂၉၁ ခု၊ နတ်တော်လဆုတ် (၉) ရက်၊ ခရစ်နှစ် ၂၄-၁၂-၁၉၂၉ ၊ အင်္ဂါနေ့မှာ မွေးဖွားတယ်။ မွေးချင်း ၈ ဦးအနက် စတုတ္ထသား ဖြစ်တယ်။

“ဒါနဲ့ ဆရာတို့ မြင်းခြံကထွက်တဲ့အထဲမှာ ဘုန်းကြီး၊ ကွန်မြူနစ်နဲ့ ဆေးရွက်ကြီးပါ ထွက်တဲ့ဒေသနော်” လို့ ပြောတဲ့အခါ ဆရာက “ဟုတ်တာပေါ့” တဲ့။ “ဒါ့ပြင် ခုံဖိနပ်လည်း ထွက်တယ်လေ” လို့ ဆရာက ဆက်ပြောပါတယ်။ ဆရာ နေတဲ့ရွာနဲ့ လေးမိုင် ဝေးတဲ့နေရာမှာ ဇဂျမ်းရွာ ရှိတယ်။ အဲဒီ ဇဂျမ်းရွာမှာ မူလတန်းကျောင်းလေး ရှိတယ်။ အဲဒီကျောင်းကနေ ဆရာက စတုတ္ထတန်းအောင်အထိ ပညာသင်တယ်။

ကံမြဲ- ဇဂျမ်းက ကဗျာဆရာတင်မိုးတို့ ရွာပေါ့။ အဲဒီကျောင်းမှာ ကဗျာဆရာတင်မိုးနဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။ ဆရာနဲ့ နောက်ထပ် ကျောင်းနေဖက် ငယ်သူငယ်ချင်းတစ်ဦး ရှိတယ်။ သူက ယခု နိုင်ငံတော် သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဆရာတော်ကြီးပဲ ဖြစ်ပါတယ်။ ဗန်းမော်ဆရာတော်ကြီးနဲ့ စာသင်သားအဖြစ် အတူတူ သင်ကြားခဲ့ဖူးပါတယ်။

ဆရာဟာ ဇဂျမ်းရွာ မူလတန်းကျောင်းနေစဉ်မှာ ဗုဒ္ဓယဉ်ကျေးမူစာမေးပွဲတွေမှာ နှစ်စဉ် နှစ်တိုင်း ရွှေနဲ့ ငွေတံဆိပ်ဆုများ ရရှိခဲ့ပါတယ်။ နောက်တော့ ဂျပန်ခေတ်လောက်မှာ မင်္ဂလာမှန်ကျောင်းမှာ ဦးနန္ဒာဝံသဆီမှာ သာမဏေဝတ်ပါတယ်။ အဲဒီမှာ ပါဠိပိဋကတ်စာပေများကို သင်ယူပါတယ်။ ဒီနောက် ပါဠိပထမပြန် စာမေးပွဲ ဝင်ရောက်ဖြေရာ ပထမငယ်၊ ပထမလတ်တန်းတို့ကို အောင်မြင်ခဲ့ပါတယ်။

၁၉၄၉ ခုနှစ်မှာ နာမည်ကြီး ပခုက္ကုမြို့ မဟာဝိသုတာရာမတိုက်ကြီးရဲ့ ပဓာနနာယက ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုပြီး အဘွား တော်စပ်တဲ့ ကျောင်းအမကြီးရဲ့ ပစ္စယာနုဂ္ဂဟကိုခံပြီး ရဟန်းဘောင် တက်ခဲ့ပါတယ်။ ဒီနောက် မန္တလေးကို သွားရောက်ပြီး ပထမကြီးတန်းနဲ့ ဓမ္မစရိယတန်းများကို ၁၉၅၁ ခုနှစ်မှာ အောင်မြင်ခဲ့တယ်။ ဒီပြင် ၁၉၅၄ မှာ အစိုးရဓမ္မာစရိယစာချတန်းနဲ့ ၁၉၅၈ မှာ အလွန်ခက်ခဲတဲ့ နာမည်ကြီး ‘သကျသီဟဓမ္မာစရိယတန်း’ ကိုပါ အောင်မြင်ခဲ့ပါတယ်။

မန္တလေး ‘သကျသီဟစာချတန်း စာမေးပွဲ’ ဟာ ဗမာပြည်မှာ ‘လူသတ်စာမေးပွဲ’ လို့ နာမည်ကြီးပါတယ်။ ဆရာလည်း အဲဒီစာမေးပွဲလည်း ပြီးရော တိုက်ဖွိုက်ဖြစ်ကာ ဆေးရုံတက်ရပါတော့တယ်။ ဆေးရုံက ဆင်းပြီး ဇာတိရွာကို ပြန်ကာ ၂ နှစ်လောက် အနားယူပါတယ်။ နောက်တော့ သင်္ကန်းဝတ်လျက် သက်သာလာပြီး မန္တလေး မိုးကောင်းတိုက်ဇယဝတီကျောင်းမှာ ဆရာတော်ရဲ့ လက်ထောက်စာချအဖြစ် စာဝါပို့ချပါတယ်။

ဆရာဟာ ဒီလို ဗုဒ္ဓဘာသာ ဆရာသမားကောင်းများနဲ့ တွေ့ဆုံခွင့်ရတာဟာ တန်ဖိုးမဖြတ် ကုသိုလ်ထူးကို ရခဲ့တာလို့ ဆိုပါတယ်။ သင်္ကန်းဝတ်နဲ့ ဗုဒ္ဓစာပေကျမ်းတွေရော ပြင်ပစာအုပ်စာပေ (ကွန်မြူနစ်စာအုပ်)တွေရော ဖတ်ရှုလေ့လာခဲ့ပါတယ်။ ဖတ်တဲ့စာအုပ်များက အရှင်အာဒိစ္စဝံသ၏ ပရိတ္တသင်္ဂဟကျမ်း (ဦးအောင်မြတ်ထွတ်နဲ့လည်းရေး)နှင့် ဆူးခါးဆရာတော် ရေးသားတဲ့ကျမ်းတွေကို ဖတ်ပါတယ်။ ဒီအပြင် တောင်တွင်းရှင်ဥက္ကဋ္ဌရဲ့ ‘လူသေလူဖြစ်’၊ ဦးအေးမောင်ရဲ့ ‘ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ’ စာအုပ်များကို အပတ်တကုက် လေ့လာပါတယ်တဲ့။ နောက်ပိုင်းမှာ ဆရာဟာ မိရိုးဖလာ ဘာသာရေး ခံယူချက် ပြောင်းလဲလို့ လာပါတယ်။

ဆရာ ပြောတာက လူဝတ်လဲရတဲ့ အကြောင်းတစ်ခုက “ဝိနည်းပါ စိတ်ကျမ်းသင်ယူရင် ပဏ္ဏတ္ထိဝဇ္ဇသိက္ခာပုဒ် ဆိုတာ ရှိတယ်။ သူက ဘာလဲဆိုတော့ အကုသိုလ်စိတ်ကြောင့် မဟုတ်ဘဲ ဘုရား ပညတ်ချက်ကို လွန်ကျူးသော အပြစ်ကြောင့် အာပတ်သင့်တာ” လို့ ဆိုပါတယ်။

ဆရာ့ရဲ့ ဘာသာရေးခံယူချက်တွေ ပြောင်းလဲလာတယ်။ ကွန်မြူနစ်တို့ရဲ့ ရုပ်ဝါဒကို ကြိုက်သလို ဖြစ်လာကြောင်း ဒီလို ကွန်မြူနစ်ဝါဒ ကြိုက်နေရင် တခြားရဟန်းတော်တွေနဲ့ ဆက်ဆံရေး အဆင်ပြေမှာ မဟုတ်ဘူးဆိုပြီး စောစောစီးစီး လူဝတ်လဲဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆရာက ပြောပါတယ်။

ဒါ့ကြောင့် ၁၉၆၆ လောက်မှာ ရဟန်းဘဝမှ လူဝတ်ကြောင်ဘဝကို ရောက်ခဲ့ပါတော့တယ်။ ဆရာဟာ လူဝတ်မလဲခင် ၁၉၆၅ မှာ မန္တလေးက လှသိပ္ပံအလွတ်ကျောင်း၊ ညနေသင်တန်းကနေ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပါတယ်။ ဒီနောက် လူဝတ်လဲကာ မန္တလေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ မန္တလေးတက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့(မြန်မာစာ)ဖြင့် ရရှိခဲ့ပါတယ်။

ဆရာ့ကို ကွန်မြူနစ် ရုပ်ဝါဒကို ဘာကြောင့် ကြိုက်တာလဲလို့ မေးကြည့်တဲ့အခါ ဆရာက “အလုပ်သမား လယ်သမား ဆင်းရဲသားပြည်သူများကို သူ ချစ်မြတ်နိုးခဲ့တဲ့အကြောင်းလည်း ပါတယ်။ ကွန်မြူနစ်ဟာ စွန့်စားရဲဝံ့တယ်၊ စည်းစိမ်မခံဘူး။ ဒါတွေကြောင့် ကြိုက်တာ”တဲ့။

အဲဒီအချိန်က ဆရာဟာ ကွန်မြူနစ်စာအုပ်များ ဆက်တိုက်ဖတ်နေဆဲပါ။ ဆရာ ဖတ်တဲ့စာအုပ်တွေအထဲမှာ သခင်ဘသောင်း ရေးသော “အိမ်ပြေးကြီး...”စာအုပ်ဟာ ထူးခြားပါတယ်။ အဲဒီအချိန်က မန္တလေးတက္ကသိုလ် မြန်မာစာဆရာကြီးများ ဖြစ်ကြသော ဆရာကြီးဦးချမ်းမြနဲ့ မဟာဝိဇ္ဇာဦးမောင်မောင်တင်တို့ဟာ ဆရာဦးညွန့်မောင်ရဲ့ ဆရာအရင်းတွေ ဖြစ်ခဲ့ပါတယ်။

နောက်အပိုင်းမှာ ဘွဲ့ရပြီး ရန်ကုန်ကို ဆင်းလာတယ်။ ကမ္ဘာအေးက တိပိဋကပါဠိမြန်မာအဘိဓာန်ဌာနမှာ အဘိဓာန်စာပြု ဝင်လုပ်တယ်။ အလုပ်လုပ်နေရင်း ၁၉၇၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ပထမဆုံး ဖွင့်လှစ်တဲ့ စာကြည့်တိုက်ပညာ ဒီပလိုမာသင်တန်းကို သွားရောက်တက်ခဲ့တယ်။ ၁၉၇၅ မှာ စာကြည့်တိုက် ဘွဲ့လွန်ဒီပလိုမာ ရခဲ့ပါတယ်။

ဆရာ့ရဲ့ စာကြည့်တိုက်ဘွဲ့ယူစာတမ်းက ‘ကုန်းဘောင်ခေတ် မြန်မာနိသျှများစာစုစာရင်း’ ဖြစ်ပါတယ်။ ဒီစာတမ်းက ဆရာဦးသော်ကောင်း ချီကျူးတဲ့ စာတမ်းပါ။ အဲဒီဘွဲ့ဟာ ဆရာအတွက် ရှေဟောင်း ပေ၊ ပုရပိုက်တွေ လေ့လာဖို့ ခြေလှမ်းတရပ်လို့ မြင်မိပါတယ်။ ဘွဲ့ရအပြီး ချက်ချင်းဆိုသလိုပဲ (ဒီလိုပုဂ္ဂိုလ်မျိုးကို လက်လွှတ် ဘယ်ခံမလဲ) UCL- စာကြည့်တိုက်မှူး ဆရာကြီးဦးသော်ကောင်းက ဆရာဦးညွန့်မောင်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ အလုပ်လုပ်ဖို့ ခေါ်လိုက်ပါတယ်။

ဆရာဦးညွန့်မောင်ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက် (UCL) ပေ၊ ပုရပိုက်ဌာနစိတ်မှာ လက်ထောက် တစ်ဦးအနေနဲ့ ကြီးကြပ်လုပ်ကိုင်စေပါတယ်။ အဲဒီစာကြည့်တိုက်မှာ ပညာရေးစနစ်သစ်အရ ၁၉၆၄ ခုနှစ်က ဖွဲ့စည်းထားတဲ့ ပေ၊ ပုရပိုက်ဌာနစိတ် (Manuscript Section) ကို ဆရာကြီးဦးညွန့်မောင်ကို ဦးစီးစေပြီးနောက် ပေ၊ ပုရပိုက် စုဆောင်းရှာဖွေရေးကို ဆရာကြီးဦးသော်ကောင်းရဲ့ ဦးဆောင်မှုနဲ့ မြန်မာပြည်တလွှားရှိ ဘုန်းကြီးကျောင်းတွေဆီမှာ အလှူခံခြင်း၊ ဝယ်ယူခြင်းတို့ လုပ်ပါတယ်။ မ.ဆ.လ လက်ထက်မှာ တစ်နှစ်ဆို တစ်သိန်းဖိုးလောက် စာကြည့်တိုက်အတွက် ပေ၊ ပုရပိုက်များအပြင် ရှေးဟောင်း သတင်းစာများ၊ ရှားပါးစာအုပ်များ၊ စာပေပစွည်းများတို့ ကို စုဆောင်းနိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ဆရာ ဦးညွန့်မောင်ရဲ့ ရှေးဟောင်းစာပေ ချစ်မြတ်နိုးစိတ်စေတနာတွေ ပေါင်းစပ်လိုက်တော့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကြီးဟာ စည်ပင်ဖွံ့ဖြိုးလာခဲ့တယ်။

ဆရာဟာ ၁၉၉၂ ခုနှစ်မှာ စာကြည့်တိုက်မှူး-၂ အဆင့်ဖြင့် အသက်ပြည့် ပင်စင်ယူခဲ့ပါတယ်။

ဆရာ့ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက်က လက်မလွှတ်ချင်ကြပါဘူး။ ဆရာ့ကို ဆက်လုပ်စေချင်ပါတယ်။ ဆရာကလည်း ပေ၊ ပုရပိုက်တွေနဲ့ပတ်သက်ရင် စာရင်းပြုစုတာတို့ ပေကတ်တလောက် လုပ်တာတို့ကို ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတာကိုး။

ဆရာ့ တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ ပေပေါင်း ၁၅,၀၀၀ ကျော်ကို ကတ်တလောက် လုပ်ပေးနိုင်ခဲ့တယ်။

ပင်စင်ယူပြီးနောက် ဆရာဦးသော်ကောင်းရဲ့ ကူညီမှုကြောင့် သမိုင်းသုတေသနဌာနမှာ ရှေးဟောင်းစာပေ ပညာရှင်အဖြစ် ဆက်လက်အမှုထမ်းခဲ့ပါတယ်။ အဲဒီသမိုင်းသုတေသနဌာနမှာ ပေ၊ ပုရပိုက်ပေါင်း ၁၇,၀၀၀ နဲ့ ရွှေတိဂုံစေတီတော်ပိဋကတ်တိုက်မှာ ပေ၊ ပုရပိုက်ပေါင်း ၁၆၀၀၊ ရှေးဟောင်းမှာ ပေပေါင်း ၅၀၀ ကျော်တို့ကို ပေကတ်တလောက် လုပ်ပေးနိုင်ခဲ့ပါတယ်။

ဆရာဟာ သမိုင်းသုတေသနအပြင် ရွှေတိဂုံပိဋကတ်တိုက်မှာလည်း ပိဋကတ်တိုက်မှူးအဖြစ် တပြိုင်တည်း ဆောင်ရွက်ခဲ့ပါတယ်။ ဆရာ့အတွက် ဒီအလုပ်တွေဟာ တော်ရုံတန်ရုံ စိတ်ဓာတ်နဲ့ဆို လုံးဝမလုပ်နိုင်ပါဘူး။ ဒါကြောင့် ဆရာကြီးဦးညွန့်မောင် ပညာရှင်အသိုင်းအဝိုင်းက လေးစားကြည်ညိုခဲ့ကြပါတယ်။

ဆရာဦးညွန့်မောင်ဟာ ဦးမောင်မောင်ညွန့်(UCL) ကလောင်အမည်နဲ့ ၁၉၆၀ ပြည့်နှစ်ကနေစပြီး စာအုပ်တွေ ရေးသားလာပါတယ်။ ဆရာ့ စာအုပ်တွေကတော့... ‘မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုအမွေ ပေ၊ ပုရပိုက်များ’ (၁၉၉၈)၊ ‘မန်ကျည်းစေ့ ကမ္မဝါပန်းအက္ခရာ’ (၁၉၉၉)၊ ‘မြန်မာနိုင်ငံပါဠိနှင့်ပိဋကတ် စာပေသမိုင်း’ (၂၀၀၁)၊ ‘ရှေးဟောင်းမြန်မာစာပေဆိုင်ရာ ကျမ်းများ လေ့လာမှု’ (၂၀၀၇)၊ ‘မြင်းခြံမြို့ ဆရာကြီးဦးဧနှင့် တိမ်မြုပ်နေသော သူ့စာပေများ’ (၂၀၀၈) စတဲ့ တန်ဖိုးမဖြတ်နိုင်သော စာပေကျမ်းများကို ယနေ့တိုင် ပြုစုနေဆဲပါ။ စာပေဆုတွေလည်း အကြိမ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

ပခုက္ကူဦးအုန်းဖေ- ၄ ဆု၊ ထွန်းဖောင်ဒေးရှင်စာပေဆု- ၃ ဆု၊ ၂၀၀၉ က ကိုယ်တိုင်ရေးစာအုပ် ‘သူတရိပ်မြုံစာရဂုံ’ ဆိုရင် ပညာရှင်လက်စွဲစာအုပ်လို့ အသိမှတ်ပြုခြင်းခံရပါတယ်။ ဆရာဦးညွန့်မောင်ဟာ ပါဠိဘာသာမက သက္ကတဘာသာကိုလည်း ကျွမ်းကျင်တတ်မြောက်သူ တစ်ဦးပါ။ အခုအချိန်မှာ ဆရာကြီးဟာ အခုနေအခါမှာ အသက် ၉၀ ကျော်နေပါပြီ။ ယနေ့တိုင် ကျန်းကျန်းမာမာနဲ့ နေထိုင်ရာ မြောက်ဒဂုံကနေ ဘတ်စ်ကားနဲ့ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဆီကို တနင်္လာနေ့တိုင်း လာနေကြောင်း သိရပါတယ်။ ဆရာကြီးဦးညွန့်မောင် ပြောလေ့ရှိတဲ့စကားကတော့.. “ပေစာ၊ ပုရပိုက်တွေ ပျောက်ရင် စာပေနဲ့ လူမျိုး ပျောက်မယ်” တဲ့။

ဒါဟာ ဆရာ့နှလုံးသားထဲက ထွက်ပေါ်လာတဲ့အသံ ဖြစ်နေပါတော့တယ်။

ဆရာဦးညွန့်မောင်(UCL)အား ဤစာဖြင့် ဂုဏ်ပြုလိုက်ပါတယ်။ ။

ကိုးကား။
၁။ မြို့တော်မဂ္ဂဇင်း၊မှတ်-၂၂၅-၂၂၆၊ ပိဋကတ်တိုက်မှူးဦးညွန့်မောင်နှင့် အင်တာဗျူးခြင်း။
၂။ "သက္ကရာဇ်များကို စားသုံးခြင်း ပေ၊ ပုရပိုက်ပညာရှင် ဦးညွန့်မောင်" - လရောင်လင်း၊ The real lives, real stories (UCL-Universities ‘ Central Library)