Breaking News

ကိုအောင်မှိုင်း - မေတ္တာစာ




ကိုအောင်မှိုင်း - မေတ္တာစာ

(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၀

ကိုဗစ်၁၉ ဆိုတာ ကပ်ရောဂါကြိးပါ။ ကမ္ဘာတလွှားဖြစ်ပွါးနေတာပါ။ ကူးစက်မှုနုန်းလဲ မြန်သလို ရောဂါဖြစ်နှုန်း လဲ များပါတယ်။ သေတဲ့နှုန်းကလဲ ဆတိုး ဆိုသလိုပါဘဲ။

၁၉၁၈ခုနှစ် ဇန္နဝါရီလမှ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလထိ ဖြစ်တဲ့တုပ်ကွေး ကမ္ဘာ့ကပ်ရောဂါကြောင့် တကမ္ဘာလုံးလူ သန်းပေါင်း ၅၀၀ က သန်းပေါင်း ၈၀၀ ထိ ကူးစက်ပြီး သန်းပေါင်း ၅၀ က သန်းပေါင်း ၁၀၀ ကြား သေဆုံးခဲ့တဲ့ အတွက် ကမ္ဘာ့လူဥိးရေရဲ့ ၃%ကနေ ၅% ရှိတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။

JOHN HOPKINS တက္ကသိုလ် ကိုရိုနာဗိုင်းရပ် ဗဟိုသုတေသနဌာနစာတမ်းအရ (၂၇ရက်စက်တင်ဘာလ၂၀၂၀ နေ့လည် ၃နာရီ၂၃မိနစ်)

တကမ္ဘာလုံးလူဦးရေ ၇.၈ ဘီလျှံ

ရောဂါတွေ့ ၃၂ ၈၈၀ ၈၅၇ ဦး (၃၂သန်းကျော်)

သေဆုံး ၉၉၄ ၈၁၀ ဦး (ကိုးသိန်းကျော်)

ပြန်ကောင်း ၂၂ ၇၅၆ ၆၀၃ ဦး (၂၂သန်းကျော်)

နိုင်ငံအလိုက် ၁ သန်းကျော်ရောဂါတွေ့ နိုင်ငံများစာရင်း



ကျနော်တို့ အသေအချာ သုတေသနလုပ်မယ်ဆိုရင် နိုင်ငံတွေအနေနဲ့ နိုင်ငံအလိုက်ဆောင်ရွက်မှုတွေမှာ မတူကွဲပြား ခြားနားကြတာတွေ တွေ့နိုင်မှာပါ။ အမေရိကနဲ့ ဥရောပ၊ ဥရောပ နဲ့လက်တင်အမေရိက၊ အာဖ ရိကနဲ့ အာရှ စသဖြင့် မတူညီတဲ့ ရာသီဥတု မတူညီတဲ့အုပ်ချူပ်မှုစနစ် မတူညီတဲ့စီးပွားရေး အခြေအနေ စသဖြင့် မတူမှုများပေါ်က ကိုရိုနာ ထိန်းချူပ်မှုစနစ်တွေလဲ ကွဲပြားခြားနားတာ တွေ့ရမှာဖြစ်ပါတယ်။ ထိန်းချူပ်နိုင်မှ ကာကွယ်တားဆီးနိုင်မှာလဲ ဖြစ်ပါတယ်။

ကျနော်တခုသတိထားမိတယ်။ အီတလီနိုင်ငံမှာ ကိုဗစ်ရောဂါအဖြစ်များတဲ့ ကာလတုန်းက သက်ကြီးရွယ်အို တွေကို အိမ်ပြင်မထွက်ဘို့အစိုးရက ညွန်ကြားချက်ထုတ်တယ်။ ဒါပေမဲ့ဈေးတွေ မြို့လည်တွေမှာ သက်ကြီး ရွယ်အိုတွေကို တော်တော်များများ တွေ့နေဆဲဖြစ်တယ်။ သက်ကြီးရွယ်အိုတွေ ကိုဗစ်ဖြစ်ရင် သေနှုန်းများ တယ်။ ဒါနဲ့အစိုးရက ရဲတွေကို မြို့ထဲ ဈေးထဲမှာတွေ့တဲ့ သက်ကြိးရွယ်အိုတွေကို ဖမ်းခိုင်းတော့တယ်။ ကျနော် ဗီဒီယိုတခုမှာတွေ့လိုက်ရတာက သက်ကြိးရွယ်အိုတွေကို လမ်းတွေမှာ ရဲတွေလိုက်ရှာပြီး ကားတွေ ပေါ် တင်နေတာတွေ့ခဲ့ရဘူးတယ်။ ကျနော်ဆိုလိုတာက ကာကွယ်မှုလုပ်ငန်းမှာ ထိမ်းချူပ်မှုလုပ်ငန်းကလဲ ထိရောက်တဲ့ စီမံချက်တခုဆိုတာ သေချာပါတယ်။

ကိုရိုနာ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကွဲပြားမှုကတော့ ဒုတိယလှိုင်းမှာ ကူးစက်မှုနှုန်း မြန်တာတော့ အတော့်ကို သိသိသာသာ သတိထားမိပါတယ်။ ဥပမာ ကနေ့ပြင်သစ်နိုင်ငံမှာဆို တနေ့ထဲ လူတသောင်းလောက် ကူးစက်လဲတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဥရောပမှာလို အိမ်မှာ Q ဝင်ဘို့ဆိုတာ အဆင်ပြေလိမ့်မယ်မထင်ပါ။ ဆိုလိုချင်တာက ဥရောပမှာက အဆောက်အဦတိုင်းမှာလိုလို အခန်းကိုယ်စီရှိကြသလို လူတိုင်းနီးပါးက ကိုယ့်အခန်းနဲ့ကိုယ် ရှိတာ အများစုဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှာ ကျနော့်ညီလို သူငယ်ချင်း ကရင်နီက ရဲဘော်တယောက်မှာ ကိုရိုနာတွေ့တယ်။အိမ်မှာဘဲ Q ဝင်ရတယ်။ မိသားစုလဲ အိမ်မှာပါဘဲ။ ဆရာဝန်တွေညွန်ကြားချက်အတိုင်း သူ့အခန်းမှာ သူနေပြီး အခုကောင်း သွားလို့ အလုပ်ပြန်ဆင်းနေပါပြီ။

ကနေ့ ဗမာပြည်မှာ နေ့တဓူ၀ facebook မှာတွေ့နေရတာက Q ဝင်ရတဲ့သူတွေနဲ့ ဆရာဝန်တွေ၊ ဘော်လံတီယာတွေကြား ပြဿနာတချိူ့ ဖြစ်ပါတယ်။ တချိူ့ Q ဝင်ရတဲ့နေရာတွေက အဆင်ပြေပြီး အချိူ့နေရာတွေက အဆင်မပြေတာ တွေ့ရပါတယ်။ အဓိက ကတော့ ကျနော်တို့ အပြန်အလှန်နားလည်မှု တည်ဆောက်ကြရမှာလို့ ကျနော်ထင်တယ်။ ဗမာပြည်က အိမ်တွေအများစုက အိမ်မှာ Q ဝင်ဘို့ အဆင်သင့်မဖြစ်ဘူးလို့ ကျနော် ထင်တယ်။

ကိုဗစ်၁၉ ပြင်းထန်နေတဲ့ကာလက အမေရိကန်မှာ လူတွေအများအပြား ဆေးရုံးကို သွား ကြပေမဲ့ ဆေးရုံမှာ အခန်းတွေ ကုတင်တွေ မလုံလောက်လို့ ဆေးရုံအပြင်ဘက်မှာ သေဆုံးခဲ့ရတဲ့ သာဓကတွေ အများအပြား ရှိခဲ့ပါတယ်။ တချိူ့နိုင်ငံတွေမှာဆို လမ်းတွေမှ ာတုံးလုံးပက်လက် လူအများအပြား သေကုန်ကြတာလဲ ရှိခဲ့ပါတယ်။

ကျနော်ပြောချင်တာက Q ဝင်တဲ့လူတွေကိုယ်တိုင်လဲ တာဝန်ကိုယ်စီ ရှိတယ်ဆိုတာ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကို သန့်ရှင်းရေးလုပ်တာ၊ ကိုယ့်ပါတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်တာလောက်တော့ လုပ်နိုင်တဲ့ကိစ္စတွေပါ။ အားလုံးက ဆရာဝန်ဆရာမတွေ ဗော်လံတီယာတွေတာဝန်ဆိုပြီး ပုံချပြောနေတဲ့ တချိူ့တွေကိုတော့ ကျနော်ဘဝင်မကျပါဘူး။ ဘယ်သူမှ Q ဝင်ချင်မှာမဟုတ်သလို ဘယ်သူမှ ဖြစ်နိုင်ရင် ခုလိုအချိန်မှာ ဗော်လံတီယာလုပ်ချင်မှာ မဟုတ်ဘူး ဆိုတာတော့ သတိချပ်စေချင်ပါတယ်။ တချိူ့က ဟင်းမကောင်းဘူး၊ မသန့်ရှင်းဘူး စတဲ့ အပြောတွေအရေးတွေကတော့ အတော်စိတ်ပျက်စရာတွေပါ။ စိတ်ရှည်ကြပါ။ ကိုယ်လုပ် နိုင်တာ ကိုယ်လုပ်ကြပါ။ ဆရာဝန် ဆရာမ ဗော်လံတီယာတွေကို မိသားစုစိတ်ဓါတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြပါ။ အခု ကျနော်တို့တိုက်နေရတာ ကပ်ရောဂါကြီးတခု ဖြစ်တယ်ဆိုတာ လေးနက်ကြပါလို့ ပြောချင်ပါတယ်။ ကမ္ဘာမှာ ၃၂ သန်း လောက်ရောဂါကူးစက်နေတယ်ဆိုတာကို မမေ့ကြပါနဲ့။

ကိုဗစ်၁၉ ရောဂါဆိုတာ အာဏာရှိတာ မရှိတာ၊ ချမ်းသာတာ မချမ်းသာတာ၊ ပညာတတ်တာ မတတ်တာ၊ လူမျိူး ကွဲပြားတာ လူမျိူးတူတာ၊ ဘာသာကွဲပြားတာ ဘာသာတူတာတွေနဲ့ မပါတ်သက်ပါဘူး။ ခဲလုံးတလုံးကို ကောင်း ကင် ပစ်လိုက်သလိုပါဘဲ။ လူတိုင်း ခေါင်းပေါ်ကျ နိုင်ပါတယ်။ ဆရာဝန် ဆရာမတွေ ညွန်ကြားသလို လိုက်နာရင် တော့ ခဲလုံး ကိုယ့်ပေါ်ကျမဲ့ ဘေးက ကင်းနိုင်တာပေါ့ဗျာ။ နောက်တချက်က သိပ်လောဘတွေ ကြိးပြီး ငါမှာ ပိုက်ဆံတွေရှိလို့ ငါ့မှာအာဏာတွေရှိလို့ ကိုဗစ် မကူးနိုင်ဘူးမထင်ပါနဲ့။ အခန့်မသင့်ရင် မသင့်သလို ရောဂါကူး နိုင်ပါတယ်။ သူပြီးရင် ငါ့အလှည့်ဆိုတာ ဖြစ်နိုင်ပါတယ်။ ပခုန်း၂ဘက် ကြားက ခေါင်းထွက်တဲ့ လူချင်း လူသားစိတ်ဓါတ်နဲ့ စာနာထောက်ထားမှု ပြသရမဲ့ အချိန်ဖြစ်ပါတယ်။



ကနေ့ ဆရာဝန်ဆရာမတွေ ဗော်လံတီယာတွေကတော့ ကျနော်တို့ရဲ့ သူရဲကောင်းတွေပါ။ အားပေးကြပါ။ ပူးပေါင်းဆောင်ရွက်ကြပါ။ ဂုဏ်ပြုကြပါ။ အားမပျက်ကြစေပါနဲ့။

ငါတို့နိုင်ငံဟာ သူရဲကောင်းတွေနေတဲ့ တိုင်းပြည်ဖြစ်တယ်။

ကိုဗစ်ကို ငါတို့ အနိုင်တိုက်ကြမယ်။

ကိုအောင်မှိုင်း
၂၇ ရက်စက်တင်ဘာလ ၂၀၂၀ခုနှစ်။