Breaking News

မောင်စွမ်းရည် - အမာ



မောင်စွမ်းရည် - အမာ

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၀

‘အမာ’ ဆိုတဲ့ နာမည်ဟာ ဗမာအမျိုးသမီးလောကမှာ အတော်များပါတယ်။ အမာတွေ များရတဲ့အထဲ အမာတင်၊ အမာခင်၊ အမာကြည်၊ အမာနီ၊ အမာစန်း၊ အမာသန်း စသဖြင့် ‘နောက်ဆက်’ အမျိုးမျိုးနဲ့ အမာတွေ များလှတဲ့အပြင် ခင်မာ၊ တင်မာ၊ ဇင်မာ စသဖြင့် ‘ရှေ့ဆက်’အမျိုးမျိုးနဲ့ အမာတွေကလည်း အများကြီး ရှိပါတယ်။ ဒီကြားထဲမှာ ‘မာ’ ကို အလယ်က ထားပြီး ရှေ့ နောက် အမျိုးမျိုး ညှပ်တဲ့အမည်တွေကလည်း အများကြီး။ တင်မာရီ၊ ခင်မာရီ၊ ဇင်မာကြည် တဲ့။

ဒီကြားထဲ အမျိုးသားတွေကလည်း မောင်မာခင်၊ မောင်မာဒင် ကစလို့ ‘မာထီး’တွေလည်း အများကြီး ရှိလာပါတယ်။ ခုလို တွေးရင်း ရေးရင်းကနေ သဘောပေါက်လာရတာကတော့ ‘မာ’ ဆိုတာ ကျန်းမာခြင်း၊ မာကျောခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဆောင်တာမို့ အတိတ်ကောင်း နိမိတ်ကောင်းယူပြီး ‘မာ’ အမည်ကို သုံးစွဲကြလေသလားလို့ပါ။

တွေးရင်း ရေးရင်းနဲ့ ‘မာ’ ဆိုတဲ့ သီချင်းတပုဒ်ကိုပါ အပြေးအလွှား သတိရမိလိုက်ပြန်ပါတယ်။ ‘မာ’ တဲ့ သူတို့နာမည်ဟာ တလုံးတည်း။ မုန်းပဲ မမုန်းရက်စရာတဲ့။

ကျွန်တော် တောသား တောရွားမှာ ကျောင်းမရှိလို့ မြို့ပေါ်တက်ပြီး ကျောင်းနေရတဲ့ကာလ။ ၁၉၅၀-၅၁ ခုနှစ်လောက်က ဖြစ်မယ် ထင်ပါတယ်။ မြို့ပေါ်မှာ ကျွန်တော့်အစ်မတယောက်ရဲ့ သူငယ်ချင်း၊ အိမ်နီးချင်း အပျိုချောတယောက်ကလည်း ‘အမာ’ တဲ့။ သူ့ညီမက ‘အတာ’ တဲ့။

မအမာက အပျိုချော ဆိုတော့ ကာလသား ကျောင်းသားကြီးတွေ ပိုးကြ ပန်းကြတာလည်း ဝိုင်းဝိုင်းလည်လို့ပေါ့။ အဲဒီကာလသား ကျောင်းသားကြီးတွေက ဖိုသံပေးကြတော့ ‘မာ’ ဆိုတဲ့ သီချင်းက သိပ်အသုံးဝင်တာပေါ့။ ကျွန်တော်ကလည်း တောက မြို့ကိုရောက်စမှာ ပထမဆုံး ကြားဖူးတဲ့ သီချင်းဆန်း ဆိုတော့ ခုအထိ အသက် ၈၀ ကျော်တိုင်အောင် မှတ်မိနေတာပေါ့။ ထားလိုက်ပါတော့… ။

ခု ကျွန်တော် ပြောချင်တာက ကျွန်တော်ငယ်ငယ်က ကြုံဖူးတဲ့ ‘အမာ’တွေအကြောင်း မဟုတ်ပါဘူး။ ကြီးမှ ကြုံရတဲ့ ‘အမာ’ အကြောင်းကို ပြောချင်တာပါ။ မန္တလေးရွှေမြို့တော်ကြီးမှာ တက္ကသိုလ်ကျောင်း တက်ရတော့မှ ကြုံရ ဆုံရတဲ့ ‘အမာ’ပါ။

တက္ကသိုလ်ရောက်မှ ကြုံရ ဆုံရတယ် ဆိုပေမဲ့ ကူလီကူမာ၊ မူလီမူရာ ကိစ္စမျိုး မဟုတ်ပါဘူး။ တကယ့်မောင်နှမအရင်းကို သန့်သန့်စင်စင် ခင်ခဲ့ မင်ခဲ့ရတဲ့ မိန်းကလေးတယောက်ပါ။ မောင်နှမ အရင်းအချာလို ခင်ရ မင်ရတဲ့ မိန်းကလေးလို့ ဆိုလိုက်တော့ ‘မင့်မှာ နှမရင်းချာ’ တွေ မရှိလို့လားလို့ မေးစရာ ပေါ်လာပြန်ပါတယ်။ ရှိပဗျာ။ နှမတွေ ပေါမှပေါ။ သူငယ်ချင်းတွေကြားမှာ နှမချောပါသူအဖြစ်နဲ့ နာမည်ကြီးခဲ့တာပေါ့။ ဒါပေမဲ့ မြို့တက် ကျောင်းနေရတာ၊ တက္ကသိုလ်တက်ရတတွေနဲ့ဆိုတော့ နှမတွေနဲ့ နေရတဲ့အချိန်က နည်းပါတယ်။ တက္ကသိုလ်နဲ့ တက္ကသိုလ်ဝန်းကျင်မှာ နေရတာက ဆက်တိုက် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက်အထိ ကြာခဲ့ပါတယ်။ ထားပါတော့။

ခု ကျွန်တော် ရေးချင်တဲ့ ‘အမာ’က အမေလူထုဒေါ်အမာတို့လို ရာဇဝင် စာတင်ရမယ့် အမျိုးသမီးကြီးတဦး မဟုတ်ရှာပါ။ ကျွန်တော်နဲ့ သူငယ်ချင်းအရင်းအချာတဦးလို့ လူတိုင်းသိထားသူတဦးရဲ့ ဇနီးပါ။ အဲဒီ သူငယ်ချင်းကတော့ လူသိများပါတယ်။ နေရာတကာ ကိုပါရာ ဆိုတဲ့သူမျိုးထဲကပါ။ စာရေးဆရာ၊ ကဗျာဆရာ၊ ဘာသာပြန်ဆရာ၊ သတင်းစာအယ်ဒီတာ၊ မဂ္ဂဇင်းအယ်ဒီတာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင် ဇာတ်ညွှန်းရေးဆရာ စသဖြင့် အကုန်လုပ်ဖူးသူပါ။ ပန်းချီဆိုလည်း ပြပွဲတွေတောင် လုပ်ဖူးသူပေါ့။ ဒါပေမဲ့ သူ့ကိုတော့ ‘စွယ်စုံအနုပညာရှင်’လို့ ဘယ်သူကမှ မခေါ်ကြဘူးဗျ။ ကျွန်တော် သိရသလောက် သူ့ကို ‘နေရာတကာ ကိုပါရာ’ လို့ပဲ ခေါ်ကြလေရဲ့။

ဟို ပန်တျာကျောင်းအုပ်ကြီးဦးဝင်းဖေလို သူက ဆိုကရေးတီး သဘင်ပညာနဲ့တော့ မနီးစပ်ခဲ့တာ ကံကောင်းတာပေါ့ ဆိုရပါမယ်။ ဦးဝင်းဖေကတော့ သူ့ဖခင်ကြီး ရွှေပြည်ဦးဘတင် ဆိုတာက တကယ့် စွယ်စုံပညာရှင်ကြီးပေကိုး။

ခုက ကျွန်တော့်သူငယ်ချင်းရဲ့ ဖခင်က လက်ဝဲသန်တဲ့ နိုင်ငံရေးသမား သခင်ဗတုတ်တဲ့။ ဪ… မေ့လို့။ အဲဒီသူငယ်ချင်းရဲ့ နာမည်က မောင်မိုးသူ တဲ့။ ကိုပါရာ ဆိုတော့ နိုင်ငံရေးမှာလည်း ပါရာတယ်လေ။ အဖွဲ့ချုပ် စတင်တည်ထောင်သူ ဗဟိုကော်မတီဝင်လေ။ နှယ်နှယ်ရရ မဟုတ်ပေဘူး။ ကျောင်းသားတုန်းကလည်း ကျောင်းသားသမဂ္ဂမှာ ခေါင်းဆောင်ကြီးတဦးပေါ့။ ကိုယ်ကသာ သူငယ်ချင်းဆိုပြီး မရိုမသေတွေ ပြောနေမိတာ။ ‘ဂဒေါ့’လို့ ဆိုပြီး တောင်းပန်ရတော့မှာပါ။ အဲဒီသူငယ်ချင်းရဲ့ ဇနီးက ‘အမာ’ တဲ့ဗျား။

မောင်မိုးသူက တက္ကသိုလ်ကို ၁၉၅၆ ခုနှစ်မှာ ကြည်အောင်၊ လေးမောင်၊ မောင်စွမ်းရည်၊ ကသာဝင်းကြွယ်(ခင်မောင်ဝင်း)၊ မုံရွာစောလွင်တို့နဲ့အတူ ရောက်ပါတယ်။ တပ်ဦး၊ တကသ ကလောင်ရှင်အသင်း စတဲ့ အသတင်းတွေမှာ သူ့အရင် ရောက်နှင့်သူ မောင်သာနိုး၊ တက္ကသိုလ်ဝင်းတို့နဲ့အတူ ပါဝင်လုပ်ဆောင်နေခဲ့လို့ တက္ကသိုလ်မှာ တတန်းမှ မအောင်ခဲ့ပါ။ ထောင်ကျ တန်းကျနဲ့မို့ ကျောင်းလည်း မတက်ရ၊ စာမေးပွဲလည်း မဖြေခဲ့ရပါ။ ထောင်ကျပြီးတော့ အိမ်ထောင်ကျပါတယ်။

၁၉၅၈ ခုနှစ်မှာ အိမ်ထောင်ကျတာဆိုတော့ ကျွန်တော်တို့သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျတာ သူက အစောဆုံးပါ။ မီးရထားရိပ်သာမှာ မင်္ဂလာလက်ထပ်ပွဲ အကျအန လုပ်ပါတယ်။ လူထုဦးလှ၊ ဆရာဦးဆန်းထွန်း၊ ဆရာဦးကြည်မြတို့ ဦးစီးလက်ထပ်ပေးလို့ စာပေလောကမှာ အမြိုင်ဆုံး လက်ထပ်ပွဲ ဖြစ်ပါတယ်။ နောက်ထပ် ဘယ်သူမှ မင်္ဂလာဆောင်ကြတာပါ။

တက္ကသိုလ်မှာ မိန်းကလေးအပေါင်းအသင်း အများဆုံး သူငယ်ချင်းက မောင်မိုးသူ ဖြစ်ပါလိမ့်မယ်။ သူ့မှာ ခရစ်ယာန်သာသနာပြုကျောင်းထွက် ဂျူဒီ၊ လူစီ၊ ပန်စီတို့အပြင် တပ်ဦးရဲဘော်မလို့ နာမည်ကြီးကြတဲ့ ခင်စုလှိုင်၊ မေမေလှိုင်၊ ခင်သန်းလှိုင်၊ ခင်အေးမွန်၊ အမာစန်း စတဲ့ ကျောင်းသူများနဲ့သာ သူက ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံပါတယ်။ ဒါပေမဲ့ သူတို့ထဲက တယောက်မှ မဟုတ်ဘဲ မန္တလေး အနောက်မြောက်ထဲက သုသာန်ရဲ့ အနောက်ဘက်ကျတဲ့ မင်းကဲ၊ အီကင်း ခေါ် အနောက်ပုဏ္ဏားစုထဲက အရပ်သူလေးတဦးနဲ့ အိမ်ထောင်ကျတာပါ။ အရပ်သားမဟုတ်ရင် ဘယ်တက္ကသိုလ်ကျောင်းသားမှ မရောင်းဖူးတဲ့ ရပ်ကွက်ပါ။

ပုဏ္ဏားမျိုးနွယ်မို့ ထင်ပါရဲ့။ အမာက ကုလားဆင်ချောသူ ဖြစ်ပါတယ်။ မျက်လုံး မျက်ခုံးကောင်းပြီး နှာတံလည်း ပေါ်ပါတယ်။ မောင်မိုးသူနဲ့ အမာနဲ့ ဘယ်လို ချိတ်မိကြတယ်ဆိုတာ မသိလိုက်ကြပါ။ ဒါပေမဲ့ အမာနဲ့ မောင်မိုးသူရဲ့ သူငယ်ချင်းတွေအားလုံးနဲ့ ချက်ချင်း အဖွဲ့ကျသွားခဲ့ကြပါတယ်။

မောင်မိုးသူက အသက်မွေးဝမ်းကျောင်းအဖြစ် စာလည်း ရေးတယ်။ စာအုပ်ထုတ်ဝေရေးလည်း လုပ်တယ်။ စာအုပ်ဆိုင်လည်း ဖွင့်ပါတယ်။ ဈေးချိုမြောက်ဘက်က ဈေးချိုတောင်ဘက်ကို မျက်နှာမူနေတဲ့ တိုက်တန်းပေါ်ရှိ အမျိုးသားစာအုပ်ဆိုင်အနီးက ဆိုင်ခန်းလေးတခန်းမှာ ဆိုင်ဖွင့်တာပါ။ မောင်မိုးသူနဲ့ အရင်းနှီးဆုံး သူငယ်ချင်းက မန္တလေးသား တက္ကသိုလ်ဝင်း ခေါ် ကိုဝင်းမောင် ဖြစ်ပါတယ်။

တက္ကသိုလ်ကို အရင်ရောက်ပေမဲ့ မောင်သာနိုး၊ မောင်တင်ရွှေတို့နဲ့အတူ ၁၉၅၃ အောက်တိုဘာ ကျောင်းသားသပိတ် အရေးတော်ပုံမှာ ကျောင်းထုတ်ခံရပြီး ၁၉၅၆ ခုနှစ် မောင်သာနိုးတို့နဲ့အတူ ကျောင်းပြန်နေခွင့်ရတော့ ၁၉၅၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကို ရောက်လာတဲ့ မောင်မိုးသူနဲ့ တွဲမိကြတာပါ။

မောင်မိုးသူထက်အရင် စာပေလောကထဲကို ရောက်နှင့်သူက မောင်သာနိုး၊ မောင်သာရနဲ့ တက္ကသိုလ်ဝင်းတို့ပါ။ တက္ကသိုလ်ဝင်းနဲ့ တွဲမိပြီးမှ မောင်မိုးသူက ကျောင်းသားတပ်ဦး၊ တကသနဲ့ ကလောင်ရှင်အသင်းတို့မှာ ပါဝင်လာခဲ့ရတာပါ။ တင်မိုးနဲ့ မောင်သိန်းနိုင်တို့က တနှစ်နောက်ကျပြီးမှ တက္ကသိုလ်ကို ရောက်လာပြီး အားလုံးကို တက္ကသိုလ်ဝင်းကပဲ စည်းရုံးသိမ်းသွင်းသွားခဲ့တာပါ။ မောင်မိုးသူက မောင်သက်ဦး တဲ့၊ တင်မိုးက ကန်မြဲနန်းမြင့်နွယ် တဲ့၊ မောင်စွမ်းရည်က သွေးနီ(မြင်းခြံ) တဲ့၊ တက္ကသိုလ်ဝင်းက မောင်သာနိုးနဲ့အတူ လူထုဂျာနယ်၊ လူထုသတင်းစာတို့မှာ ကလောင်သက် ရရှိပြီးသူဆိုတော့ သူတို့နှစ်ဦးကပဲ စာပေမှာရော နိုင်ငံရေးမှာရော ဦးဆောင်သွားခဲ့ကြတာပါ။ သူတို့နဲ့အတူ အစောဆုံး ထောင်ကျသူက မောင်မိုးသူနဲ့ မောင်သိန်းနိုင်ပါ။

မောင်မိုးသူနဲ့ တက္ကသိုလ်ဝင်းက အရင်းနှီးဆုံး ဖြစ်ကြလို့ အမာနဲ့ တက္ကသိုလ်ဝင်းကလည်း အရင်းနှီးဆုံး ဖြစ်ခဲ့ပြီး စလိုက်၊ နောက်လိုက်နဲ့ တခါတလေ ရယ်ရာက ငိုကြသေးတယ်။ ဘယ်လိုဖြစ်တယ် မသိ၊ လူကြီးဖြစ်တဲ့ တက္ကသိုလ်ဝင်းပါ ငိုတာ တွေ့ရဖူးပါတယ်။ အမာရဲ့ သားဦးက ထွန်းမြတ်ဦးတဲ့။ မောင်မိုးသူက သူ့ဦးကြီး ဘကြီးလို ရင်းနှီးတဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ ဝတ္ထုထဲက ဇာတ်လိုက်နာမည်ကို ယူပေးထားတာပါ။ ဒါပေမဲ့ ထွန်းမြတ်ဦးက ပုဏ္ဏားသွေးပါလို့နဲ့ တူပါရဲ့၊ အသားမဖြူပါ။ မောင်မိုးသူက တရုတ်ကပြားလို့ ထင်ရအောင် ဖြူပါတယ်။ ထွန်းမြတ်ဦးက မျက်လုံး မျက်ခုံးကအစ အမာနဲ့ တူတာပါ။ အဲဒီကာလ အမေရိကန် နီဂရိုး အာဂျလာ ဆိုသူက မန္တလေးကို လာပြီး သောင်းကျန်းသွားခဲ့ပါတယ်။ ပညာတော်သင်ကျောင်းသားတဦး ထင်ပါတယ်။ (သေချာတော့ မမှတ်မိတော့ပါ။) အဲဒီ လူမည်းကျောင်းသား အာဂျလာကို အစွဲပြုပြီး မောင်မိုးသူရဲ့ သူငယ်ချင်းတွေအားလုံး ထွန်းမြတ်ဦး ကြီးလာသည်အထိ ‘အာဂျလာ’ပဲ ခေါ်ကြပါတယ်။

အမာရဲ့ မိုးဦးပန်း စာအုပ်ဆိုင်မှာ ကလေးထိန်းပေးရသူက တက္ကသိုလ်ဝင်းပါ။ စာပေကိစ္စတွေ၊ လူထုအယ်ဒီတာ လုပ်လာတဲ့ တက္ကသိုလ်ဝင်းကပဲ ရှေ့ဆောင်မှုပေးရတာပါ။ လူထုမှာပဲ ကလောင်သွေးခဲ့တဲ့ မောင်သာရလည်း ရန်ကုန် စာပေလောက ပြန်လာပြီး မောင်မိုးသူနဲ့ ခဏတွဲလိုက်ပါသေးတယ်။ မောင်မိုးသူနဲ့ နောက်ပိုင်း အထူးတွဲတာက ဇော်ဇော်အောင်၊ ကသာဝင်းကြွယ် ခေါ် ခင်မောင်ဝင်းနဲ့ မောင်စွမ်းရည်တို့ ဖြစ်ပါတယ်။ မောင်စွမ်းရည်က အမာနဲ့ပါမက အမာ့ မိခင်ကြီးနဲ့ပါ ခင်ပါတယ်။ ပုဏ္ဏားစုရပ်ကွက်ဟာ ချောင်ကျပေမဲ့ ထမင်းအိုး ဝင်နှိုက်စားသည်အထိ ကမ်းတက်ပါတယ်။ ဇော်ဇော်အောင်ကလည်း သူ့ရည်းစားကို အမာတို့အိမ်ကို ခေါ်သွားလိုက်ပါသေးတယ်။ ဇော်ဇော်အောင် ရန်ကုန် ပြောင်းသွားတော့ မောင်စွမ်းရည်က အားကျပြီး သူ့သူငယ်ချင်းမကို အမာတို့အိမ် ခေါ်သွားခဲ့ပါတယ်။ မောင်မိုးသူနဲ့ အမာက သူတို့အိမ်မရောက်ပေမဲ့ ဇော်ဇော်အောင်နဲ့ မောင်စွမ်းရည်တို့ကတော့ စားအိမ် သောက်အိမ်ကို ဖြစ်လို့။

မောင်မိုးသူက မန္တလေး စိန့်ပီတာကျောင်းထွက်ပါ။ ဒါကြောင့် အင်္ဂလိပ်စာပေဘက်မှာ အားသန်ပါတယ်။ သူက မူလတန်းကျောင်းတုန်းကတော့ သူ့မိဘတွေရဲ့အိမ်နဲ့ နီးတဲ့ စိန်တောင် ခေါ်တဲ့ ဘုန်းကြီးကျောင်းထဲက မူလတန်းကျောင်းမှာ နေခဲ့ရဖူးသတဲ့။ စိန့်ကျောင်းမှာတော့ သူက မြန်မာစာထူးချွန်သူအဖြစ် သူ့ဆရာတွေကပါ အသိအမှတ်ပြုခံရသတဲ့။ သင်္ချာမှာလည်း ထူးချွန်လို့ သူများကိုတောင် သင်ပေးခဲ့ရသေး သတဲ့။ ဒါပေမဲ့ မောင်သာနိုး၊ မောင်သာရ၊ တက္ကသိုလ်ဝင်းတို့လိုတော့ မြန်မာစာ မကျွမ်းပါ။ သူ့ကို တက္ကသိုလ်ဝင်းက အစ်ကိုတယောက်လို သူ့ကို စောင့်ရှောက်တဲ့အပြင် အမာ့ကိုလည်း အစ်ကိုတယောက်လို ဂရုစိုက်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ဝင်းက အသေစောခဲ့ရှာပါတယ်။

မောင်မိုးသူရဲ့ အမည်ရင်းက မောင်စိန်မြင့်တဲ့။ သူ့ရဲ့ ကလောင်နာမည်က မန်းတက္ကသိုလ် နံရံကပ်စာစောင် တွေနဲ့ နှစ်လည်မဂ္ဂဇင်းတွေမှာ ရေးတော့ မောင်သက်ဦး တဲ့။ ကျွန်တော်တို့ ထုတ်တဲ့ ကဗျာစာအုပ်တွေရဲ့ အောက်မှာ ကြော်ငြာထည့်ပါတယ်။ မောင်သက်ဦးရဲ့ ‘အသဲမောင်မောင် ကဗျာစုတ်ချက်များ’ ဆို ထင်ပါရဲ့။ ကျွန်တော်တို့အားလုံး ကဗျာစာအုပ်တွေ အလျှိုလျှိုထုတ်ပြီးကြတော့ ‘ဟေ့လူ ‘အသဲမောင်မောင်’က မထုတ်သေးဘူးလား၊ ကြာရင် …. သွားရင်တော့ မကောင်းဘူး’ လို့ ဝိုင်းပြောကြတော့ ‘အေး… ကဗျာကိစ္စမှာ ငါ ကြီးပွားစရာမလိုတော့ဘူး၊ မင်းတို့ တပည့်တွေနဲ့ပဲ လွှဲထားလိုက်ပြီ၊ ငါ စကားပြေလုပ်မယ်’ တဲ့။

နှစ်လည်မဂ္ဂဇင်းမှာ ‘ည’ ဆိုတဲ့ ဝတ္ထုတပုဒ် ရေးပါတယ်။ ‘ည’ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံကို ဆရာ တက္ကသိုလ်ဘုန်းနိုင်က သဘောကျသတဲ့။ ‘မောင့်ဘဝ ညအလားကွယ်’ ဆို ထင်ပါရဲ့။ လုံးချင်းဝတ္ထုရှည်တအုပ် ထုတ်လိုက်ပါသေးတယ်။

မောင်မိုးသူက သူ အိမ်ထောင်ကျပြီး စာအုပ်တိုက် တည်ထောင်တော့ သူ့ငယ်လက်ရာ ‘ည’ကို တကျပ်တန် လုံးချင်းဝတ္ထုအဖြစ် ထုတ်ဝေခဲ့ပါတယ်။ စာမျက်နှာ ၁၀၀ မပြည့်ပါ။ ထူးခြားချက်က သူ့ဇနီး ‘အမာ’ရဲ့ ပုံနဲ့ ရှေ့မျက်နှာဖုံးလုပ်ပြီး ထုတ်ဝေခြင်းပါပဲ။ ၁၉၆၀-၁၉၆၁ လောက်က ထုတ်ဝေခဲ့တာဆိုတော့ ခုဆိုရင် နှစ်ပေါင်း ၆၀ လောက် သက်တမ်းရှိခဲ့ပါပြီ။ မောင်မိုးသူက သူ့ရဲ့ ၇၅ နှစ်မြောက် မွေးနေ့မှာ အမှတ်တရအဖြစ် ဒုတိယအကြိမ် ပြန်ထုတ်သတဲ့။ အမာရဲ့ ပုံနဲ့ပါပဲ။ ဒုတိယအကြိမ် ထုတ်တော့ အမာ ကွယ်လွန်တာ ၁၂ နှစ်၊ ၁၃ နှစ် ကြာခဲ့ပြီ တဲ့။

မောင်မိုးသူက ခုဆိုရင် ၈၅ နှစ် နီးခဲ့ပြီဆိုတော့ အမာ ဆုံးတယ်။ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီပေါ့။ ဪ… သင်္ခါရတွေပါတကား။

အမျိုးသမီးဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုမှာ လုပ်နေစဉ် အဖမ်းခံနေရဆဲ၊ ထောင်ကျနေဆဲမှာပဲ မောင်မိုးသူရဲ့ ဇနီး အမာ ဆုံးပါးသွားခဲ့ရှာပါတယ်။ (ဘာရောဂါနဲ့ ဆုံးသွားရသလဲဆိုတာ မမှတ်မိတော့ပါ။) သူ့ရဲ့ ရုပ်ကြွင်းကို ဘယ်အဆောက်အဦမှာ ထားခဲ့တယ်ဆိုတာတောင် မမှတ်မိတော့ပါ။ ကျွန်တော် အမာရဲ့ ရုပ်ကြွင်းထားရာ နေရာကို သွားရောက်ပြီး နောက်ဆုံး နှုတ်ဆက်ခြင်းအနေနဲ့ ရောက်ရှိသွားခဲ့ပါတယ်။

ကျွန်တော် အမာရဲ့ ရုပ်ကလာပ်ဘေးနားမှာ ရပ်ပြီး အလွန်ချစ်ခင်စရာကောင်းတဲ့ ငါတို့ရဲ့ ဘုံနှမလေး ဆုံးပါးသွားခဲ့ရှာပြီလို့ တွေးရင်း ငေးရင်း ဘေးနားမှာ အရိပ်တခု ချဉ်းကပ်လာလို့ လှည့်ကြည့်လိုက်မိတော့ ဒေါ်အောင်ဆန်းစုကြည် သူ့ခရီးစဉ်တိုင်းမှာ ဘကြီးမိုးလို့ သူ့ပါတီဝင်တွေက ခေါ်တဲ့ သူရဲကောင်းကြီးရဲ့ဇနီး ကွယ်လွန်ရှာတယ် ဆိုတော့ သူကိုယ်တိုင်လည်း ကြွရောက်နှုတ်ဆက်လာပါတယ်။ ချက်ချင်းဆက်တိုက်ပဲ ဘေးနားမှာ လူတယောက်လည်း ရုတ်ခြည်း ရောက်လာလို့ တီးတိုးနှုတ်ဆက်တာနဲ့ လှည့်ကြည့်လိုက်တော့ ဘကြီးမိုး။

သူငယ်ချင်းဟာ ဒီအချိန်လောက် တည်ငြိမ် နှုတ်ဆက်နေတာ တခါမှ မကြုံဖူးခဲ့ပါ။ သူဟာ ဇနီးရဲ့ ဘေးမှာရပ်ပြီး ဘာစကားမျှမပြောဘဲ ငြိမ်သက် တိတ်ဆိတ်နေရာက “ဪ… အမာ လှလိုက်တာ၊ သေရှာပြီ ဖြစ်ပေမဲ့ လှနေဆဲပဲနော်” တဲ့။ ဘယ်သူ့မှ လှည့်မကြည့်ဘဲ သူ့ဘာသာ မြည်တမ်းနေရှာတာပါ။ ပြီး… အမာရဲ့ နဖူးကို သူ့လက်ဖျားနဲ့ လှမ်းပြီး ပွတ်သပ်လိုက်ပါတယ်။

ကျွန်တော်လည်း မျက်ရည်ဝဲပြီး ရင်ထဲက လှိုက်လာပါတယ်။ ငါတို့အားလုံးရဲ့ ရဲဘော်မလေး… ငါတို့အားလုံးရဲ့ နှမငယ်လေးရေ… သွားနှင့်ပေဦးတော့။ နောင် သံသရာမှာ ဒီထက် အေးချမ်းတဲ့ဘဝနဲ့ ပြန်လည်ဆုံတွေ့ကြရပါစေ။

မောင်စွမ်းရည်
၂၀၂၀
နယူးယောက်