Breaking News

ဒိုရီဂို - ကိုရွေး၏ အားမလို အားမရ နေ့ရက်များကို ခံစားခြင်း

ကိုရွေး၏ အားမလို အားမရ နေ့ရက်များကို ခံစားခြင်
ဒိုရီဂို
(မိုးမခ)ဇူလိုင် ၃၀၊ ၂၀၂၁

တအိအိ နိမ့်ဆင်းလာနေသည့် ဂျူလိုင်လ၏ မိုးသားများ။ ဖွဲလိုက်, သည်းလိုက် မိုးစက်များ။ ဝန်းကျင်ရှစ်ရပ် အားလုံး အေးစက်, စိုစွတ်, အုံ့ဆိုင်း, မှုန်မှိုင်း။ လေပြင်းတဝှေ့ သယ်ဆောင်လာသည့် မိုး စက်မှုန်များက မှန်ပြတင်းတံခါးကို တဖျောဖျောတဖြောက်ဖြောက်လာရောက်ထိမှန်ကာ တမနက်လုံး ရွာကျနေဆဲ။ အပေါ်ဆုံးထပ် ၆ လွှာအခန်းငယ်လေးမှ ဘေးဘီ ဝဲယာအပြင်သို့ မျှော်ကြည့်သော်လည်း အခြားတိုက်ခန်းများ၏ခေါင်မိုးများမှအပ အဝေးရပ်သည် မှုန်ဝါးဝါး။ လျှပ်စီး တစ်လက်, မိုးတစ်ချုန်းနှင့် အသံတချို့။ မိုးရွာထဲ ဝဲပျံကာ တခါတရံတွေ့မြင်ရသည့် အစာရှာ ကျီးကန်းတစ်ကောင်, နှစ်ကောင်။

ဩကာသလောကတခွင်လုံး အေးစိမ့်ချမ်းမြနေစဉ် သတ္တလောကသား ကျနော်နှင့် ထိုအစာရှာ ကျီးကန်း တို့သာ လှုပ်ရှားသက်ဝင်နေမည်ဟု စဉ်းစားမိရင်း နိစ္စဓူဝဖြတ်သန်းကျင်လည်နေရသည့် စား, ဝတ်, နေ အရေးသုံးပါးအကြောင်းဆက်စပ်၍  “ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက် လွမ်းရေးခက်၏” ဟူသည့် ဦးရွှန်း၏ ဥမ္မာဒန္တီပျို့ ကို သတိရမိသည်။

“စစ်ရေး, မက်ရေး၊ ရန်သူဘေးကြောင့်၊ အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာ၊ ခက်သည်သာ တည့်။”၊ “အစာ,အစား၊ ထွားထွားမြည့်ကြေ၊ ရှားပါးလေ၍... သေကျေ, ပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်, ဝမ်းရေးခက်၏။”၊ “ထို့ထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ... လွမ်းတ, ပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏။”

လက်ရှိအနေအထားသည် ထို ‘အခက်’ များ စုဆုံ,ပြုံကျနေချိန် ဖြစ်ပြီး မည်သည့် ‘အခက်’ က ပို၍ ‘ခက်’ လေမည်နည်း။ ယင်း ‘အခက်’ များကို မည်သို့ ရင်ဆိုင်, ဖြေရှင်းကြမည်နည်း။
အဘက်ဘက်မှ ဝန်းရံ,ပိတ်ဆီးနေသည့် ‘အခက်’များကို ‘အချက်များအဖြစ် ပြောင်းယူနိုင်ရန်မှာ အယူ သည်း, အစွဲကြီးပြီး စိတ်ကောင်းစေတနာ ကင်းမဲ့သူ၊ အတ္တသမားများကြား ဖော်ဆောင်၍မရနိုင် သကဲ့ သို့ ရန်လိုသူ, နိုင့်ထက်ကလူပြုသူ, ရပ်တည်ချက်မခိုင်မာသူတွေကြား ဖော်ဆောင်မည်ဆိုလျှင်လည်း အဆိုးကျော့ ဝဲဂယက်ထဲတွင် သံသရာလည်နေပေဦးမည်။
ဤသို့သော နာရီဆိုးများအောက်တွင် ‘မချိတင်ကဲ’ နေ့ရက်များ, ‘အားမလိုအားမရ’ နေ့ရက်များကို ရှောင်လွှဲ,ဖယ်ရှားနိုင်စွမ်း ကင်းမဲ့စွာ ဖြတ်သန်းနေရသည့် အဖြစ်က ကဗျာဆရာ ကိုရွေးအား အနုပညာ လက်ရာများ (Artworks) ဖန်တီးစေရန် စေ့ဆော် ပေးနေတော့သည်။
  

(ကိုရွေး၏ အားမလိုအားမရ နေ့ရက်များ ပန်းချီကား)

နိုင်ငံသားတိုင်းသည် မိမိတို့ နိုင်ငံကို ဖွံ့ဖြိုးစေချင်သည်၊ တိုးတက်စေချင်သည်၊ ကမ္ဘာနှင့် ရင်ပေါင်တန်း ချင်သည်။ အမှန်တကယ်လည်း မြန်မာသည် “ဘယ်တုန်းကမှ” နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိ။ အာရှနိုင်ငံ အားလုံး မနိုးထသေးချိန်, မြန်မာက ရှေးဦးဆုံး တာ,ထွက်ခဲ့သည်။ ယခု အခါ ကမ္ဘာတဝှမ်း အလေးထား ကြည့်ရှုကြရသည့် ဘောလိဝုဒ် ရုပ်ရှင်လောက၊ ကိုရီးယား ရုပ်ရှင်လောက ဟူ၍မရှိသေးမီကတည်း ကပင် မြန်မာ့ရုပ်ရှင်သည် ဥရောပ၊ အမေရိကန် စသည့် နိုင်ငံများနှင့် ပူးပေါင်း, ထုတ်လုပ်နေခဲ့ပြီ။ Purple Plain သည် အထင်ကရ။
ကမ္ဘာ့အရေးတွင်လည်း ကိုရီးယားကျွန်းဆွယ် အရေးအခင်း၊ ကျူးဘားအရေးအခင်းအပါအဝင် အရေး အခင်း ပေါင်း များစွာကို ဖြေရှင်းပေးနိုင်ခဲ့သည့် ကမ္ဘာ့ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် သည် မြန်မာတစ်ဦးပင်မဟုတ်ပါလား။ ယင်းတို့မှာ လွတ်လပ်ရေးရပြီး ၁၀ နှစ်တာကာလအတွင်း ပါလီမန် ဒီမိုကရေစီ စနစ်၏ အသီးအပွင့်များဟုလည်း ဆိုနိုင်မည် ထင်ပါသည်။ ဆိုလိုချင်သည်မှာ မြန်မာသည် နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိကြောင်း ဖြစ်ပါသည်။
သို့သော်... မြန်မာအား မွန်းကျပ်နှောင်ဖွဲ့, ဖိစီးနှိပ်စက်ကာ ရှေ့မျက်နှာစာအလှ, အပြသက်သက်, ဇာတ်ရုံ ထဲက တစ်ဖက်ရပ်ပျဉ်ထောင်တိုက်ကြီးများသဖွယ်ခင်းကျင်း၍ ကလိန်စေ့အစီအမံများဖြင့် ဦးဆောင် နေသူများကြောင့် အဦးဆုံးတာထွက်လာသူမှာ အောက်ဆုံး၏ အောက်သို့တိုင် ကျရောက်သွားတော့ သည်။

  (ကိုရွေး၏ အားမလိုအားမရ နေ့ရက်များ ပန်းချီကား)
သို့သော်..., မြန်မာသည် မည်သို့သောအခြေအနေဆိုးများအောက်ရောက်ရှိနေသည် ဖြစ်စေ, သည်းခံ နိုင် သည်၊ ဇွဲသန်သည်၊ ခံနိုင်ရည် ရှိသည်၊ မျှော်လင့်အိပ်မက်တို့ဖြင့် အားယူရှင်သန်နိုင်သည်၊ ထိုအတွက် အားပြင်, အားခဲထားသည်မှာ အထင်အရှား ဖြစ်သည်။ ထို့ကြောင့် ရုန်းထရုန်းထွက်ရန် စ,တင်သည်၊ အသိနိုးကြားမှုများ ဝေစည်လာသည်၊ ထိုအချိန်တွင်...
  

(ကိုရွေး၏ အားမလိုအားမရ နေ့ရက်များ ပန်းချီကား)
ထိုအချိန်တွင်..., “ငဗစ်’ က စ,တင်ထိုးနှက်ဖို့ ပြင်ဆင်လာသည်။ မြန်မာသည် အသိ, သတိမြဲမြဲဖြင့် ကပ်ရောဂါကို ကာကွယ်ရန် မမေ့လျော့ခဲ့။ အရွေ့အပြောင်း တစ်ခုဆီ ဦးတည်နိုင်ရေး အစီအမံများ ချမှတ်, လုပ်ဆောင်ရန် တာစူ လိုက်ချိန်တွင် “ငစစ်” က တစ်နိုင်ငံလုံးကို သူ့ရဲ့ “ဦး-မနိုင်”၊ “ပဲ့-မနိုင်”၊ “ဝမ်း-မလုံ” သင်္ဘောဟောင်းကြီးပေါ် အဓမ္မ တင်ဆောင်ကာ လှိုင်းလေကြမ်းသည့် ပင်လယ်ပြင်သို့ ထွက်ခွာရန် ပြင်ဆင်ပြန်သည်။
မြန်မာ၏ လမ်းမ,များပေါ်မှ လိုလား,တောင်းဆိုသံများ၊ ဆန့်ကျင်, တွန်းလှန်, ရုန်းကန် ဆန္ဒများတို့သည် မြေကမ္ဘာတွင်သာ မက ဘဝဂ်ထိပင် စီစီညံလာသည်။ နေဝင်ညကို ရဲရဲရင့်ရင့် ကူးဖြတ်ကြဖို့ ဆုံးဖြတ် ကြသည်။ ရောင်နီသာသည့် နေ့ရက်ကို အရောက် ချီကြရန် ခိုင်မာသည့် သန္နိဋ္ဌာန်ကို ပြတ်ပြတ်သားသား ချလိုက်ကြသည်။ အဓမ္မကို ဓမ္မဖြင့် အနိုင်ယူ, အောင်မြင် ရမည်။
သို့သော်..., မိစ္ဆာဆီမှ အကြင်နာ ရရန် မည်သို့မျှ မဖြစ်နိုင်။ သူတွင် အကြင်နာမရှိ၊ သစ္စာမရှိ၊ မေတ္တာရှိဖို့မူ သာ၍ပင် ဝေးစွ။ အကြင်နာရရေး မိစ္ဆာနှင့် ရင်ကြားစေ့ခြင်းသည် အခြေကင်းမဲ့ပြီး မိုက်မဲရာကျသည့် ကြိုးပမ်းမှုသဖွယ် ဖြစ်သွားတော့သည်။ မိစ္ဆာသည် မိစ္ဆကျင့်, ကျင့်သည်သာ မဟုတ်လော။ မိစ္ဆာကြံ, ကြံသည်သာ မဟုတ်လော။ 
ယင်းကြောင့်ပင် စီးဖြာခဲ့သည့်သွေးချောင်းများ၊ ပွင့်ကျေသွားရသည့် ဦးခေါင်းများ၊ စုတ်ပြတ်, ပဲ့ထွက် သွားရသည့် ဦးခေါင်းခွံများ၊ ဦးနှောက်များ၊ အသားများ၊ အရိုးများ၊ ဝမ်းတွင်း ကလီစာများ၊ ခံစားချက်များ၊ နာကျည်းချက်များ၊ ခံပြင်းချက်များ...၊ ....၊
  

(ကိုရွေး၏ အားမလိုအားမရ နေ့ရက်များ ပန်းချီကား)

မြန်မာသည် ခိုင်မာသည့် စိတ်ဓာတ်ရှိသည်၊ စွန့်လွှတ်အနစ်နာခံသည်၊ အခက်အခဲဟူသမျှကို ကျော်ဖြတ် ရဲသည့် သတ္တိရှိသည်၊ နောက်လာမည့် မျီုးဆက်များအတွက် ဦးတည်ရည်ရွယ်၍ အမြော်အမြင်ကြီးကြီး လုပ်ဆောင်သည်။ ထိုသို့သော မြန်မာအား အမျိုးသားစာဆို ဆရာ ဇော်ဂျီ၏ ကဗျာတစ်ပိုဒ်ဖြင့် အားပေး မြှင့်တင်ရင်း အားမလိုအားမရ နေ့ရက်များအောက်ကနေ အားပေးလိုက် ပါသည်။

တို့တိုင်းပြည် (ကဗျာ)

ထ,လော့မြန်မာ... မြန်မာ ထ,လော့
အားမပျော့နှင့် မလျော့လုံ့လ
သူက စ,၍၊ ငါက, အားလုံး
လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့...၊
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။

(ခေတ်ပြိုင်ခံစားမှုကို ညွှန်းဆိုဖန်တီးထားသည့် အနုပညာလက်ရာများနှင့်ပတ်သက်ပြီး ကဗျာဆရာကိုရွေးအား အထူးပင်ကျေးဇူးတင်ပါသည်။ ဒိုရီဂို)

ဒိုရီဂို၊ ဂျူလိုင် ၂၉၊ ၂၀၂၁

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar