Breaking News

မောင်မောင်စိုး - မြန်မာ - တရုတ် ဆက်ဆံရေးနှင့် မြန်မာ့အရေး ၁၄


မောင်မောင်စိုး - မြန်မာ - တရုတ် ဆက်ဆံရေးနှင့် မြန်မာ့အရေး ၁၄

(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၁

မြန်မာ့အရေး


၂၀၂၁ ဖေဖဝါရီ ၁ ရက်နေ့တွင် ကြီးမားသော မြန်မာ့နိုင်ငံရေးအပြောင်းအလဲတခုဖြစ် သည်။ ပြင်းထန်ကျယ်ပြန့်သည့် လူထုအုံကြွဆန္ဒပြမှုများကို ကြုံတွေ့ရသည်။ မြန်မာ့အရေး သည် နိုင်ငံတကာသို့ ရိုက်ခတ်သွားသည်။ ကုလသမဂ္ဂစင်မြင့်သို့လည်းရောက်သည်။ အမေရိကန်နှင့်မဟာမိတ်များက အပြင်းထန်ဆုံးစကားလုံးနှင့် ရှုံ့ချရန်ကြိုးစား သည်။ တရုတ်တို့က ကန့်သတ်ရန်ကြိုးစားသည်မှ တရုတ်ဆန့်ကျင်ရေးလေထု မြန်မာပြည်တွင်း၌ ပြန်လည်အားကောင်းလာသည်။ မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့်အနောက်ကို မျှော်လင့်မှုပို၍ကြီးမားလာသည်။ တရုတ်တို့သည် နစက ကောင် စီကိုအကာအကွယ်ပေးရန်ကြိုးစားနေသည်ဟု လူအတော်များများက ယူဆလာကြသည်။ လူထုလှုပ်ရှားမှုဖြိုခွဲခံရသည့် မတ်လလယ်ပိုင်းတွင်း လှိုင်သာယာရှိ တရုတ်တို့ပိုင်ဆိုင်သည့် စက်ရုံအလုပ်ရုံ၊ ဟိုတယ်၊စားသောက်ဆိုင်အစရှိသည်များတိုက်ခိုက်ခံရသည်။ စုစုပေါင်း အဆောက်အအုံ ၃၂ ခု တိုက်ခိုက်ခံရပြီး အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုး ဆုံးရှုံးပြီး တရုတ်လူမျိုး ၂ ဦးထိခိုက်ဒဏ်ရာရသည်ဟုဆိုသည်။ တချိန်တည်းတွင် တရုတ်ပိုင်ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုက်ခိုက်ရန် အားပေးလှုံ့ဆော်မှုများကို တွေ့ရသည်။ တရုတ်ကုန်သပိတ်မှောက်ရန် လှုံ့ဆော်သည်ကို တွေ့ရသည်။

မြန်မာ့နွေဦီးလှုပ်ရှားမှုသည် မြို့ပြများသာမက ကျေးလက်တောရွာပါအထိပါ လူထုသပိတ်တိုက်ပွဲဆင်ရာမှ ဖေဖဝါရီ ၂၈ မှစ၍အင်အားသုံးဖြိုခွဲခံရသည်။ သုံးလခန့် ပြင်း ပြင်းထန်ထန် ရင်ဆိုင်ခဲ့ကြပြီးနောက် ရရာလက်နက်စွဲ၍ ခုခံပုန်ကန်တိုက်ခိုက်သည့်အဆင့်ရောက်သွားသည်။ လူထုဆန့်ကျင်အုံကြွမှုများ၏ အရှိန်အဟုန်သည် မြို့ကြီးပြကြီးများမှ ကျေးလက်တောင်တန်းဒေသသို့ပြောင်းရွှေ့သွားသည်။ 

သို့ဖြစ်ရာ ပြည်တွင်းပဋိပက္ခများသည် သပိတ်မှောက်ဆန္ဒပြမှုများမှသည် လက်နက်ကိုင်တိုက်ပွဲပုံစံသို့ တစတစပြောင်းသွားပြီးအရှိန်ပို၍မြင့်လာသည်။ ကယား၊ချင်း၊ စစ်ကိုင်း၊ မကွေးစသည့်ဒေသအသီးသီးတွင် လက်နက်ကိုင်ပုန်ကန်မှုများနှင့်စစ်မျက်နှာအသစ်များပေါ်ပေါက်လာသည်။ ရန်ကုန်၊မန္တလေးစသည့်မြို့ကြီးများတွင် ဗုံးခွဲမှုများ၊ ပစ်မှတ်ထားတိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည်။ တဖက်တွင် နစက က တိုင်းပြည်အား တည်ငြိမ်အောင်ထိမ်းချုပ်နိုင်အောင် ကြိုး စားနေသော်လည်း တပြည်လုံးအနှံ့အပြားဖြစ်ပွါးနေသော လှုပ်ရှားမှုများအား အချိန်တိုအတွင်း ထိမ်းချုပ်ရန် မဖြစ်နိုင်ခဲ့ပေ။

၂၀၂၁ လူထုလှုပ်ရှားမှုတွင် အစိုးရဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည့် ကြိီးမားသည့် အစိတ်အပိုင်းတခုအဖြစ်ပါဝင်သည်။ အစိုးရယန္တယားများ၏ ပုံမှန်လည်ပတ်မှု ထိခိုက်မှုရှိသည်ကို တွေ့ရသည်။ ထို့ပြင် အခွန်အကောက်နှင့်မီတာခပေးဆောင်ရန် ငြင်း ပယ်သည့် လူထုလှုပ်ရှားမှုများတွေ့ရသည်။ သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးအကြပ်အတည်း၏ အဆက်အဖြစ် စီးပွါးရေးအကြပ်အတည်းပါတွဲဖက်ပါလာသည်။ ဘဏ်စနစ် ပုံမှန်လည်ပတ်ပတ်မှုပျက်ပြားသွားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထွက်ခွါသွားသည်။ အသစ်ဝင်ရောက်မှုလည်းမရှိတော့။ စက်ရုံ ရာနှင့်ချီပိတ်သိမ်းရသည်။ အလုပ်လက်မဲ့များစွာပေါ်လာပြီး GDP ကျဆင်းသွားသည်။ ကိုဗစ်ကြောင့် ထိခိုက်နေသော မြန်မာ့စီးပွါးရေး ပိုမိုထိခိုက်မှုဖြစ်ပေါ်လာခဲ့သည်။ ငွေကြေးဖေါင်းပွမှုမြင့်တက်ပြီး ကုန်ဈေးနှုံးများတက်လာသည်။နိုင်ငံ ရေး အကြပ်အတည်းပေါ် စီးပွါးရေးအကြပ်အတည်းထပ်ဆင့်ပြီး တိုင်း ပြည်တည်ငြိမ်မှု ပို၍လျော့ကျသွားသည်။

မြန်မာ့အရေးနှင့် အနောက်နိုင်ငံများ

လက်ရှိမြန်မာ့အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့်အနောက်နိုင်ငံများက ဒီမိုကရေးလှုပ်ရှားမှုဖက်က ထောက်ခံကြသည်။ နစက ကောင်စီအားပစ်တင်ရှုံ့ချကြသည်။ နစက အား ပိတ်ဆို့မှုများပြုလုပ်လာကြသည်။ မြန်မာပြည်သူများအတွက် စိတ်မကောင်းကြောင်း၊ ဝမ်းနည်းကြောင်း ကြေညာချက်များ ပလူပျံအောင်ထွက်လာခဲ့သည်။ လက်တွေ့တွင် မြန်မာပြည်မှ တိမ်းရှောင်လာသူများအား အမေရိကန်အပါ တတိယနိုင်ငံများသို့ တိမ်းရှောင်နိုင်အောင်ကူညီကြသည်။ မြန်မာနှင့် နယ်စပ်ကပ်နေသော အိန္ဒိယနှင့်ထိုင်းတို့က မြန် မာပြည်ကတိမ်းရှောင်လာသူများအား ကူညီမှုပေးခြင်းတွင် အမေရိကန်၏ညှိနှိုင်း မေတ္တာ ရပ်ခံမှုပါဝင်သည်ကို တွေ့ရသည်။ တဖက်ကလည်း CRPH နှင့် NUG ၏ legitimacy ကို အသိမှတ်ပြုသည့် အနောက်နိုင်ငံအချို့တွေ့ရသည်။ 

သို့သော်မြန်မာပြည်တွင်းရှိ လက်နက်ကိုင်ပုန်ကန်မှုများနှင့် ပတ်သက်လျင်တော့ သတိကြီးစွာထား၍ ပြောဆိုသုံးသပ်ကြသည်ကို တွေ့ရသည်။ ယေဘူယျထွက်သည့်အသံမှာ ငြိမ်းချမ်းစွာဖြေရှင်းရေးဖြစ်သည်။

၂၀၂၁ လူထုလှုပ်ရှားမှုစကထဲက အမေရိကန်နှင့် အနောက်အား မျှော်လင့်ချက်ကြီးမားသည်။ အမေရိကန်၏ ကမကထပြုမှုနှင့် ကုလသမဂ္ဂ၏ R2P ဆိုသည်ကိုမျှော်လင့်နေသူများလည်းရှိသည်။ အမေရိကန်လေယဉ်တင်သင်္ဘောများကိုမျှော်လင့်နေခဲ့ကြသူများရှိသည်။ အမေရိကန်နှင့်ကုလသမဂ္ဂတပ်သာ ဝင်လာပါက အချိန်တိုအတွင်း ပြသနာဖြေရှင်းနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်။ မျှော်လင့်ချက်အမှားများနှင့် နစ်မွန်းနေခဲ့ကြသူများလည်းရှိခဲ့သည်။ သို့သော်အချိန်ကြာလာသည်နှင့်အမျှ ထိုမျှော်လင့်ချက်က မှိန်သွားသည်သည်ကိုတွေ့ရသည်။ 

တရုတ်နှင့်မိုင်ထောင်ချီဆက်စပ်နေသည့် မြန်မာပြည်ကို အနောက်နိုင်ငံတနိုင်ငံက တပ်နှင့်ဝင်ဖို့ဆိုသည်က လွယ်ကူသည့်ကိစ္စမဟုတ်သည်ကို ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲအတွေ့အကြုံများစွာရှိသော အမေရိကန်တို့ကောင်းစွာသိကြသည်။ နောက်ပိုင်းတွင်တော့ အမေရိကန်နှင့်ပတ်သက်၍ တမျိုးမျှော်လင့်ကြသည်။ ဆိုဗီယက်-အာဖဂန်စစ်ပွဲမှာကဲ့သို့ ကူညီမည့် အမေရိကန်လွှတ်တော်အမတ်နှင့် CIA ကိုမျှော်လင့်ကြသည်။ proxy war ကိုမျှော်လင့်ကြသည်။ သို့သော် ထိုသို့ဖြစ်နိုင်ခြေကို ယခုထိတော့ မတွေ့ရသေးပေ။

အဘယ်ကြောင့်ဆိုသော် အမေရိကန်နှင့်အနောက်သည် မြန်မာ့ဒီမိုကရေစီရေးကို ထောက် ခံကြသည်ဆိုသော်လည်း မြန်မာပြည် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းစွာအသွင်ပြောင်းလဲရေးကိုမျော်လင့်နေကြသည်။ တရုတ်၏ ခြေလှမ်းနှင့်လုပ်နိုင်စွမ်းကို ထည့်သွင်းတွက်ချက်နေရသည်။ မြန်မာပြည်အခြေအနေ ထိမ်းမနိုင်သိမ်းမရအခြေအနေသို့ ဆိုက်ရောက်သွားမည်ကို စိုးရိမ်စိတ်နှင့်တွက်ချက်နေကြသည်။ အမေရိကန်နှင့် အ နောက်၏ မြန်မာပြည်နှင့်ပတ်သက်၍ အားနည်းချက်မှာ မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲအတွင်းအရေးပါသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထဲထဲဝင်ဝင်ထိတွေ့မှုမရှိခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နှင့်ထိပ်တိုက်တွေ့မှုကို အထူးသတိထားနေပုံရသည်။

အာစီယံနှင့်မြန်မာ့အရေး

ဒေသတွင်းနိုင်ငံများတွင် တကယ်တမ်းဒီမိုကရေစီနိုင်ငံဆိုသည်က နည်းပါးသည်။ အရှေ့တောင်အာရှနိုင်ငံများသည် စစ်တပ်အာဏာသိမ်းမှုနှင့်မကင်းသည့်နိုင်ငံကများပြား သည်။ အာစိီယံဆိုသည်မှာ စစ်တပ်အာဏာသိမ်းမှုနှင့် ယဥ်ပါးသည့်ဒေသဖြစ်သည်။ အာစီယံနိုင်ငံများကြည့်မြင်သည်မှာ အဓိကဒေသတွင်းတည်ငြိမ်မှုဖြစ်သည်။ မြန်မာပြည်ပြသနာ ထိမ်းမနိုင် သိမ်းမနိုင်အခြေအနေရောက်ရှိပါက ဒေသတွင်းသို့ ပျံ့နှံကူးစက်မည်ကို စိုးရိမ်သည်က အာစီယံ၏ အဓိကပူပန်မှုဖြစ်သည်။ သို့နှင့် အာစီယံသည် မြန်မာပြည်ပြသနာအား ပြည်တွင်း၌ ညှိနှိုင်းဆွေးနွေးအဖြေရှာရန် တောင်းဆိုလာသည်။ ထိုသို့ဆွေးနွေးအဖြေရှာရန် အာစီယံသည် ခေါင်းခံသည့်အဖွဲ့အစည်းဖြစ်လာခဲ့တော့သည်။ သူချည်းသာလောဆိုလျင် သူချည်းတော့မဟုတ်။ နောက်က တရုတ်ပါသည်ကို တွေ့ရသည်။ အမေရိကန်နှင့်အနောက်နိုင်ငံများကလည်း အခြားလက်တွေ့ကျသည့်နည်းလမ်းရှာမတွေ့သေးသည့်အပြင် မူအရငြိမ်းချမ်းစွာဖြေရှင်းရေးကို ကိုင်စွဲထား၍ အာစီယံကို ထောက်ခံမှုပေးသည်ကိုတွေ့ရသည်။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar