Breaking News

ညိုထွန်းလူ - မိုးတွေ ရွာပြန်တော့

ညိုထွန်းလူ - မိုးတွေ ရွာပြန်တော့

(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၂


ကောလာဟလတဲ့။ ကောချင် ကော, လာချင် လာ, ဟ-ချင် ဟ, လ-ချင်လည်း လ ပေါ့လေဟု​ ကျွန်တော် ပြောလိုက်မိပါ၏။ 

ကောလာဟလကို မြန်မာအဘိဓာန်တွင် တစုံတရာဖြစ်ပေါ်မည့်အကြောင်း ကြိုတင်သတိပေးသောကြွေးကြော် သံစကား။ ကြိုတင်ဖြစ်ပေါ်နေသော သတင်း။ အခြေအမြစ်မရှိသော သတင်းဟု ဖွင့်ဆိုထားသည်။

ဧပြီ ၁၉ ရက်နေ့က စက်သုံးဆီဆိုင်တွေမှာ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေ စုအုံပြုံတိုး၍ ဓာတ်ဆီဝယ်ယူကြသည်။ ဝယ်လိုအားနှင့် ရောင်းအား မမျှ။

စျေးကလည်း တက်သွား၏။ ဆီဆိုင်တွေရှေ့မှာ တန်းစီနေကြသည့် မော်တော်ကားတန်းကြီးတွေကိုအထင်း သား တွေ့မြင်ရ၏။ ဘာကြောင့်နည်း။ စက်သုံးဆီတွေ ပြတ်တော့မလိုလို ကောလာဟလ သတင်းကြောင့်ဟု ဆိုရမည်။ ထို့အတူ ကောလာဟလကို ယုံလွယ်သည့် လူတွေက တော်တော်ပိန်းပြီး ဒီနိုင်ငံမှာကောလာဟလလွှင့်၍ စီးပွားရှာလို့ အင်မတန်ကောင်းကြောင်း စသဖြင့် အပြစ်တင်ရေးသားထားသည်ကိုလည်း ဖေ့စ်ဘွတ်မှာ တွေ့လိုက်ရသည်။

သည်မှာပင် တွေးစရာရှိလာခဲ့ပြီ။ ဘယ်အရာက သတင်းအမှန်လဲ။ ဘယ်အရာက ကောလာဟလလဲ။ကောလာဟလမှန်းသိလျက် ဘာကြောင့် ယုံကြည်ကြရတာလဲ။

တကယ်တမ်းတော့ ပြည်သူလူထုသည် ဖြတ်သန်းခဲ့ရသည့်ခေတ်အဆက်ဆက်က အတွေ့အကြုံတွေကိုအခြေ ခံ၍ ကောလာဟလသတင်းကို အကဲဖြတ်ကြသည်။ အတွေ့အကြုံတွေကလည်း များနေသမို့ ကောလာ ဟလသတင်းသည် နောက်ပိုင်းမှာ မှန်သည်ဟု အစွဲကလည်း ရှိနေခဲ့ပြန်၏။ လိုရင်းပြောရလျှင် ယုံကြည်ခြင်း၊ မယုံ ကြည်ခြင်းတို့သည် သူ ဖြတ်သန်းခဲ့သည့်ခေတ်နှင့် ယနေ့ရင်ဆိုင်ကြုံတွေ့နေရသော ပစ္စုပ္ပန်ကာလအပေါ်မှာပဲ အမှီသဟဲပြုနေသည်ကော။

သန်လျင် သီလဝါဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတွေ ဆိုက်ကပ်နေသည်လား၊ သည်သတင်းကအရေးမကြီးပါ။လက်ငင်းကိစ္စက ဆီဆိုင်တွေက ဆီကိုလိုသလောက် ဝယ်ယူရရှိဖို့အရေးကိုပဲ တွေးသည်။ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိသောခေတ်ကာလတွင် မည်သူ့ကိုမျှမယုံကြည်နိုင်မှုတွေနှင့်အတူ အရာရာကို လက်တွေ့ကျကျ ဆုံးဖြတ်ကြရစမြဲ။

ယင်းသမို့ကြောင့် ကျွန်တော်သည်လည်း ကောလာဟလသတင်းတွေနှင့် ခေတ်တွေကို ဖြတ်သန်းလာခဲ့ရသော ခပ်ပိန်းပိန်း လူတယောက် ဖြစ်၍ ဆီဆိုင်သို့ သွားရောက်တန်းစီရသည်။ လျှပ်စစ်မီးပျက်သည်။

စည်ပင်ရေကို မီးစက်နှိုးပြီး ရေတင်ရ၍ မီးစက်ထဲမှာ ဓာတ်ဆီရှိထားမှ ဖြစ်မည်။ တဖန် မော်တော်ကားထဲမှာလည်း ဆီဖြည့်ထားဦးမှ။ အရေးအကြောင်း ကြုံလာ၍ ဆီမရှိလျှင် ဘယ့်နှယ်လုပ်မလဲ။ သို့ဖြင့် နှစ်သစ်ကူးပြီး နှစ်ရက်အကြာတွင် လောင်စာဆီကိစ္စဖြင့် အုံးအုံးကျွက်ကျွက်ဖြစ်ကုန်၍ နှစ်ဦးကာလ၏အဖွင့်က မလှပ။ လာမည့်တနှစ်လုံး ဘာတွေများ ကြုံတွေ့ရဦးမှာပါလိမ့်ဟု တွေးရင်းဖြင့် ရင်ထိတ် စိတ်ပူသွားရသည်။ အသက်အရွယ် ကြီးရင့်လာ၍ သည်နှယ်မျိုး ပူပန်စိတ်တွေ များနေသည်လား မပြောတတ်ပါ။

တနှစ်ကူးခဲ့ပြီမို့ နှစ်သစ်မှာ စိတ်ရွှင်လန်း ပေါ့ပါးသွားခဲ့သည်။ ကျွန်တော်တို့သည် နှစ်သစ်ကူးချိန်မှာ လာမည့်နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။ အလိုရှိရာ အားလုံးပြည့်ဝပါစေ၊ ဘေးဘယာဝေးကွာကြပါစေ စသဖြင့်မေတ္တာဆုတောင်းစကားတွေကို မက်ဆင်ဂျာမှတဆင့် ပေးပို့ခဲ့ကြသည်။ ကြည်နူးပီတိဖြစ်ရသည်။ သို့ရာတွင်ကျွန်တော် ၏ ကြည်နူးပျော်ရွှင်မှုသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်တည်းသာ ပွင့်သော ပိတောက်ပန်းများလိုပဲ တစ်ရက်သာ ခံ၏။

နောက်တရက်မှ စ၍ တစ်နှစ်တာပတ်လုံး ယခင်အတိုင်း ဖြစ်တော့မည်ကို အတွေ့အကြုံအရ အလိုလိုသိနေခဲ့သည်။ ထင်သည့်အတိုင်းပင် သင်္ကြန်တွင်းက သဘောကောင်းသည့် လျှပ်စစ်မီးသည် ဒုံရင်းဒုံရင်းအတိုင်း ပြန်ဖြစ်သွားသည်။ ကောင်းလေစွ။

ညနေ လေးနာရီမှာ မီးပြတ်သွား၏။ ကိစ္စမရှိ။ ညရှစ်နာရီလောက်မှာ မီးပြန်လာမည်။ မှောင်သည်နှင့် power bank မီးထွန်း၍ အလင်းဆောင်မည်။ ဆိုလာမီးလည်း ရှိသေး၏။ အိုက်လျှင် ယပ်ခတ်မည်။ ဓာတ်ဆီစျေးကြီး၍ မီးစက်တော့ မနှိုးနိုင်။ လွန်ခဲ့သည့် လေးလလောက်ကတည်းက နွေရောက်လျှင် လျှပ်စစ်မီး ဒုက္ခပေးတော့မည်ကိုသိနေ၍ ဆိုလာမီးတပ်ဖို့ စိတ်ကူးမိသေး၏။

အဲယားကွန်းလည်း ဖွင့်လို့ရသည်။ ရေလည်း တင်နိုင်သည် စသဖြင့် သူ၏ကောင်းကြောင်းအထွေထွေကို ကြားရ၍ တယ်ဟုတ်ပါလားဟု ချီးကျူးမိလိုက်သည်။ သို့ရာတွင် ဆိုလာမီးတပ်ရမည့်စျေးကလည်း မချောင်။ သိန်းတစ်ရာကျော် ကုန်မည်ဆို၍ အင်ခနဲ အသံပြုကာ ကိုယ့်စိတ်ကူးကို ခေါင်းထဲမှ ကမန်းတန်း ထုတ်ပစ်လိုက်ရသည်။ သိန်းတစ်ရာကျော် ပိုက်ဆံဆိုတာ နည်းနည်းနောနောမှ မဟုတ်ပေဘဲ။ နို့ပြီး ကိုယ့်လက်ထဲမှာ သိန်းတစ်ရာနေနေသာသာ ငွေ သုံး လေးသိန်းတောင် မရှိ။ တနေ့တုန်းက အမျိုးသမီးက လျှပ်စစ်မီးပျက်ချိန် ဘုရားမီးပူဇော်ဖို့အတွက် နှစ်သောင်းခွဲတန် ဆိုလာမီး ဝယ်လာခဲ့သည်။ ဟန်ကျသည်။ သူ့ကို နေ့ခင်းမှာ နေပူထဲ ပစ်ထားပြီး ညရောက်မှ ဖွင့်လိုက်ရုံသာ။

ရှေ့တစ်ခေါ်မျှော်၍ ကျွန်တော် တွေးလိုက်ပြန်သည်။ ဧပြီ ၁၄ ရက်သည် တန်ခူးလပြည့်နေ့ ဖြစ်သည်။ တလအကြာ မေ ၁၄ ရက်နေ့မှာ ကဆုန်လပြည့်နေ့ကို ရောက်မည်။ မိုးတွေ လေတွေ လာပါတော့ ကဆုန်လပြည့်ကျော် ဘိုကေလေးတွေ လာလေတော့ ခုံဖိနပ်နဲ့ဆော်ဟု ငယ်ငယ်တုန်းက ဆိုခဲ့ကြသည်ကို ပြန်လည်သတိရမိသည်။

ကဆုန်လပြည့်နေ့မှာ ရွာသည့်မိုးသည် မကြာခင် မုတ်သုံဝင်တော့မည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။ မေလလယ်ရောက်သည်နှင့် မြန်မာပြည်အောက်ပိုင်းမှာ မုတ်သုံရာသီ စတင်ပြီး တစ်ပတ် ဆယ်ရက်လောက်အကြာ အထက်အညာသို့ ရောက်လာစမြဲ။ ထို့ကြောင့် နွေ၏အပူဒဏ်ကို တလလောက်ပဲ ခံရမည်ဟု တွေး၏။ မိုးရာသီရောက်သည်နှင့် အပူဒဏ်တွေ လျော့ကျသွားတော့မည်။ လျှပ်စစ်မီးကိုတော့ ပေယျာလကန် ပြုထားလိုက်ရသည်။ ကျေးဇူးရှင်ကလည်း မိုးဦးကာလတွင် လေပြင်းတိုက်တာ သစ်ပင်တွေလဲကျတာတွေကိုအကြောင်းပြု ၍သကာလ နှစ်စဥ် ပြုနေကျ သူ့ဝသီအတိုင်း ပျက်လတ္တံ့ ပျက်ဆဲ ဖြစ်နေမည်ကို သိနေသည်ကိုး။

မန္တလေးသည် သင်္ကြန်ပြီးသည်နှင့် အပူရှိန်ပြင်းထန်လာသမို့ မတတ်သာမှ အပြင်ထွက်ပြီး အိမ်တွင်းအောင်းကြရစမြဲ။ သို့ရာတွင် သည်တခါတော့ ကျွန်တော့်အတွေး မှားသွားခဲ့သည်။ ရာသီဥတုက ကိုယ့်ဘက်မှာ ရှိနေသည်ကို သတိမပြုမိခဲ့။ ညနေ လေးနာရီမှာ လျှပ်စစ်မီးပျက်သွား၏။ ကိစ္စမရှိ ညကိုးနာရီလောက်မှာ မီးပြန်လာမည်ဟု အပိုင်တွက်ထား၏။ ည ၇ နာရီထိုးခါနီးမှ ာမမျှော်လင့်ဘဲ လေရော မိုးရောကျလာ၍ အံ့အားသင့်သွားရ၏။ မိုး စနေ လေ ရာဟု ဆိုသည့်အတိုင်း ရာဟုထောင့်မှ လေသည် တရကြမ်းဝင်လာခဲ့သည်။ သူနှင့်အတူ မိုးကလည်း ပါလာသည်။ မိုးရွာလိုက်၍ အေးသွားသမို့ သဘောကျသော်လည်း လေတိုက်တာတော့မကြိုက်။ လေပြင်းကျ၍ သစ်ကိုင်းတွေ ကျိုးကျ၊ သစ်ပင်တွေ ပြိုလဲ။ လျှပ်စစ်မီးကလည်း မလာတော့။ ဟယ်- ဘာတတ်နိုင်မှာလဲ။

တစ်ညလုံး power bank ကလေးနှင့် မီးဖွင့်၍ နေရ၏။ သန်းကောင်လောက်ရောက်တော့ သူလည်း အားမရှိ။ ဖုန်းတွေလည်း အားကုန်ပြီး ဆောရီးဖြစ်သွား၏။ သည်အချိန်မှာ ဆိုလာမီးကလေးက လင်းနေဆဲ။

သောမတ်အယ်ဒီဆင် ကျေးဇူးကြောင့် တကမ္ဘာလုံး လျှပ်စစ်၏အကျိုးကျေးဇူးကို ခံစားရသည်။ ကျွန်တော်တို့နိုင်ငံကလည်း မခေပါ။ ကျွန်တော် ငယ်ငယ်တုန်းက လျှပ်စစ်ဖြင့် နိဗ္ဗာန်တည်ဆောက်အံ့ ဆိုလား၊ လျှပ်စစ်ဝန် ကြီးဌာန၏ ကြွေးကြော်သံကို ဖတ်လိုက်ရ၍ အဟုတ်မှတ်လိုက်မိသည်။ ယခု အသက်အရွယ်ရလာပြီး အဘိုးအိုပေါက်စ ဖြစ်လာခဲ့သော်လည်း လျှပ်စစ်ဖြင့် နိဗ္ဗာန်သို့ မရောက်နိုင်သေး။ ခွကျလှသည်။

ကမ္ဘာဦးလူသားတွေက အမှောင်ကို ကြောက်သည်။ ထို့ကြောင့် နေ့အခါ ထွန်းလင်းတောက်ပစွာဖြင့်အလင်း ရောင်ပေးသည့် နေမင်းကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြသည်။ ဆိုလာမီးသည် နေ၏စွမ်းအင်ကိုထုတ်ယူပြီး နည်းပညာဖြင့် အလင်းရောင်ရအောင် ဖန်တီးထားခြင်း ဖြစ်သည်။ နေရောင်မလင်းလျှင် ဆိုလာမီးလည်း ပွင့်မလာနိုင်။ သို့ဖြင့် ဆိုလာမီးကို အကြောင်းပြု၍ နေမင်း၏ကျေးဇူးကို အထူးသိမြင် အားကိုးသွားရပြီး ငါတို့လည်း ကမ္ဘာဦးလူသားတွေလိုပါလားဟု တွေးရင်း ပြုံးလိုက်မိပြန်သည်။

အလင်းနှင့် အမှောင်သည် အားပြိုင်နေကြသည်။ အမှောင်ပျောက်သည်နှင့် အလင်းရောင်တွေ ရောက်လာ၏။ယခုတော့ ဆိုလာမီးရောင်ကလေးသည် အမှောင်ထုထဲမှာ သူ့ရှိသမျှ စွမ်းအားကလေးဖြင့် လင်းနေရှာသည်။

ကျွန်တော်ကတော့ အိပ်ချိန်တန်သည့်တိုင် မအိပ်နိုင်သေးဘဲ ခြင်ထောင် အမိုးကိုပဲ ကြည့်နေမိသည်။ သန်းခေါင်ယံညသည် အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်နေ၏။ ဖုန်းဘက်ထရီ အားမရှိ၍ ဖေ့စ်ဘွတ်လည်း သုံးမရ။ သို့ဖြင့် အမြင်နှင့် အကြားအာရုံတို့သည်လည်း အလှုပ်အခတ်မရှိတော့သလို စိတ်သည်လည်း တည်ငြိမ်သွား၏။ လောဘ၊ ဒေါသတွေလည်း တခဏမျှ ကင်းဝေးသွားခဲ့ပြီ။

တဆက်တည်းမှာပင် တည်ငြိမ်သောစိတ်ဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဆင်ခြင်သုံးသပ်မိပြန်သည်။ ကျွန်တော်သည် ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသော ပြည်သူတယောက် ဖြစ်သည်။ ကျွန်တော်၏ အတွေးအမြင်၊ ကျွန်တော်၏ ခံစားမှုသည် ခေတ်၏ပြဋ္ဌာန်းချက်အတိုင်း လိုက်နာခဲ့ရမှုတို့ကို ဖော်ပြနေလျက်။ ခေတ်ကိုအတူ တကွ ဖြတ်သန်းခဲ့ကြသည့် တခြားသူတွေလည်း ကျွန်တော့်နည်းတူ ဖြစ်သည်။

အမှန်တော့ ကျွန်တော်တို့သည် ခေတ်တွေကပေးခဲ့သည့် ဒုက္ခတွေကိုလည်း ခါးစီးခံရင်း နှစ်ကာလတွေကိုခက်ခဲကြမ်းတမ်းစွာဖြင့် ဖြတ်သန်းလာခဲ့ကြရသည်။ ထို့အတွက် စိတ်အနှောင့်အယှက်လည်း မဖြစ်။ ခံစားရသမျှ ဒုက္ခတွေအကြောင်းကိုလည်း နတ်သံနှော၍ ပြောမပြလို။ သင်ခန်းစာတွေပါလား ဟူ၍လည်း မသတ်မှတ်ချင်။ အတိတ်ကို ပြန်မတွေး၊ အနာဂတ်ကိုလည်း မမျှော်၊ လက်ရှိပစ္စုပ္ပန်ကိုပဲ တည့်တည့်ရှုသည်။ ပြီးမှ မိမိ၏ အတွေ့ အကြုံဖြင့် ဆင်ခြင်ဆုံးဖြတ်သည်။

တယောက်ကို တယောက် တတ်နိုင်သမျှ ကူညီကြသည်။ ပျော်စရာရှိလျှင် ပျော်သည်။ ဝမ်းနည်းစရာတွေကြုံရလျှင်လည်း ကြေကွဲဝမ်းနည်းကြသည်။ ဒေါသထွက်စရာ ရှိလည်း ဒေါသထွက်မည်။ ဤသည်ပင် အမှန်တရားကို ချစ်မြတ်နိုးပြီး ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ကြသည့် ကျွန်တော်တို့၏ ဘဝနေထိုင်မှုဖြစ်သည်။

စိတ်တည်ငြိမ်သွားတော့ အတွေးအမြင်တွေကလည်း ကြည်လင်သွားသည်။ ထို့အတူ အမှောင်ထုကို အန်တုနေသည့် ဆိုလာမီးကလေးလိုပဲ ကျွန်တော်၏ ဉာဏ်အလင်းသည်လည်း ပွင့်လာခဲ့သည်။ ပုံမတော်၍ နေရာတကာတန်းစီတိုးရသည့်ခေတ်ဆီသို့ နောက်ကြောင်းပြန်ရလျှင်လည်း ဘာမို့​လို့ စိုးရိမ်ကြောက်ရွံ့နေရမှာတုံး။ အတွေးရှင်းလာသည်နှင့်အမျှ စိတ်ရွှင်လန်းပေါ့ပါးလာခဲ့သည်။

မနက် ၅ နာရီကျော်ရှိသေးသော်လည်း အလင်းရောင်တွေ ရောက်လာခဲ့ပြီ။ ထိုအခိုက် မိုးက တကျော့တဖန်ရွာပြန်သည်။ လျှပ်ရောင်တဝင်းဝင်းဖြင့် သဲသဲမဲမဲ ရွာနေ၏။ သို့ဖြင့် တုံ့ဆိုင်းမနေတော့ဘဲ အိပ်ရာမှ ဝုန်းခနဲထလိုက်ပြီး အိမ်တံခါးကို အလျင်အမြန်ဆွဲဖွင့်သည်။ ပြီးမှ ရေချိုးခန်းထဲက ပလတ်စတစ်ပုံးတွေကို ထုတ်ပြီး မိုးရေခံသည်။ ညဦးပိုင်းတုန်းက လေ မိုး ကျထား၍ လျှပ်စစ်မီးမလာနိုင်တော့ဘဲ ရေပြတ် မီးပြတ် ဖြစ်နိုင်မည်ကို ကြိုတင်တွေးထားသည်။

နည်းပညာ တိုးတက်ဖွံ့ဖြိုး၍ ကမ္ဘာကြီးသည် ရွာကြီးတရွာ ဖြစ်သွားပြီဟု ဆိုသော်ငြား ကျွန်တော်ကတော့ မိုးကလေးရွာသခိုက် ပလတ်စတစ်ပုံးတွေနှင့် ရေစုဆောင်းနေရဆဲ။ ဒါက အချိန်ရှိခိုက် ဝီရိယစိုက်ကြဖို့အတွက် လသာတုန်းဗိုင်းငင် မိုးရွာတုန်း ရေခံ ဆိုသည့် စကားပုံနှင့်လည်း ကိုက်ညီ၏။ ခက်တာက ကျေးလက်တောရွာတွေမှာဖြင့် လသာတုန်း ဗိုင်းမငင်နိုင်ရှာကြတော့ပါ။ ကလေးတွေလည်း ညအခါ လသာသာ ရွာလယ်လမ်းမပေါ်မှာ ပြေးလွှားဆော့ကစား မလုပ်နိုင်ကြတော့ပါ။ စစ်မီးတွေ တောက်နေ၍ ရွာကိုပစ်၍ ​ရှောင်ပုန်းနေကြရပြီ။သည်အချိန်မှာ မိုးတွေ ရွာပြန်တော့... ။ 

တွေးရင်းဖြင့်စောစောက ကြည်လင်သောစိတ်တွေ ပြန်လည်ပျောက်ကွယ်သွားပြီး ငေးငိုင်သွားမိတော့သည်။

ကျွန်တော်တို့သည် တောင်ပေါ်ဒေသမှာ ဖြစ်စေ၊ မြေပြန့်မှာဖြစ်စေ တနိုင်ငံတည်းမှာ နေထိုင်ကြပြီး ခေတ်ကိုလည်း အတူတကွ ဖြတ်သန်းနေကြရ၍ ကြုံတွေ့လာသမျှ အရေးကိစ္စတို့ကို သူ့အရေး ကိုယ့်အရေးဟူ၍ မခွဲ ခြားနိုင်ပါ။ သို့ဖြင့် ကိုယ့်ထက် ဒုက္ခရောက်နေသူတို့ အရေးကိစ္စကို တွေးမိပြန်သောအခါ အနေမဖြောင့်တော့ပေ။

ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်းတို့သည် ဆန့်ကျင်ဘက်မှာ တည်ရှိကြသည်။ လူတိုင်း ပျော်ရွှင်မှုကိုပဲ ရချင်သည်။ သုခကို ခံစားပြီး ဒုက္ခကို မလိုလား။ သို့ရာတွင် မည်သည့်အရာမဆို ကိုယ့်အလိုရှိတာချည်း မဖြစ်။မည်သို့ပင်ဖြစ်စေ ဒုက္ခကို ကြံ့ကြံ့ခံရင်း ပျော်ရွှင်မှုတွေကို ရယူနိုင်ဖို့ ကြိုးစားရတော့မည်ဟု မာန်တင်းလိုက်မိသည်။ ဒုက္ခတွေမှန်သမျှကို ခံနိုင်စွမ်းရည်ရှိလာခဲ့လျှင် ပျော်ရွှင်ခြင်းသုခတွေ ရောက်လာတော့မည်ပဲ။ ပြဿနာက သည်ဒုက္ခတွေကလည်း အချိန်ကာလ အတိုင်းအတာ မည်ရွေ့မည်မျှ ကြာသည်အထိ ကိုယ့်ဆီကို ပူးကပ်နေမည် မသိ။ တွေးရင်းဖြင့် စိတ်တိုသွားရပြန်သည်။ မိုးကတော့ ရွာနေဆဲ။

ညိုထွန်းလူ



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar