Breaking News

အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၆)



အောင်သူငြိမ်း - ဗီယက်နမ်စစ်ပွဲ (၆)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၂

ဗီယက်နမ်စစ်ပွဲက ဒေသခံနိုင်ငံတွေနဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လိုရိုက်ခတ် ပတ်သက်ခဲ့ပါသလဲ
ဒီ The Vietnam War documentary မှတ်တမ်း ဗီဒီယိုခွေတွေ ကျနော်ကြည့်နေရင်း ခေါင်းထဲမှာ ဆက်စပ် စဉ်းစားနေမိတာ အများကြီး ရှိသေးတယ်။ မြန်မာနိုင်ငံက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း၊ အစိုးရနဲ့ လက်နက်ကိုင်တွေ ဘယ်လိုများ ရပ်တည်ခဲ့ကြပါသလဲပေါ့။ 

ဥပမာအားဖြင့်- အဲဒီအချိန်က အာဏာသိမ်း တော်လှန်ရေးကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗမာပြည် ကွန်မြူနစ် ပါတီ။ အာဏာသိမ်းလို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပုန်ကန်မယ်ဆိုတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ သူရဲ့ “ပါလီမာန် ဒီမိုကရေစီပါတီ” နောက်ပိုင်း “ပြည်သူ့ပြည်ချစ်ပါတီ”၊ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်လို ရပ်တည်ခဲ့ ကြပါသလဲ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က နယူးယောက် ကုလသမဂ္ဂရုံး အုပ်ချုပ်ရေးနဲ့ ဘတ်ဂျက်ဆိုင်ရာ မေးခွန်း များ အကြံပေးကော်မီတီ (UN’s Advisory Committee on Administrative and Budgetary Questions) မှာ လုပ်နေခဲ့တယ်။ 

ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အာဆီယံနိုင်ငံတွေအပေါ် သက်ရောက်မှုတွေ ဘယ်လိုရှိလဲ၊ စိတ်ဝင်စားမိတယ်။ 

ကုလသမဂ္ဂ (UN) နဲ့ ဦးသန့်
ပထမဦးဆုံး ကုလသမဂ္ဂနဲ့ စရမယ်ထင်တယ်။ အစောပိုင်း အရှေ့-အနောက် အုပ်စုအကြား ကြီးမားတဲ့ ပြဿနာ “ကျူးဘားဒုံးပျံ အကျပ်အတည်း” (၁၉၆၂) ဖြစ်တယ်။ မြန်မာနိုင်ငံက ဦးသန့်၊ ကုလအထွေထွေအတွင်းရေးမှူး ချုပ်က အောင်မြင်စွာ ဖြေရှင်း ပေးနိုင်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲ ဖြစ်လာတော့ ဦးသန့်က ဘယ်လိုရပ်တည်ပါသလဲ။ ကုလသမဂ္ဂကရော ဘယ်လို ရပ်တည်ပါသလဲ။ အခုခေတ်စကားနဲ့ ပြောရရင် “အထူး စိုးရိမ်ပူပန်မိပါကြောင်း စတိတ်မင့်တွေရော ထုတ်ပါသေးသလား”ပေါ့။ ဗီယက်နမ်စစ်ပွဲ ရောက်တော့ ဦးသန့်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒုတိယသက်တန်း ဖြစ်နေပြီ။ 

၁၉၆၆ ခုနှစ်မှာ ဦးသန့်က ဒုတိယသက်တန်း အရွေးမခံတော့ပါဘူးလို့ ကြေညာတယ်။ ဒါပေမယ့် ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ကုလ အထွေထွေညီလာခံမှာ သူ့ကို ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဒုတိယသက်တန်း ဆက်ထမ်းဆောင်ပေးဖို့ တာဝန်ပေးခဲ့ တယ်။ လုံခြုံရေးကောင်စီ (UNSC) က ကန့်ကွက်သူမရှိ၊ တခဲနက် ဆန္ဒပြုခဲ့ကြတယ်။ သူ့ရဲ့ ဒုတိယသက်တန်းမှာ အာရှနဲ့ အာဖရိကနိုင်ငံများစွာ လွတ်လပ်ရေး ရရှိလာတာကို ကြီးကြပ်ပေးခဲ့တယ်။ အဲဒါအပြင် အရေးကြီးတဲ့ ကုလအဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် အေဂျင်စီများ [ဥပမာ- UNDP, UN တက္ကသိုလ်၊ ကုလ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံ UNCTAD ၊ ကုလသင်တန်းနဲ့ သုတေသန အင်စတိကျု UNITAR ၊ ကုလ သဘာဝပတ်ဝန်းကျင် အစီအစဉ် စတာတွေ ပါဝင်တယ်။] ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့တယ်။ 

သူ့ ဒုတိယသက်တန်းမှာပဲ အာရပ်နိုင်ငံများနဲ့ အစ္စရေး ၆ ရက်ကြာ စစ်ပွဲဖြစ်တယ်။ (အာရပ်-အစ္စရေး ၆ ရက်စစ်ပွဲလို့ နာမည် ကျော်တယ်)။ ကုလက ဒီစစ်ပွဲမှာ အစွမ်းမပြနိုင်ဘူး။ ကုလ အရေးမပါတာအပေါ် ဦးသန့်က ဓားစာခံသဖွယ် ပြစ်တင် ဝေဖန်မှု လည်း ခံရတယ်။ နောက်တော့ ချက်ကိုစလိုဗက်ကီးယားက “ပရာဟာနွေဦး ဒီမိုကရေစီတောင်းဆိုမှု လှုပ်ရှားမှု” နဲ့ နောက် ပိုင်းမှာ ဆိုဗီယက်တပ်တွေက ချက်ကိုစလိုဗက်ကီးယားကို ကျူးကျော်နှိမ်နင်းတာတွေ ဖြစ်လာခဲ့တယ်။ ကုလအတွက် စိုးရိမ် ပူပန်စရာတွေပေါ့။ နောက်တော့ အိန္ဒိယ- ပါကစ္စတန်စစ်ပွဲ (၁၉၇၁) နဲ့အတူ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသစ် စတင်ပေါ်ထွန်းလာတာ လည်း သက်သေတွေ့ခဲ့ရသေးတယ်။ နောက်ပိုင်း တိုင်ဝမ်ကိုထုတ်ပယ်ပြီး၊ တရုတ်ပြည်မကြီး ကုလသမဂ္ဂထဲ ပါဝင်လာဖို့ အရေးပါတဲ့ အခန်းကဏ္ဍက ဆောင်ရွက်ခဲ့တယ်။ 

ဦးသန့်နဲ့ အမေရိကန်အစိုးရက ဆက်ဆံရေးက ယေဘုယျအားဖြင့် ကောင်းပါတယ်။ ဒါပေမယ့် ဗီယက်နမ်စစ်ပွဲတွေအပေါ် ဦးသန့်က လူသိရှင်ကြား ဝေဖန်တာတွေကြောင့် ဆက်ဆံရေး ပျက်ပြားလာတယ်။ ၁၉၆၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့မှာ ဦးသန့်က သမ္မတ ဂျွန်ဆင်နဲ့တွေ့တယ်။ သူက ဝါရှင်တန်အစိုးရနဲ့ ဟနွိုင်အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုက်ရိုက် လုပ်ပေးဖို့ အဆိုပြုသေးတယ်။ ဒါပေမယ့် ဂျွန်ဆင်အစိုးရက ပယ်ချခဲ့တယ်။ အဲဒီကာလက ဦးသန့်က ဂျီနီဗာ၊ ကိုင်ရို၊ ပါရီ၊ လန်ဒန်၊ ရန်ကုန်၊ မော်စကို ခရီးရှည်က ပြန်လာခါစ။ သူက ဗီယက်နမ်စစ်ပွဲမှာ ငြိမ်းချမ်းရေးအတွက် ပြင်သစ် သမ္မတ ချားလ်စ် ဒီဂေါက အဆိုပြုထားတာ တခုကို ဖြစ်နိုင်မလား တင်ပြတယ်။ အရင် ပြင်သစ်ကိုလိုနီတွေဖြစ်တဲ့ အင်ဒိုချိုင်းနား (မြောက်-တောင် ဗီယက်နမ် ၂ခု၊ ကမ္ဘောဒီးယား၊ လာအို) စတဲ့နိုင်ငံတွေကို ခွဲခဲ့တဲ့ ၁၉၅၄ ခုနှစ် “ဂျီနီဗာသဘောတူညီချက်” ကို ပြန်သွား ဖို့ပဲ။ အလုပ်မဖြစ်ခဲ့ဘူး။ သမ္မတဂျွန်ဆင်က ပယ်ချတယ်။ 


ကုလသမဂ္ဂက ဘာဖြစ်လို့ ဗီယက်နမ်စစ်ပွဲမှာ မပါခဲ့တာလဲ။ ကိုရီးယား မြောက် -တောင်စစ်ပွဲတုန်းက ကုလသမဂ္ဂအလံကို သုံးပြီး အမေရိကန်နဲ့ မဟာမိတ်တွေက တိုက်ခဲ့ကြတယ်။ အဲသလို ကိုရီးယားစစ်ပွဲမှာ ကုလသမဂ္ဂ ပါဝင်ပတ်သက်မှုက မတော် တဆသဘော ဖြစ်ခဲ့တာလို့ မြင်ကြပြီး၊ စစ်အေးတိုက်ပွဲအတွင်း ဗီယက်နမ်စစ်ပွဲမှာတော့ အဲသလို ထပ်မဖြစ်လိုဘူးလို့ ဆုံးဖြတ်ခဲ့ကြတယ်။ 

အမေရိကန်ကတော့ သူတနိုင်ငံတည်း ဒီစစ်ကို တိုက်တာမဟုတ်ဘူး။ ကျန်နိုင်ငံတွေလည်း ပါပါသေးတယ်ဆိုတာမျိုး လိုချင်တယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်နဲ့အတူ သူရဲ့ပုံမှန်မဟာမိတ်တွေ ဩစတေလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ထိုင်းတို့ စစ်တပ်တွေလွှတ် ပါဝင် တိုက်ခိုက်ခဲ့ကြတယ်။ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ စပိန်တို့က အကူအညီပေးကြတယ်။ 

မလေးရှား
မလေးရှားက ၁၉၅၇ မှာ လွတ်လပ်ရေးရတော့ တောင်ဗီယက်နမ်နဲ့ သံဆက်ဆံရေး ထူထောင်တယ်။ ဗီယက်ကောင်းတွေကို တိုက်ဖို့ တောင်ဗီယက်နမ် အစိုးရကို မော်တော်ဆိုင်ကယ်တွေ၊ စစ်ရေး ထောက်ပံ့ပစ္စည်းတွေ ထောက်ပံ့ဖူးတယ်။ မလေးရှား နိုင်ငံမှာလည်း ကွန်မြူနစ်သူပုန်ထမှုကို ရင်ဆိုင်နေရတော့ ကွန်မြူ နစ် အန္တရယ် ပြန့်နှံ့လာမှာကို စိုးရိမ်တယ်။ သမ္မတ ငိုဒင်ဇင်း ကလည်း မလေးရှားကို လာလည်ခဲ့ဖူးတယ်။ ၁၉၇၅ ခုနှစ် တောင်-မြောက်ဗီယက်နမ် ပေါင်းစည်းပြီးမှသာ ဗီယက်နမ်မှာ သံရုံး ဖွင့်ခဲ့တယ်။ 

စင်္ကာပူ
ဟိုချီမင်း ပြည်ပ ရှိနေစဉ်တုန်းက ဟောင်ကောင်ရဲက ဖမ်းပြီး၊ စင်္ကာပူမှာ လာလွှတ်လို့ စင်္ကာပူမှာ နေခဲ့ဖူးတယ်။ ၁၉၃၂ ခုနှစ် မှာ ဟိုချီမင်းကို စင်္ကာပူရဲက ဖမ်းဖူးသေးတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ဂျပန်တပ်တွေက ဗီယက်နမ်ကိုအခြေပြုပြီး၊ စင်္ကာပူ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ တခါ ပြင်သစ်တွေ ဗီယက်နမ်လွတ်လပ်ရေး လှုပ်ရှားမှုကို နှိမ်နင်းဖို့ဖြစ်လာတော့ စင်္ကာပူကို အခြေပြုပြန်တယ်။ ဒါက အပြန်အလှန် သမိုင်းတွေ။ 

ယေဘုယျတော့ စင်္ကာပူက ကွန်မြူနစ်ဆန့်ကျင်ရေး မူချထားတော့ တောင်ဗီယက်နမ်ကို ထောက်ခံတယ်။ ၁၉၆၅ ခုနှစ်မှာ စင်္ကာပူ လွတ်လပ်ရေး ရလာတော့ ပထမဦးဆုံး အသိအမှတ်ပြုတဲ့နိုင်ငံက တောင်ဗီယက်နမ် ဖြစ်ခဲ့တယ်။ ၁၉၇၅ ခုနှစ် နောက်ပိုင်းမှသာပဲ ဗီယက်နမ်ဆိုရှယ်လစ်အစိုးရနဲ့ သံဆက်ဆံရေး ထူထောင်ခဲ့တယ်။ 

တောင်ကိုရီးယား 
ကိုရီးယားစစ်ပွဲမှာ အမေရိကန်နဲ့ မဟာမိတ်တွေ ကူတိုက်ခဲ့တဲ့ အားလျော်စွာ တောင်ကိုရီးယားက ဗီယက်နမ်စစ်ပွဲကို စစ်တပ်တွေပို့ ကူရတယ်။ စစ်သား ၃ သိန်းလောက် ပေးပို့ခဲ့ပြီး၊ ၅,၀၀၀ လောက် သေကြေခဲ့တယ်။ 

အခြားနိုင်ငံများ 
ဗီယက်နမ်စစ်ပွဲမှာ ဩစတြေလျစစ်သား ၆၀,၀၀၀ တာဝန်ထမ်းခဲ့တယ် (၅၂၁ ဦး ကျဆုံးခဲ့တယ်)။ နယူးဇီလန်က စစ်သား ၃,၀၀၀ ပို့တယ်။ (၃၇ ဦး ကျဆုံးတယ်)။ ထိုင်းနိုင်ငံက စစ်သား ၄၀,၀၀၀ ပို့တယ် (၃၂၁ ဦး ကျဆုံးတယ်)။ [ထိုင်းအကြောင်းကို သီးသန့် ထပ်ဖော်ပြလို့ လိုအပ်မယ်။] ဖိလစ်ပိုင်၊ တိုင်ဝမ်၊ စပိန်နိုင်ငံတွေကတော့ ကျန်ကူညီ ထောက်ပံ့မှုတွေ ပေးကြတယ်။

လာအို 
လာအိုက ခုစစ်ပွဲမှာ ကြားနေသဘော နေတယ်။ ဒါပေမယ့် မြောက်ဗီယက်နမ်က လာအိုနယ်စပ် တောင်တန်းတွေကို သုံးပြီး တောင်ဗီယက်နမ်ဖက်ကို လက်နက်လူသူ တင်ပို့တဲ့လမ်းကြောင်း “ဟိုချီမင်းလမ်းကြောင်း” ကို သုံးတယ်။ လာအိုက နိုင်ငံငယ် သလောက်၊ ဗီယက်နမ်စစ်ပွဲနဲ့ စစ်အေးတိုက်ပွဲကို အကြီးအကျယ် ဒဏ်ခံရတဲ့နိုင်ငံလို့ ဆိုနိုင်တယ်။ ပြင်သစ်က လာအိုကို ကိုလိုနီအဖြစ်က စွန့်လွှတ် လွတ်လပ်ရေးပေးတော့ ပြင်သစ်-လာအို မိတ်ဖက်နဲ့ ပူးပေါင်းဆောင်ရွက်မှုစာချုပ် Franco–Lao Treaty of Amity and Association (၁၉၅၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်) ကို ချုပ်ဆိုခဲ့တယ်။ စာချုပ်သဘောက နိုင်ငံရေး အာဏာကို လာအိုဘုရင်အစိုးရကို လွှဲပေးပြီး၊ စစ်ရေးကို ပြင်သစ်က ဆက်ကိုင်ထားတယ်။ ပြင်သစ်သမဂ္ဂ အဖွဲ့နိုင်ငံထဲမှာ လာအိုက လွတ်လပ်တဲ့နိုင်ငံအဖြစ် ပါတယ်။ 

လာအိုမှာ ပြည်တွင်းစစ် (၁၉၅၉-၁၉၇၅) ဖြစ်ခဲ့ပြီး လွတ်လပ်ရေးရလာတဲ့ လာအိုဘုရင်အစိုးရကို ကွန်မြူနစ် ပသက်လာအို (Pathet Lao) သူပုန်တွေက တော်လှန်ကြတယ်။ ပသက်လာအိုသူပုန်တွေကို မြောက်ဗီယက်နမ်က ကူညီပေးတယ်။ ဒါပေ မယ့် လာအိုပြည်တွင်းစစ်က ဗီယက်နမ်-အမေရိကန်စစ်ပွဲ နဲ့ ကမ္ဘာ့စစ်အေးတိုက်ပွဲနဲ့ ပါ ဆက်စပ်နေတယ်။ (Proxy war) လို့ ခေါ်တဲ့ စစ်အေးတိုက်ပွဲမှာ အင်အားကြီးနိုင်ငံတွေက ထိပ်တိုက်ရင်ဆိုင်ကြတာမဟုတ်ဘဲ နိုင်ငံငယ်တွေမှာ ကြားခံတပ်တွေက တဆင့် စစ်ပွဲဆင်နွှဲတာမျိုး ကြုံရတယ်။ အင်အားကြီးနိုင်ငံတွေက လက်နက်လူသူ- ထောက်လှမ်းရေး အကြီးအကျယ် ဝင်ရောက်စွက်ဖက်ခဲ့ကြတယ်။ အမေရိကန် စီအိုင်အေကလည်း ဗီယက်နမ်ဖက်က ဆင်းလာတဲ့ အကူအညီလမ်းကြောင်းကို နှောင့်ယှက်နိုင်ဖို့ လှုပ်ရှားမှုတွေ၊ မုန်း နဲ့ မီယန်လူမျိုးစု (Hmong and Mien) တွေကို ထောက်ပံ့ပေးကြတယ်။ လာအိုနိုင်ငံ တစိတ်တပိုင်းက မြောက်ဗီယက်နမ်အတွက် အရေးပါတဲ့ ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပြီး၊ ဗီယက်နမ်စစ်ပွဲရဲ့ အရေးပါတဲ့ ဒုတိယ စစ်မျက်နှာ ဖြစ်ခဲ့တယ်။ 

လာအိုပြည်တွင်းစစ်မှာတော့ ကြားနေသဘောရှိတဲ့ မင်းသားကြီး ဆူဗန်နာ ဖူမ (Prince Souvanna Phouma)၊ လက်ျာအင် အားစု မင်းသားကြီးဘောင်အုန်း (Prince Boun Oum of Champassak) နဲ့ လက်ဝဲအင်အားစု မင်းသားကြီး ဆူဗန်နိုဘောင် (Prince Souphanouvong) နဲ့ ဗီယက်နမ်သွေးပါတဲ့ နောက်ပိုင်းဝန်ကြီးချုပ် ဖြစ်လာတဲ့ ကေဆုန် ဖုန်ဗီဟိန်း (Kaysone Phomvihane) တို့ ဦးဆောင်တဲ့ လာအိုမျိုးချစ်တပ်ဦး (Lao Patriotic Front) တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ကြတယ်။ သူတို့ကြား ၃ ပါတီညွန့်ပေါင်းဖွဲ့ အုပ်ချုပ်နိုင်ဖို့လည်း ကြိုးစားခဲ့ကြသေးတယ်။ 

၁၉၇၅ ခုနှစ်မှာတော့ ပသက်လာအို ကွန်မြူနစ်သူပုန်တွေ အောင်ပွဲခံတယ်။ အဲဒီနောက်မှာ လာအိုက လူ ၃ သိန်းလောက် အိမ်နီးချင်းထိုင်းကို ဒုက္ခသည်အဖြစ် ထွက်ပြေးကြရတယ်။ ကျနော်တို့ ထိုင်းကို ၁၉၈၈ နောက်ပိုင်းကာလ ရောက်လာတဲ့ အထိ မုန်းလူမျိုး ဒုက္ခသည်တွေ ရှိနေတုန်း၊ အမေရိကန်ကို ပြောင်းရွှေ့အခြေချတဲ့ လုပ်ငန်းတွေ လုပ်နေကြတုန်း။ လာအိုတွေက မုန်း လူမျိုးတွေကို အမေရိကန် စီအိုင်အေက ထောက်ပံ့ပေးခဲ့တာကြောင့် “အမေရိကန် လက်ဝေခံ၊ ပုဆိန်ရိုးတွေ” လို့ မြင်ကြ တယ်။ လာအိုဘုရင်မိသားစုက ကွန်မြူနစ်တွေ အာဏာသိမ်းပြီးတဲ့နောက် အလုပ်ကြမ်းစခန်းကို ပို့ခံရတယ်။ အဲဒီစခန်းမှာပဲ သေကြတယ်။ 

အမေရိကန်လေတပ်က “Operation rolling thunder” ဆိုတဲ့ ဗုံးတန် ထောင်နဲ့ ချီပြီး အကြီးအကျယ် ဗုံးကျဲတိုက်ခိုက်မှုတွေ ကိုလည်း ခံရတယ်။

လေကြောင်း ဗုံးကျဲခံရတဲ့နှစ်တွေက ၉ နှစ်ကြာတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ကျဲချခဲ့တဲ့ ဗုံးတန်ချိန်က ဒုတိယကမ္ဘာ စစ်အတွင်း ဥရောပတခုလုံးမှာ ကျဲချခဲ့တဲ့ ဗုံးတွေထက်များတယ်လို့ ဆိုကြတယ်။ လေ့လာချက်တွေအရ လာအိုအနေနဲ့ ဗုံးကျဲ ခံရတာ ၈ မိနစ်မှာ ဗုံးတလုံးကျဲချခံရတာနဲ့ ညီခဲ့တယ်လို့ ဆိုတယ်။ လူတဦးချင်းအနေနဲ့တွက်ရင် အပြင်းအထန်ဗုံးကျဲဒဏ် ခံရ တဲ့ နိုင်ငံဖြစ်ခဲ့တယ်။ စစ်ကြီးပြီးတော့လည်း မပေါက်ကွဲသေးတဲ့ ဗုံး၊ ယမ်းတွေကြောင့် လူတွေ သေကြေနေရတုန်းပဲ။ 

၁၉၆၂ တုန်းက အမေရိကန်၊ တောင်ဗီယက်နမ် အပါအဝင် လာအိုတို့အကြား ခုစစ်ပွဲမှာ ကြားနေရေးနေမယ်ဆိုတဲ့ သဘော တူညီချက် ရှိထားတယ်။ အမေရိကန်ကလည်း တောင်ဗီယက်နမ်နယ်နမိတ်ကို ကျော်ပြီး လာအို၊ ကမ္ဘောဒီးယားဖက်အထိ စစ် ကို ထွက်မတိုက်လိုဘူး။ ကျနော်ကြည့်ရတဲ့ The Vietnam War ဗီဒီယိုမှတ်တမ်းမှာတော့ အခုလို အိမ်နီးချင်းနိုင်ငံတွေအထိ စစ်ကိုချဲ့လာရင် တရုတ်ကလည်း ကိုရီးယားစစ်ပွဲတုန်းကလို စစ်ပွဲထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာမှာကို အမေရိကန်က မလိုလားဘူးလို့ ဖော်ပြတယ်။ ဒါပေမယ့် ၁၉၇၁ ခုနှစ်မှာတော့ သမ္မတနစ်ဆင်က လာအိုကို ခနတာကျူးကျော်တိုက်ခိုက်ပြီး ဗီယက် နမ် ခြေကုတ်စခန်းတွေကို ဖြိုဖို့ အမိန့်ပေးခဲ့သေးတယ်။ 

ကမ္ဘောဒီးယား 
တရားဝင်တော့ ကမ္ဘောဒီးယားနိုင်ငံက ‘ကြားနေ’ရပ်တည်တယ်။ ကွန်မြူနစ်တွေ ကျူးကျော်တာကို သည်းခံနေတယ်။ လာအို လိုပဲ အမေရိကန် လေကြောင်း ဗုံးကျဲတာကိုလည်း အကြီးအကျယ်ခံရတယ်။ 

ကမ္ဘောဒီးယားခေါင်းဆောင် မင်းသားကြီး နိုရိုဒန် သီဟာနု (Prince Norodom Sihanouk) က “အန္တရာယ်များတဲ့ ရန်သူတွေ ပတ်လည် ဝိုင်းခံနေရတဲ့ နိုင်ငံတခု” လို့ ပြောခဲ့တယ်။ သူတို့အဖို့ ရွေးချယ်စရာ လမ်းကြောင်းမရှိဘူး။ အလိုက် သင့် ပေါင်းရုံပဲ။ ဗီယက်နမ်က ကမ္ဘောဒီးယားကွန်မြူနစ်တွေကို ထောက်ခံနေတာကိုလည်း မချစ်သော်လည်း အောင့်ကာနမ်း လုပ်နေရတယ် လို့ ပြောခဲ့ဖူးတယ်။ မင်းသားကြီးသီဟာနုက ထူးဆန်းတဲ့သူ၊ လက်ဝဲအယူရှိသူဖြစ်တော့ သူ့ကိုယ်တိုင် ဘုရင်စနစ်ကို ဖျက်သိမ်း၊ ရွေးကောက်ပွဲဝင်ပြိုင်တယ်။ လူထုထောက်ခံလို့ ဝန်ကြီးချုပ် ပြန်လုပ်ရတာမျိုး ပြည်သူ့ခေါင်းဆောင်အဖြစ် ပြန်လည်ခံယူခဲ့တဲ့သူ။ သူ့ကို ကမ္ဘောဒီးယား လူထုတွေက ဆုမ်ဒက်ယူ (အဖဘုရင်) လို့ ခေါ်ကြတယ်။ သီဟာနုက နိုင်ငံခြားရေး မူဝါဒမှာ လက်ဝဲနိုင်ငံတွေဖက်ကို ယိမ်းတယ်။ 

ကမ္ဘောဒီးယားနိုင်ငံဟာလည်း လာအိုလိုပဲ၊ ဗီယက်နမ်စစ်ပွဲဒဏ်နဲ့ ကမ္ဘာ့စစ်အေးတိုက်ပွဲရဲ့ ရိုက်ခတ်မှုတွေကို အကြီးအကျယ် ခံခဲ့ကြရတယ်။ ၁၉၇၀ ခုနှစ် မင်းသားကြီး သီဟာနု ပြင်သစ်ခရီးစဉ်ကာလမှာ မြို့တော်ဖနွမ်းပင်မှာ ဗီယက်နမ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်တယ်။ အစိုးရလက်ချက် တစိတ်တပိုင်းလည်းပါတယ်။ မြောက်ဗီယက်နမ်သံရုံးနဲ့ ဗီယက်ကောင်း သံရုံး တွေ ဖယ်ရှားခံရတယ်။ ဒါကို စစ်တပ်က လက်ပိုက်ကြည့်နေတယ်။ ဘာမှ မလုပ်ဘူး။ ၁၉၇၀ ခုနှစ်၊ မတ်လ ၁၂ ရက်မှာတော့ ဆီဟာနုဗေးလ် ဆိပ်ကမ်းကို ပိတ်လိုက်ပြီး၊ မြောက်ဗီယက်နမ်တွေ၊ ဗီယက်ကောင်းတပ်တွေ ၇၂ နာရီအတွင်း (မတ် ၁၅) မှာ အားလုံးထွက်ခွာရမယ်လို့ ရာဇသံပေးတယ်။ မထွက်ခွာရင် စစ်ရေးအရ ဖြေရှင်းမယ်လို့ ဆိုတယ်။ ဒီအခါ သီဟာနုက မော်စကို နဲ့ ဘေဂျင်းကိုသွားပြီး၊ သူတို့ဩဇာနဲ့ မြောက်ဗီယက်နမ် တပ်တွေကို ထိန်းသိမ်းပေးဖို့ ပြောတယ်။

၁၉၇၀ ခုနှစ်၊ မတ် ၁၈ မှာတော့ ဗိုလ်ချုပ်လုံနိုးက လွှတ်တော်ခေါ်ခိုင်းပြီး အာဏာသိမ်းလိုက်တယ်။ သူက ဝန်ကြီးချုပ်လုပ် တယ်။ မဲနဲ့ သီဟာနုကို ဖြုတ်ချလိုက်တယ်။ ပြောရရင် ဗိုလ်ချုပ်ကြီးလုံနိုးက အမေရိကန်ဖက်ကို ယိမ်းတယ်။ အမေရိကန် လက်ချက်လည်း ပါတယ်လို့ စွပ်စွဲကြတယ်။ ဒီလိုနဲ့ သီဟာနု က တရုတ်နဲ့ မြောက်ကိုရီးယားကို အကူအညီတောင်းခံတယ်။ သီဟာနု “ပြည်ပအစိုးရ” ဖွဲ့စည်းတယ်။ 
ကမ္ဘောဒီးယား လူလတ်တန်းစားတွေက အပြောင်းအလဲကို သဘောကျတယ်။ အမေရိကန်ဆီက စစ်ရေး/စီးပွားရေး အကူ အညီတွေ ရလာနိုး မျှော်ကြတယ်။ လယ်သမား ၄ သောင်းလောက်ကတော့ မြို့တော်ကိုချီတက်ပြီး သီဟာနုကို အာဏာ ပြန်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ 

ဗီယက်နမ်တွေ အစုအပြုံလိုက် သတ်ခံရခြင်း
ဗီယက်နမ်တွေက လူနည်းစုတရုတ်တွေကို မုန်းကြတယ်။ စီးပွားရေးအရ ခေါင်းပုံဖြတ်နေတယ်လို့ ထင်ကြတယ်။ ဗိုလ်ချုပ် လုံနိုးက စစ်တပ်အင်အားချဲ့ဖို့ လူ ၁ သောင်းကို တပ်ထဲဝင်ဖို့ စည်းရုံးတယ်။ တပ်ကိုချဲ့တယ်။ နောက်တော့ ဗီယက်နမ်လူမျိုး တွေ ဆန့်ကျင်ရေး အဓိကရုဏ်းအတွက် အသုံးချခဲ့တယ်။ လုံနိုးထင်ထားတာက ဗီယက်နမ်လူနည်းစုတွေကို ဓားစာခံလို သုံးမယ်၊ နောက်ပြီးတော့ ဗီယက်နမ် (မြောက်/ဗီယက်ကောင်း) တပ်တွေကို ပြန်ဆုတ်ခိုင်းဖို့ပဲ။ ဗီယက်နမ်လူမျိုး လူနည်းစု တွေကို ထိန်းသိမ်းခြံခတ်ထားခဲ့တယ်။ အဲဒီမှာ အစောင့်စစ်သား၊ အရပ်သားတွေက သတ်ဖြတ်မှုတွေ စတင်ခဲ့ကြတယ်။ ၁၉၇၀ ဧပြီ ၁၅ မှာ မဲခေါင်မြစ်အတွင်း မျောနေတဲ့ ဗီယက်နမ်အလောင်း ၈၀၀ ကျော် မြင်ခဲ့ရတယ်လို့ ဆိုကြတယ်။ ဒီဖြစ်ရပ်ကို တောင်ဗီယက်နမ် အစိုးရရော၊ မြောက်ဗီယက်နမ်အစိုးရပါ ရှုံ့ချခဲ့ကြတယ်။ လုံနိုးက မြောက်ကို တောင်းပန်စာပို့ရမှာ “ထိန်းသိမ်းရခက်ခဲတယ်။ ဘယ်သူက ဗီယက်ကောင်း၊ ဘယ်သူက အရပ်သား မခွဲခြားနိုင်ကြဘူး” လို့ ရေးခဲ့တယ်။ 

လုံနိုးက “ကြားနေ” အဖြစ် ဆက်ရပ်ဖို့ လိုလားကြောင်းပြတယ်။ ကုလသမဂ္ဂတပ်တွေ စေလွှတ်ပေးဖို့၊ သူ့အစိုးရကို ထောက်ခံ ကြဖို့ တောင်းဆိုတယ်။ ၁၉၇၀ ဧပြီ ၂၉ မှာတော့ မြောက်ဗီယက်နမ်က ကိုယ်တိုင်ကိုယ်ကျ ကမ္ဘောဒီးယားကို ကျူးကျော်တော့ တယ်။ ဇွန်လမှာ ကမ္ဘောဒီးယားမြောက်ပိုင်း နယ်မြေတော်တော်များများကို ဗီယက်နမ်တပ်တွေက သိမ်းလိုက်တယ်။ ခမာနီ ကွန်မြူနစ်တပ်တွေက ကျူးကျော်ဖို့ တောင်းဆိုတာလို့လည်း ဆိုကြတယ်။

ခမာနီအစိုးရနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု
အခြေအနေက ပြောင်းသွားတယ်။ သီဟာနုကိုဖယ်ရှား အာဏာသိမ်းပြီး ၃-လအကြာမှာ နိုင်ငံလူထု-နယ်မြေ တဝက်လောက် ကို ခမာနီနဲ့ မြောက်ဗီယက်နမ်တပ်တွေက ထိန်းချုပ်ထားနိုင်လိုက်တယ်။ ကမ္ဘောဒီးယားတပ်မတော်က သုံးမရဖြစ်သွားတယ်။ ဗီယက်နမ်က ခမာနီတပ်တွေကို လေ့ကျင့်ပေးတယ်။ အချိန်တိုအတွင်း ကမ္ဘောဒီးယားအစိုးရ ချိနဲ့လာတယ်။ ခမာနီတပ်တွေက အင်အား ၂၀,၀၀၀ လောက်နဲ့ ကျန်ပြည်သူ့စစ် လက်နက် ကိုင်တွေ ရှိလာတယ်။ ခမာနီတွေက တောင်ပိုင်းနဲ့ အနောက်တောင် ပိုင်းမှာ “လွတ်မြောက်နယ်မြေ” ထူထောင်ပြီး၊ မြောက်ဗီယက်နမ်နဲ့ သီးခြားရပ်တည် လှုပ်ရှားတယ်။ 

ခမာနီ သူပုန်ထမှုမှာ မင်းသားကြီးသီဟာနုက ခမာနီဖက်က ထောက်ခံတယ်။ ၁၉၇၅ ခုနှစ်မှာ အစိုးရကိုဖြုတ်ချနိုင်ပြီး ခမာနီ အောင်ပွဲခံ အစိုးရတက်လာတော့ သူ့ကို နိုင်ငံတော်အကြီးအကဲ ခန့်တယ်။ ဆက်ဆံရေးက သိပ်မပြေလည်လှဘူး။ ဒါနဲ့ ခမာနီ အစိုးရနေ ၁၉၇၆ ခုနှစ်မှာ ပြန်နှုတ်ထွက်တယ်။ ဗီယက်နမ်က ပြန်လာပြီးဖြုတ်ချ၊ ခမာနီတွေကို ပြုတ်ကျတဲ့ ၁၉၇၉ ခုနှစ်အထိ မင်းသားကြီး သီဟာနုက အကျယ်ချုပ်နဲ့ နေရတယ်။ ဒီလိုနဲ့ နောက်ပိုင်း ၁၉၇၅ ခုနှစ်များမှာ ခမာနီတွေရဲ့ အစီအစဉ် (Year Zero) ‘သုညနှစ်များ’ နဲ့အတူ၊ အလွန်အကျွံ အကြီးအကျယ် မျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်တာတွေ ဖြစ်ခဲ့တယ်။ ဗီယက်နမ် စစ်ပွဲကာလမှာ မြောက်ဗီယက်နမ်က ခမာနီတွေနဲ့ မဟာမိတ်လုပ်တယ်။ ၁၉၇၉ ခုနှစ်မှာတော့ ခမာနီတွေကို ဗီယက်နမ်က လာတိုက်ပြီး ပြန်ဖြုတ်ချ ဖယ်ရှားရတယ်။

အမေရိကန်တပ်တွေရဲ့ ထိုးစစ်
လာအိုလိုပဲ သမ္မတနစ်ဆင်လက်ထက် ၁၉၇၀၊ ဧပြီ ၂၉ မှာ တောင်ဗီယက်နမ်တပ်တွေနဲ့ အမေရိကန်တပ် ယူနစ်တွေက ကမ္ဘောဒီးယားနယ်စပ်ကို ကျော်လို့ မြောက် ဗီယက်နမ်တွေကို တိုက်ဖို့ အမိန့်ပေးခဲ့ဖူးတယ်။ အဲဒီအချိန်က အမေရိကန် လိုလားတဲ့ ဗိုလ်ချုပ်ကြီး လုံနိုးက အာဏာသိမ်းထားတဲ့အချိန်။ အခွင့် ကောင်းယူခဲ့တယ်။ လုံနိုးကို ကြိုတင်အသိမပေးခဲ့ဘူး။ လုံနိုးကို အမေရိကန်သံအမတ်ကြီးက လာအသိပေးမှသာ အမေရိကန်တပ်တွေ ဝင်လာတာသိရတယ်။ သံအမတ်ကြီးကလည်း ရေဒီယိုကကြားမှ ဒီသတင်း သိရတယ်။  

ကမ္ဘောဒီးယားကို ကျူးကျော်တာ ဝါရှင်တန်ဖက်က ရည်ရွယ်ချက် ၃-ခု ရှိတယ်။ ၁) ဗီယက်နမ်က အမေရိကန်တပ်တွေ ဆုတ် ခွာတာကို အကာအကွယ် ဖြစ်စေချင်လို့၊ ကမ္ဘောဒီးယားထဲက ဖြစ်နိုင်သမျှ ဗီယက်နမ်စစ်စခန်း၊ လူသူတွေကို ချေမှုန်းသုတ် သင်သွားချင်တယ်။ ၂) တောင်ဗီယက်နမ်တပ်တွေကို သူတို့ချည်းပဲလွှတ်ပြီး သုံးလို့ရ-မရ စမ်းကြည့်ချင်တယ်။ (Vietnamization မူဝါဒအကြောင်း နောက်တော့ရေးဦးမယ်)။ ၃) ဟနွိုင် မြောက်ဗီယက်နမ်အစိုးရကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလမှာ၊ နစ်ဆင်က ပျော့ပျော့တော့ မဟုတ်ဘူး၊ “လုပ်ရင် တကယ်လုပ်တယ်နော်” ဆိုပြီး သတင်းစကားပါးချင်လို့။ 

အမေရိကန်နဲ့ တောင်ဗီယက်နမ်တပ်တွေ ကျူးကျော်မှုမှာ လူသူ၊ စခန်း၊ ထောက်ပံ့ရေးပစ္စည်း အချို့ ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါပေ မယ့် ဒီထိုးစစ်မတိုင်ခင် ပစ္စည်းအချို့ကို ပိုလို့အတွင်းပိုင်းကျတဲ့ ကမ္ဘောဒီးယားနယ်ထဲ ရွှေ့ပြောင်းထားနိုင်ခဲ့တယ်ဆိုတဲ့ သတင်း လည်း ရှိသေးတယ်။ [အမေရိကန်ထိုးစစ်ဆင်တဲ့ တရက်တည်းမှာပဲ၊ မြောက်ဗီယက်နမ်က စစ်ဆင်ရေး X ကို လုပ်တယ်။ ခမာနီ အခြေခံစခန်းနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ကာကွယ်ပေးနိုင်ဖို့ ကမ္ဘောဒီးယားတပ်တွေကို တိုက်ခဲ့တယ်။]

အမေရိကန် ဧရာမလေကြောင်း ဗုံးကျဲစစ်ဆင်ရေးကြောင့်လည်း ကမ္ဘောဒီးယားတွေ အများအပြား သေကြေကြတယ်။ ပြည်တွင်းစစ်ကြောင့်လည်း သေကြေ၊ ဒဏ်ရာရ အိုးအိမ်မဲ့ ဖြစ်ကြရတယ်။ စစ်ပြီးတိုင်အောင် စစ်ရဲ့ဒဏ်ရာဒဏ်ချက်၊ မပေါက် ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ၊ မြေမြုပ်မိုင်းတွေ ဒဏ်ရှိသေးတယ်။ ၁၉၉၁ ပါရီ ငြိမ်းချမ်းရေးစာချုပ်နဲ့ နောက်ပိုင်း ကုလ ဦးဆောင်တဲ့ ကြားဖြတ်အသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့ (UNTAC) ၁၉၉၂-၁၉၉၃ တိုင် အောင် ကမ္ဘောဒီးယား စင်ပြိုင် အုပ်စုတွေ အချင်းချင်း အကြား အာဏာအတွက် ပြည်တွင်းစစ်ကြီး တိုက်နေခဲ့ကြတယ်။ 

၁၉၆၀ ခုနှစ်များမှာ ဗိုလ်ချုပ်နေဝင်းက စစ်အာဏာသိမ်းခဲ့ပြီး၊ တံခါးပိတ် မူဝါဒ စတင်ကျင့်သုံးလာနေတဲ့ ကာလပါ။ မြန်မာက “တင်းကျပ်တဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ” ကို ကျင့်သုံးပါတယ်။ ဒီအတွက်ကြောင့် စစ်အေးတိုက်ပွဲ ပြင်းထန်နေစဉ်မှာ အိမ်နီးချင်း ကမ္ဘောဒီးယား၊ လာအိုတို့ ကြုံတွေ့ရသလို အဖြစ်ဆိုးတွေ မကြုံခဲ့ရတာအတွက် ဦးနေဝင်းကို ကျေးဇူးတင်ရ မှာလား။ ဒါမှမဟုတ် စစ်အေးတိုက်ပွဲအတွင်း၊ ဗီယက်နမ်စစ်ပွဲ ပြင်းထန်နေစဉ်အတွင်း ထိုင်း၊ စင်္ကာပူတို့ အခွင့်အလမ်း၊ အကူအညီများစွာ ရခဲ့ကြသလို မြန်မာမရခဲ့တာ ကို ဝမ်းနည်းရမှာလား။ ဆက်ပြီး ဆန်းစစ်လေ့လာမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar