အကျဥ်းထောင်တွင်း တိုက်ပွဲတွေနဲ့ အကျအဆုံး
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၇ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၃
အကျဥ်းထောင်တွင်း တိုက်ပွဲတွေနဲ့ အကျအဆုံး
ပုသိမ်အကျဥ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ထောင်ဆူမှုမှာ အချုပ်သား တဦးသေဆုံးပြီး အကျဥ်းသား ၆၀ ကျော် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အသက်ဆုံးရှုံးသွားသူ ကိုဝေယံဖြိုးထံမှာ လက်ကိုင်ဖုန်း တလုံးကို အကျဥ်းထောင်ဝန်ထမ်းတွေက သိမ်းဆည်းရမိပြီးနောက် ကိုဝေယံဖြိုးနဲ့ နောက်တဦးကို ခေါ်ထုတ်ကာ ရိုက်နှက်စစ်မေးခဲ့ရာက အကျဥ်းထောင်ဆူတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
အကျဥ်းထောင်တွေမှာ ဖုန်းလက်ဝယ်ထားရှိခွင့် သုံးစွဲခွင့်မရှိြ အခုလို လက်ဝယ်တွေ့ရှိတဲ့ ဖုန်းဟာ အကျဥ်းထောင်ဝန်ထမ်းတွေကို လာဘ်ထိုးပြီး သွင်းယူခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖုန်းကို လက်ဝယ် တွေ့တဲ့အခါမှာ အကျဥ်းထောင်ထဲ ဖုန်းသွင်းယူလာသူကို ဖော်ထုတ်ဖို့ ကြိုးစားတာ၊ ပြင်ပမှ ဖုန်းဝယ်ယူပို့ဆောင်ပေးသူကိုလည်း ဖော်ထုတ်ဖို့ ရိုက်နှက်စစ်ဆေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီနောက်တနေ့ နံနက်မှာ အခြားသော နိုင်ငံရေး အကျဥ်းသားတွေက သီးခြားချုပ်ထားတဲ့ ကိုဝေယံဖြိုးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရာက အကျဥ်းထောင်ဆူတဲ့ ဖြစ်ရပ် ဖြစ်လာတယ်လို့ ယူဆရပါတယ်။
အကျဥ်းထောင်တွင်း တိုက်ပွဲလို့လည်း ခေါ်ဆိုကြတဲ့ အကျဥ်းထောင် အခွင့်အရေး ရရှိဖို့ တောင်းဆိုမှုတွေ အားပြိုင်မှုတွေကို အထူးသဖြင့် နိုင်ငံရေးပုဒ်မနဲ့ စွဲဆိုအကျဥ်းချခံရတဲ့ အကျဥ်းသားတွေက လုပ်ဆောင်လေ့ရှိတာပါ။ ရာဇဝတ်မှုနဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူတွေက ဒီလိုတောင်းဆိုမှုမျိုး လုပ်ဆောင်တာ နည်းပါးပါတယ်။
တဖက်မှာလည်း အကျဥ်းထောင် ဆိုတာဟာ ကာလတခု လပိုင်းသို့မဟုတ် နှစ်အပိုင်းအခြားတခု နေထိုင်ကြရတဲ့ ကာလမှာ အကျဥ်းထောင်တွင်းရသင့်ရထိုက်တဲ့ အခွင့်အရေး ရရှိဖို့လည်း လိုအပ်သလို အကယ်၍ တိုက်ပွဲဖေါ်ဆောင်ကြတယ်ဆိုတဲ့ အခါမျိုးမှာ ပြင်ပနိုင်ငံရေး အခြေအနေ အကျဥ်းထောင်တွင်း စုစည်းမှု စတဲ့အချက်တွေ အပေါ် အခြေခံပြီး ချင့်ချိန်ကာ တိုက်ပွဲဗျူဟာကို ချမှတ်ကြဖို့ လိုအပ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဖြစ်ပျက်ခဲ့တဲ့ ကိုးကိုးကျွန်း အကျဥ်းထောင် အစာငတ်ခံ တိုက်ပွဲတွေက နိုင်ငံရေး အကျဥ်းသားတွေရဲ့ အကျဥ်းထောင်တိုက်ပွဲသမိုင်းမှာထင်ရှားပါတယ်။ အဲဒီကာလက တိုက်ပွဲတွေက ထောင်ဆူတယ် ဆိုတာထက် အစာငတ်ခံဆန္ဒပြတာမျိုး အကျဥ်းထောင်က ချမှတ်တဲ့ အကျိုးအကြောင်းမဆီလျော်တဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုတဲ့ အာဏာဖီဆန်မှု တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတာမျိုး ဖြစ်ပါတယ်။ တဖန် ၁၉၇၆၊ ၇၈ ခုနှစ်တွေမှာတုန်းက ရန်ကုန် အင်းစိန်ထောင်မှာလည်း အစာငတ်ခံ ဆန္ဒပြမှုတွေ ရှိခဲ့ဖူးပါတယ်။ သို့သော် ဖိနှိပ်မှုပြင်းထန်လွန်းတဲ့ ကာလတွေမှာ အစာငတ်ခံဆန္ဒပြမှုတွေက ရလာဒ် သိသိသာသာ မထွက်နိုင်တာကိုလည်း အတွေ့အကြုံအရ သဘောပေါက် နားလည်ကြပါတယ်။
အခုလတ်တလော ဖြစ်ပွားတဲ့ အဖြစ်အပျက်ကတော့ အစာငတ်ခံဆန္ဒပြတာမျိုးမဟုတ်ပဲ ရိုက်နှက်စစ်ဆေးခံရတဲ့ အကျဥ်းကျဖော် ကျဖက်အတွက် ပြန်လည်တုံ့ပြန်ကြတာမျိုးဖြစ်ပါတယ်။ သို့မဟုတ် အခြေအနေအပေါ် မူတည်ပြီး လွတ်မြောက်ရေးအထိ ကြိုးစားကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေဆုံးသူ တဦးအပြင် ကျန်တဲ့ အကျဥ်းသား ၆၀ ဦးအနေနဲ့ ဘယ်လောက်ထိ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှု ရရှိကြလဲ ဆိုတာ အသေးစိတ် မသိရှိရသေးပေမယ့်လို့ အရေအတွက်အားဖြင့် ဆိုရင်တောင် များပြားတဲ့ ထိခိုက်ဒဏ်ရာရမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။
အကျဥ်းထောင် တိုက်ပွဲတွေက ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အဆုံးအဖြတ်တိုက်ပွဲတွေ မဟာဗျူဟာကျတဲ့တိုက်ပွဲတွေ မဟုတ်ဘဲ စစ်အာဏာရှင် ဖြုတ်ချရေး ဒီမိုကရေစီရရှိရေး တိုက်ပွဲကြီးထဲက အစိတ်အပိုင်းတခုထဲက အကန့်တကန့်ထဲက တိုက်ပွဲသာဖြစ်လို့ ဒီလို တိုက်ပွဲတွေမှာ အင်အားအများအပြား ဆုံးရှုံးရတာမျိုး ဖြစ်သင့်၊ မဖြစ်သင့်ဆိုတာလည်း ပြန်သုံးသပ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar