နေသွင်ညိဏ်း - ‘တိရစ္ဆာန်အားလုံးတန်းတူ ဖြစ်သည်။ တချို့ ပို၍ တန်းတူ ဖြစ်သည်။’
တိရစ္ဆာန်အားလုံးတန်းတူ ဖြစ်သည်။ တချို့ ပို၍ တန်းတူ ဖြစ်သည်။
နေသွင်ညိဏ်း
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၃
‘တိရစ္ဆာန်အားလုံးတန်းတူ ဖြစ်သည်။ တချို့ ပို၍ တန်းတူ ဖြစ်သည်။’
တိုက်တိုက်ဆိုင်ဆိုင် မျောက်ဆရာနဲ့ ဝက်ဘုရင်ပုံပြင် နှစ်ပုဒ်စလုံးကို တပြိုင်တည်းလောက်နီးနီး ကျနော်ဖတ်ခဲ့ရတယ်။ အသက် ၁၇ နှစ် အရွယ်လောက်ဆိုတော့ ဒီ တိရစ္ဆာန်ပုံပြင် နှစ်ပုဒ်ကို မဆက်စပ်မိခဲ့ပါဘူး။
မျောက်ပုံပြင်
တခါက လူနေရွာတွေနဲ့ သိပ်မဝေးတဲ့ တောအုပ်တခုမှာ မျောက်တအုပ်နဲ့ သူတို့ဆရာတို့ စုနေထိုင်ကြတယ်။ သူတို့ဟာ နေ့စဉ်တောထဲ သစ်သီးသစ်ဥတွေရှာဖွေပြီး မျောက်ဆရာကို အပ်ကြရတယ်။ လူသားဖြစ်တဲ့ မျောက်ဆရာက မျောက်တွေ ပင်ပင်ပန်းပန်းရှာလာတဲ့ သစ်သီးတွေကို စီမံခန့်ခွဲတယ်။
‘အေး - မင်းက အကောင်ကြီးတော့ ငှက်ပျောသီး ၂ လုံးယူ။ ဟိုကောင် အသေးလေး၊ မင်းက အာချောင်တတ်တဲ့ ကောင်ဆိုတော့ ၂ လုံးရမယ်။ ကျန်တဲ့ ကောင်တွေ တလုံးစီ ရမယ်။ ပိုတာ ငါ စျေးမှာ သွားရောင်းမယ်။ မင်းတို့ မျောက်တွေ ပိုက်ဆံ မသိမ်းတတ်ဘူး။ ငါနဲ့ ငါ့မိန်းမနဲ့ သိမ်းထားမယ်။ ငွေစာရင်းကို ငါ့မိန်းမကိုင်ထားမယ်။ မင်းတို့ မျောက်တွေက သစ်သီးပဲရှာတတ်တယ်။ မကျေနပ်တာရှိရင် သီးသန့်လာပြော။’
ဒီလိုမျိုးတွေ နေမှာပါပဲ။ ဒီလိုနဲ့ နေလာလိုက်တာ တနေ့မှာတော့ မျောက်မလေးတွေထဲက မျောက်ကလေးတကောင် မွေးဖွားလာတယ်။ မျောက်ကလေးက သူ့အမေ မျောက်မကို မေးတယ်။
မေး- မေမေ ဒီသစ်တောကို ဟိုလူကြီးက စိုက်ထားတာလား။
ဖြေ- မဟုတ်ပါဘူး။
မေး- ဒါဆို ဟို လူကြီးရဲ့ မိဘ ဘိုးဘွားတွေ စိုက်ထားတာလား။
ဖြေ- ဒါလည်း မဟုတ်ပါဘူး။
မေး- ဒါဆို သားတို့ သစ်တောထဲက ရှာလာတဲ့ သစ်သီးတွေကို ဟိုလူကြီးကို ဘာလို့ ပေးရတာလဲ။
ဖြေ- ဒီလိုပဲလေ။ သား အဖေနဲ့အဘိုးတွေလည်း ပေးခဲ့တာပဲ။
မျောက်ကလေးက ‘ မဟုတ်သေးပါဘူး’ လို့ စဉ်းစားတယ်။
မျောက်ကလေးရဲ့ မေးခွန်းဟာ တစစနဲ့ မျောက်တွေ ကြားထဲ တီးတိုးပြောကြရင်း မျောက်ဆရာဆီ ရောက်သွားတယ်။
မျောက်ဆရာက မျောက်တွေကို ဒီ မေးခွန်း ဘယ်သူစလိုက်လဲ ဆိုတာ စုံစမ်းရင် မျောက်တွေကို ၅ ကောင်ထက် ပိုမစုရ။ ပုံပြင်မပြောရ။ ဝေဖန်ရင် ငှက်ပျောသီး ခွဲတမ်းကို တဝက်လျော့ချမယ်’
.. စသဖြင့် အမိန့်တွေ ထုတ်ပြန်တယ်။ ဒါကို မကျေနပ်တဲ့ မျောက်တွေက တောအုပ်တနေရာမှာ စုဝေးကြပြီး မျောက်ဆရာမိန်းမက ငွေစာရင်း မရှင်းတဲ့ ကိစ္စ၊ မျောက်ဆရာက သူ့သားသမီးတွေ ကျောင်းထားပြီး မျောက်တွေရဲ့ သားသမီးတွေကို အသက်မပြည့်ခင် အလုပ်ခိုင်းတာ အပါအဝင် မတရားတဲ့ ကိစ္စတွေ ဆွေးနွေးကြတယ်။ ဒီလိုနဲ့ မျောက်တွေရဲ့ တော်လှန် ရေးဟာ စတင်ခဲ့ပါတော့တယ်။
တကယ်တော့ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ မူရင်းပုံပြင်ကို ကျနော် အသေးစိတ်မမှတ်မိတော့ပါဘူး။ လိုရင်းလောက်ပဲ မှတ်မိတော့တာမို့ ဇာတ်လမ်းသဘောကို လူစရိုက်နဲ့ နီးအောင်စဉ်းစားကြည့်တဲ့သဘောပါ။
++++++
ဂျော့အော်ဝဲရဲ့ Animal Farm ( သခင်ဘသောင်းက ခြေလေးချောင်းတော်လှန်းရေး လို့ ဘာသာပြန်) ကိုတော့ တော်တော်များများ သိလိမ့်မယ်။
ဒီ ပုံပြင်ထဲက နပိုလီယံဆိုတဲ့ဝက်ကြီးဟာ တိရစ္ဆာန်တွေရဲ့ တော်လှန်ရေးကို ‘ခိုးယူ’ လိုက်ပြီး သူ့ကိုယ်သူ ပထမပုံပြင်ထဲက မျောက်ဆရာလို ပြုမူလာတာပါပဲ။ တော်လှန်ရေးထဲက သူရဲ့ တိုက်ဖော်တိုက်ဖက်ကို သစ္စာ ဖောက်လို့ တံဆိပ်တတ်တယ်။ အလုပ်အင်မတန်လုပ်တဲ့မြင်းကြီးတကောင် အလုပ်ထဲ ဒဏ်ရာရတဲ့အခါ သားသတ်သမားတွေလက်ထဲ ရောင်းစားတယ်။
နပိုလိုယံ ဆိုတဲ့ ဝက်ကြီးဟာ ဝက်တွေကို သီးသန့် ဝတ်စုံဝတ်ခိုင်းပြီး တခြားတိစ္ဆာန်တွေထက် သာတဲ့အခွင့်ထူးတွေ ခံစားကြတယ်။ တော်လှန်ရေး အစမှာ တိရစ္ဆာန်တွေ သဘောတူထားတဲ့ စည်းကမ်းတွေကို အခွင့်ထူးခံ ဝက်တွေ စိတ်တိုင်းကျ ပြင်တယ်။
ဥပမာ ‘ တိရစ္ဆာန်အားလုံးတန်းတူ ဖြစ်သည်။’ ဆိုတဲ့ နေရာမှာ စာတကြောင်းထပ်ဖြည့်လိုက်တယ်။ ‘ တိရစ္ဆာအားလုံးတန်းတူ ဖြစ်သည်။ တချို့ ပို၍ တန်းတူ ဖြစ်သည်။’ တဲ့။
ဒီလိုနဲ့ တိရစ္ဆာန်တွေရဲ့ တော်လှန်ရေးဟာ ဝက်တွေရဲ့ ခိုးယူတာ ခံလိုက်ရပြီး၊ တိရစ္ဆာန်တွေဟာလည်း အရင် ခြေနှစ်ချောင်း (လူသား) အရှင်သခင် မစ္စတာ ဂျုံးစ်ရဲ့ စီမံခန့်ခွဲမှုတွေနဲ့ မခြားတဲ့ ဝက်တွေ အုပ်ချုပ်မှုအောက်ကို ကျရောက်သွားရပါတယ်။
ကြက်မတွေ ဥသမျှ၊ နွားမတွေ နို့ထွက်သမျှ ရောင်းစားခံရပြီး၊ နပိုလီယံ လက်သပ်မွေးထားတဲ့ ခွေးတအုပ်က ဝေဖန်တဲ့ တိရစ္ဆာန်မှန်သမျှကို ရန်မူပါတော့တယ်။
++++++
တကယ်တော့ ဂျောအော်ဝဲဟာ မြန်မာပြည် အကြောင်းကို Burmese Days ဆိုတဲ့ စာတအုပ်ပဲ ရေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နာမည်ကျော် တခြားစာအုပ်နှစ်အုပ် ( Animal Farm နဲ့ Nineteen Eighty-Four) ကလည်း မြန်မာပြည်အကြောင်း နိမိတ်ဖတ်ရေးထားသလားလို့ ထင်မှတ်စရာရှိတယ်လို့ မြန်မာပြည်က ဂျောအောဝဲ ပရိသတ်တွေ ကြားပြောစမတ်တွင်ပါတယ်။ ဒီစာအုပ် နှစ်အုပ်လုံး စစ်အစိုးရခေတ်မှာ ပိတ်ထားခဲ့ပါတယ်။ တကယ်တော့ စတာလင်ခေတ် ရုရှားကို သရော်တဲ့ စာတွေပါပဲ။
+++++++
ငယ်ငယ်က ဒီလို စာတွေ ဖတ်ခဲ့ရလို့ ထင်ပါတယ်။ အခွင့်ထူးခံတွေ မြင်ရရင် ပုံပြင်တွေက စိတ်ထဲအလိုလို ရောက်လာတတ်တယ်။
တခါက ကျနော်တို့ သူငယ်ချင်းတွေ ကြားမှာ ‘လူတွေမကောင်းဘူး။ ဝက်တွေပဲ ကောင်းတယ်’ လို့ စကားဝှက်လိုလို ပြောလေ့ရှိပါတယ်။ လူတစု အခွင့်ထူးခံတာကို ဂျော့အောဝဲစကား ငှားသုံးတာပါ။ Animal Farm မဖတ်ဖူးသူတွေကတော့ ဘာပြောမှန်းမသိနိုင်ပါဘူး။ မတရားမှုဆိုတာ ဘာမှန်း သူတို့ သိမှာလည်း မဟုတ်ပါဘူး။ မြင်းတွေလို ပင်စင်ပေးခံရတာတောင် သူတို့က တိတ်တိတ်နေမယ့်လူတွေ၊ ဒါမှ မဟုတ် ခွေးတွေလို အရိုးရင်းလေး ကိုက်ရရင်းပဲ အစွယ် တဖွေးဖွေးနဲ့ အရှင်သခင် ဝက်တွေအတွက် အသက်ပေးမယ်ဆိုတဲ့ လူစားမျိုးတွေပါ။ သူတို့ထက်ပိုဆိုးတာက Animal Farm ထဲက ဝက်တွေလို တော်လှန်ရေးကိုခိုးယူတဲ့ အခွင့်ထူးခံလူတန်းစားတွေပဲ ဖြစ်မယ်ထင်ပါတယ်။
နေသွင်ညိဏ်း
၁၉ ဩဂုတ်၊ ၂၀၂၃
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar