Breaking News

မာန်သီဟထွန်း – ဆေပီယန်စ် – မီးနဲ့ အမဲလိုက်



မာန်သီဟထွန်း – ဆေပီယန်စ် – မီးနဲ့ အမဲလိုက်

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇွန် ၁ ၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

Sapiens - 26

ဒုတိယ ရှင်းလင်းချက်က ဆေပီယန်စ်တို့ သြစတေးလျတိုက်ရောက်တော့ မီးကိုကောင်းကောင်း အသုံးချတတ်နေခဲ့ပြီဖြစ်တယ်။ ဒါနဲ့ ထူးဆန်းပြီး အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ရင်ဆိုင်ရတော့ သွားလာမရအောင်ထူထဲနေတဲ့ ချုံတွေ၊တောအုပ်ကျယ်ကြီးတွေကို သူတို့ တမင်မီးရှို့ခဲ့တာပဲ။ အဲ့တော့မှ မြက်ခင်းလွင်ပြင်တွေဖြစ်လာပြီး လွယ်လွယ်အမဲလိုက်လို့ရတဲ့အတွက် သူတို့လိုအပ်ချက်နဲ့ကိုက်ညီလာတာကိုး။ ဒီလိုနဲ့ပဲ ဆေပီယန်စ်တို့ဟာ သြစတေးလျတိုက်ရဲ့ ဂေဟပတ်ဝန်းကျင်တော်တော်များများကို ထောင်စုနှစ် အနည်းငယ်အတွင်းမှာပဲ လုံးဝပြောင်းလဲပစ်ခဲ့တယ်။

ဒီအဆိုကို ထောက်ခံတဲ့ အထောက်အထားတစ်ခုကတော့ သစ်ရုပ်ကြွင်းမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅,၀၀၀ အကြာက သြစတေးလျတိုက်မှာ ယူကလစ်ပင်တွေ ရှားပါးခဲ့တယ်။ ဒါပေမယ့် ဟိုမိုဆေပီယန်စ်တို့လည်း ရောက်လာရော ဒီအပင်တွေရဲ့ ရွှေခေတ်ရောက်တော့တာပဲ။ ယူကလစ်အပင်တွေဟာ မီးဒဏ်ကိုအထူးခံနိုင်တာကြောင့် တခြားသစ်ပင်၊ချုံတောတွေ ပျောက်ကွယ်နေချိန်မှာ သူတို့ကတော့ ဝေးလံကျယ်ပြန့်စွာ ပေါက်ရောက်ခဲ့ကြတယ်။

အခုလို သဘာဝပေါက်ပင်တွေ ပြောင်းလဲသွားခြင်းက အပင်စားတဲ့ အရွက်စားသတ္တဝါတွေနဲ့အတူ၊ အဲဒီသတ္တဝါတွေကိုစားတဲ့ အသားစားသတ္တဝါတွေအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ယူကလစ်ရွက်တွေကိုသာစားတဲ့ ကိုလာဝက်ဝံတွေဟာ ပျော်ပျော်ကြီးပဲ ယူကလစ်ရွက်တွေစားပြီး နယ်မြေသစ်တွေဆီ သွားကြပါတော့တယ်။ တခြားတိရိစ္ဆာန်တော်တော်များများကတော့ အကြီးအကျယ် ဒုက္ခရောက်ခဲ့ကြပါတယ်။ သြစတေးလျတိုက်ရဲ့ အစာကွင်းဆက်တွေ အများအပြားပြိုလဲကုန်ပြီး အစာချိတ်ဆက်မှုအားအနည်းဆုံးအကောင်တွေ မျိုးတုန်းသွားခဲ့တယ်။

တတိယရှင်းလင်းချက်အရတော့ ခုလိုမျိုးတုန်းမှုမှာ အမဲလိုက်ခြင်းနှင့်မီးကိုအသုံးပြုခြင်းတို့က အထူးကဏ္ဍအနေနဲ့ပါခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရာသီဥတုရဲ့ကဏ္ဍကိုလည်း ကျွန်တော်တို့ လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅,၀၀၀ က သြစတေးလျမှာဖြစ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဟာ ပတ်ဝန်းကျင်ဂေဟစနစ်ကို ပြိုလဲစေခဲ့တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဟာ ပျက်စီးလွယ်ခဲ့တာ။ သာမန်အခြေအနေမှာဆို ဒီပတ်ဝန်းကျင်စနစ်တွေဟာ အကြိမ်ပေါင်းများစွာအရင်ကဖြစ်ခဲ့ဖူးသလိုပဲ ပြန်ကောင်းလာမှာ။ ဒါပေမယ့် ခုလိုအမှားမခံတဲ့အချိန်မှာပဲ သြစတေးလျတိုက်ကို လူသားတွေရောက်လာခဲ့တယ်။ ပြီးတော့ ပျက်စီးစပြုနေတဲ့ ပတ်ဝန်းကျင်ဂေဟစနစ်ကို ချောက်နက်ကြီးထဲတွန်းပို့လိုက်ပါတော့တယ်။ ရာသီဥတုပြောင်းလဲမှုနှင့် လူသားတွေရဲ့အမဲလိုက်မှုတို့ ပေါင်းလိုက်တာ အထူးသဖြင့်သတ္တဝါကြီးတွေ ဒုက္ခရောက်ကြတော့တာပဲ။ ဘက်ပေါင်းစုံက တိုက်ခိုက်ခံရသလိုဖြစ်တာကိုး။ ခြိမ်းခြောက်မှုအမျိုးမျိုးကို တပြိုင်နက်တုန့်ပြန်နိုင်တဲ့ ကောင်းမွန်တဲ့ရှင်သန်မှုဗျူဟာတစ်ခုဆိုတာကလည်း ရှာရခက်ပါတယ်။

ဒီရှင်းလင်းချက် ၃ ခုထဲက ဘယ်တစ်ခုကသေချာတယ်ဆိုတာတော့ဖြင့် နောက်ထပ် အထောက်အထားတွေ မရှိဘဲ မသိနိုင်ပါဘူး။ ဒါပေမယ့် ဟိုမို ဆေပီယန်စ်တို့သာ အဲ့ဒီကိုရောက်မသွားခဲ့ဘူးဆိုရင် သြစတေးလျတိုက်မှာ မာဆူပီယယ်ခြင်္သေ့တွေ၊ ဒိုင်ပရိုတိုတွန်တွေ၊ သားပိုက်ကောင်အကြီးစားတွေ ရှိနေဦးမှာကို ယုံကြည်လို့ရတဲ့ အထောက်အထားကောင်းတွေတော့ ရှိပါတယ်။



မျောက်မောင်းမတို့၏ အဆုံးသတ်
သြစတေးလျရဲ့ ဒေသတွင်းတိရိစ္ဆာန်ကြီးတွေ မျိုးတုန်းသွားမှုဟာ ကမ္ဘာပေါ်မှာ ဆေပီယန်စ်တွေလုပ်တဲ့ ပထမဆုံးသော ထင်ရှားတဲ့အမှတ်အသားဖြစ်မယ် ထင်ပါတယ်။ နောက်ထပ်လည်း ဒီ့ထက်ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင်ဖျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အမေရိကတိုက်မှာပါ။ ဟိုမို ဆေပီယန်စ်တွေဟာ ကမ္ဘာ့အနောက်ခြမ်းဒေသကိုအခြေချတဲ့ ပထမဆုံးနဲ့တစ်ခုတည်းသော လူသားမျိုးစိတ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆,၀၀၀ ကရောက်သွားတာပါ။ ဘီစီ ၁၄,၀၀၀ ခန့်ကပေါ့။ ကနဦးအမေရိကန်တွေလို့ပြောရမယ့် အဲဒီလူတွေဟာ ခြေကျင်နဲ့ရောက်သွားကြတာပါ။ အဲ့တုန်းက ပင်လယ်ရေမျက်နှာပြင်နိမ့်တော့ ဆိုက်ဘေးရီးယား အရှေ့မြောက်ပိုင်းနဲ့ အလက်စကာ အနောက်မြောက်ပိုင်းကို ကုန်းမြေကတံတားပုံစံ ဆက်ထားခဲ့တယ်။ သို့ပေမယ့် လွယ်ကူခဲ့တာတော့ မဟုတ်ဘူး။ အဲဒီခရီးဟာ ခက်ခဲပင်ပန်းပြီး အင်မတန်ဝေးလံပါတယ်။ သြစတေးလျတိုက်ကို ရေလမ်းခရီးနဲ့အရောက်သွားတာထက် ပိုခက်ခဲခဲ့မှာပါ။ အဲဒီလို ဖြတ်ကူးနိုင်ဖို့အတွက် ဆေပီယန်စ်တွေအနေနဲ့ ဆိုက်ဘေးရီးယားမြောက်ပိုင်းက အင်မတန်ပြင်းထန်လှတဲ့ အာတိတ်ဒေသ အေးခဲမှုကို ခံနိုင်ရည်ရှိခဲ့ရပါတယ်။ အဲဒီဒေသဟာ ဆောင်းတွင်းမှာ နေလုံးဝထွက်တဲ့အပြင် အပူချိန်ကလည်း အနုတ် ၅၀ ဒီဂရီ ဆဲလ်စီယစ်စ်အထိ ကျဆင်းနိုင်ပါတယ်။

အရင်က ဘယ်လူသားမျိုးစိတ်မှ ဆိုက်ဘေးရီးယားမြောက်ပိုင်းလို ဒေသကို ရောက်အောင် ထိုးဖောက် မသွားနိုင်ခဲ့ပါဘူး။ အအေးဒဏ်ကိုခံနိုင်တဲ့ နီယန်ဒါသာလ်တွေတောင် နည်းနည်းလေးပိုနွေးတဲ့ တောင်ပိုင်းအထိပဲ ကန့်သတ်သွားလာခဲ့ကြတာ။ ဒါပေမယ့် ရေခဲတွေ၊ နှင်းတွေရှိတဲ့နေရာမျိုးထက် အာဖရိက ဆဗားနားမြက်ခင်းတွေနဲ့ အသားကျတဲ့ ခန္ဓာကိုယ်ရှိတဲ့ ဟိုမို ဆေပီယန်စ်တွေဟာ ဆန်းပြားတဲ့အဖြေတစ်ခု တီထွင်ပါတော့တယ်။ ရှာဖွေစားသောက်သူ ဆေပီယန်စ်အုပ်စုတွေဟာ လှည့်လည်သွားလာရင်းနဲ့ အေးခဲတဲ့ ရာသီဥတုထဲရောက်သွားတဲ့အခါ နှင်းစီးဖိနပ်တွေ၊ နွေးထွေးတဲ့အဝတ်အစားတွေ ပြုလုပ်လာခဲ့တယ်။ နွေးထွေးတဲ့ သိုးမွှေးတွေ၊ တိရိစ္ဆာန်သားရေတွေ အထပ်လိုက်ကို အပ်နဲ့သေချာ ချုပ်တာပါ။ ကျောက်လက်နက်အသစ်တွေနှင့် ဆန်းပြားအမဲလိုက်နည်းအသစ်တွေလည်း ထွင်ခဲ့ကြတယ်။ ဒါကြောင့်လည်း အမွှေးရှည်ဆင်ကြီးတွေနှင့် တခြားမြောက်ဝင်ရိုးစွန်းဘက်က အကောင်ကြီးတွေကို ခြေရာခံ အမဲလိုက်နိုင်ခဲ့ကြတာပါ။ နွေးထွေးတဲ့အဝတ်အစားနှင့် အမဲလိုက်နည်းပညာတွေ တိုးတက်လာတာနှင့်အမျှ ဆေပီယန်စ်တို့ဟာ အေးခဲတဲ့ဒေသတွေထဲကို နက်သထက်နက်အောင် သွားရဲလာရဲဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ကမ္ဘာ့မြောက်ပိုင်းကို ရွေ့ပြောင်းရင်းပဲ သူတို့ရဲ့ အဝတ်အစား၊ အမဲလိုက်နည်းဗျူဟာ နှင့် တခြားအသက်ရှင်သန်ရေးစွမ်းရည်တွေ တိုးတက်လာခဲ့ပါတယ်။

ဒါပေမယ့် ဘာကြောင့်များ သူတို့ ဒုက္ခရှာခဲ့ကြတာပါလဲ။ ဆိုက်ဘေးရီးယားလိုနေရာကို ဘာကြောင့်များ တကူးတက လာခဲ့ကြပါလိမ့်။ ဖြစ်နိုင်တာကတော့ စစ်ပွဲတွေ၊ လူနေထူထပ်မှု ဖိအားတွေ၊ သဘာဝဘေးအန္တရယ်တွေက တချို့အုပ်စုတွေကို မြောက်ဘက်ကိုတွန်းပို့ခဲ့တာပါ။ တချို့တွေကြတော့လည်း အမဲလိုက်ရင်း ပရိုတိန်းဓာတ်များများရတာကြောင့် မြောက်ဘက်ရဲ့ဆွဲဆောင်ရာကို ပါသွားတာဖြစ်နိုင်ပါတယ်။ အာတိတ်ဒေသဟာ ကြီးမားပြီးအရည်ရွှမ်းတဲ့အကောင်တွေဖြစ်တဲ့ အမွှေးရှည်ဆင်တွေ၊ တန်ဒြာသမင်တွေနဲ့ ပြည့်နေခဲ့တာပါ။ အမွှေးရှည်ဆင် တစ်ကောင်ချင်းစီကလည်း အသားဓာတ် အများအပြားရတဲ့ အရင်းအမြစ်တစ်ခုပါပဲ။ အေးခဲတဲ့ အပူချိန်ကြောင့် နောင်ကိုစားဖို့ အအေးခံထားနိုင်ပြီး အရသာရှိတဲ့အဆီဖတ်၊ နွေးထွေးတဲ့သိုးမွှေး နှင့် တန်ဖိုးရှိတဲ့ဆင်စွယ်တွေ ရပါတယ်။ ဆန်ဂီယာဒေသက တွေ့ရှိမှုတွေအရ အဲဒီအေးခဲလှတဲ့မြောက်ပိုင်းဒေသက အမွှေးရှည်ဆင်မုဆိုးတွေရဲ့ဘဝဟာ အသက်ရှင်သန်ရုံဆိုတာထက်ပိုပြီး အဆင်ပြေသာယာခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လူအုပ်စုတွေဟာ အမွှေးရှည်ဆင်တွေ၊ မတ်စတိုဒွန်းဆင်တွေ၊ ကြံ့တွေ၊ တန်ဒြာသမင်တွေကို အမဲလိုက်ရင်း ဝေးလံကျယ်ပြန့်စွာ နေထိုင်လာခဲ့ပါတယ်။ ဘီစီ ၁၄,၀၀၀ လောက်က ခုလိုအမဲလိုက်ရင်းနဲ့ပဲ တချို့ဟာ ဆိုက်ဘေးရီးယား အရှေ့မြောက်ပိုင်းကနေ အလက်စကာကို ရောက်သွားပါတော့တယ်။ ကမ္ဘာသစ်တစ်ခုကို သူတို့တွေ ရှာတွေ့ခဲ့ကြတယ်ဆိုတာတော့ သူတို့မသိခဲ့ဘူးပေါ့။ အမွှေးရှည်ဆင်တွေအတွက်ရော၊ လူတွေအတွက်ပါ အလက်စကာဆိုတာ အဲ့တုန်းက ဆိုက်ဘေးရီးယားရဲ့ နယ်စွန်အပိုတစ်ခု သက်သက်ပါ။


Sapiens – 27
အစမှာတော့ အလက်စကာကနေ ကျန်တဲ့အမေရိကတိုက်တစ်ခုလုံးကို သွားမရအောင် ရေခဲလွှာကြီးတွေက ကာဆီးထားခဲ့ပါတယ်။ စွန့်စားတတ်တဲ့လူနည်းစုလောက်ပဲ တောင်ပိုင်းဘက်ကို နည်းနည်းစူးစမ်းခဲ့မှာပါ။ ဒါပေမယ့် ဘီစီ ၁၂,၀၀၀ လောက်မှာ ကမ္ဘာကြီးပူနွေးမှုကြောင့် ရေခဲတွေအရည်ပျော်ကုန်ပြီး ပိုလွယ်ကူတဲ့လမ်းပွင့်သွားပါတယ်။ အဲဒီလမ်းကြောင်းသစ်ကို အသုံးပြုပြီး လူသားတွေအစုလိုက်အပြုံလိုက်ပဲ တောင်ပိုင်းကိုပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီကတဆင့် အမေရိကတိုက် တစ်တိုက်လုံးကို ပျံ့နှံ့သွားခဲ့တာပါ။ အာတိတ်ဒေသမှာ သားကောင်ကြီးတွေကိုအမဲလိုက်တာ အသားကျနေခဲ့ပေမယ့် လူသားတွေဟာ အမေရိကတိုက်ရဲ့ အံ့သြဖွယ် ကွဲပြားလှတဲ့ ရာသီဥတုနှင့်ဂေဟပတ်ဝန်းကျင်ကို မကြာမီပဲ ညှိယူအခြေချခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆိုက်ဘေးရီးယားကလူတွေရဲ့ သားစဉ်မြေးဆက်တွေဟာ အမေရိကန်နိုင်ငံ အရှေ့ပိုင်းက ထူထပ်တဲ့တောအုပ်တွေမှာ၊ မစ္စစပီမြစ်ဝကျွန်းပေါ်က ရွှံနွံတောထဲမှာ၊ မက္ကဆီကိုက သဲကန္တာရထဲမှာ၊ အမေရိကတိုက်အလယ်ပိုင်းက အမြဲစိမ်းတောထဲမှာ စသည့်ဖြင့် အခြေချနေထိုင်ခဲ့ကြတယ်။ တစ်ချို့တွေက အမေဇုန်မြစ်ဝှမ်းဒေသမှာ အိမ်တွေဆောက်ခဲ့ကြတယ်။ တချို့က အင်ဒီးစ်တောင်ကြားဒေသ၊ အာဂျင်တီးနားက ပင်းပတ်စ်လွင်ပြင်ဒေသတွေမှာ အခြေချခဲ့ကြပါတယ်။ ပြီးတော့ ဒါတွေအားလုံး ထောင်စုနှစ် တစ်ခု၊ နှစ်ခုအတွင်းမှာ ဖြစ်သွားတာ အံ့သြစရာပါ။ ဘီစီ ၁၀,၀၀၀ လောက်လည်းရောက်ရော လူသားတွေဟာ အမေရိကတိုက်ရဲ့ တောင်ဘက်အစွန်ဆုံး နေရာအထိပါ အခြေချနေထိုင်နေကြပါပြီ။ နေရာအားဖြင့် အမေရိကတိုက်ရဲ့ တောင်ဘက်အစွန်ဆုံးက တီအဲရာ ဒယ် ဖွယ်ကိုး ကျွန်းအထိပါပဲ။ လူသားတွေ အမေရိကတိုက်မှာ တဟုန်ထိုးပျံ့နှံ့သွားတာဟာ ဆေပီယန်စ်တွေမှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ တီထွင်နိုင်မှု နှင့် ပြိုင်ဘက်ကင်းတဲ့ လိုက်လျောညီထွေနေနိုင်မှု ရှိကြောင်း သက်သေပြနေပါတယ်။ ကိုယ့်မျိုးရိုးဗီဇကို ပြောင်းလဲမသွားစေဘဲ တခြားဘယ်သတ္တဝါမှ ဒီလိုကြီးမားကွဲပြားလှတဲ့ နေရာဒေသအသစ်တွေမှာ ဒီလောက်မြန်မြန် ရွှေ့ပြောင်းအခြေမချနိုင်ပါဘူး။

လူသားတွေ အမေရိကတိုက်ကို အခြေချတာ သွေးစွန်းမှု မရှိဘူးတော့ မဟုတ်ဘူး။ လူသားတွေ အခြေချပြီးနောက်ပိုင်း ဒဏ်ခံရတဲ့သားကောင်တွေ တသီတတန်းကြီး ကျန်ခဲ့တာပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄,၀၀၀ က အမေရိကရဲ့ဒေသတွင်း တိရိစ္ဆာန်ကြီးတွေဟာ ဒီနေ့ခေတ်ထက် အများကြီးစုံလင်ခဲ့တာပါ။ ကနဦးအမေရိကန်တွေဟာ အလက်စကာရဲ့တောင်ဘက် ကနေဒါနိုင်ငံရဲ့လွင်ပြင်နှင့် အမေရိကန်နိုင်ငံရဲ့ အနောက်ပိုင်းကို ရောက်လာခဲ့တယ်။ သူတို့တွေဟာ ဒီနေ့ခေတ်မှာ လုံးဝမသိကြတော့တဲ့ အမွှေးရှည်ဆင်ကြီးတွေ၊ မတ်စတိုဒွန်းဆင်တွေ၊ ဝက်ဝံနီးပါး ကြီးမားတဲ့ ရှဉ့်တွေ၊ မြင်းအုပ်တွေ၊ ကုလားအုတ်တွေ၊ ခြင်္သေ့ကြီးမျိုးတွေနှင့် တခြား အကောင်ကြီးမျိုးစိတ် ဒါဇင်ကျော်နဲ့ ဆုံတွေ့ခဲ့ရမှာပါ။ အဲဒီအထဲမှာ ကြောက်စရာကောင်းတဲ့ အစွယ်ကွေးကျားကြီးတွေနှင့် ၆မီတာမြင့်ပြီး ၈တန်လောက်လေးတဲ့ ဧရာမမြေပြင်မျောက်မောင်းမတွေလည်းပါ ပါတယ်။ တောင်အမေရိကမှာဆို ဒီ့ထက်ပိုထူးခြားဆန်းပြားတဲ့ နို့တိုက်သတ္တဝါကြီးတွေ၊ တွားသွားသတ္တဝါတွေ၊ ငှက်တွေ စသည့်ဖြင့် တိရိစ္ဆာန်အမျိုးမျိုး ရှိခဲ့တယ်။ အမေရိကဒေသဟာ ကြီးကျယ်ခမ်းနားတဲ့ ဆင့်ကဲပြောင်းလဲခြင်း စမ်းသပ်ဓာတ်ခွဲခန်းကြီးပါ။ အဲဒီနေရာမှာ အာရှနဲ့အာဖရိကမှာမသိကြတဲ့ သတ္တဝါတွေ၊ သစ်ပင်တွေ အမျိုးမျိုး ရှင်သန်ကြီးထွားခဲ့ပါတယ်။

ဒါပေမယ့် မကြာပါဘူး။ ဆေပီယန်စ်တို့ ရောက်လာပြီး နှစ်ပေါင်း ၂၀၀၀ အတွင်းမှာပဲ ဒီထူးခြားတဲ့မျိုးစိတ် တော်တော်မျာများ ကွယ်ပျောက်သွားပါတယ်။ လက်ရှိခန့်မှန်းချက်တွေအရတော့ အဲဒီအချိန်လေးတွင်းမှာပဲ မြောက်အမေရိကဟာ သူ့ရဲ့ ၄၇ ရာခိုင်နှုန်းသော နို့တိုက်သတ္တဝါကြီးတွေထဲက ၃၄ ရာခိုင်နှုန်း ပျောက်ကွယ်သွားပါတယ်။ တောင်အမေရိက ကတော့ ၆၀ ရာခိုင်နှုန်း ထဲက ၅၀ ရာခိုင်နှုန်း ပျောက်သွားပါတယ်။ နှစ်သန်းပေါင်း ၃၀ ကျော်ရှင်သန်လာခဲ့တဲ့ အစွယ်ကွေးကျားကြီးတွေ ပျောက်ဆုံးသွားပြီး ဧရာမမြေပြင်မျောက်မောင်းမတွေ၊ ခြင်္သေ့ကြီးမျိုးတွေ၊ အမေရိကန်ဒေသရင်း မြင်းတွေ၊ အမေရိကန်ဒေသရင်း ကုလားအုတ်တွေ၊ ဧရာမရှဉ့်ကြီးတွေ နှင့် အမွှေးရှည်ဆင်ကြီးတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။ နို့တိုက်သတ္တဝါအသေးလေးတွေ၊ တွားသွားသတ္တဝါတွေ၊ ငှက်တွေ၊ အင်းဆက်တွေနှင့် ကပ်ပါးကောင်တွေပါ မျိုးတုန်းကုန်တယ် (အမွှေးရှည်ဆင်ကြီးတွေဆုံးသွားတော့ သူတို့ကိုမှီခိုတဲ့ အကောင်ငယ်လေးတွေလည်း ပျောက်ကွယ်ကုန်ပါတယ်)။

ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေနှင့်ရှေးဟောင်းသတ္တဗေဒပညာရှင်တွေဟာ အမေရိကတိုက်ပေါ်က လွင်ပြင်တွေ၊ တောင်တန်းတွေမှာ ဆင်းရင်းတက်ရင်း တိရိစ္ဆာန်ရုပ်ကြွင်းတွေ ရှာနေတာ ဆယ်စုနှစ်များစွာ ရှိပါပြီ။ သူတို့ဟာ ရှေးကုလားအုတ်တွေရဲ့ အရိုး၊ ကျောက်ဖြစ်သွားတဲ့ ဧရာမမြေပြင်မျေက်မောင်းတွေရဲ့ မစင် စတဲ့အရာတွေကို ရှာတာပါ။ သူတို့ရှာနေတာ တွေ့တဲ့အခါ အဲဒီရတနာတွေကို သေချာထုပ်ပိုးပြီး ဓာတ်ခွဲခန်းကို ပို့ပါတယ်။ ဓာတ်ခွဲခန်းမှာ အရိုးတစ်ခုချင်း၊ ကော်ပရိုလိုက် (ရုပ်ကြွင်းဖြစ်သွားသောမစင်၏ ပညာရပ်အမည်)တစ်ခုချင်းကို အသေးစိတ်လေ့လာ မှတ်တမ်းတင်ပါတယ်။ ကြိမ်ဖန်များစွာပဲ ဒီခွဲစိတ်လေ့လာမှုတွေက တူညီတဲ့ရလဒ်ကို ပေးပါတယ်။ အလတ်ဆတ်ဆုံး မစင်တုံးနှင့် နောက်ဆုံးတွေ့ရတဲ့ ကုလားအုတ်အရိုးတွေရဲ့ သက်တမ်းဟာ လူသားတွေ အမေရိကတိုက်အနှံ့အပြားကို ရောက်သွားတဲ့အချိန်ပါပဲ။ ပျမ်းမျှ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၀၀၀ နဲ့ ဘီစီ ၉၀၀၀ ကြားပါ။ တခြားနေရာတစ်ခုမှာပဲ သိပ္ပံပညာရှင်တွေဟာ ပိုနောက်ကျတဲ့ မစင်တုံးကို တွေ့ခဲ့ကြပါတယ်။ ကာရေဘီယန်ကျွန်းတစ်ချို့ပေါ်မှာပါ။ တိတိကျကျပြောရရင် ကျူးဘားကျွန်းနှင့်ဟစ်စပစ်ညိုလာကျွန်းပါ။ သူတို့အဲဒီမှာ ဘီစီ ၅၀၀၀ က ကျောက်ဖြစ်သွားတဲ့ မြေပြင်မျောက်မောင်းမတွေရဲ့မစင်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ပထမဆုံးအကြိမ် လူသားတေ ွကာရေဘီယန်ပင်လယ်ကို ဖြတ်ပြီး အဲဒီကျွန်းကြီးတွေပေါ် အခြေချနိုင်ခဲ့တဲ့အချိန်နဲ့ ကွတ်တိပါပဲ။

သို့ပေမယ့် ပညာရှင်တစ်ချို့ကတော့ ကျွန်ုပ်တို့လူသားတွေမှာ အပြစ်မရှိကြောင်း ကာကွယ်ပြောဖို့ကြိုးစားပြီး ရာသီဥတုပြောင်းလဲခြင်းအပေါ်မှာသာ အပြစ်ပုံတုန်းပါပဲ (အဲဒီအခါ ပြောစရာရှိလာတာကတော့ ဘယ်လိုအကြောင်းကြောင့်မှန်း မသိရဘဲ ကာရေဘီယန်ကျွန်းတွေရဲ့ ရာသီဥတုဟာ နှစ်ပေါင်း ၇၀၀၀ လုံး မပြောင်းမလဲရှိခဲ့ပြီး ကျန်တဲ့ ကမ္ဘာ့အနောက်ဘက်ခြမ်းကတော့ ပူနွေးခဲ့တာပါပဲ)။ ဒါပေမယ့် အမေရိကတိုက်မှာတော့ ဒီသက်သေမစင်တုံးတွေကို ရှောင်လို့မရပါဘူး။ ကျနော်တို့ဟာ လက်သည်တရားခံပါ။ ဒီအမှန်တရားကလွဲပြီး တခြားမရှိပါဘူး။ ရာသီဥတုပြောင်းလဲခြင်းကြောင့်လည်း ပါတယ်ဆိုပေမယ့် လူသားတွေက အဓိကကျတယ်ဆိုတာ သေချာပါတယ်။



နောဧ၏သင်္ဘောကြီး
သြစတေးလျနဲ့အမေရိကမှာဖြစ်တဲ့ အကြီးအကျယ်မျိုးတုန်းမှုတွေကို ကျွန်တော်တို့ ပေါင်းလိုက်မယ်။ ပြီးတော့ အာရှ-အာဖရိက တလျှောက် ဆေပီယန်စ်တွေ ပျံ့နှံ့လာရင်း တခြားလူသားမျိုးစိတ်တွေမျိုးတုန်းခြင်းစတဲ့ အသေးစားမျိုးတုန်းမှုတွေ။ ပြီးတော့လည်း ကျူးဘားလို ဝေးလံတဲ့ကျွန်းပေါ်မှာ ရှေးခေတ်ရှာဖွေစားသောက်သူတွေအခြေချတော့ ဖြစ်ခဲ့တဲ့မျိုးတုန်းမှုတွေလည်း အကုန်ပေါင်းလိုက်ဦးမယ်။ အဲဒီအခါမှာ ဆေပီယန်စ်တို့ နေရာဒေသသစ်ကို ပထမဆုံး နယ်ချဲ့ထွင်မှုလှိုင်းလုံးဟာ တိရိစ္ဆာန်လောကအတွက် အကြီးမားဆုံးနဲ့အမြန်ဆုံးသော ဂေဟပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်စေတယ်လို့ မလွဲမသွေ ကောက်ချက်ချရပါတော့မယ်။ အမွှေးထူတဲ့သားကောင်ကြီးတွေဟာ အဆိုးဝါးဆုံး ခံခဲ့ရတယ်။ စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီး ဖြစ်တုန်းက ကမ္ဘာမြေဟာ ကီလို ၅၀ ကျော်အလေးချိန်ရှိတဲ့ ကုန်းနေနို့တိုက်သတ္တဝါကောင်ကြီးမျိုးစု ၂၀၀ ကျော်ရဲ့ နေအိမ်ဖြစ်ခဲ့တာပါ။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးလောက်လည်းကျရော မျိုးစု ၁၀၀ လောက်ပဲ ကျန်ပါတော့တယ်။ ဟိုမို ဆေပီယန်စ်တွေက ကမ္ဘာပေါ်ကသတ္တဝါအကောင်ကြီး တဝက်ကျော်ကို မျိုးတုန်းသွားအောင် မောင်းထုတ်ပစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက လူသားတွေဟာ စားရေးခြင်း၊ ဘီး၊ သံထည်ပစ္စည်း စတဲ့အရာတွေကို တီထွင်ဖို့ အဝေးကြီးလိုပါသေးတယ်။

ခုလို ဂေဟဝန်းကျင်ဆိုင်ရာအဖြစ်ဆိုးဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးနောက်ပိုင်းမှာလည်း အသေးစားပုံစံအဖြစ် ဆက်လက်ဖြစ်ပျက်နေခဲ့ပါသေးတယ်။ ရှေးဟောင်းသုတေသနမှတ်တမ်းတွေအရ တစ်ကျွန်းပြီးတစ်ကျွန်း ခုလို ဝမ်းနည်းစရာအကြောင်းတွေပဲ ထပ်နေပါတယ်။ ဒီဝမ်းနည်းဇတ်လမ်းတွေကို များပြားစုံလင်တဲ့ သတ္တဝါကြီးတွေရဲ့မြင်ကွင်းနဲ့ အမြဲဖွင့်ပါတယ်။ လူသားတွေရဲ့ အစအန ဘာမှမရှိဘဲနဲ့ပေါ့။ ဒုတိယ မြင်ကွင်းရောက်တော့ ဆေပီယန်စ်တွေပေါ်လာတယ်။ လူ့အရိုးတွေ၊ လှံသွားတွေ.. အိုးတွေတောင် တွေ့ရသေးတယ်။ တတိယမြင်ကွင်းမှာတော့ လူသားမိန်းမ၊ယောက်ျားတွေ စင်မြင့်အလယ်ကို မြန်မြန်နေရာယူကြပြီး တိရိစ္ဆာန်ကြီးအများစုဟာ တခြားအကောင်ငယ်များစွာနဲ့အတူ ပျောက်ကွယ်သွားကြပါတော့တယ်။


ဘာသာပြန် - မာန်သီဟထွန်း


ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

https://www.dailymail.co.uk/…/Scientists-reveal-direct-evid…
https://www.pinterest.com/pin/38773246771861615/
https://www.donsmaps.com/iceagehunters.html
https://www.sciencemag.org/…/grisly-find-suggests-humans-in…