နယ်ခြားစောင့်တပ် BGF တွေရဲ့ ဘက်ပြောင်းဖို့ ရွေးချယ်နေတဲ့ အနေအထား၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စတင်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၅ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၄
နယ်ခြားစောင့်တပ် BGF တွေရဲ့ ဘက်ပြောင်းဖို့ ရွေးချယ်နေတဲ့ အနေအထား၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စတင်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ
ကရင်ပြည်နယ်ထဲက ထိုင်းနယ်စပ် မြဝတီမြို့နယ်ထဲမှာ အခြေစိုက်ပြီး တရားမဝင် နယ်စပ်ကုန်သွယ်မှုတွေ၊ မူးယစ်ဆေးဝါးသယ်ဆောင် ဖြန့်ချိတာတွေ၊ နောက်ပိုင်း ကာစီနို လောင်းကစားဝိုင်းက တဆင့် အွန်လိုင်းငွေလိမ်ခြင်းနဲ့ လူကုန်ကူးမှုတွေတွေမှာ နိုင်ငံဖြတ်ကျော်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လက်နက်ကိုင်တပ်နဲ့ အကာအကွယ်ပေးတာတွေ လုပ်ဆောင်နေတဲ့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်က စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ အဖြစ်နဲ့ ဆက်လက် မရပ်တည်တော့ဖို့ အသိပေးတောင်းဆိုလာတဲ့ အဖြစ်အပျက်တွေ ခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး လက်နက်ကိုင် တောခိုသွားကြတဲ့ ကျောင်းသားလူငယ်တွေကို လက်ခံနေရာပေးထားတဲ့ ကေအန်ယူကို တိုက်ခိုက်ဖို့၊ ပြိုကွဲအောင် ကြိုးစားဖို့ ထိုအချိန်က ငြိမ်ပိ အစိုးရလို့ အရပ်အခေါ်ခေါ်ကြတဲ့ နဝတ စစ်အစိုးရရဲ့ ကြိုးပမ်းမှုနဲ့ ကေအန်ယူလက်နက်ကိုင် အဖွဲ့ထဲက အင်အားစု တချို့ ခွဲထွက်ပြီး ဗုဒ္ဓဘာသာ ကရင်လက်နက်ကိုင် တပ်ဖွဲ့ (အတိုကောက်အားဖြင့် DKBA ) ဖွဲ့စည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄၊ ၉၅ ခုနှစ်တွေမျာ ကရင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ အတူ အခြေစိုက်စခန်းတွေ သိမ်းယူခဲ့ရာမှာ ကေအန်ယူက ခွဲထွက်ခဲ့တဲ့ DKBA အဖွဲ့လည်း စစ်အစိုးရဘက်က ပါဝင်တိုက်ခိုက်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာနယ်စပ်က ဒုက္ခသည် သိန်းနဲ့ချီတဲ့ စခန်းတွေ ပေါ်ထွက်လာတဲ့ အကြောင်းရင်းက အဆိုပါ စစ်အစိုးရရဲ့ ကရင်ပြည်နယ်ထဲက စစ်ဆင်ရေးတွေကြောင့် ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးတွေမှာ DKBA က ကေအန်ယူရဲ့ အတွင်းသိ အစင်းသိ ဒေသအခြေအနေကို ကျွမ်းကျင်တဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာဖြစ်ပြီး DKBA ထဲကမှ စောချစ်သူ ဦးဆောင်တဲ့ အင်အားစုက ထပ်မံခွဲထွက်လာပြီး စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကြိုတင်ပြင်ဆင်မှု အနေနဲ့ အပစ်ရပ်လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းပြီး စစ်တပ်ရဲ့ အမိန့်ပေးမှုအောက်၊ စစ်တပ်က အရာရှိတွေက နယ်ခြားစောင့်တပ်ထဲ တွဲဖက်ထားတဲ့ စနစ်ကိုကျင့်သုံးရာမှာ ဗိုလ်စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့က သဘောတူခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အဖြစ် အသွင်မပြောင်းလိုတဲ့ DKBA က သီးခြားကျန်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်း အပစ်ရပ် သဘောတူညီမှုကို ဦးသိန်းစိန် အစိုးရ၊ စစ်တပ်နဲ့ ရယူခဲ့ကြတာပါ။
ပြန်ချုံ့ကြည့်ရင် BGFဟာ စစ်တပ်ရဲ့ သဘောဆန္ဒအတိုင်း သဘောတူပြီး နယ်စပ်ဒေသတွေမှာနဲ့ ကရင်ပြည်နယ် ကုန်သွယ်ရေး လမ်းကြောင်း တလျှောက်မှာ လိုင်စင်မဲ့ကားသယ်ဆောင်တာ၊ မူးယစ်ဆေးဝါး သယ်ဆောင်တာ၊ ကရင်နဲ့ မွန်ပြည်နယ်က မြို့တွေမှာ အညိုရောင်နဲ့ အနက်ရောင် စီးပွားရေး လုပ်ငန်းမျိုးတွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအရ ရပ်တည်ချက်၊ ကိုင်စွဲတဲ့ မူဝါဒစတာတွေ မရှိပဲ စီးပွားရေး အကျိုးစီးပွားနဲ့ ရပ်ရွာလူထုအပေါ် အာဏာနဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းက စစ်ကောင်စီနောက်ကို ဆက်မလိုက်တော့ဘဲ လက်တွဲဖြုတ်မယ်ဆိုတဲ့ အပေါ် နိုင်ငံရေးအရတော့ များများစားစား မျှော်လင့်စရာ မရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ အနက် စီးပွားရေး အကျိုးအမြတ်အတွက် ရပ်တည်နေတဲ့ အဖွဲ့အစည်းတခုဖြစ်လို့ အခုလို စစ်ကောင်စီနဲ့ လက်တွဲဖြုတ်ခြင်း အပေါ် သတိနဲ့ သာ ချဥ်းကပ်သင့်တဲ့ သဘောလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း မွန်ပြည်နယ် ကရင်ပြည်နယ်တို့လို နေရာဒေသတွေမှာ ဒေသခံတွေ အပေါ် အနိုင်ကျင့်ခဲ့တာတွေ၊ လက်နက်အားကိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခြိမ်းခြောက်မှုတွေ၊ စစ်တပ် နဲ့ အာဏာပိုင်က အချို့သော သိပ်မကြီးကျယ်တဲ့ ရာဇဝတ်မှုတွေကို လျော်ပစ်ပေးခဲ့တာတွေကို ဒေသခံတွေ အားလုံးသိရှိကြပါတယ်။
လတ်တလော လက်တွဲဖြုတ်ခြင်းကလည်း တော်လှန်ရေး ရေချိန်မြင့်လာခြင်း စစ်ကောင်စီ ဆုံးရှုံးမှုတွေ ဆက်တိုက် ကြုံနေရတဲ့ အကြောင်းအချက်ထက် ရွှေကုက္ကိုလ်နဲ့ အနီးတဝိုက်ဒေသတွေမှာ အခြေစိုက်ထားတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း၊ အခြားနိုင်ငံသားတွေကိုပါ သွေးဆောင်ဖျားယောင်းပြီး ကျေးကျွန်သဖွယ် ခိုင်းစားတဲ့ ကာစီနို ကစားဝိုင်း တဖြစ်လဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့က နှိမ်နှင်းဖို့ လုပ်ဆောင်ဖို့ ဆွေးနွေးမှုတွေကြောင့် ဖြစ်ဖို့ ရာနှုန်းများတာပါ။ မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ကား သယ်ဆောင်မှု၊ အခွန်မဆောင်တဲ့ ထိုင်းကုန်ပစ္စည်းတွေ သယ်ယူခွင့်ရတဲ့ လုပ်ငန်းတွေထက်ကို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ထံက ရရှိတဲ့ ကော်မရှင်က အပြတ်အသတ်များပြားတဲ့ အနေအထားလို့ ယူဆရပါတယ်။ ဆယ်စုနှစ် ၃ ခုကျော်လုံးလုံး ကရင်ပြည်နယ်ရဲ့ လူမျိုးစုလွတ်မြောက်ရေးထက် လက်နက်ကိုင်ထားတဲ့ ၄င်းတို့အဖွဲ့ ရပ်တည်ရေး ငွေကြေး အကျိုးအမြတ်ရရေးသာ ရည်မှန်းချက်ထားပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ကရင်လက်နက်ကိုင် အချင်းချင်း ပြန်လည် တိုက်ခိုက်နေခဲ့ သမိုင်းကို လွယ်လွယ်ကူကူ သင်ပုန်းခြေ မေ့ပစ်လို့ မရတဲ့ အနေအထားလို့ ဆိုချင်ပါတယ်။
ဒီနေ့ အဖို့ နောက်ထပ် အကြောင်းအရာတခုကတော့ ရှမ်းပြည်နယ် တောင်ပိုင်း မှာ လက်နက်ကိုင် တိုက်ပွဲတွေ စတင်ခဲ့ပြီလို့ သတင်းမီဒီယာတွေမှာ ရေးသားဖေါ်ပြနေကြတဲ့ အကြောင်း ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ၊ ပအို့ဝ်း လက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားကြတဲ့ ရှမ်းတောင်ဒေသမှာ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ပအို့ဝ်း အမျိုးသား လွတ်မြောက်ရေးတပ် PNLA အဖွဲ့နဲ့ စစ်ကောင်စီ ဦးဆောင်တဲ့ PNO တပ်ဖွဲ့တွေအကြား လက်နက်ကိုင် တိုက်ပွဲတွေ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ PNLA တပ်ဖွဲ့က သယ်ဆောင်လာတဲ့ လက်နက် ခဲယမ်းတွေပါတဲ့ ယာဥ်တန်းကို စစ်ကောင်စီ PNO တပ်ဖွဲ့တွေပူးပေါင်း တားဆီးစစ်ဆေးရာက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဟိုပုန်းမြို့နယ်ထဲက စံဖူးကျေးရွာထဲက နေအိမ် ၂၇ လုံးဝန်းကျင် မီးလောင်ပျက်စီး ခဲ့ရပါတယ်။ အဲဒီနေ့ ဖြစ်စဥ်မှာ PNLA ဘက်က တပ်ဖွဲ့ဝင် တဦးသေဆုံးပြီး စစ်ကောင်စီဘက်က ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လက်နက်သယ်ဆောင်တာကို ယမန်နှစ်က လည်း စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့ဖူးတာရှိပြီး စစ်ကောင်စီကတော့ ဒီလက်နက်တွေက ကယားပြည်နယ်က PDF တပ်ဖွဲ့တွေအတွက် PNLA က သယ်ယူပေးတာလို့ ယူဆထားပြီး ဒီလိုသယ်ယူတဲ့ လမ်းကြောင်းကို စောင့်ကြည့်နေတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ လက်နက်တွေကို SSPP/SSA တပ်တွေထံက သယ်ယူလာတယ်လို့ စစ်ကောင်စီဘက်က ယခင်အဖြစ်အပျက်တွေဖြစ်စဥ် ထုတ်ပြန်ခဲ့ဖူးပြီး SSPP/SSA ၊ PNLA နဲ့ KNDF တို့အကြားက ဆက်သွယ်ကူညီမှုတွေ လည်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီအဖြစ်အပျက်က NCA ထိုးထားလို့ အပစ်ရပ်ထားတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းထားတဲ့ PNLA ကို စစ်ကောင်စီနဲ့ အတိအလင်း ပြန်လည် တိုက်ခိုက်ဖို့ စေ့ဆော်လိုက်တဲ့ အဖြစ်အပျက်ဖြစ်ပြီး ဒီလို ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေမှာ SSPP/SSA တို့ပါ ပါဝင်လာနိုင်သလားဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ SSPP/SSA အနေနဲ့ ရှမ်းမြောက်ဒေသတွေက ၄င်းရဲ့ အခြေခံဒေသတွေ ဖြစ်တယ်လို့ ယူဆထားမှုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ လတ်တလောမှာ နမ့်ခမ်းလို ရှမ်းလူမျိုးတွေ နေထိုင်ကြတဲ့ ဒေသမှာ TNLA က သိမ်းယူပြီး အုပ်ချုပ်ရေးဖော်ဆောင်ဖို့ ပြင်ဆင်နေတာ၊ အခွန်ကောက်ခံနေတာ၊ လူသစ်စုဆောင်းတာတွေနဲ့ ပတ်သက်လို့ SSPP/SSA နဲ့ TNLA အကြား စကားပြောဆို ညှိနှိုင်းရမယ့် အရေးကလည်း အရေးကြီးနေတဲ့ အနေအထားမျိုးလို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ စစ်ကောင်စီအဖို့တော့ ရှမ်းတောင်မှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေက သူတို့အတွက် နောက်ကံဆိုးတဲ့ နေရာတခု တိုးလာတယ်လို့ ဆိုရင် မှားမယ် မထင်ပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar