မောင်စွမ်းရည် - ကျွန်တော်တို့ရဲ့ နှမငယ် မာမာအေး
မောင်စွမ်းရည် - ကျွန်တော်တို့ရဲ့ နှမငယ် မာမာအေး
(မိုးမခ) ဇန်နဝါရီ ၂၆ ၊ ၂၀၂၄
ကျွန်တော်တို့ရဲ့ နှမထွေးလေး မာမာအေး ကွယ်လွန်သွားခဲ့ရှာပါပြီ။ ပြည်သူချစ်တဲ့ တေးသံရှင်မို့ တပြည်လုံးကလည်း နှမြောတသမဆုံး ဝမ်းနည်းမဆုံး ဖြစ်ကြရပါတယ်။ ဗမာပြည်မှာတုန်းက မာမာအေးနဲ့ ကျွန်တော်တို့ဟာ မန္တလေးနဲ့ ရန်ကုန် တမြို့စီမို့ ရပ်ဝေးကပဲ လွမ်းဆွတ်တမ်းတနေခဲ့ကြရသလို ပြည်ပ ရေောက်ပြန်တော့လည်း အမေရိကန် တနိုင်ငံတည်းမှာ နေကြပေမဲ့ ပြည်နယ်တွေ အများကြီး ခြားနား ဝေးကွာပါတယ်။ နယူးယောက်နဲ့ ဖို့(တ်)ဝိန်း ဆိုတာ အဝေးကြီးပါ။ တနှစ် တခါတောင် မဆုံဖြစ်ကြပါ။
မာမာအေးက အမေရိကကို ကျွန်တော့်အရင် ရောက်နေသူပါ။ ကျွန်တော်က ဥရောပကနေ အမေရိကကို ကူးလာတော့ သူက နယူးယောက်မှာပါ။ ကျွန်တော်က အမေရိကန်ပြည်ထောင်စုအလယ်ပိုင်း ချီကာဂိုနားက အင်ဒီယားနားပြည်နယ်ထဲမှာပါ။ ကျွန်တော် ဖို့(တ်)ဝိန်းကို ရောက်တော့ ကိုဝင်းဖေ(ပန်တျာဆရာကြီး) လည်း ဖို့(တ်)ဝိန်းမှာ။ ကိုဘဂျမ်း(တင်မိုး) နဲ့အတူ ရောက်နေပါတယ်။ ကျွန်တော် ဖို့(တ်)ဝိန်းကို ရောက်သွားတော့ တင်မိုးက ကျွန်တော့်ရှေ့မှာတင်ပဲ မာမာအေးဆီကို ဖုန်းခေါ်လိုက်ပါတယ်။
“မာအေးရေ... ငါတို့ အနုပညာမောင်နှမတွေ တစုတည်း နေကြရအောင်။ မာအေး... ငါတို့ဆီ ရွှေ့ခဲ့ပါလား” တဲ့။
မကြာခင်ရက်ပိုင်းမှာ မာမာအေး ဖို့(တ်)ဝိန်းကို ရောက်လာပါတယ်။ ရောက်လာပြီး ချက်ချင်းပဲ အိမ်တလုံး ဝယ်ပါတယ်။ အကြီးကြီးပါ။ တန်းလျားရှည်ကြီးလိုပါပဲ။ နယူးယောက်မှာ ပီနန်ဆရာတော်ကြီး ဝယ်ထားတဲ့ ဘုန်းကြီးကျောင်းလိုပါပဲ။ တောင်နဲ့ မြောက် ပေ ၂၀၀၊ ၃၀၀ လောက် ရှိမလား မသိပါ။ အိမ်အရှည်ကြီးပါ။ မြောက်ဖျားမှာ အရှေ့ အနောက် အခန်းရှည်ကြီးတခု ပါရှိတာကို အများသမီးများ နေကြမယ်လို့ ဆိုပါတယ်။ တောင်ဘက်ခြမ်းမှာ အခန်းငယ်လေးတွေ (တယောက်ခန်းလေးတွေ) ပါရှိတာကိုတော့ အမျိုးသားတွေ နေဖို့တဲ့။ သူ့အစ်ကိုတွေ နေဖို့တဲ့။ ဒါက တင်မိုး၊ မောင်စွမ်းရည် တို့ နေနဖို့လို့ ဆိုလိုတာပါ။
နှစ်သောင်းနဲ့ သူများဆီက ငွေချေးပြီး ဝယ်လိုက်တာလို့ ကြားသိလိုက်ရပါတယ်။
မာမာအေး လည်း ရောက်လာရော တင်မိုးက သူ့သမီး ‘အယ်လ်အေ’ကို (လော့စ်အိန်ဂျလိစ်)ကို ရောက်လာလို့တဲ့ ထွက်သွားပါလေရော။ မောင်စွမ်းရည်ကလည်း အိုင်အိုဝါတက္ကသိုလ် အပြည်ပြည်ဆိုင်ရာ စာပေညီလာခံကြီးက ဖိတ်ခေါ်လို့တဲ့ ထွက်သွားပါလေရော။ မာမာအေးလေး တယောက်တည်းပဲ သူ့အစ်ကိုကြီးတွေ ပြန်လာချိန်နဲ့ အိမ်ကြီးတလုံးမှာ အဖော်တယောက် ခေါ်ပြီး စောင့်စားနေရှာလေရဲ့။ တနှစ်လည်း ပြန်မလာ၊ နှစ်နှစ်လည်း ပြန်မလာ။ အိမ်ကြီးမှာ ကျယ်တဲ့အပြင် အိမ်နောက်က မြက်ခင်းကြီးကလည်း ဘောလုံးကွင်းတခုစာမက ကျယ်မယ် ထင်ပါတယ်။ မီးဖိုခန်း၊ ပြတင်းပေါက်ကို မေးတင်ပြီး တင်မိုး နဲ့ မာမာအေး တို့ ဆေးလိပ်မီးခိုးထုတ်ကြပါတယ်။ တင်မိုးက တခါတလေ သွားလည်ပြီး နှစ်ည၊ သုံးညအိပ် သီချင်းဆိုသတဲ့။ အဆိုတော်ကို ဆိုခွင့်မပေးဘဲ သူကချည်း တနေကုန်၊ တညလုံး ဆိုသလို မနားတမ်း ဆိုသတဲ့။ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ရွှေပြည်အေး၊ မြတ်လေး ကစလို့ သီချင်းကြီးတွေပါ ဆိုတာပါတဲ့။ ဆိုလို့ အားရမှ ပြန်ခဲ့သတဲ့။
မာမာအေး သီချင်းတွေ စတင်သီဆိုတာက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦထဲမှာ ဆိုရတာ များပါသတဲ့။ မြတ်လေး နဲ့ စန္ဒရားချစ်ဆွေ တို့က ကျောင်းသားသီချင်းတွေနဲ့ ငြိမ်းချမ်းရေးသီချင်းတွေကို ဆိုခိုင်းတာပါ။ တက္ကသိုလ်မှာ အဆိုတော် လုပ်နေပေမဲ့ သူက ရန်ကုန်မြို့ ကမာရွတ် အ.ထ.က (၁) ကျောင်းမှာ အလယ်တန်းတက်နေတုန်းပါ။ မာမာအေးရဲ့ မိဘတွေက အငြိမ့်သဘင်လောကထဲက ဆိုတော့ မာမာအေး လူမှန်းသိစကတည်းက အငြိမ့်စင်နောက်မှာ ဆိုင်းသံ ဗုံသံတွေကြားက ကြီးပြင်းလာခဲ့ရပါသတဲ့။ တက္ကသိုလ်သမဂ္ဂ ရုံးခန်းထဲမှာ ကြီးပြင်းလာခဲ့ရတာ ဆိုတော့ နိုင်ငံရေး အသိစိတ်ကလည်း ထက်သန်ခဲ့လေတော့ အမေရိကထိ လွင့်စဉ်လာခဲ့ရတော့တာပါပဲ။ သူ စပြီး ရောက်တာက နယူးယောက်ပါ။ ကျွန်တော်က ဖို့(တ်)ဝိန်းကို စတင်ရောက်ခဲ့တာပါ။ ဒါပေမြ့ သူနဲ့ ကျွန်တော် နေရာချင်း လဲလှယ်လိုက်သလို သူက ဖို့(တ်)ဝိန်းမှာ၊ ကျွန်တော်က နယူးယောက်မှာ။ နှစ်ပေါင်း ၂၀ ကျော် ကြာသွားခဲ့ပါပြီ။ အနုပညာမောင်နှမတွေ စုပေါင်းနေကြဖို့ ဝယ်ထားတဲ့ အိမ်ကြီးမှာပဲ အစ်ကိုတွေကို မျှော်ရင်း မာအေး တယောက် ကွယ်လွန်သွားခဲ့ရှာပါပြီ။
မာမာအေးက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို မြတ်လေး တို့ ခေါ်လို့ သမဂ္ဂကျောင်းသား ခေါင်းဆောင်တွေနဲ့ ရင်းနှီးခင်မင်ပြီး မောင်နှမတွေလို နေခဲ့ကြတာပါ။ ကိုဘေကာင်း၊ ကိုဇော်ဝင်း စတဲ့ ကျောင်းသားခေါင်းဆောင်ကြီးတွေမှာ ကြီးပြင်းလာခဲ့တာပါ။ အဲဒီကာလက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စတဲ့ တက္ကသိုလ်၊ ကောလိပ်ကောင်းတွေမှာ တက္ကသိုလ် ကောလိပ်ပေါင်းစုံ ပညာရေးနှီးနှောဖလှယ်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဆို က ရေး တီး အနုပညာပြိုင်ပွဲတွေလည်း လုပ်လေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အကြေအညာ ကျောင်းသားကျောင်းသူတွေ အဆက်မပြတ် တွေ့ဆုံရင်းနှီးနေခဲ့ကြပါတယ်။ ဒီကြားထဲမှာ တက္ကသိုလ်ကျောင်းသူ မဟုတ်ပေမဲ့ မာမာအေးလည်း ရောထွေးပါဝင် ရင်းနှီးနေခဲ့ပါတယ်။
မာမာအေးရဲ့ အသံကို ကျွန်တော် စတင်ကြားဖူးတာက မန်းရာပြည့်ပွဲမှာပါ။ သူ့အသံရဲ့ ထူးခြားမှုကြောင့် တကြိမ်တည်းနဲ့ စွဲမှတ်သွားခဲ့ရတာပါ။ သူ ဆိုတဲ့ သီချင်းကို စတင်လိုက်ဆိုရင် ရသွားတာကတော့ ‘သက်တံပေါ်မှာ ကစားမယ်’ ဆိုတဲ့ သီချင်းပါ။ သီချင်းသံကြားရုံနဲ့ နတ်သမီးလေးတယောက် သက်တံပေါ်မှာ ကခုန် ကစားနေပုံကို မျက်စိထဲမှာ မြင်ယောင်လာခဲ့ပါတယ်။ လူချင်း ရင်းနှီးတာကတော့ အမေရိကကို ရောက်မှပါ။ ကျွန်တော် စောင့်နေတာက မာမာအေးနဲ့ အမေ လူထုဒေါ်အမာတို့ တွေ့ဆုံပွဲပါ။ ဒါပေမဲ့ အဆင်မသင့်ခဲ့ကြလို့ အမေလူထုဒေါ်အမာနဲ့ သူနဲ့ သူတို့နှစ်ဦး မကြာခဏ ဆုံခဲ့ကြပေမဲ့ ပြည်သူချစ်သော အနုပညာသည်အဖြစ် စာရေးလောက်အောင် အချိန်မပေးနိုင်ခဲ့ကြပါ. အမေရိကကို ရောက်မှပဲ ရင်းရင်းနှီးနှီး တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ကိုဘဂျမ်း(တင်မိုး)ကတော့ မကြခာဏ သွားပြီး တွေ့ဆုံသတဲ့။ တခါတော့ တနေကုန်အောင် တင်မိုးက သူတယောက်တည်းချည်း သီချင်းတွေဆိုသွားသတဲ့။ မြို့မငြိမ်း၊ ဆရာတင်၊ ရွှေပြည်အေး တို့အပြင် ရှေးသီချင်းကြီးတွေ၊ ရတု၊ ရကန်၊ အဲ အန်တွေပါ ဆိုသွားသတဲ့။ အဆိုတော် ဖြစ်တဲ့ မာမာအေးကို ဆိုခွင့်မပေးခဲ့ပါဘူးတဲ့။ အဲဒါဟာ တင်မိုးနဲ့ မာမာအေး တို့ရဲ့ နောက်ဆုံး တွေ့ဆုံပွဲပါပဲ။ မာမာအေး ရော၊ တင်မိုးရော အနုပညာမောင်နှမတစု အတူနေချင်တယ် ဆိုတာာ သူတို့ရဲ့ တကယ့်ဆန္ဒပါ။ မာမာအေး ခု နေတဲ့ အိမ်တန်းလျားရှည်ကြီးကို ဝယ်လိုက်တာဟာလည်း အဲဒီလို စိတ်ကူးနဲ့ပါ။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ဆန္ဒ ပြည့်မသွားခဲ့ရှာပါ.
တင်မိုး မရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်တော့်ကို အမြဲ ဆက်သွယ်ပါတယ်။ နယူးယောက်မှာ ကျွန်တော့်အဖို့ အားထားစရာ သားတယောက်၊ သမီးတယောက် ရှိပါတယ်။ သူ သိမယ်ထင်လို့ မပြောဖြစ်ပါ. သူက သူ ကွယ်လွန်ခါနီးအထိ ကျွန်တော့်ဆီကို လစဉ် ဒေါ်လာ ၁၀၀— နယူးယောက် ကိုဖိုးချမ်းကတဆင့် ပို့ခိုင်းပါတယ်။ သူ ကွယ်လွန်တဲ့လကလည်း ပို့ခဲ့ပါသေးတယ်။
သူ ကွယ်လွန်တော့ ကျွန်တော်က အိမ်ထဲမှာ ချော်လဲလို့ ဦးနှောက်ထဲ သွေးရောက်သွားတာကြောင့် ဆေးရုံတက်နေရပါတယ်။ ဦးခေါင်းခွံကို ခွဲပြီး ဦးနှောက်ပေါ်က သွေးခဲကို ဖယ်ရှားပစ်ရတာပါ။ ဆေးရုံ နှစ်ရုံ ပြောင်းပြီး တက်ခဲ့ရတာ တလလောက် ကြာပါတယ်။ သူ့ဈာပနကိုလည်း မသွားနိုင်ခဲ့ပါ။
ခုတော့ တင်မိုးလည်း မရှိတော့။ မာမာအေးလည်း မရှိတော့ပါ။ ဝါရှင်တန်မှာ ပန်တျာကျောင်းအုပ်ကြီး ဦးဝင်းဖေ၊ နယူးယောက်မှာ မောင်စွမ်းရည်၊ ကဗျာဆရာ ဝင်းဖေ။ ဝင်းဖေ နှစ်ယောက်ပဲ ကျန်ရှိပါတယ်။
ဗမာပြည်မှာလည်း မောင်သာနိုးနဲ့ ကြည်အောင် တို့ ကွယ်လွန်သွားကြပြီဆိုတော့ ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ ဂုဏ်ထူးဦးသိန်းနိုင် တို့ပဲ ကျန်ပါတော့တယ်။ သင်္ခါရတရားပေါ့လေ။
ကိုလေးနဲ့ မောင်စွမ်းရည် တို့ကလည်း အသက် ၈၀ ကျော် ၉၀ တွင်း ရောက်နေကြပါပြီ။ အလွန်ဆုံး နေရရင် ဇာတာထဲကအတိုင်း အသက် ၁၂၀ ပေါ့။ ဆက်လက်အသက်ရှည်နေတဲ့ ကျွန်တော်တို့ရဲ့ နှမငယ်ကတော့ အောင်ဆန်းစုကြည် ပါ။
ဒေါ်အောင်ဆန်းစုကြည်ရေ... အသက် ၁၂၀ ရှည်ပါစေနော်။
ကျန်းမာလျက်
ကျန်းမာကြပါစေ
မောင်စွမ်းရည်
၂၀၂၄ ၊ ဇန်နဝါရီ ၂၄
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar