Breaking News

စစ်အာဏာသိမ်း ၃ နှစ်ပြည့် အရှုံး အမြတ်

မြန်မာနွေဦး ခရိုနီကယ် - ဖေဖေါ်ဝါရီ ၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၄


စစ်အာဏာသိမ်း ၃ နှစ်ပြည့် အရှုံး အမြတ် 

ပြီးခဲ့တဲ့ ၃ နှစ်တိတိ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလမှ ဘာတွေရှုံးပြီး ဘာတွေအကျိုးအမြတ်ထွက်သလဲ ဆိုတာ ပြန်ကြည့်ကြရမယ့် အချိန်အမှတ်အသားတခုကို ရောက်နေတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်နဲ့  ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွေလို ၁ နှစ်မြောက် ၂ နှစ်မြောက် မှာ ပြန်သုံးသပ်ကြည့်ခဲ့ကြသလိုပဲ အခု ၃ နှစ်မြောက်တဲ့ ကာလမှာလည်း ပြန်လည်သုံးသပ်ကြည့်ကြရမယ့် အနေအထားဖြစ်ပါတယ်။ 

၃ နှစ်တာကို ပြန်သုံးသပ်ဖို့ရာမှာ ဘာမှ ခက်ခက်ခဲခဲ သုံးသပ်စရာမလို၊ အရာအားလုံးက ဆုံးရှုံးပျက်စီးမှုတွေချည်းပဲလို့ လူအများကတော့ ပြောဆိုပါလိမ့်မယ်။ မှန်ပါတယ်၊ ထင်ရှားတဲ့ သင်္ကေတလက္ခဏာတွေက စစ်ပွဲတွေ၊ အသက်ဆုံးရှုံးမှုတွေ၊ မီးလောင်ပျက်စီးမှုတွေ၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေ၊ အကူအညီတောင်းခံရခြင်းတွေ နဲ့ ပညာသင်ကြားဖို့၊ ကျန်းမာရေး ကုသစောင့်ရှောက်မှု ခံယူဖို့ အခွင့်အလမ်း ဆုံးရှုံးခြင်းတွေနဲ့ ပြည့်နှက်နေတာကြောင့်  ခက်ခက်ခဲခဲ သုံးသပ်စရာတောင် မလိုဘူးလို့ လူအများစုကတော့ ယူဆကြမှာ ဖြစ်ပါတယ်။ မှန်ပါတယ် တိုက်ခိုက်မှု၊ ဖိနှိပ်ခံရမှု၊ ဆုံးရှုံးမှု၊ ပျက်စီးမှု၊ နာကျည်းမှု၊ လက်စားချေမှု၊ စိတ်ဝမ်းကွဲပြားမှုတွေ ပြည့်နှက်နေသလို တဖက်မှာ စိတ်ဓါတ်ရေးအရ စုစည်းမှု၊ ယခင်မရရှိခဲ့တဲ့ သဘောတူညီမှု၊ နိုင်ငံရေး အသိအမြင် ပြောင်းလဲလာမှုတွေလည်း ရှိနေပြီး ဒီအပေါင်းလက္ခဏာ သဘောဆောင်တဲ့ ပြောင်းလဲ ဖြစ်ထွန်းမှုတွေကိုလည်း တိုင်းတာကြည့်ကြဖို့ တည်မြဲအောင် လုပ်ကြဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေက ရုပ်ဝတ္တုမဟုတ်တဲ့ အရာတွေ ဖြစ်ပြီး ရုပ်ဝတ္တုဆိုင်ရာ အများစုကတော့ ဆုံးရှုံးမှုတွေလို့ ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

၃ နှစ်တာအတွင်း အရပ်သားသေဆုံးမှု ၆ ထောင်ကနေ ၁ သောင်းကြားရှိမယ်လို့ ခန့်မှန်းရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ဘာသာရေးနယ်ပယ်က သူတွေအထိ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါက လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး အမြင်၊ လုပ်ဆောင်မှု၊ ထောက်ခံမှု ကန့်ကွက်မှုအပေါ် အခြေခံပြီး ဖြစ်ပွားတဲ့ သတ်ဖြတ်ခံရမှုတွေရဲ့ ကိန်းဂဏန်းသာ ဖြစ်ပါတယ်။ အသက်သေဆုံးမှုတွေရဲ့ အစက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မြို့ကြီးအချို့တို့မှာ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုတွေကို လက်နက်တွေနဲ့ ဖြိုခွဲရာက စတင်ခဲ့တာဖြစ်ပါတယ်။ နေပြည်တော်က မြသွဲ့သွဲ့ခိုင်၊  မန္တလေးမြို့က ကြယ်စင် အစရှိတဲ့ အမျိုးသမီးငယ်တွေ ကို ရဲနဲ့ စစ်တပ်က ကျည်အစစ်နဲ့ ပစ်ခတ်မှုက စတင်လို့ ဆန္ဒပြမှုအရှိန်အမြင့်ဆုံးကာလ မတ်လလယ်မှာ ရန်ကုန်၊နဲ့ မန္တလေးမြို့တွေမှာ အသက်ဆုံးရှုံးရသူတွေတရက်ထဲတင် ၈၀ နဲ့ ၁၀၀ အထိ ရှိခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တာပါ။  

ဒီလို နိုင်ငံရေး လှုပ်ရှားမှု၊ နိုင်ငံရေးအရ ဆန့်ကျင်မှုကြောင့် သတ်ဖြတ်ခံရတဲ့ သူတွေအပြင် နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေနဲ့ ဆက်နွယ်ပြီး တရားဥပဒေ မစိုးမိုးတော့တဲ့ အခြေအနေပေါ် အခွင့်ကောင်းယူပြီး ကျူးလွန်ကြတဲ့ လူသတ်မှု၊ ဓါးပြမှုတွေကြောင့် အသက်ဆုံးရှုံးကြရတဲ့ ကိန်းဂဏန်းတွေ အထက်က အရေအတွက်တွေထဲ မပါရှိသေးပါဘူး။ 

အထက်က ၆ ထောင်ကနေ ၁ သောင်းကြားရှိတဲ့ ကိန်းဂဏန်းတွေထဲ ကလေးသူငယ် သေဆုံးမှုက ဘယ်လောက်၊  အမျိုးသမီးသေဆုံးမှုဘယ်လောက်၊ ဘယ်ပြည်နယ်၊ ဘယ်ဒေသမှာ သေဆုံးမှုက ဘယ်လောက်ဆိုတာမျိုး သီးခြားကောက်ယူထားကြတဲ့ ကိန်းဂဏန်းတွေလည်း ရှိနေတာတွေ့ရပါလိမ့်မယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာ၊ မြေမြုပ်မိုင်းကြောင့် သေဆုံးရတာ၊ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခံရလို့ အသက်ဆုံးရှုံးရတာတွေ ရှိသလို တခါတရံ ကျေးရွာတွေ မြို့ငယ်တွေက နေအိမ်မီးတင်ရှို့ရာမှာ နေအိမ်ထဲက ထွက်ပြေးတိမ်းရှောင်ဖို့ မစွမ်းနိုင်တဲ့ အသက်အရွယ်ကြီးရင့်သူတွေ အသက်ဆုံးရှုံးရတာမျိုးတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ အာဏာပါးကွက်သား စစ်ကြောရေးရဲ့ လက်မှာ နေ့ချင်း သို့မဟုတ် ညတွင်းချင်း အသက်ဆုံးရှုံးရသူ ရက်အနည်းငယ်အတွင်း အသက်ဆုံးရှုံးရသူတွေလည်း ရာဂဏန်းနဲ့ ချီရှိနေတာ ဖြစ်ပါတယ်။ 

လူ့အသက်ဆုံးရှုံးမှု အရေအတွက်တွေအပြင် ရပ်ရွာတွေက နေအိမ်၊ စျေး၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အဦတွေလို ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးခံရတာ၊ လေကြောင်းက တိုက်ခိုက်မှုကြောင့် ပျက်စီးရတာ၊ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် မီးလောင် ပျက်စီးရတာတွေကြောင့် ကိန်းဂဏန်းက တနိုင်ငံလုံးအနေနဲ့ နေအိမ် ၈ သောင်းကျော်ရှိပြီလို့ မှတ်တမ်းတင် ကောက်ယူတဲ့ အဖွဲ့တချို့က ထုတ်ပြန်ထားရှိတာ ဖြစ်ပါတယ်။ နေအိမ်မီးရှို့ဖျက်ဆီးမှု အများစုရဲ့ လက်သည်က စစ်ကောင်စီ တပ်၊ စစ်ကောင်စီ လက်အောက်က ပြည်သူ့စစ် တို့ဖြစ်ပါတယ်။ 

နေအိမ်တလုံး ပျက်စီးဆုံးရှုံးရခြင်းဟာ အဆိုပါ နေအိမ်မှာနေထိုင်ကြတဲ့ မိသားစုတစုလုံးအတွက် ဘဝ တသက်တာ ရုပ်ဝတ္တု ပိုင်ဆိုင်မှု ဆုံးရှုံးမှုသာမက ကြီးမားတဲ့ စိတ်ဒဏ်ရာပါ ရရှိစေတာ ဖြစ်ပါတယ်။ နေအိမ်တွေ သိုလှောင်ထားတဲ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းလိုမျိုး ရိက္ခာတွေ ရဲ့ တန်ဖိုးပမာဏတွေကိုတော့ ဘယ်သူတဦးတယောက်ကမှ ကောက်ယူမှတ်တမ်းတင်နိုင်ခြင်း မရှိပါဘူး။ ထိခိုက်ခံစားရတဲ့ စိတ်ဒဏ်ရာတွေက ပိုတန်ဖိုးကြီးသလား ပျက်စီးဆုံးရှုံးသွားတဲ့ ရုပ်ဝတ္တုက ပိုတန်ဖိုးကြီးသလားဆိုတာလည်း ကောက်ချက်ချ အကဲဖြတ်ဖို့ ခက်ခဲပါတယ်။ 

ဒီအခြေအနေမှာ နိုင်ငံရေး မတည်မငြိမ်မှု၊ အုပ်ချုပ်နေတဲ့ စစ်ကောင်စီအပေါ် မယုံကြည်မှုကြောင့်၊ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲကြောင့် ကျဆင်းရတဲ့ စီးပွားရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် ထိခိုက်ဆုံးရှုံးရတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်လုပ်ငန်း နဲ့ ကုန်သွယ်ရေးတွေ ကဏ္ဍတွေက ဆုံးရှုံးရတဲ့ ပမာဏ ကိန်းဂဏန်းတွေလည်း ဘယ်သူမှ တွက်ချက် ကောက်ယူနိုင်မယ့် အနေအထားမရှိပါဘူး။ သို့ပေမယ့် ၃ နှစ်တာအတွင်း ကျဆင်းသွားတဲ့ မြန်မာကျပ်ငွေ တန်ဖိုးက ၂၀၀ ရာနှုန်းကျော်ရှိတာ တွေ့ရမှာပါ။ နိုင်ငံခြားငွေနဲ့ မြန်မာကျပ် လဲလှယ်နှုန်းကို ကြည့်ရင် ၃ နှစ်တာအတွင်း ဘယ်လောက် ကျဆင်းသွားသလဲ ဆိုတာ အကဲဖြတ်နိုင်တာ ဖြစ်ပါတယ်။ 

အရှုံးတွေ ကို ပြန်အကဲဖြတ်ကြည့်ပြီးနောက်မှာ အမြတ်တွေက ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်ကြရအောင်ပါ။ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားမှ ဖြစ်တော့မယ် ဆိုတဲ့ နိုင်ငံရေးအရ ဘုံ သဘောတူညီမှု တခုထွက်ပေါ်လာတာက အမြတ်ထွက်တယ်လို့ ကောက်ချက်ချကြပါတယ်။ နိုင်ငံရေး အင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သာမန်ပြည်သူလူထု အကြား ဘုံနိုင်ငံရေးပလက်ဖောင်း တနည်းအားဖြင့် နိုးကြားမှု တခုကိုရရှိခဲ့တာ အမြတ်ထွက်တဲ့ သဘောဖြစ်ပါတယ်။ နောက်တချက်က နိုင်ငံရေးအင်အားစုတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဖက်ဒရယ်ဝါဒကို ပိုမိုယုံကြည် ကိုင်စွဲလာကြတာလည်း အမြတ်ထွက်တဲ့ အချက်အဖြစ် ကောက်ချက်ချ ကြတာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ရလာတဲ့ နောက်အကျိုးအမြတ်ကတော့ လူနည်းစု အခွင့်အရေး၊ လူမျိုးစုအခွင့်အရေး၊ ကျားမ တန်းတူအခွင့်အရေး စတာတွေကို ပိုမိုကျယ်ပြန့်စွာ လက်ခံလာကြတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲ လူနည်းစု အခွင့်အရေး၊ လူမျိုးစု အခွင့်အရေး ကိစ္စရပ်တွေ၊ အထူးသဖြင့် နကိုက အမျိုးသားရေး ဝါဒကနေ ချည်းကပ်ခဲ့ကြတဲ့ ရိုဟင်ဂျာအရေး ကိစ္စလိုမျိုးမှာ လူ့အခွင့်အရေး နဲ့ လူနည်းစု အခွင့်အရေး လိုရှုထောင့်မျိုးကနေ ပြန်သုံးသပ် ချဥ်းကပ်နိုင်ခဲ့ကြတယ်လို့ အကဲဖြတ်ပြီး ဒီအချက်က ပြီးခဲ့တဲ့ ၃ နှစ်တာကာလ ရရှိခဲ့တဲ့ အကျိုးရလဒ် တခုလို့ မှတ်ချက်ချကြတာဖြစ်ပါတယ်။ 

ကုန်လွန်ခဲ့တဲ့ ၃ နှစ်တာ ကာလကို ချုံပြီး ပြန်သုံးသပ်ကြည့်ရင် အရှုံးတွေကများနေပြီး အမြတ်က နည်းပါးတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ စိတ်ဓါတ်ရေးရာ ၊ အယူအဆ၊ အခြေခံမူ စတဲ့ ယုံကြည်မှုရေးရာမှာ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဆုံးရှုံးသွားတဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေမှာ ပြန်တည်ဆောက်တဲ့ နေရာမှာ အသုံးချရမယ့် အနေအထားလည်း ဖြစ်တယ်လို့ ကောက်ချက်ချ ဆိုချင်တာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar