Breaking News

မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်စခန်းတွေ လက်လွှတ်နေရချိန် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်

မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၊ ၂၀၂၄


မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်စခန်းတွေ လက်လွှတ်နေရချိန် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ် ဒေသတွေဖြစ်တဲ့ လိုင်ဇာ၊ လွယ်ဂျယ်လို ဒေသတွေက စစ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်က စစ်စခန်းတွေကို KIA က ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းယူနေချိန်မှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ်က နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 

ခု ရက်ပိုင်းအတွင်းမှာလည်း မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက် အခြမ်းမှာလည်း ခဲယမ်း ကျည်အစစ်ကို သုံးပြီး စစ်ရေးလေ့ကျင့်မှုတခုလည်း တရုတ်နိုင်ငံဘက်က လုပ်ဆောင်နေကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။ အောက်တိုဘာလ မကုန်မီ ရက်အနည်းငယ်ကနေစတင်ပြီး ဇန်နဝါရီလ လယ်လောက်ထိ ဆင်နွှဲခဲ့တဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးကိုတရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ အပစ်ရပ်သဘောတူခဲ့ကြပြီးနောက် အဆိုပါ ၃ ဖွဲ့နဲ့ အကျုံးမဝင်တဲ့ KIA ရဲ့ တဖွဲ့ထည်း စစ်ဆင်ရေးတွေ ပြီးခဲ့တဲ့ လကစတင်ခဲ့ပြီး ကချင်ပြည်နယ်က မြို့တွေထက် လိုင်ဇာကို သွားတဲ့လမ်းကြောင်းပေါ်က စစ်ကောင်စီရဲ့ စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်က စစ်စခန်းတွေ၊ ဖားကန့်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းက ကျေးရွာတချို့နဲ့  စခန်းတွေကို တိုက်ခိုက်သိမ်းယူနေခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ လေကြောင်းက တိုက်ခိုက်တာတွေကို အဓိကအားထားပြီး မြေပြင်မှာ တပ်ကူသိသိသာသာ မပို့နိုင်တာ တွေ့ရသလို စစ်စခန်းတွေ ခပ်မြန်မြန် လက်လွှတ်ဆုံးရှုံးရပြီး မကြာသေးတဲ့ ရက်အနည်းငယ်က တပ်မ ၈၈ ရဲ့ တပ်မမှူးကိုယ်တိုင် တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာပါ။ 

ဒီအချိန်မှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာလည်း ထိခိုက်ဆုံးရှုံးမှုတွေ၊ စစ်စခန်းလက်လွှတ်ရတာတွေ ရှိနေပြီး ကရင်ပြည်နယ်မှာလည်း မွန်ပြည်သစ်ခွဲထွက်အဖွဲ့၊ ကေအန်ယူတို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်မြေ အချို့ စခန်းအချို့ကို လက်လွှတ်လိုက်ရတာတွေ ရှိနေတာဖြစ်ပါတယ်။ 

ဆိုလိုတဲ့အချက်က စစ်ကောင်စီ အနေနဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် နဲ့ထိစပ်နေတဲ့ နေရာတွေမှာသာ အပြင်းအထန် တိုက်နေရတာမဟုတ်ပဲ မြန်မာနိုင်ငံ အနောက်ပိုင်း၊ တောင်ပိုင်း၊ ရှမ်းတောင်၊ မွန်၊ ကရင် ဒေသတွေမှာပါ စစ်မျက်နှာတွေ တပြိုင်နက်တည်း တိုက်ခိုက်နေရတာဖြစ်ပါတယ်။ 

ဒီလို အခြေအနေမှာ တရုတ်နယ်စပ်က တိုက်ပွဲနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းတဲ့ အကူအညီကို ရယူဖို့ တရုတ်အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်တာလားဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ KIA အနေနဲ့ တရုတ်နိုင်ငံရဲ့ သြဇာ တနည်းအားဖြင့် တရုတ်နဲ့ ဘယ်လောက်ထိ မကင်းရာ မကင်းကြောင်းရှိတဲ့အနေအထားမျိုးလဲ ဆိုတဲ့ မေးခွန်း၊ တရုတ်နိုင်ငံကရော စစ်ကောင်စီကို ဘယ်လောက် ကူညီဖို့ ဆန္ဒရှိသလဲ၊ သို့တည်းမဟုတ် စစ်ကောင်စီ အတိုင်းအတာတခုထိ ရှိနေခြင်းက တရုတ်ရဲ့ အကျိုးစီးပွား ဖြစ်သလဲ ဆိုတဲ့ အချက်တွေ အပေါ်မူတည်နေတယ်လို့ ဆိုရမှာပါ။ 

တရုတ်နိုင်ငံ လိုလားတဲ့ အခြေအနေက မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးအရ တည်ငြိမ်မှုဖြစ်ပြီး ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေး မဟုတ်ပါဘူး။ နယ်နိမိတ် ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်စေ၊ အာဏာရှင် ဖြစ်စေ နိုင်ငံရေး၊ စစ်ရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ အင်အားစု၊ တခြား ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံရဲ့ အသုံးချခံမဟုတ်တဲ့ အင်အားစုဖြစ်ဖို့က တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေခံ မူဝါဒ ဖြစ်နိုင်ပါတယ်။ ဒီအခြေခံမူဝါဒအပေါ်မူတည်ပြီး ယခင် နဝတ၊ နအဖ စစ်အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ နဲ့လည်း ဆက်ဆံရေး ကောင်းမွန်တာထက် ပိုတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုဟာ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် စနစ် မြဲရေး၊ မမြဲရေးထက် one belt one road လို ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းရဲ့ အစိတ်အပိုင်းတခု၊ ယူနန်ပြည်နယ်နဲ့ တရုတ်ရဲ့ စွမ်းအင် ဆိုင်ရာသယ်ယူပို့ဆောင်ရေး ဖြတ်လမ်း၊ တရုတ်နိုင်ငံရဲ့  သယံဇာတ တူးဖေါ်ရေး စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးရေး တို့ဟာ  မြန်မာနဲ့ ပတ်သက်တဲ့ တရုတ် နိုင်ငံခြားရေး မူဝါဒတွေ လို့ဆိုနိုင်ပါတယ်။

 ဒီအချက်အလက် အခြေခံနဲ့ ကြည့်ရင် တရုတ်အနေနဲ့ နယ်နိမိတ် ထိစပ်တဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒေသအလိုက် ထိန်းချုပ်နိုင်တဲ့ သူအဆင့်မျိုးသာ မြင်လိုတာမျိုး ဖြစ်နိုင်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိန်းချုပ်နိုင်မယ့် စစ်ရေးအရ အားကောင်းတဲ့ အင်အားစု ပေါ်ထွက်လာတဲ့ အခြေအနေမရောက်သေးမချင်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ စစ်ရေးအရ အင်အားအကြီးဆုံး အုပ်စုအဖြစ် ဆက်ဆံနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

NUG အနေနဲ့ နိုင်ငံရေးအရ လူအများစုရဲ့ ထောက်ခံမှုရထားတဲ့ အနေအထားကို တရုတ်နိုင်ငံအနေနဲ့ သိရှိပြီး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် NUG ရဲ့ စစ်ရေးအရ အနေအထားကိုတော့ ဒိလောက် အလေးထား ထည့်သွင်းစဥ်းစားစရာ မရှိသေးဘူးလို့ မြင်တာဖြစ်နိုင်ပါတယ်။ ဒီအနေအထားတွေကြောင့် တရုတ်ကိုယ်စားလှယ်တွေ နေပြည်တော်ကို လာရောက်တွေ့ဆုံတာ၊ ရှမ်းမြောက်က လက်နက်ကိုင် တိုက်ပွဲတွေကို အဆင့်တခုမှာ ရပ်တန့်ဖို့ ဖိအားပေးခဲ့တာ လို့ ကောက်ချက်ချရပါတယ်။ ရှမ်းမြောက်က စစ်ဆင်ရေးတွေကို ညှိနှိုင်းဆွေးနွေးပွဲ လာရောက်အောင် ဆွဲခေါ်နိုင်တာ၊ ရပ်တန့်ဖို့ ဖိအားပေးနိုင်တာတွေက တရုတ်နိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်  သြဇာညောင်းခြင်းကို ပြသလို၊ တဖက်မှာလည်း ဒီစစ်ဆင်ရေး မစတင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တရုတ်နိုင်ငံကို ကြိုတင်အသိပေးထားပြီး ဖြစ်တဲ့အချက်၊ လက်နက်ခဲယမ်းလို၊ အခြားလိုအပ်တဲ့ ကုန်စည်တို့လိုမျိုးကို တရုတ်နိုင်ငံဘက်က ဝယ်ယူခွင့်၊ ကူးလူးရောင်းဝယ်ခွင့်ကို တရုတ်က အကန့်အသတ်နဲ့ခွင့်ပြုထားပြီး “မုန့်နဲ့ တုတ်” မူဝါဒလိုမျိုးနဲ့  စစ်ကောင်စီကို အပေါ်စီးကနေ ဆက်ဆံနိုင်တဲ့ အနေအထား သင်ခန်းစာပေးနိုင်တဲ့ အနေအထားကို ရယူထားတယ်လို့ မှန်းဆရပါတယ်။ 

ချုံ့ပြောရရင်တော့ တရုတ်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတနိုင်ငံမဟုတ်ပါဘူး။ တရုတ်နိုင်ငံအဖို့ အိမ်နီးချင်းနိုင်ငံက ဒီမိုကရေစီ အစိုးရဖြစ်စေ၊ အာဏာရှင် အစိုးရဖြစ်စေ အဲဒီအချက်ကြောင့် မူဝါဒ ပြောင်းပြန်မပြောင်းလဲ နိုင်ပဲ အိမ်နီးချင်းနိုင်ငံက ၄င်းနဲ့ ဆန့်ကျင်ဘက် ပြိင်ဘက်အင်အားကြီး နိုင်ငံတနိုင်ငံရဲ့ proxy မဟုတ်ဖို့နဲ့ ၄င်းရဲ့ အကျိုးစီးပွားတွေကို မထိခိုက်ဖို့ ဆိုတဲ့ အချက်တွေအပေါ် အခြေခံထားတဲ့ မူဝါဒ ဖြစ်တယ်ဆိုတာကို သတိပြု နားလည်ပြီး ဆက်ဆံနိုင်ဖို့က အရေးအကြီးဆုံးလို့ ထင်မြင်ကြောင်း တင်ပြလိုက်ရပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar