Breaking News

KIA က မံစီမြို့ အလုံးစုံ သိမ်းယူ၊ စစ်ကောင်စီရဲ့ မြောက်ပိုင်း မဟာဗျူဟာလမ်းကြောင်း

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၈ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၉၊ ၂၀၂၅


KIA က မံစီမြို့ အလုံးစုံ သိမ်းယူ၊ စစ်ကောင်စီရဲ့ မြောက်ပိုင်း မဟာဗျူဟာလမ်းကြောင်း 

ကချင်ပြည်နယ် အရှေ့ဘက်မြို့တွေ ဖြစ်တဲ့ မံစီနဲ့ ဗန်းမော်မြို့တွေမှာ စစ်ကောင်စီတပ်တွေရဲ့ အခြေစိုက် တပ်ရင်းတွေ နဲ့ မြို့ကို သိမ်းယူဖို့ လတ်တလော KIA ရဲ့ ထိုးစစ်ဆင်မှုမှာ သီတင်းပတ်နဲ့ချီ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်နေ့မှာတော့ KIA လက်နက်ကိုင်တပ်ဖွဲ့က မံစီမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားကြပါတယ်။ မံစီမြို့ထက် ကြီးတဲ့ ဗန်းမော်မြို့မှာတော့ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမော်မြို့ရဲ့ ရပ်ကွက်နေရာ အများအပြားကို KIA က နေရာယူသိမ်းယူထားပြီးလို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

မံစီ နဲ့ ဗန်းမော်မြို့တွေဟာ ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နိုင်ငံနယ်စပ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေဖြစ်ပြီး KIA က ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းကတည်း က မံစီမြို့ကို သိမ်းယူဖို့ ရည်ရွယ်ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပြီး မံစီမြို့ခံတွေအနေနဲ့ ယမန်နှစ် နှစ်လယ်ပိုင်းလောက်ကတည်းက စစ်ဘေးတိမ်းရှောင်နေခဲ့ကြရတာ ဖြစ်ပါတယ်။ မြို့ကိုတော့ ယမန်နှစ်ကုန်ပိုင်းကျမှ KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အခုလို သိမ်းယူနိုင်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဗန်းမော်မြို့က ဧရာဝတီမြစ်ကမ်းမှာ တည်ရှိပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး၊ မြန်မာနိုင်ငံတွင်းက သယံဇာတတွေ ဖြစ်တဲ့ သစ်တွေတရုတ်နိုင်ငံဘက် သယ်ယူရောင်းချရာမှာ အချက်အချာကျတဲ့မြို့တမြို့လည်း ဖြစ်ပါတယ်။ ဗန်းမော်၊ မံစီဒေသတဝိုက်က သစ်မာတွေ ခုတ်ယူပြီး တရုတ်နိုင်ငံဘက်ကို တရားမဝင်သယ်ယူ ရောင်းချနေခဲ့ကြတာ ဆယ်စုနှစ်နဲ့ ချီရှိနေပြီး ဒီဒေသတွေမှာ ၂၀၂၁ ခုနှစ်  စစ်အာဏာ မသိမ်းမီကတည်းက စစ်တပ်နဲ့ KIA အကြားတိုက်ခိုက်မှုတွေ၊ စစ်တပ်က အဆိုပါ ဒေသက ကျေးရွာတွေမှာ နေရာယူတပ်စွဲထားပြီး ဒေသခံတွေ နေထိုင်နိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မန့်ဝိန်းကြီးတို့မှာ ဆယ်စုနှစ်နဲ့ချီ စစ်ဘေးရှောင်အဖြစ် နေထိုင်နေခဲ့ကြရတဲ့ နောက်ခံအဖြစ်အပျက်တွေ ရှိခဲ့တာပါ။ 

ကချင်ပြည်နယ်ရဲ့ သဘာဝ သယံဇာတဖြစ်တဲ့ သစ်တောတွေ တရားမဝင် ထုတ်ယူရောင်းချပြီး ပျက်စီးပြုန်းတီးခဲ့တာ ၁၉၉၄ ခုနှစ်နောက်ပိုင်း အပစ်အခတ်ရပ်ငြိမ်းချမ်းရေးယူပြီးကာလတွေက စတင်ကာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် လက်နက်ကိုင်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားချိန်အထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ကာလတွေမှာလည်း လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ကာလတွေမှာ သယံဇာတထုတ်ယူတာ ပြန်လည်မြင့်တက်လာခဲ့တာ၊ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်ကာလမျိုးမှာသာ သယံဇာတထုတ်ယူမှု ခေတ္တရပ်ဆိုင်းနေခဲ့တဲ့ အနေအထားလို့ ဒေသခံတချို့က ပြောဆိုခဲ့ကြပါတယ်။ 

KIA က ဗန်းမော်ကို သိမ်းယူနိုင်ခဲ့ရင် ကချင်ပြည်နယ်အထက်ဘက်နဲ့ စစ်ကိုင်းတိုင်း မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်း မြို့တော်မြစ်ကြီးနားကို တက်မယ့် ရေလမ်းခရီးကို KIA က ထိန်းချုပ်နိုင်သွားမယ့် အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ပထဝီအနေအထားအရ တောင်နဲ့မြောက် ဆက်သွယ်ထားတဲ့ ရေလမ်း၊ ကားလမ်း ရထားလမ်းတို့လို ဆက်သွယ်ရေး၊ ပစ္စည်းထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေကို မဟာဗျူဟာအရ ထိန်းချုပ်ထားနိုင်ဖို့ ရည်ရွယ်ရင်း ရှိမှာသေချာပေမယ့် လက်တွေ့အခြေအနေမှာ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ တစတစ လက်လွှတ်ဆုံးရှုံးလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဆယ်စုနှစ်ချီကြာမြင့်တဲ့ ဗီယက်နမ်စစ်ပွဲမှာ တောင်မြောက် ရှည်လျားစွာတည်ရှိတဲ့ ဗီယက်နမ်နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို “ဟိုချီမင်းလမ်းကြောင်း” လို့ခေါ်ဆိုပြီး အဆိုပါလမ်းကြောင်းကို ဖြတ်တောက်ရေးကလည်း ဗီယက်နမ်စစ်ပွဲမှာ အရှုံးနဲ့ ဆုတ်ခွာခဲ့ရတဲ့ အမေရိကန်တို့အတွက် အရေးကြီးခဲ့တဲ့ သမိုင်းမှတ်တမ်းတွေ ရှိခဲ့ပါတယ်။ မြောက်ဗီယက်နမ်က ကွန်မြူနစ်တပ်တွေက အိမ်နီးချင်း လာအိုနိုင်ငံရဲ့ နယ်မြေတွေကို ဖြတ်သန်းပြီး စစ်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေး အသုံးပြုခဲ့တဲ့ လမ်းကြောင်းက ဗီယက်နမ်စစ်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍ၊ အနိုင်အရှုံးအဆုံးအဖြတ် အချက်တခုအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဥ်ကာလကတည်းက မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာလည်း ဗီယက်နမ် စစ်ပွဲရဲ့ ဖြစ်စဥ်နဲ့ နှိုင်းယှဥ်ပြီး ပဲခူးရိုးမနဲ့ အပြိုင်ဆက်သွယ် ဖောက်လုပ်ထားတဲ့ ရန်ကုန်-မန္တလေး ကားလမ်းကို မဟာဗျူဟာ ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် မြန်မာနိုင်ငံရဲ့ ဟိုချီမင်းလမ်းကြောင်းလို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ကြီးက နှိုင်းယှဥ် အကဲဖြတ်ခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းတခုမှာ ဖတ်ရှုခဲ့ရပါတယ်။ 

လက်ရှိ အနေအထားမှာလည်း စစ်ကောင်စီ အနေနဲ့ ကချင်ပြည်နယ်ကနေ စစ်ကိုင်းနဲ့ မန္တလေးတို့ ဆက်သွယ်ထားတဲ့ မဟာဗျူဟာလမ်းလို့ ခေါ်တဲ့ ကားလမ်းကို ၂၀၀၀ ခုနှစ်တွေနောက်ပိုင်းမှာ တဆက်တစပ်ထည်းဖြစ်အောင် ဖောက်လုပ်ခဲ့ပြီး စစ်ရေး ကုန်သွယ်ရေး ၂ ခုလုံးအဖြစ် အသုံးပြုခဲ့ကြတာတွေ့ရပါတယ်။ လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးအနေအထားတွေ အရဆို စစ်ကောင်စီ အနေနဲ့ မဟာဗျူဟာကားလမ်းကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။  စစ်ကိုင်းတိုင်းထဲက မြို့တွေရွာတွေ အတော်များများမှာ PDF တပ်တွေက ကားလမ်းကို ဖြတ်သန်းသယ်ဆောင်မယ့် စစ်ကောင်စီ ယာဥ်တန်းတွေကို မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းရှိနေသလို ဧရာဝတီမြစ်ကြောင်းက တဆင့်မြောက်ဘက် ကချင်ပြည်နယ်ဘက် ဆက်သွယ်ပို့ဆောင်ရေး လမ်းကြောင်းတွေကိုလည်း စစ်ကိုင်းနဲ့ ကချင်ပြည်နယ်နယ်မြေတွေထဲမှာ KIA ၊ PDF တပ်ဖွဲ့တွေက ခြိမ်းခြောက်နိုင်စွမ်းရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ စစ်ကိုင်းတိုင်းကို ကောင်းစွာ ထိန်းချုပ်စိုးမိုးနိုင်ခြင်း မရှိသလို ကချင်ပြည်နယ်မှာလည်း နေရာအတော်များများ KIA က မကြာသေးတဲ့ လပိုင်းတွေအတွင်း သိမ်းယူခဲ့ပြီ ဖြစ်ပါတယ်။ ဖားကန့်၊ ကချင်အထူးဒေသ (၁)၊ လက်ရှိ ဗန်းမော်၊ မံစီ တို့လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ကချင်ပြည်နယ် အနောက်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေ ဖြစ်တဲ့ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်အစရှိတဲ့ နယ်မြေဒေသတွေနဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေသာ ကျန်ရှိတဲ့ အနေအထားဖြစ်ပါတယ်။ ချင်းတွင်းမြစ်ရိုးအရှေ့နဲ့ အချို့သော အနောက်ဘက်ခြမ်းဒေသတွေမှာ ရှမ်းနီလူမျိုးတွေ နေထိုင်ကြပြီး ကချင်ပြည်နယ်ရဲ့ တောင်ဘက်ဒေသတွေမှာလည်း နေထိုင်ကြတာ ဖြစ်ပါတယ်။ ရှမ်းနီလက်နက်ကိုင် အဖွဲ့ ထိန်းချုပ်နယ်မြေတွေ နဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေကလွဲရင် မြန်မာနိုင်ငံ မြောက်ဘက်ဒေသအတော်များများက KIA က ထိန်းချုပ် စိုးမိုးထားတဲ့ နယ်မြေတွေ ဖြစ်လာနေတာလည်း တွေ့ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar