မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၄
မောင်မောင်စိုး - အရှေ့မြောက် CPB ပြိုကွဲမှုနှင့် ပတ်သက်သည့် သုံးသပ်ချက် - ၄
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၁တပ်တည်ဆောက်ရေး
၁၉၇၅ ခုနှစ်ထဲက CPB ဗဟို၏ကြွေးကြော်သံမှာ ပါတီကို ပါတီနှင့်တူအောင် တည်ဆောက်၊ တပ်ကို တပ်နှင့်တူအောင်တည်ဆောက် ဟူ၍ ဖြစ်သည်။
သို့သော် အရှေ့မြောက် CPB သည် တပ်ကို တပ်နှင့်တည်ဆောက်ရာတွင် လွန်စွာအားနည်းခဲ့ သည်။ အစိုးရစစ်တပ်ဖြစ်စေ၊ တော်လှန်ရေးတပ်ဖွဲ့ဖြစ်စေ မတူညီသည့် နိုင်ငံရေးရည်မှန်းချက် များပေါ်တွင် တည်ဆောက်သည် ဆိုသော်လည်း အခြေခံစစ်ပညာ လေ့ကျင့်ပေးခြင်း၊ စစ်စည်းကမ်းများ တည်ဆောက်ခြင်းတွင် အခြေခံအားဖြင့် တူညီကြသည်။ အခြေခံတပ်သား များကို စစ်ပညာလေ့ကျင့်ပေးသည့် အခြေခံပေါ်တွင် တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ တပ်မဟာမှူးနှင့် စစ်ဦးစီးကေဒါအဆင့်ဆင့်ကို စနစ်တကျ သင်တန်းပေး၍ ပုံသွင်း လေ့ကျင့်ပေးရန် လိုသည်။
သို့သော် CPB အရှေ့မြောက်တွင် ဗဟိုစစ်ကော်မရှင်၊ ဗဟိုခွဲနှင့် စစ်ဒေသတို့မှ ပုံမှန်ဖွင့်လှစ်သည့် စစ်ကျောင်း မရှိခဲ့ပါ။ CPB တပ်သားများသည် အခြေခံစစ်ပညာ ၆ လ တက်ဖူးသူမရှိပါ။ တပ်ရင်း၊ တပ်မဟာများက ပြုလုပ်သည့် သာမန်စစ်သင်တန်းတက်ပြီး သေနတ်ပစ်ပုံပစ်နည်းသင်ပြီး တပ်ထဲရောက် တိုက်ပွဲဝင်ကြသူများ ဖြစ်ခဲ့သည်။ စစ်ချီ၊ စစ်တက်၊ တပ်ဖြန့် စသည့် အခြေခံ စစ်ပညာများကို တိုက်ပွဲတိုက်ရင်းသာ လက်တွေ့က တတ်မြောက်သူများ ဖြစ်နေကြသည်။ တပ်တွင်းရှိ အဆင့်ဆင့်ကေဒါများအားလည်း မွမ်းမံသည့် စစ်သင်တန်းမရှိရာ တပ်ကေဒါများကို မွမ်းမံအဆင့်မြှင့်ရာတွင်လည်း စစ်မြေပြင် အတွေ့အကြုံသာ အဓိကဖြစ်နေခဲ့သည်။
အခြေခံစစ်ကျောင်းမှစ၍ အဆင့်ဆင့် တပ်ကေဒါများ လေ့ကျင့်မွေးထုတ်သည့် စစ်ကျောင်းများ မဖွင့်လှစ်နိုင်ခြင်းသည် CPB ၏ အဓိက အားနည်းချက် ဖြစ်သည်။ မဟာမိတ် KIA ကိုပင် သုံးလ နိုင်ငံရေး စစ်ရေးသင်တန်းကျောင်း ဖွင့်လှစ်ပေးခဲ့သော CPB သည် မိမိတပ်အတွက် ပုံမှန် စစ်ကျောင်းများ မဖွင့်လှစ်နိုင်ခြင်းသည့် အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းသည့် အားနည်းချက် ကြီး ဖြစ်ခဲ့သည်။ တရုတ်တို့၏ အစီအစဉ်ဖြင့် ခွင်းမင်မြို့နှင့် မန်စီမြို့များတွင် တပ်ခွဲ၊ တပ်ရင်း၊ တပ်မဟာကေဒါများအတွက် ၆ လ စစ်သင်တန်း ၂ ကြိမ် ဖွင့်ပေးခဲ့သည်သာ ရှိခဲ့သည်။ မိမိ အစီအစဉ်ဖြင့် ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။
CPB ခေါင်းဆောင်များသည် စစ်ပညာကို စစ်ပွဲတွင်း သင်ယူရမည်။ ပြည်သူတပ်မတော်ဆိုတာ လယ်သမားတပ် ဆိုတော့ စနစ်တကျကြီးလုပ်၍မရ ဟူသော သီအိုရီများ ဆင်ခြေများဖြင့် တပ် တည်ဆောက်ရေးကို စနစ်တကျမလုပ်ဘဲ အချိန်ဖြုန်းနေခဲ့သည်။ တကယ်တော့ တောင်ပေါ် တိုင်းရင်းသားများသည် တောင်တန်းဒေသများတွင် အသားကျနေသူများ ဖြစ်သည်။ အပင်ပန်း အဆင်းရဲခံနိုင်သူများ ဖြစ်သည်။ အကြမ်းခံနိုင်သူများ ဖြစ်သည်။ မွေးရာပါ တောလိုက်မုဆိုးများ ဖြစ်ကြသည်။ ထိုသူများသည် မွေးရာပါ စစ်သားကောင်းများလည်း ဖြစ်ကြသည်။ ထိုသူများကို စနစ်တကျ လေ့ကျင့်ပေးပါက ယခုထက် ပိုမိုသည့် အရည်အသွေးများ ထွက်လာမည် ဖြစ်သည်။ ပိုမိုသောတိုက်ရည်ခိုက်ရည်ကို ရရှိမည် ဖြစ်သည်။ ထို့ပြင် စစ်ပညာ၊ စစ်စည်းကမ်းများဖြင့် စနစ်ကျသော တော်လှန်ရေးတပ်ဖွဲ့တဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဖြစ်လာမည် ဖြစ်သည်။ ထို့ပြင် စနစ်ကျသည့် အမိန့်နာခံမှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
သို့သော် အရှေ့မြောက်စစ်ဒေသ သက်တမ်း ၂၀ ကျော်အတွင်း ပုံမှန် စစ်သင်တန်းကျောင်း မရှိ။ အခြေခံစစ်ပညာသင်ကျောင်း မရှိ။ မွမ်းမံစစ်ကျောင်း မရှိ။ တပ်စု/ ခွဲ/ ရင်း/ တပ်မဟာကေဒါ များနှင့် ပတ်သက်၍ ပုံမှန်စစ်ကျောင်းများ မရှိခဲ့သည်ကတော့ CPB တပ်တည်ဆောက်ရေး၏ အဓိကအားနည်းချက် ဖြစ်သည်။ တဆက်တည်းတွင် ထိုအားနည်းချက်အောက်တွင် တပ်များ သည် အစဉ်အလာဒေသတွင်း ခေါင်းဆောင်များ၏ သြဇာအောက်တွင်သာ ရှိနေရာ ပုန်ကန်ရန် လွယ်ကူစေခဲ့သည်။
နိုင်ငံရေး ရည်မှန်းချက်အတွက် စစ်တပ်တတပ်ကို တည်ဆောက်သည် ဖြစ်သော်လည်း စစ်တပ် တတပ် တည်ဆောက်ရာတွင် လိုအပ်သည့် အချက်များကို ပစ်ပယ်ထားခဲ့သည်။ ထိုအချက်များ ကို ထောက်ပြပါကလည်း CPB ခေါင်းဆောင်များက ဓနရှင်စစ်ရေးအမြင်ဟု တံဆိပ်တပ်လေ့ ရှိသည်။ စစ်တပ်တတပ်တွင် ရှိသင့်ရှိသည့် အရာများ မျက်ကွယ်ပြုကြသည်။
တော်လှန်ရေးတပ်ဖွဲ့ ဆိုသည်နှင့် အစိုးရစစ်တပ်နှင့် လုံးဝကွဲပြားသည်ဟု မှတ်ယူနေခဲ့ကြသည်။ စစ်တပ်တတပ်ဖွဲ့တွင် အခြေခံလိုအပ်သည့် စစ်ပညာနှင့် စစ်စည်းဟိတ်ဟန်အား ဓနရှင်စစ်တပ် ဟု တံဆိပ်ကပ်ခဲ့ကြသည်။ တပ်ကို တပ်နှင့်တည်ဆောက်ဟု ဆိုသော်လည်း အရှေ့မြောက် CPB သည် တပ်ကိုတပ်နှင့်တူအောင် မတည်ဆောက်နိုင်ခဲ့။ ထို့ကြောင့်လည်း မွေးရာပါ စစ်သား ကောင်းများ ဖြစ်သည့် တိုင်းရင်းသားများအား စစ်ပညာပြည့်ဝသည့် တိုက်ရည်ခိုက်ရည် မြင့်မားသည့် စစ်စည်းကမ်းလိုက်နာမှုကောင်းသည့် တပ်အဖြစ် မတည်ဆောက်နိုင်ခဲ့။
CPB ၏ တပ်များသည် တိုက်ခိုက်ရည်ရှိသော်လည်း ပရမ်းပတာနိုင်သည့် လယ်သမားတပ် ပုံစံသာ ဖြစ်နေပြီး ရနိုင်သည့်အောင်ပွဲများ မရခဲ့။ နောက်ဆုံးအချိန်၌ CPB သည် တပ်ကို အမိန့်ပေး၍ မရတော့ပေ။
အခြေခံဒေသ တည်ဆောက်ရေး
အရှေ့မြောက်ရှိ အခြေခံဒေသများသည် နှစ်ပေါင်း ၂၀ ကျော် ပါတီအခြေခံဒေသ လွတ်မြောက် ဒေသ ဖြစ်ခဲ့သည်။ ထိုဒေသများတွင် ဦးစွာအားဖြင့် ဒေသခံအုပ်ချုပ်သူဟောင်းများကို ဖယ်ရှား ခဲ့သည်။ ထိုဒေသများရှိ စော်ဘွား၊ ဒူဝါ၊ အုပ်စုခေါင်းဆောင်များကို ဖျက်သိမ်းခဲ့သည်။ သူတို့၏ လုပ်ပိုင်ခွင့် အာဏာနှင့် သူတို့၏ပိုင်ဆိုင်မှုများကို ဖျက်သိမ်းခဲ့သည်။ ဒေသတွင်း အုပ်ချုပ်ရေး အသစ်ကို ထူထောင်ခဲ့သည်။ ဤအချက်များနှင့်ပတ်သက်၍ မတူသည့် ရပ်တည်မှုဘက်က ကြည့်သူများအတွက် လက်မခံနိုင်စရာ ရှိနိုင်သော်လည်း လူအဖွဲ့အစည်းအား တော်လှန် ပြောင်းလဲသူတိုင်း လုပ်ဆောင်မည့်အချက် ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးအာဏာ အပြောင်းအလဲ တိုင်းတွင် တွေ့ရမည့်အချက် ဖြစ်သည်။
CPB အရှေ့မြောက်အခြေခံဒေသ စဖွင့်စက ထိုအပြောင်းအလဲသည် မှန်ကန်သည်ဟု ဆိုနိုင် သည်။ အရှေ့မြောက်အခြေခံဒေသ တည်ဆောက်ရေးတွင် ထိုအချက်သည် နိုင်ငံရေးအာဏာ ပြဿနာအတွက် အရေးပါသည့် အပြောင်းအလဲ ဖြစ်သည်။ သို့သော် အရှေ့မြောက်အခြေခံဒေသ တည်ဆောက်ရေးတွင် တွေ့ရသည့် ပြဿနာများမှာ အုပ်ချုပ်ရေး ပြောင်းလဲပြီးနောက် တွေ့ရ သည့် ပြဿနာများ ဖြစ်သည်။ ဒေသတခု၏ အုပ်ချုပ်ရေးအား တာဝန်ယူရပြီဆိုသည်နှင့် ထိုဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးပြဿနာသာမက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့်ဘက်ပေါင်းစုံ ပြဿနာကို ဖြေရှင်းရန် လိုအပ်လာသည်။ ဤတွင် အခြေခံဒေသ တည်ဆောက်ရေးဆိုင်ရာ ပြဿနာများစွာကို တွေ့ရသည်။
အခြေခံဒေသတည်ဆောက်ရေးတွင် တွေ့ရသော ပြဿနာ၏ ဘက်တဘက်မှာ CPB ဒေသတွင်း တာဝန်ယူသော ပါတီကေဒါများသည် ဒေသအုပ်ချုပ်ရေးနှင့် စည်းရုံးရေးစွမ်းရည် အနည်းနှင့် အများ ရှိကြသော်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ တည်ဆောက်ရေးပိုင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက် လည်ပတ်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း အတွေ့အကြုံမရှိကြခြင်း သို့မဟုတ် လေ့ကျင့် ပျိုးထောင်ထားသောကေဒါ မရှိကြခြင်း ဖြစ်သည်။ ပြဿနာ၏အခြားဘက်မှာ CPB ၏ အခြေခံဒေသများသည် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဒေသများ ဖြစ်ကြပြီး ဒေသတွင်းရိက္ခာ ဖူလုံမှုသည်ပင် အချို့ဒေသ၌ ၄ လ၊ အချို့ဒေသ၌ ၇ လသာရှိကြသော ဒေသများ ဖြစ်သည်။ ဤသို့ဖြစ်ရာ အစောပိုင်းကာလများတွင် မူလအုပ်ချုပ်ရေးအာဏာများ ပြောင်းလဲပစ်ခြင်း၊ ဒေသ တွင်း စည်းရုံးရေးနှင့် အုပ်ချုပ်ရေးအသစ်တည်ဆောက်ခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင် ခြင်းများ ရှိခဲ့သော်လည်း အချိန်ကာလကြာမြင့်လာသောအခါ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ဒေသလူထုထောက်ခံမှုများ တဖြည်းဖြည်း ပြန်လည်လျော့ကျသွားသည်ကို ကြုံရပေတော့သည်။
ဒေသတွင်းပြဿနာများမှာ စိုက်ပျိုးရေးနှင့် ပတ်သက်၍ နည်းပညာမြှင့်တင်ပေးနိုင်ခြင်း၊ အထွက်တိုးအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိ။ လယ်ယာများအတွက် ရေသွယ်မြောင်းများ ပြုပြင်မွမ်းမံပေးခြင်းတို့တွင်ပင် နောက်ပိုင်း၌ အားနည်းခဲ့သည်။ လယ်ယာစိုက်ပျိုးရေး အကောင်းဆုံးဒေသ ဖြစ်သော မန်ရှိုးဒေသတွင် ထုတ်လုပ်ရေး တိုးတက်အောင်လုပ်ရမည့်အစား တရုတ်ပုံစံ ကူးချပြီး သမဝါယမဖွဲ့စည်းသည့်အမှား ကျူးလွန်ခဲ့သည်။ ဘိန်းအစားထိုး သီးနှံ အတွက် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိ။ ကျန်းမာရေးနှင့်ပတ်သက်၍ ဒေသတွင်း ခရိုင်၊ မြို့နယ်အလိုက် ဒေသတွင်း လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအား လုပ်ဆောင်နိုင်ခြင်း မရှိခဲ့။ ပညာရေးနှင့်ပတ်သက်၍ မဆလအစိုးရ သင်ရိုးညွှန်းတမ်းများအား ဖောက်ပြန်သည်ဟု သဘောထားခဲ့သော်လည်း သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲနိုင်ခြင်း မရှိ။ ဒေသတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိနိုင်ခဲ့သော်လည်း စနစ်တကျ ဖွင့်လှစ်နိုင်မှု အားနည်းခဲ့သည်။
တဘက်ကလည်း ဒေသက ဆင်းရဲသည်ဖြစ်ရာ အခွန်အတုတ်ကလည်း လောက်လောက်လား လား မရသည်ဖြစ်ရာ လုပ်ဆောင်ရန် ဘတ်ဂျက်ပြဿနာ ဖြစ်နေသည်။ ရရှိသည့် အခွန်အတုတ် သည် တရုတ်တို့ အကူအညီဖြတ်တောက်ပြီးနောက်ပိုင်း ဒေသတွင်းရှိ တပ်ဖွဲ့အား ကျွေးမွေး ရန်ပင် မလုံလောက်ပေ။ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး ဆိုသည်မှာလည်း ဒေသနှင့် ကိုက်ညီ သည့် သီးနှံ၊ နည်းပညာ၊ ဈေးကွက်တို့ လိုအပ်သည်အပြင် ဘတ်ဂျက်တစုံတရာလည်း အသုံးပြု ရန် လိုအပ်သည်ဖြစ်ရာ ဆောင်ရွက်ချင်သော်လည်း ဆောင်ရွက်နိုင်သည့် အချက်အလက် မရှိပေ။
သို့နှင့် အခြေခံဒေသ တည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်ရေးပြဿနာသည် မုန့်လုံးစက္ကူ ကပ် သကဲ့သို့ လုံးချာလည်လိုက်နေသည်။ လက်တွေ့တွင် လူဦးရေ ၁၀ သိန်းနီးပါးခန့်ရှိသော အခြေခံဒေသတွင်း နှစ်ဆယ်နှင့်ချီ၍ ကြာမြင့်လာသော်လည်း ဖွံ့ဖြိုးတိုးတက်မှု သိသိသာသာ မတွေ့ရသောအခါ ဒေသတွင်း ထောက်ခံမှု ကျဆင်းလာခဲ့တော့သည်။
ဝေဖန်ရေးနှင့် မိမိကိုယ်ကို ဝေဖန်ရေး
ဝေဖန်ရေးနှင့် မိမိကိုယ်မိမိ ဝေဖန်ရေးသည် ပါတီအသက် ဖြစ်သည်။ အဆင့်ဆင့်ပါတီဝင်များ၊ ကေဒါများသည် သက်ဆိုင်ရာ ပါတီကလာပ်စည်းများ၊ ပါတီကော်မတီများတွင် ပါဝင်ပြီး မိမိကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ခြင်း၊ ခေါင်းဆောင်များအပါ အခြားပါတီဝင်များကို ဝေဖန်ခြင်း သည် CPB ၏ ကောင်းမွန်သည့်လုပ်ဟန် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်လည်း ပါတီတွင်း၌ ဥက္ကဋ္ဌ အပါ အဆင့်ဆင့် ပါတီခေါင်းဆောင်များကို ဝေဖန်ခွင့်ရသည်။
ဤသို့ ဝေဖန်သည်နှင့်ပတ်သက်၍ နှစ်သက်သည် မနှစ်သက်သည် ရှိနိုင်သော်လည်း ပါတီတွင်း၌ ဝေဖန်တင်ပြခွင့် ပြုထားခြင်းသည် အရှေ့မြောက် CPB ၏ ကောင်းမွန်သည့်အချက်ဟု ဆိုရမည်။ ထို့ပြင် ထိုသို့ ဝေဖန်ထောက်ပြမှုများနှင့်ပတ်သက်၍ မည်သည့်အရေးယူမှုမျှ မပြုလုပ်သည်က လည်း အရှေ့မြောက် CPB ၏ အားသာချက်ဟု ဆိုရမည်။
ပါတီတွင်း၌ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးကျင့်သုံးခြင်းသည် အဖွဲ့အစည်းအတွင်း တွင် အထက်အောက် အပြန်အလှန် ထိန်းကျောင်းရာတွင် ကောင်းမွန်၍ အရေးပါသည့် လုပ်ဟန်တခု ဖြစ်သည်။ မိမိတို့ CPB အရှေ့မြောက်သို့ ရောက်သည့် ၁၉၇၅ ခုနှစ်ဝန်းကျင်တွင် ထိုလုပ်ဟန်သည် လည်ပတ်လျက်ရှိနေခဲ့သော်လည်း ၁၉၈၀ နောက်ပိုင်းတွင် အားပျော့သွား သည်ကို တွေ့ရသည်။
မိမိ တာဝန်ယူခဲ့ရသည့် ကောက်ကွတ်သင်တန်းကျောင်းကာလ ၁၉၇၇ မှ ၁၉၈၀ ထိ ထိုလုပ်ဟန် သည် အားကောင်းခဲ့သည်။ ၁၉၈၀ မှ ၁၉၈၅ ထိ မြောက်ပိုင်းဗဟိုခွဲ အမှတ် ၉ တပ်စုတွင် ထိုလုပ်ဟန်အား ဆက်လက်ကျင့်သုံးခဲ့ကြသော်လည်း အခြားအဖွဲ့အစည်းများ၊ တပ်များတွင် အားပျော့ပျက်ပြယ်စပြုပြီ ဖြစ်သည်။ ၁၉၈၅ နောက်ပိုင်းမှ ပါတီပျက်သည်အထိ မိမိ ဖြတ်သန်း ခဲ့သည့် အဖွဲ့အစည်းများတွင် ထိုလုပ်ဟန် မတွေ့ရတော့ပါ။
ပြဿနာမှာ ရဲဘော်ထွန်း၏ သုံးသပ်ချက်တွင်ပါသကဲ့သို့ ပါတီဗဟိုကော်မတီဝင်များကိုယ်တိုင် ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးကို မကျင့်သုံးကြတော့။ ပါတီဗဟိုကော်မတီများ ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးမလုပ်ကြတော့သည့်အပြင် အခြားသူများ ဝေဖန်သည်ကို လည်း လက်မခံကြတော့။ ထို့ပြင် စည်းရုံးရေး စည်းကမ်းဖောက်ကာ ကိုယ်ကျိုးရှာနေကြပြီ ဖြစ်သည်ဟု ရဲဘော်ထွန်းက ထောက်ပြခဲ့သည်။ သို့ဖြစ်ရာ CPB ပြိုကွဲမှု၏ အဓိကဇာစ်မြစ်မှ ပါတီဗဟိုကော်မတီဖြစ်ပြီး ခေါင်က မလုံခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုရမည်။
စစ်ရေးလမ်းစဉ်နှင့် ခံစစ်
CPB ၏ စစ်ရေးလမ်းစဉ်အရ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်အား အလေးထား၍ ရေးဆွဲထား သည်။ အခိုင်အမာပြဿနာမှာ လွတ်မြောက်အခြေခံဒေသနှင့် ခံစစ်ပြဿနာ ဖြစ်သည်။ လက်တွေ့တွင် လွတ်မြောက်ဒေသရှိလျှင် ခံစစ်စခန်းများရှိသည်သာ ဖြစ်သည်။ အခြေခံဒေသသို့ ထိုးလာသော ရန်သူ့ထိုးစစ်အား လှုပ်ရှားစစ်ဖြင့် မည်သို့ပင် တိုက်ခိုက်ချေမှုန်းရမည် ဆိုသော် လည်း အခြေခံဒေသအား ကာကွယ်သည့် ခံစစ်စခန်းများအား ပစ်ပယ်၍ မရပေ။ သို့သော် အဆိုပါ စစ်ရေးလမ်းစဉ်အား အခိုင်အမာ ကျင့်သုံးသောအခါ ရှုပ်ထွေး၍ အငြင်းပွားဖွယ်များ ပေါ်ပေါက်လာခဲ့သည်။
CPB အရှေ့မြောက်အခြေခံဒေသများသည် မဆလအစိုးရအား စစ်ရေးအရ အောင်ပွဲရရှိမှုများ အပြင် မဆလအစိုးရ၏ တပ်အင်အားမလုံလောက်မှုပေါ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ CPB ပြည်တွင်းပုန်ကန်မှုများ ဆုံးရှုံးပြီး စစ်ရေးအရ နောက်ကျောလုံသည့် အခြေအနေတွင် မဆလ အစိုးရသည် တပ်အင်အားကို တဖြည်ဖြည်း တိုးချဲ့လာခဲ့သည်။ တပ်အင်အား တိုးချဲ့လာသည်နှင့် အမျှ CPB အခြေခံဒေသများကို ထိုးစစ်ဆင်လာခဲ့သည်။
သူ၏ ထိုးစစ်ဆင်မှု စစ်ဆင်ရေးအား CPB တပ်များက တုံ့ပြန်ရာတွင် အဓိကခံစစ်စခန်းများက ခုခံခြင်း၊ သိမ်းပိုက်သွားသော စခန်းများအား ပြန်လည်ထိုးစစ်ဆင်ခြင်းနှင့် လှုပ်ရှားစစ်ကြောင်း များအား တိုက်ခိုက်ခြင်းဖြစ်သည်။ CPB ၏ တပ်ဖွဲ့များသည် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ကြသော်လည်း ပြဿနာမှာ စစ်ဦးစီးအဖွဲ့သည် မဆလ အစိုးရတပ်၏ စစ်ရေးရည်ရွယ်ချက်အား ဖျက်ဆီးပစ်နိုင် ခြင်းမရှိသကဲ့သို့ ဟန့်တားနိုင်ခြင်းလည်း မရှိခဲ့ပေ။
မဆလအစိုးရတပ်သည် CPB အခြေခံဒေသနှင့်ဆိုင်ထားသော ဒေသများတွင် ခံစစ်စခန်းများကို အသေအချာ တည်ဆောက်၍ မဆုတ်တမ်း ခံစစ်စခန်းများဟုပင် အမည်ပေးကာ ဒေသ ကာကွယ်ရေး လုပ်သည်။ တချိန်တည်းတွင် လှုပ်ရှားစစ်ကြောင်းများ ဖြန့်ခွဲပြီး ခံစစ်စခန်းများကို ကာကွယ်သည်။
CPB ဘက်က ခံစစ်စခန်းများကို တည်ဆောက်ထားသော်လည်း အခိုင်အမာတည်ဆောက်ထားမှု အားနည်းသည်။ ထို့ပြင် လှုပ်ရှားစစ်ဟုသာ ပြောနေသော်လည်း မိမိခံစစ်စခန်းများကို ကာကွယ် သည့် ပုံမှန် လှုပ်ရှားစစ်ကြောင်းများ ထားရှိခြင်း မရှိခဲ့။ CPB အနေနှင့် မူအရ ခံစစ်သေကို ဆန့်ကျင်သည့် အခြေခံပေါ်တွင် အခြေခံဒေသခံစစ်စခန်းများ တည်ဆောက်ချထားရာတွင် အားနည်းခဲ့သည်။
သို့ဖြစ်ရာ ၁၉၇၉ ခုနှစ်မှစ၍ အစိုးရစစ်တပ်က CPB အခြေခံဒေသအား အပိုင်းလိုက်ကွက်၍ ထိုးစစ်ဆင်ပြီး သိမ်းယူကာ ခံစစ်စခန်းများ တည်ဆောက်သည်။ တကွက်ချင်း တိုးယူသည်။ CPB အခြေခံဒေသများ တစတစ ကျဉ်းမြောင်းလာခဲ့သည်။ ရွှေကျင်ဝမ်တာပန်မှအပ ကျန် CPB ခံစစ် စခန်းများသည် ကြာမြင့်စွာ ခံစစ်ဆင်နိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ခံစစ်သေကို ဆန့်ကျင်သည်ဟု ဆိုသော်လည်း ကျသွားသည့် စခန်းများကို အနာခံ ပြန်လည်ထိုးစစ်ဆင်သည့် အမှားလည်း ကျူးလွန်ခဲ့သည်။
၁၉၇၇ ခုနှစ် ပန်ကော်ချို့စွေ (ပန်ကော်ခြူးရွှေ) တိုက်ပွဲ စစ်မြေပြင်ကွပ်ကဲမှုတွင် ပါဝင်ခဲ့သော ဗိုလ်ကျော်ဇော(ရဲဘော်သုံးကျိပ်)က ထိုတိုက်ပွဲအပြီးတွင် CPB အနေနှင့် ခဲယမ်းမီးကျောက် ဖြည့်တင်းနိုင်စွမ်းရှိပါက ခံစစ်သေဖြင့် သတ်သည်က ပိုကောင်းသည်ဟု တင်ပြခဲ့သည်။ သို့သော် လည်း ဗိုလ်ကျော်ဇော၏ အမြင်သည် ဓနရှင်စစ်ရေးအမြင်ဟု ပယ်ချခံရသည်။ တကယ်တမ်း အားဖြင့် စစ်မြေပြင်တွင် လှုပ်ရှားနေသော ရန်သူကို တိုက်သည် မဟုတ်ပါက ရန်သူ့ခံစစ်စခန်းကို သွားရောက်ထိုးစစ်ဆင်သည့်ထက် ခံစစ်ယူပြီး ရန်သူကို ချေမှုန်းသည်က အားသာသည်။ ရန်သူ့ ခံစစ်ကို ပြေးတက်ထိုးစစ်ဆင်ရသည်ထက် ခံစစ်စခန်း ကတုတ်ကျင်းထဲမှ ပြေးတက်လာသည့် ရန်သူကို ချေမှုန်းရသည်က နှိုင်းယှဉ်မှုအရ ပို၍အားသာသည်က အမှန်ပင် ဖြစ်သည်။ မြို့သိမ်း တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများပင် ဆင်နွှဲသည့် CPB စစ်ရေးခေါင်းဆောင်မှုသည် ခံစစ်နှင့် ပတ်သက်၍ မူနှင့်ပေါ်လစီ ချမှတ်ကိုင်တွယ်ရာ အားနည်းချက်ရှိခဲ့သည်ဟု ဆိုရပါမည်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar