Breaking News

ဇင်လင်း ● စစ်ရေးဖိအားများကြောင့် ယုံကြည်မှုပျက်ပြားခဲ့လျှင် NCA ငြိမ်းချမ်းရေးတံခါးပိတ်သွားနိုင်သည်



ဇင်လင်း ● စစ်ရေးဖိအားများကြောင့် ယုံကြည်မှုပျက်ပြားခဲ့လျှင် NCA ငြိမ်းချမ်းရေးတံခါးပိတ်သွားနိုင်သည်
(မိုးမခ) ဧပြီ ၇၊ ၂ဝ၁၉

လက်ရှိ မြန်မာနိုင်ငံ အစိုးရ နိုင်ငံ့တာဝန်ယူခဲ့သည်မှာ ယခု မတ်လ ၃၁ ရက်နေ့တွင် သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။ တာဝန် စတင်ထမ်းဆောင်ချိန်မှ အစပြု၍ နိုင်ငံ့အကျိုးအတွက် “ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေး” စသည် ဖြင့် မူဝါဒများချမှတ်ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် လက်ရှိအစိုးရက တစိုက်မတ်မတ် ကြိုးပမ်းအား ထုတ်နေသည်ကို တွေ့ရသည်။ ငြိမ်ချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတခုကို တည်ဆောက်ရာ၌ စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် အဖျက်အမှောင့်များ ကြုံတွေ့ရမည်မှာ ဓမ္မတာဟုဆိုနိုင်သည်။ ထိုစိန်ခေါ်မှုများနှင့် အဖျက်အမှောင့် များ ကို ရင်ဆိုင်ကျော်လွှားရာ၌ အစိုးရ တဖွဲ့တည်းအပေါ် မျက်နှာလွှဲ ခဲပစ် ဖြစ်ချင်ရာဖြစ်ဟု လုပ်ထား၍ မသင့်တော်ပါ။ တိုင်းရင်းသား ပြည်သလူထု တရပ်လုံးကလည်း ကျရာနေရာမှ အင်တိုက်အားတိုက်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် အရေးကြီးပါသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွက် တပြည်လုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စသည် ပဓါနကျ သကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသည်လည်း တန်းတူအရေးကြီးပါသည်။ ထို့ကြောင့် လက်ရှိအစိုးရ ကြိုးပမ်း လျှက်ရှိသော ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်အား နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို မြင်လို တွေ့လိုသော နိုင်ငံသားတိုင်း အားတက်သရော ဝန်းရံပါဝင်ကြဖို့လိုပေသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလားဟု ဆန်းစစ်ကြည့်လျှင် လက်တွေ့မြေပြင် အခြေအနေများအရ ဆုတ်ယုတ်နေသည်ဟု ဆိုရပါမည်။ တပ်မတော်က စစ်တိုင်း ၅ တိုင်းတွင် ၄ လကြာ ယာယီ အပစ် အခတ် ရပ်စဲထားမည် ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာခဲ့သည်။ ယာယီအပစ်ရပ် ၄ လ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးကြရန် ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။ ယခုဆိုလျှင် အပစ်ရပ်ကာလ ၃ လကျော်လွန်ခဲ့ပြီ ဖြစ်သည်။ တပ်မတော်ဘက်က အပစ်အခတ် ရပ်စဲထားပြီး လက်နက်ကိုင် တိုင်းရင်းသားများနှင့် တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု ဆိုခဲ့သည်။ သို့သော် ယခုအထိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ  တွေ့ဆုံ ဆွေးနွေးခြင်းမျိုး မရှိသေးပေ။ အကြောင်းကြောင်းကြောင့် မဆွေးနွေးဖြစ်သည်မှာ ပြဿနာ မဟုတ်ဟု ဆိုနိုင်သော်လည်း၊ အပစ်ရပ်ကြေညာရာတွင်  မပါဝင်ခဲ့သော  ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA ရခိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်မှာ ၃ လကျော်လာပြီဖြစ်သည်။ ယင်းဖြစ်စဉ်သည် အစိုးရ၏ မူဝါဒနှင့် အတော်လွဲချော်နေပြီ ဖြစ်သဖြင့် မကောင်းသော ပုံရိပ်ဖြစ်လာသည်။ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) များထဲမှ အဖွဲ့ဝင် အချို့က ရခိုင်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးအနုတ်လက္ခဏာဘက်သို့ လျောကျသွားမည်ကို စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြသည်။ အလွတ်သဘော ပြောဆိုဆွေးနွေးကြရာတွင် ငြိမ်းချမ်းရေး ရှေ့မတိုးနိုင် ဖြစ်နေရခြင်းမှာ တပ်မတော် ဘက်က သဘောထားပြောင်းလဲလာ၍ ဖြစ်ဖွယ်ရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် အရပ်သားများ သေကြေ ရခြင်း၊ ထွက်ပြေးတိမ်းရှောင်ရခြင်းကိစ္စများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ မတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်း ပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း RFA သတင်းအရ သိရသည်။

ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရတပ်မတော်တို့အကြား လွန်ခဲ့သော ဇန်နဝါရီလမှ မတ်လ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁ဝဝ ကျော်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှု ၄၄ ကြိမ်ဖြစ်ခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ ယင်းတိုက်ပွဲများအတွင်း ရဲတပ်ဖွဲ့ဝင်၂၇ ယောက်နှင့် အရပ်သား ၁၂ ဦး စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့ ကြောင်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ ကျဆုံးတာက ၂၇ ယောက်ရှိပါတယ်၊ အရပ်သားက သေဆုံးတာ ၁၂ ယောက် စုစုပေါင်း ၃၉ ယောက် သေဆုံးရှိပါတယ်၊ ဒဏ်ရာရတာကတော့ ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ဒဏ်ရာရပါတယ်၊ အရပ်သားက ၂ဝ ဦး စုစုပေါင်း ၄၆ ဦး ဒဏ်ရာရပါတယ်၊ တပ်မတော်နဲ့ ထိတွေ့မှုဖြစ်စဉ်တွေမှာ AA ဘက်က ဒီနေ့ချိန်ထိ ၅၈ ဦး သေပါတယ်၊ အရှင် ၈ ဦး ဖမ်းမိပါတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မဟုတ်ဘဲ သာမန်အချိန်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအပါအဝင် အရပ် သားများကို ရက္ခိုင့်တပ်မတော် AA ကသတ်ဖြတ်ခဲ့သည်မှာ ၆ ဦးရှိကြောင်း၊ ၂ ဦးပျောက်ဆုံးနေကြောင်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားခဲ့သည်။

ဤအတောအတွင်း ဖားအံမြို့၊ ဇွဲကပင် သဘာဝဟိုတယ်၌ မတ်လ ၃ဝ ရက်နေ့က Joint Monitoring Committee (JMC) အနေဖြင့် ဦးဆောင်ပြုလုပ်သည့် “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာလုပ်ငန်းစဉ်များအတွင်း ယုံကြည်မှုတည်ဆောက် ခြင်း၏ အရေးကြီးသောအခန်းကဏ္ဍ၊ ပညာရှင်များစကားဝိုင်း” ကို ကျင်းပခဲ့သည်။ စကားဝိုင်းတွင် ကရင်ပြည်နယ်ရှိ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်များ၊ JMC အရပ်သားကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့၊ အစိုးရမဟုတ်သော အဖွဲ့အစည်း-NGO/INGO၊ ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များနှင့် ပြည်သူများ စုစုပေါင်း တစ်ရာကျော်တက်ရောက်ခဲ့ကြကြောင်း KIC သတင်းအရ သိရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှစ်ဖက်တပ်များ၏တင်းမာမှု အခြေ အနေများကို ဖြေလျှော့နိုင်မှသာ ယုံကြည်မှု တည်ဆောက်နိုင်မည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Union-level Joint Monitoring Committee (JMC-U) ဒုတိယ ဥက္ကဋ္ဌ (၂) သူရဦးဘိုနီက ကေအိုင်စီ သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးယူပြီး ယုံကြည်မှုတည် ဆောက်ပြီးတဲ့နောက် အရင်ကထက်စာရင် တိုးတက်မှုအများကြီးရှိတာ တွေ့ရတယ်။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ နေ့ချင်းညချင်း ဝုန်းဒိုင်းလုပ်လို့မရနိုင်ဘူး။ တဖြည်းဖြည်းတော့လုပ်ရမှာပဲ၊ အဲဒီတော့ ဘာအခက်အခဲရှိသလဲ။ ရှိတဲ့အခက်အခဲတွေကို တယောက်နဲ့တယောက်နားလည်အောင် ဖြေလျှော့ပြီးမှ လုပ်သွားမယ်ဆို ရင် မရနိုင်စရာအကြောင်းမရှိပါဘူး” ဟု JMC-U ဒုဥက္ကဌ (၂) သူရဦးဘိုနီက KIC သို့ ပြောသည်။

အဆိုပါ အလွတ်သဘော စကားဝိုင်းတွင် ပါဝင်တက်ရောက်သည့် KNU/KNLA-PC မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က “ယုံကြည်မှုတည်ဆောက်ခြင်းဟာ ညှိနှှိုင်းခြင်းဖြစ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ခြင်း ရတယ် ဆိုရင် တော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အဆင်ပြေပါတယ်။ ယုံကြည်မှုတည်ဆောက်တာတော့ တကယ် ခက်ခဲပါတယ်။ ခေါင်းဆောင် ကြီးတွေ နိုင်ငံရေးစားပွဲဝိုင်းမှာ သွားတွေ့တဲ့အခါကျတော့ ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်ပဲယုံကြည်မှုရှိနေပါစေ သူနဲ့ဆက် နွှယ်နေတဲ့ သူ့ရဲ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေရဲ့ ယုံကြည်မှုအကုန်လုံးပါလာအောင်တော့ နည်းနည်းလေးတော့ အချိန်ယူရ မယ်။ ဒီနေ့လုပ်တဲ့ပွဲကတော့ လက်ရှိ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တစုံတရာ အကျိုးရှိမယ်လို့ မျှော်လင့် တယ်” ဟု ပြောသည်။

မကြာသေးမီက ကေအိုင်စီ ကရင်သတင်းဌာနက လက်ရှိအခြေအနေနှင့် NCA သဘောတူညီမှု မည်ကဲ့သို့ကွာခြားနေပါ သလဲဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအား တွေ့ဆုံ မေးမြန်းခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက “အဲန်စီအေသဘောတူညီမှုထဲမှာတော့ ကျနော်တို့တွေ ကိုယ့် နေရာ နဲ့ ကိုယ်နေကြမယ်။ ယုံကြည်မှုကို တည်ဆောက်ယူကြမယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားဖို့ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားကြမယ်။ ဒါက အပြောပဲရှိပါတယ်။ တကယ့်တကယ်က မြန်မာစစ်တပ်က သူတို့လိုချင်တဲ့အရာကို အခွင့် အရေးကို တိုက်ယူမယ်။ အခွင့်အရေးယူမယ်။ ဒါက အပစ်အခတ်ရပ်သည်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ သူတို့အစီအစဉ်က ရှိ ပြီးသားဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကို ၂ဝ၁၈ မတ် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့စဉ်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ JMC-U ဒုတိ ယ ဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးက “ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ  ကျွန်တော်တို့ လက်နက်ကိုင်နှစ်ဖွဲ့အကြား သာ တည်ဆောက်တာမဟုတ်ဘဲ ဒေသခံပြည်သူတွေလည်း ပါဝင်နေတယ်ဆိုတာကို သတိပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒေသခံပြည်သူတွေဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ မကောင်းတဲ့အကျိုးဆက်တွေကို ခေတ်အဆက်ဆက်မှာ ခံစားလာကြရ တာ ဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ် လွှမ်းမိုးနေဆဲရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ လှုပ်ရှားမှု တိုင်းမှာ ပြည်သူ့ဆန္ဒမပါဝင်ရင် NCA နဲ့JMC  အကောင်အထည်ဖော်မှုတွေမှာ  ပြည်သူတို့ရဲ့ ရှိပြီးတဲ့ယုံကြည်မှုတွေပါ  ပျက် ပြားသွားနိုင်ပါတယ်” ဟု ပြောခဲ့သည်။ ယင်းအချက်မှာ သတိပြုမှတ်သားဖွယ်ဖြစ်သည်။ အထူးသဖြင့် လက်ရှိ NCA နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက်ရေးအတွက် ယုံကြည်မှုမပျက်ပြားရန် အရေးကြီးလှသည်။

JMC-U ၏ (၁၅) ကြိမ်မြောက်အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကလည်း အောက်ပါအတိုင်း ပြောကြားခဲ့သည်ကို သတိပြုမိသည်။

“တချို့ JMC-S များအတွင်းမှာ ဆွေးနွေးချက်တွေကို အပြန်အလှန် အလေးအနက် မထားတာတွေ၊ နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်တာတွေကြောင့် မလိုလားအပ်တဲ့ ဖြစ်စဉ်လေးတွေ ဖြစ်နေတာ တွေ့ရပါတယ်။  လက်ရှိအနေအထားမှာ ယုံကြည်မှုတည်ဆောက်နေတယ်ဆိုတဲ့စကားလုံးကိုပဲ  သုံးနှုန်းပြောဆိုနေတာကို  တွေ့ရပါတယ်။ ဒါကြောင့် ယုံကြည်မှု တည်ဆောက်နေတယ်ဆိုတဲ့စကားလုံးကိုပြန်ကြည့်တဲ့အခါ တယောက်နဲ့တယောက် တဖက်နဲ့တဖက် အပြန်အလှန် မှီခို မှုရှိနေဖို့ လိုအပ်ပါတယ်။ တဖက်နဲ့တဖက် အပြန်အလှန် မှီခိုနိုင်အောင်လည်း လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေ၊ လိုအပ်တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ တဖက်နဲ့တဖက် အပြန်အလှန် မှီခိုနေမယ် ဆိုရင် ယုံကြည်မှုတည်ဆောက်ပြီးသားဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ စကားအရ ဆွေးနွေးချက်များကို အပြန်အလှန် အလေးအနက်မထားသည့်ကိစ္စကြောင့် အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် မလိုလားအပ်သည့် ဖြစ်စဉ် များ ဖြစ်ပေါ်ရသည်ဟု ဆိုသည်။ JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် JMC-U ဒုတိယ ဥက္ကဋ္ဌ (၁) စော အိုင်းဇက် ဖိုးတို့ နှစ်ဦးစလုံး၏ ပြောကြားချက်များတွင် ယုံကြည်မှုတည်ဆောက်ရေးကိစ္စ၏ အရေးကြီးပုံကို မိမိတို့ ရှုထောင့်အသီးသီးမှ ပြောကြားခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့ ၂ ဦး၏ အမြင်သဘောထားမှာ NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့အစည်းများ အတွင်းမှ အခြေအနေဖြစ်သည်။ လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့် EAOs အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ဖို့ဆိုလျှင် ပို၍အခက်အခဲအဟန့်အတားများ ရှိနေဦးမည်ဖြစ်သည်။

ထို့ကြောင့် JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် JMC-U ဒုတိယ ဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးတို့ နှစ်ဦးစလုံး၏ ပြောကြားချက်များအရ ယခုအချိန်အထိ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ ပြည်တွင်းစစ် နှစ်ပေါင်း ၇ဝ ကြာမြင့်ခဲ့သည့်အလျောက် တဦးအပေါ်တဦး အထင်မှား အမြင်မှားဖြစ်နေမှု အများ အပြားရှိနေခဲ့သည်။ ထိုသို့ နှစ်ပေါင်း ၇ဝ မျိုးဆက်အလိုက် အရိုးစွဲနေခဲ့သည့် မယုံသင်္ကာစိတ်များကို ရက်ပိုင်း၊ လပိုင်းလောက် နှင့် ချေဖျက်၍ ရနိုင်မည်ကားမဟုတ်ပေ။ အစိုးရနှင့် တပ်မတော်တို့က ရေရှည်အမြင်ဖြင့် စိတ်ရှည်သည်းခံ ကာ နားလည်မှုနှင့် ယုံကြည်မှု ရရှိစေရန် ဆောင်ရွက်သင့်သည်။ ငြိမ်းချမ်းရေးကို ရိုးသားစွာရယူလိုပါက အင်အားကြီးသူအနေဖြင့် အင်အားနည်း သူကို လက်နက်အားကိုးဖြင့် တန်ခိုးပြ ဖိအားပေးခြင်းမျိုးမလုပ်သင့်ဟု ထင်သည်။

လက်ငင်းဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို လေ့လာလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်း ရေးရရန် ဝါယမစိုက်ထုတ်နေသော်လည်း၊ အခြားတဖက်တွင် တပ်မတော်က စစ်ရေးဖိအား မြှင့်တင်နေသည်ကို မြင်နေရ သည်။ စစ်ရှိန်မြင့်တက်နေရသည့် အကြောင်းမှာ အစိုးရနှင့် တပ်မတော်အကြား ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ကွဲလွဲနေခြင်း ကြောင့်လားဟု မေးခွန်းထုတ်စရာ ဖြစ်သည်။ ဆယ်စုနှစ် ၇ ခုကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေးသည် EAOs အဖွဲ့အားလုံး NCA ကို လက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာရေးအပေါ် တည်နေသည်ဟု အစိုးရနှင့် တပ်မတော်တို့က ပြောဆိုခဲ့ဖူးသည်။ သို့သော် တွေ့ဆုံဆွေးနွေးရေး dialogue နည်းဖြင့် အဖြေရှာရမည့်အစား၊ စစ်ရေးဖိအားပေးသည့်နည်းဖြင့် အဖြေရှာနေသည်ကို ပြည်သူအများကလည်း သံသယဖြစ်နေကြသည်။ စစ်ရှိန်မြှင့်နေသမျှ ပြည်သူလူထု၏ သံသယ မြင့်တက်လာနေမည်သာဖြစ်သည်။ သံသယစိတ်ကြီးမားနေပါက၊ ယုံကြည်မှုတည်ဆောက်၍ မရ နိုင်။ ယုံကြည်မှုပျက်ပြားသွားပါက၊ ငြိမ်းချမ်းရေးတံခါး တကျော့ပြန်ပိတ်သွားမည့် အရေးကို တပ်မတော်နှင့် အစိုးရတို့အနေဖြင့် လေးနက်စွာ စဉ်းစားကြစေလိုပါသည်။

(6 April 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့်ဆောင်းပါး)