Breaking News

စိုးခိုင်ညိန်း ● နွေဦးကဗျာ (Soe Khaing Nyein - Spring Poem)

Art - Aung Htet

စိုးခိုင်ညိန်း ● နွေဦးကဗျာ
(မိုးမခ) ဧပြီ ၈၊ ၂၀၁၉

ပွဲတော်

ရေခြောက်ခြောက်
တယောက်တည်း
အခုလို ပျင်းရိနေတာကိုက တမျိုးအရသာရှိ။

ပျော်ရွှင်မှုဆိုတာ ထိုက်မှ ရတယ်
ဒီလိုမှန်းသိ သူ့အိမ်ရှေ့ သွားထိုင်မိမယ်
တနင်္လာနေ့ကစခဲ့သော ဇာတ်
တနင်္လာနေ့မှာ ဆုံးခန်းတိုင်ခဲ့
တနှစ်တခါ ရောက်လာစမြဲဟာ
ပဝါကို ဦးခေါင်းမှာစည်းထားတယ်။

ညီမလေးက
နှုတ်ခမ်းကို ခရမ်းရောင်ဆိုးထားတယ်။

မြင်ပေမယ့်
လေထဲမှာ ကိုယ့်အသံမရှိဘူး။

(ခင်ဇော်မြင့်)


ပြီးခဲ့တဲ့ ရက်က ပိတောက်တွေက စောစောစီးစီး ပွင့်သွားသည်။ လမ်းတလျှောက်လုံး ပိတောက်ပန်းနံ့တို့ဖြင့် သင်းပျံ့နေလေ သည်။ သင်္ကြန်သီချင်းတွေကတော့ အစောကတည်းက ဟိုမှ သည်မှ ကြားနေရပြီး ဖြစ်သည်။ ကျွန်တော့်ဇနီးသည်၏ ဆိုင် လေးမှာလည်း သင်္ကြန်နှင့်ပတ်သက်သောပစ္စည်းလေးတွေပင် ရောင်းနေရပြီ။ ပြီးခဲ့သည့်လကတည်းကပင် သင်္ကြန်ပန်းကုံး၊ သင်္ကြန်ဆံကုပ်၊ ဆံပင်ဆိုးဆေး၊ သင်္ကြန်ဦးထုပ်၊ သင်္ကြန်ရေစိုခံမျက်မှန်၊ ခေါင်းစီးပုဝါ၊ ရေပြွတ်၊ ပလပ်စတ ပိတောက် ပန်းအတုစသည်ဖြင့် လာလာပြီး မေးဝယ်နေကြတာ ဖြစ်သည်။

လူငယ်လေးတွေက သင်္ကြန်မရောက်ခင်ကပင် သင်္ကြန်ရောက်ရင် ဘယ်လိုကဲလိုက်မယ် ဘယ်သွားမယ်၊ ဘာလုပ်မယ်စသည့် စိတ်ကူးတို့ဖြင့် ပြင်ဆင်တာစူနေကြတာ ဖြစ်သည်။ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်၊ အဖြူရောင်၊ ရွှေအိုရောင်စသည့် ဆံပင်ဆိုးဆေးဘူးတွေကို လာလာဝယ်နေကြလေသည်။ ကလေးမလေးတွေက သင်္ကြန်ကို မြန်မြန်ရောက်ချင်လှပြီဟု ဆို ကာ လိုအပ်တာတွေကို ကြိုတင်ဝယ်ယူ ပြင်ဆင်နေလေသည်။ တချို့က မန္တလေးကို သွားကဲမည်တဲ့။ တချို့ကတော့ ရန် ကုန်တဲ့၊ ချောင်းသာတဲ့။ တနှစ်မှ တခါဆိုတော့လည်း ပျော်ချင်ကဲချင်ကြ ပေမည်။

သင်္ကြန်နှင့် ပတ်သက်၍ ကျွန်တော့်မှာ ဘာမှ ကောင်းကောင်းကန်းကန်း မှတ်မှတ်ရရ မရှိလှ၊ ဖြတ်သန်းခဲ့သမျှ သင်္ကြန်များတွင် ရေခြောက်ခြောက်နှင့်ပင် ကုန်ဆုံးခဲ့ရတာ များသည်။ အခု အသက်အရွယ်အထိ မှတ်မှတ်ရရ သင်္ကြန်လည်ဘူးတာ မန္တလေး မှာ တခါ၊ ရန်ကုန်မှာ တခါ၊ ဘဝတလျှောက်လုံး ဒီနှစ်ခါပဲ သင်္ကြန်မှာ လည်ဘူးသည်။ ဒါတောင် အတွေ့အကြုံရဘူးချင်သည့် စိတ်ကြောင့် လည်ခဲ့ဘူးတာ ဖြစ်သည်။ နောက်တော့ တခါမှ မလည်ဖြစ်တော့ သင်္ကြန်ရောက်တိုင်း ခြောက်ခြောက်သွေ့သွေ့နဲ့ အခန်းအောင်း စာဖတ်နေခဲ့ဖြစ်တာ များပါသည်။

ယခုနှစ် သင်္ကြန်မှာလည်း ကျွန်တော့်မှာ ဘာအစီအစဉ်မှမရှိပါ။ အခါတိုင်း သင်္ကြန်တွေလိုပဲ တယောက်တည်း ခြောက် ခြောက်သွေ့သွေ့နဲ့ စာအုပ်တွေနဲ့ပဲ အဖော်လုပ်ရဖို့ပဲ ရှိပါသည်။ အစကတော့ ခရီးတခုခုသွားဖို့ စိတ်ကူးဖြစ်ပေမဲ့ သွားဖြစ် တော့မည် မထင်တော့။

သင်္ကြန်က ရန်ကုန်ထက် မန္တလေးက ပိုပြီးအစဉ်အလာကြီးသည်။ ဆရာမြို့မငြိမ်း၏ သင်္ကြန်သီချင်းတွေက သင်္ကြန်ရောက် တိုင်း ဘယ်နေရာမှ ကင်း၍မရ။ “မန္တလေးဂီတပညာရှင်တွေ စုစည်းပြီး မြို့မအဖွဲ့ကို သံစုံတီးဝိုင်းကြီး အသွင် တည်ထောင်ခဲ့ရာ မှာ လေမှုတ်တူရိယာပစ္စည်းတွေကထွက်တဲ့အသံဟာ များသောအားဖြင့် ငန်းမြည်သံနဲ့တူတယ်။ ဘဲနှုတ်သီးလို့ခေါ်တဲ့ တူရိယာ ပစ္စည်းတချို့ရဲ့လျှာခင်က ငန်းရဲ့ နှုတ်သီးနဲ့တူတယ်။ ရေမှာပျော်တဲ့ ငန်းတွေလို မြို့မအဖွဲ့ဟာ အတာရေပွဲမှာ စုပေါင်းပျော်ကြတယ်။ သင်္ကြန်ပျိုဖြူတွေကိုလည်း လိုက်ငန်းတဲ့ သဘောဆောင်နေ တာကြောင့် မြို့မဂီတပညာရှင်တွေက မြိုမအဖွဲ့မှာ ငွေငန်းအမှတ်တံဆိပ်ကို အတည်ပြုသတ်မှတ်ခဲ့ကြတယ်လို့ အတာတေးနဲ့ မန္တလေးသင်္ကြန်စာအုပ်ပြုစုသူ ဆရာ အောင်အောင် (ယဉ်မွန်) က သုံးသပ်ပြထားလေသည်။

တူးပို့ တူးပို့ဆိုသည့် သင်္ကြန်ဒိုးတီးကွက်ကတော့ စစ်ပြီးကာလမှာ ပေါ်ပေါက်လာသည်လို့ ဆိုသည်။ မန္တလေးမြို့မတူရိယာ အဖွဲ့ကြီးက ဆရာမြို့မငြိမ်း၊ ဆရာမြို့မလေးလေးရင်၊ ဦးလှဒင် (ဗုံ)၊ ဦးထွန်းရှိန်၊ ဦးထွန်းရင် (အုပ်စုံ) တို့က တာပလာခေါ် ကုလားဗုံတွေနှင့် စည်တိုကို တွဲဖက်ပြီး စည်းချက်ကျကျနှင့် ကလို့ကောင်းအောင် သင်္ကြန်နှင့်လိုက်ဖက်တဲ့ တူးပို့တူးပို့ အသံ ကို စမ်းသပ်ရှာဖွေတီထွင်ခဲ့ကြသည်ဟု ဆိုပါသည်။

သည့်နောက်မှာတော့ မြန်မာ့သင်္ကြန်သီချင်းတိုင်းမှာ တူးပို့ တူးပို့ အသံကတော့ မြူးကြွစွာပါဝင်နေခဲ့ပြီ ဖြစ်သည်။ အခု ခေတ်မှာတော့ သင်္ကြန်သီချင်းတွေက ရော့ခ်တွေ၊ ဟစ်ဟော့တွေ၊ ဒီဂျေတွေနဲ့ ခေတ်မှီချင်တိုင်း ခေတ်မှီနေခဲ့ပြီ ဖြစ်သည်။ သင်္ကြမှာ ပျော်ကြတဲ့ သူတွေကလည်း ဟိုရှေးခေတ်ကလို ငွေဖလားတွေ၊ သပြေခက်တွေနဲ့ ရိုးရိုယဉ်ယဉ် မဟုတ်တော့။

အခုသင်္ကြန်က ဆံပင်တွေမှာ အရောင်အမျိုးမျိုးဆိုကြပြီ။ ဆံပင်ပုံစုံတွေကလည်း ဒူးရင်းသီးပုံစံလို၊ ကြက်မောက်လို အချွန်အတက်ပုံစံတွေနဲ့ မျက်မှန်ကို နဖူးပေါ်တင်ထား၊ ဆူးချွန်တွေပါတဲ့ လယ်သာဂျာကင်နဲ့ဖြစ်နေပြီ။ ကားပေါ်မှာ ဘီယာ ဖာနဲ့ ဖြစ်နေပြီ။ သောက်ကြစားကြ၊ ကကြခုန်ကြပြီ၊ မသောက်မစားတတ်သည့်သူများအဖို့တော့ သင်္ကြန်က ပျော်စရာမ ကောင်းတော့သလိုမျိုးပင် ဖြစ်နေပြီထင်သည်။

ကျွန်တော် မန္တလေးသင်္ကြန်လည်ခဲ့တုန်းက အဖြစ်အပျက်လေး တခု အမှတ်ရမိသည်။ ကျုံးတောင်ဘက်ဘေးမှာ ကျွန်တော် တို့ ရေပက်ခံကားက တရွေ့ရွေ့နဲ့ သွားနေရသည်။ ကျုံးဘေးတလျှောက်မှာလည်း အရက်ဘီယာရောင်းသည့် ဆိုင်ကလေး တွေကလည်း နေရာအနှံ့ ၊ ကားပေါ်က လူတွေက ကားအောက်ဆင်းပြီး ကလိုက် သောက်လိုက်နဲ့ ဖြစ်သည်။ တကားနဲ့ တကားက နီးနီးကလေး၊ တကားနဲ့ တကား အော်ဟစ်ကာ ပြောင်လိုက် နောက်လိုက် စလိုက်နဲ့ ဖြစ်သည်။ ကျွန်တော် တို့ကားရဲ့ နောက်ကကားပေါ်က ကောင်းမလေးတယောက်က ကြယ်သီးတလုံးပြုတ်ပြီး ရင်ဘတ်က ဟပြဲဖြစ်နေသည်။ ကျွန်တော်က သူမကို ရင်ဘတ်ကြယ်သီးတလုံး ပြုတ်နေတယ်လို့ လှမ်းအော်ပြောလိုက်မိသည်။ အဲဒီမှာ သူမက ကျန်တဲ့ ကြယ်သီးအားလုံးကိုပါ ဆွဲဖြုတ်ပစ်လိုက်ပြီး ရင်ဖွင့်ကာလှပ်ပြကာ ရင်ကိုကော့ပြသည်။ ကျွန်တော့်မှာ အံ့သြစိတ်ဖြင့် ထူပူ သွားခဲ့တာဖြစ်သည်။

မိမိငယ်စဉ်က ရွာမှာတော့ တရွာနဲ့ တရွာ ရွာလုံးကျွတ် နီးပါး အပျိုလူပျိုများက ဘုန်းကြီးကျောင်းတွေမှာ လှည့်ပတ်ပြီး ရေထမ်းများဖြင့် ရေအလှူ လိုက်လှူလေ့ ရှိသည်။ ဘုန်းကြီးကျောင်းတွေက အခြားရွာတွေကနေ ရေအလှူ ရောက်လာတဲ့ လူတွေကို မုန့်လုံးရေပေါ်စသည့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးရသည်။ မိမိတို့ကလေးတွေက ရောက်လာတဲ့သူတွေကို ရေ လိုက်ပက်ကြပြီး ပျော်ကြရသည်။ အခုတော့ ရွာမှာ ထိုအစဉ်အလာပင် မရှိတော့ပေ။ ဟိုအရင်တုန်းက ရေကရှားတော့ တရွာနဲ့ တရွာ အပြန်အလှန် ရေသွားလှူကြပြီး ကြာတဲ့အခါမှာ အစဉ်အလာတရပ် ဖြစ်သွားသည်ဟု ထင်သည်။ အခုတော့ ရွာမှာ ထိုအစဉ်အလာ မရှိတော့။ ဘုန်းကြီးကျောင်းမှာ ဥပုသ်သည်တွေပဲ ရှိတော့သည်။ ယခုနှစ် ရေရှားပါးသော အရပ်ဒေ သများမှာ သင်္ကြန်ကို ဘယ်လို ဖြတ်သန်းကြမည်မသိ။

မြန်မာလူမျိုးတို့၏ နှစ်သစ်ကူးသင်္ကြန်ပွဲသည်လည်း ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ရှေးယခင်ကာလ များ၌ မိဘဆရာသမားများနှင့် သက်ကြီးရွယ်အိုများကို သနပ်ခါး နံ့သာရေများ၊ သပြေခက်လေးများဖြင့် ကန်တော့ကြသည့် အလေ့အထ ရှိခဲ့သည်။ ထိုမှစ၍ ရေဖြင့် အပြန်အလှန် အလွန်အကျူး ပက်ကာ ကစားကြခြင်း ဖြစ်သည်။

နှစ်ဟောင်းလွန်၍ နှစ်သစ်ဆန်းစ ပထမနေ့ကို နှစ်ဆန်းတရက်နေ့ဟု ခေါ်ကြသည်။ အချို့ကလည်း နှစ်ဟောင်းမှ နှစ်သစ် သို့ ကူးပြောင်းသည့်နေ့ဖြစ်သဖြင့် နှစ်သစ်ကူးနေ့ဟု ခေါ်ကြသည်။ အဟောင်းမှအသစ်သို့ ပြောင်းခြင်းကား နှစ်လိုဖွယ်ရာ ဖြစ်ပေသည်။ ထို့ကြောင့် နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာဟု အများကလက်ခံကြသည်။ ယင်းသို့ မင်္ဂလာရှိသော နေ့ကို သတ်မှတ်ပုံ၊ ကြိုဆိုပုံ၊ ကျင်းပပုံခြင်းကား လူတမျိုးနှင့် တမျိုး မတူကြချေ။ အချို့က ဧပြီလထဲတွင် နှစ်ဆန်း၍ အချို့က ဇန်န ဝါရီလထဲတွင် နှစ်ဆန်းသည်။ ကြိုဆိုကျင်းပပုံနည်းများ လည်း ကွဲပြားကြသည်။

အချို့က နှစ်ဆန်းပွဲတွင် ရေကစား၍ အချို့က မီးထွန်းကြသည်။ အချို့က ကခုန်ကြ၍ အချို့က ဘုရားရှိခိုး ဆုတောင်းပွဲ ပြုကြသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဆန်းသည့် အချိန်တွင် နှစ်ဟောင်းမှ အညစ်အကြေးတို့ကို ဆေးကြောပယ်ဖျက်လိုခြင်း၊ နှစ်သစ်ကို ဝမ်းပန်းတသာ ခင်းကျင်းကြိုဆိုခြင်း၊ တနှစ်ကုန်၍ အသက်ဝါစသည့် ကြီးရင့်လာသည်ကို အသိအမှတ်ပြုသည့် သဘောဖြင့် သက်ကြီးဝါကြီး မိဖဘိုးဘွားတို့အား ပူဇော်ဂါရဝပြုခြင်း၊ ဘာသာဓလေ့များအရ စိတ်ကောင်းမွေး၍ ကောင်းမှု ကုသိုလ်များ ပြုလုပ်ခြင်းတို့၌ကား တသဘောတည်းနှင်နှင် တူကြသည်ဟု ဆိုရပေမည်။

မြန်မာလူမျိုးများကတော့ လာမည့်နှစ်သစ်တွင် အညစ်အကြေး ဘေးဘယများ ကင်းစင်၍ ကြည်လင်အေးမြစေရန် ရည်ရွယ် ၍ ရေဖြန်းကစားခြင်း၊ လူကြီးမိဘ ဆရာသမားတို့အား ပူဇော်ကန်တော့ခြင်း၊ အိမ်တွင်း အိမ်ပြင်ရှိ အညစ်အကြေး အမှိုက် သရိုက်များကို ရှင်းလင်းခြင်း၊ ဦးခေါင်းဆေးလျှော်ခြင်း၊ စေတီပုထိုး ကျောင်းကန်များသို့ ထွက်၍ ဥပုသ်သီတင်း ဆောက် တည်ကာ ဒါနပြုခြင်း၊ ဘုရားပုထိုး ရုပ်ပွားတော်များကို ရေသပ္ပါယ်ခြင်း စတဲ့ အမှုများ ပြုလုပ်ကြသည်။

သင်္ကြန်မှာ တချို့က ပျော်ကြမော်ကြသည်။ တချို့က ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည်။ ရက်ရှည်ဥပုသ်စောင့်ကြသည်။ တရားစခန်းဝင်သည်။ ဒုလ္လဘဝတ်သည်။ ကျွန်တော်ကတော့ သင်္ကြန်မှာ အပျော်အပါးလည်း မလုပ်မိ၊ ကုသိုလ်ကောင်း မှုစသည်လည်း မလုပ်မိ၊ အခန်းအောင်းကာ စာရေးစာဖတ်ရုံသာဖြစ်သည်။ သင်္ကြန်ဆိုတာ ကျွန်တော်အဖို့တော့ ကိုက်ခဲနေ တဲ့ အရောင်ပေါ့။ ကျွန်တော် ကဗျာလေးတပုဒ်ရေးလိုက်မိသည်။

ကိုက်ခဲနေတဲ့ အရောင်

တမာနံ့တွေ လေထဲ ပါလာပြီဆိုရင်
သူ့အိမ်ထောင့်က ပိတောက်ပင်လေးမှာ
ကိုယ်က တစ္ဆေတကောင်အဖြစ်နဲ့
ပွင့်ချပ်တွေကို အတင်းဆွဲဖွင့်နေရင်း
သူမရဲ့ ဆံနွယ်တွေကို ခြောက်လှန့် နေမိသူပေါ့။

အခုတော့
တမြို့လုံး သံစဉ်တွေနဲ့ စိုရွှဲနေတာတောင်
ကိုယ့်မှာတော့ ခြောက်ခြောက်သွေ့သွေ့
ကိုယ်တို့နှစ်ယောက်ရဲ့ အကြား
မီးစွဲနေတဲ့ ဥသြသံလေးနဲ့ ခြားထားတယ်
သူဝတ်ထားတဲ့ ရှပ်အင်္ကျီပေါ်က အရိုးခေါင်းပုံက
ကိုယ့်အတွက် အန္တရာယ်အချက်ပေး တံဆိပ်
သိကြားမင်းက ဘာစီးပြီးဆင်းလာသလဲ
သူကတော့ ကိုယ့်နှလုံးသားကိုစီး မောင်းထွက်သွားပေါ့
ကိုယ့်အဖို့တော့ ဧပြီဟာ ပြည်တည်နေတဲ့အနာ
မျက်ရည်လေးတစက်နဲ့ ဖောက်ထုတ်လိုက်တော့
တလမ်းလုံး စီးဆင်းသွားလေပေါ့ အဝါရောင်တွေ။

စိုးခိုင်ညိန်း