Breaking News

နိုင်ဝင်းသီ ● နေကြာပန်း

နိုင်ဝင်းသီ ● နေကြာပန်း
(မိုးမခ) မေ ၁၊ ၂၀၁၉

၂၀၁၉ မိုးမခ ဇန်နဝါရီလထုတ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

(တ)
လမ်းဟာ ကွေ့ကွေ့ကောက်ကောက်ကြမ်းကြမ်းရှရှ။ ဘယ်လိုနေရာမျိုးမှာမှ ဖြောင့်ဖြောင့်တန်းတန်းမရှိ။ ကျွန်တော်တို့သွားချင် တဲ့ဆီ ရောက်မှာလား ....မရောက်ဘူးလားဆိုတာကလည်း  သိပ်မသေချာခဲ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အဲဒီကွေ့ကောက်တဲ့ လမ်းလေးကိုပဲ ရွေးချယ်ပြီး လျှောက်လာခဲ့ကြ။ အဲဒီ ကွေ့ကောက်တဲ့လမ်းလေးပေါ်မှာပဲ ကျွန်တော်တို့ဟာ ပျော်ရွှင်ခဲ့ကြ။အဲဒီ ကွေ့ကောက်တဲ့လမ်းလေးပေါ်မှာပဲ ကျွန်တော်တို့ရဲ့ဘဝတွေဟာ တခုနဲ့တခု ချိတ်ဆက်ခဲ့ကြ။

ပြောမယ်ဆိုရင်ပေါ့။ ဝေလည်းအတူဝေ  ကြွေလည်းအတူ ကြွေ သစ်မြစိမ်းရွက်ထဲမှာ သူဟာလည်းပဲ ကျွန်တော်တို့နဲ့အတူတူ တကိုင်းတည်း ရှင်သန်ပေါက်ရောက်လာခဲ့တဲ့ သစ်ရွက်တရွက်။ သူမူးလာရင်ပြောတတ်တဲ့ စကားတခွန်းရှိတယ်။ နောက်ဆုံး သစ်ရွက်ဟာ ဘယ်တော့မှ မကြွေဘူးတဲ့။ အဲဒီစကားလေးတခွန်းကို  နှစ်ပေါင်းများစွာ မငြီးမငွေ့သူ ပြောလာခဲ့တယ်။    

သူ့ဆီက နှစ်လိုဖွယ်ကောင်းတဲ့အရေးအသားတွေ ဖြာကျလာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် "အဖေခေသူမဟုတ်" "လိပ်ပြာလန့်ပွဲဝတ္ထုတိုများ" ။ ဒီနှစ်အုပ်ထဲနဲ့တင် သူ့ရဲ့အနုပညာဟာ ထစ်အ ရပ်တန့်နေခဲ့။

၂၀၀၇ ဝန်းကျင်လောက်ဆီက ကလျာမဂ္ဂဇင်းထဲမှာ သူ့ရဲ့ဝတ္ထုတိုလေးတပုဒ်ကို တစ္ဆေခြောက်သလို ဖျပ်ခနဲ မြင်တွေ့ လိုက်ရသေး။

အဲဒီနောက်ပိုင်းမှာတော့ ဘယ်လိုဘုံမျိုးမှာမှ သူ့ကိုရှာလို့ဖွေလို့  မတွေ့ရတော့။

နောက်ဆုံးသစ်ရွက်ဟာ ဘယ်တော့မှ မကြွေဘူးလို့သာဆိုတယ်။ တဖျပ်ဖျပ်လှုပ်ခါနေတဲ့ သစ်ရွက်ကလေးကို မမြင်မတွေ့ ရတာ နှစ်ကာလတွေ ရှည်လျားသွားခဲ့ပြီ။

သူဟာ အနုပညာထဲက ဆုတ်ခွာသွားတာလား။ ဒါမှမဟုတ်ရင် အနုပညာကပဲ သူ့ဘဝထဲက ဆုတ်ခွာသွားခဲ့ပြီလား။ လေထန်ကုန်း မပေါ်ခင် ရွှေကြည်အေးရဲ့ နောက်ဆုံးနေ့ရက်တွေထဲက ၃၃ လမ်းတိုလေးထဲမှာ သူ့ရဲ့ခြေရာတွေဟာ အထင် အရှား။ ပုဇွန်တောင်သုခမြို့တော်လေးထဲက ဆိုင်နံပတ် ၁၇ ဆိုရင် သူ့ရဲ့ နောက်ဆုံးခံတပ်။ ၄၂ လမ်းထဲ ရောက်သွားရင်တော့ အမားတို့ရဲ့ဆိုင်လေးဟာ ကျွန်တော်တို့ရဲ့ ကွန်းခိုရာရိပ်မြုံလေး ဖြစ်သွားခဲ့ပြီ။

တခါတခါ စစ်ပြန်မဂ္ဂဇင်းနားက မင်းသားကြီးရဲ့(ဆိုင်လေး) ထဲမှာ ကျွန်တော်တို့ဟာ တိုးတိုးတိတ်တိတ်  ငြင်းလို့ ခုန်လို့။ သူများတွေတော့ မပြောတတ်။ ကျွန်တော့် မျက်စိထဲမှာတော့ မင်းသားကြီးရဲ့တိုက်ခန်းဆိုင်လေးဟာ ညနေခင်းရောက်တာနဲ့ မီးခိုးပြာတွေ ဝေရီအုံဖွဲ့ နေတဲ့ရပ်ဝန်းလေး။ အဲဒီလို အုံဖွဲ့နေတဲ့ ဆေးလိပ်ငွေ့တွေကြားမှာ ခေါင်းတွေဆိုတာ တလှုပ်လှုပ်နဲ့ ရယ်လို့မောလို့။  တချို့ခေါင်းတွေဟာ တစုံတခုကို အလို မကျဟန်နဲ့ ရမ်းလို့ခါလို့။ တချို့ခေါင်းတွေကတော့ ကြမ်းပြင်ပေါ်ကို တွဲလောင်းငိုက်စိုက်။ တချို့ခေါင်းတွေက မျက်နှာကျက်ကို မော့ကြည့်လို့။ တချို့ခေါင်းတွေကတော့ သက်ပြင်းတွေ တချက်ပြီး တချက်ရှိုက်လို့။ အဲဒီလိုတလှုပ်လှုပ်နဲ့မျောပါနေတဲ့ ခေါင်းတွေကြားမှာပဲ ဆေးပေါ့လိပ်တိုကို ကျွတ်ထွက်မသွား အောင်  ဖိကိုက်ထားလေ့ရှိတဲ့ ဆံပင်ဖိုသီဖတ်သီနဲ့ခေါင်းဟာ ရှားရှားပါးပါး သူ့ရဲ့ ခေါင်းပါပဲ။

ဟုတ်တယ်။ သူဟာ ဆေးပြင်းလိပ်သမားမဟုတ်ပေမယ့်  လေးကျွန်းစကြဝဠာ ဆေးပေါ့လိပ်တိုကို ဝင်စတန်ချာချီစတိုင်နဲ့ ဖိကိုက်ထားတတ်တယ်။ ဘယ်အချိန်ကြည့် လိုက်ကြည့်လိုက် လေးကျွန်းစကြဝဠာနဲ့ သူ့ကို အမြဲတမ်းပူးတွဲပြီး  မြင်ရလေ့ရှိ တယ်။ ဇဗ္မူဒီပါလကျ်ာတောင်ကျွန်းမှာလည်း လေးကျွန်းစကြဝဠာဆေးပေါ့လိပ်တမျိုးတည်းကိုသာ သောက်လို့ရတယ်နဲ့ တူပါတယ်။

(နှစ်)

အမှတ်တရ နေ့ရက်တွေကို ပြောပါဆိုရင် သူရယ်၊ ကိုခင်လွန်းရယ်၊ ကာတွန်း အီကွေတာရယ်၊ ကျွန်တော်ရယ်  လေးယောက် သား ဆုံခဲ့ကြတဲ့ ညနေခင်းတွေဟာ အရေပြားပေါ်မှာ ရေးခြစ်ထားတဲ့ ဆေးမင်ကြောင်ရုပ်။ သွေးတွေ ဆူပွက်လာလေတိုင်း မြို့ပြညနေခင်းထဲမှာ ခုန်လို့ ကြွလို့။ သူနဲ့ကိုခင်လွန်းက မင်္ဂလာဒုံကြံခင်းစုထဲက။

အဲဒီတုန်းက ကြံခင်းစုဟာ အခုလိုမျိုး ကွန်ကရစ်တောအုပ် မဟုတ်သေး။ နွယ်ရိပ်သစ်ရိပ်နဲ့ ၊မြေလမ်းဝါဝါလေးတွေနဲ့ ကျေး လက်ဆန်တဲ့ကြံခင်းစု။ လေဆိပ်နဲ့နီးကပ်နေတော့ အဆင်းအတက်လုပ်နေတဲ့ လေယာဉ်တွေကို မြင်တွေ့နေရတာဟာ ငါးဝတုတ်လေးတွေကို ကြည့်နေရသလို။

ကျွန်တော်နဲ့ အီကွေတာက ရန်ကုန်မြို့ရဲ့တဖက်ကမ်း သန်လျင်မြို့ကလေးက။

တည်မှီရာအရပ်ဒေသချင်း မတူညီခဲ့ပေမဲ့ လေးယောက်သားဆုံခဲ့ရင် ရန်ကုန်မြို့ကြီးကို တနေရာမဟုတ်တနေရာ ကျွန်တော် တို့တွန်းရွှေ့ခဲ့ကြပြီ။

တခါသားက နေ့လည်ခင်းကြီးတခုပဲဆိုပါတော့။ ချိန်းဆိုထားတာ မဟုတ်ပါဘဲနဲ့ ၃၃ လမ်းထဲမှာ သွားဆုံကြတော့လာဗျာ။ တွေ့မှတော့ မထူးဘူးဆိုပြီး ဖော်တီတူး အဲဗင်နျူးကိုချီတက်လာခဲ့ကြ။ ၄၂ လမ်းဆို ထုံးတမ်းစဉ်လာအရ  အမားတို့ရဲ့ဆိုင်လေး ကိုပေါ့။ အဲဒီအချိန်တုန်းက ကိုခင်လွန်းက GOLF မဂ္ဂဇင်းမှာ အယ်ဒီတာ။ သူဟာ  အယ်လ်ကိုဟောကို  မူးရူးသွားအောင် ဘယ်တုန်းကမှ သောက်လေ့မရှိဘူး။ မဖြစ်မနေ သောက်ရမယ်ဆိုရင်တောင် နည်းနည်းလေးပဲ သောက်တတ်တဲ့လူ။

ထူးဆန်းတာတခုက အမားတို့ရဲ့ ဆိုင်လေးဟာ အဲဒီနေ့လယ်ခင်းတုန်းက လူပြည့်နေတာပါပဲ။ နောက်ထပ် ထူးဆန်း တာ တခုက ငမူးတကောင် ပူညံပူညံလုပ်ပြီး  မူးရူးသောင်းကျန်းနေတာပါပဲ။ ဆိုင်ရှင် အမားတို့လင်မယားသာမက ဆိုင်ထဲက လူတွေလည်း အဲဒီငနဲလေးကိုကြည့်ပြီး စိတ်တော်တော်ညစ်နေကြပြီ။
 
ဒီငနဲလေးဟာ အခုလိုပဲ မကြာမကြာလာပြီး သောင်းကျန်းနေကျတဲ့။ ဗိုလ်တထောင်ဆိပ်ကမ်းဘက်က "ပေါက်စ" တဲ့။ ဒလဘက်ကမ်းမှာနေပြီး ဗိုလ်တထောင် ၃/၄/၅/၆  ဘက်မှာ ကျက်စားနေတဲ့ လူမိုက်အလောင်းအလျာလေးပေါ့။နာမည်ကသာ ပေါက်စဆိုသော်ငြားသူ့ရဲ့ သြဇာအာဏာဟာ ၄၂ လမ်းအထိ သက်ရောက်နေပုံရ။ဆိုင်ရှင်လင်မယားကိုရော၊ ဆိုင်ထဲက လူတွေကိုရော၊ လမ်းသွားလမ်းလာတွေကိုရော ရစရာမရှိအောင် ပျစ်ပျစ်နှစ်နှစ် ဆဲဆို စိမ်ခေါ်နေပုံဟာ စိတ်ပျက်စရာ။ မောင်သုန် ဘာမှ ပြောမနေတော့ဘူး။ သောက်နေရင်း တန်းလန်းက ပေါက်စဆီ ထသွားလိုက်တယ်။

ပေါက်စရဲ့ ပါးစပ်ထဲမှာတပ်ထားတဲ့  စီးကရက်တိုကို ဆွဲဖြုတ်လိုက်တယ်။ ပြီးတော့ပေါက်စရဲ့ နားအုံကို သူ့လက်ဖဝါးနဲ့  အ သားကုန် ရိုက်ချလိုက်တယ်။ ဖြောင်းခနဲ မြည်သံနဲ့အတူ ၄၂ လမ်းတလမ်းလုံးဟာ မီးကို ရေနဲ့လောင်းချလိုက်သလို  ရှဲခနဲ ငြိမ်ဆင်း သွားလေရဲ့။

ပေါက်စရဲ့ခေါင်းဟာ လည်ထွက်သွားတယ်။ ပေါက်စကို ဘာမှပြောမနေဘဲ သွေးအေးအေးနဲ့ ဝင်ရိုက်ပြလိုက်တော့ ပေါက်စနဲ့ အတူပါလာခဲ့တဲ့ ခြွေရံသင်းပင်းတွေဟာ မောင်သုန့်ကိုကြည့်ပြီး ကျွတ်စကီးပြသွားကြတယ်။ မောင်သုန်ဟာ ပေါက်စကို ဗျောင်းခနဲ အသံထွက်သွားအောင် ရိုက်ပြီးတာနဲ့ ဒီကောင်တွေအုပ်စုကို လှည့်တောင်ကြည့်မနေတော့ဘူး။ ကိုယ့်စားပွဲကိုယ် လာပြီး သူ့ရဲ့လက်ကျန်ခွက်ကို တချီတည်း မော့ချလိုက်တယ်။ ပြီးတာနဲ့မီးသေနေတဲ့   လေးကျွန်းစကြဝဠာဆေးပေါ့လိပ်တိုကို မီးညှိလိုက်ပြီး ဆေးလိပ်မီးခိုးငွေ့တွေကို ကို အေးအေးလူလူ မှုတ်ထုတ်နေပါတယ်။

ပေါက်စတို့အဖွဲ့ဟာ သူတို့ဆရာကိုဝင်ဗျင်းသွားရုံသာမက သူတို့ကို လှည့်တောင်မကြည့်ဘဲ ကျောပေးထိုင်နေတဲ့ မောင် သုန့်ကိုကြည့်ပြီး ခေါင်းစားသွားခဲ့ပြီ။ ဒီလူဟာ ဘယ်လိုလူမျိုးလည်းပေါ့။ ဒီဘက်နယ်မြေထဲမှာလည်း တခါမှ မမြင်ဖူးသေး ဘူးပေါ့။

သူတို့ချင်းတိတ်တိတ်တိုးတိုးလေး ပြောနေကြပေမယ့် မောင်သုန့်ဆီကို ဘယ်သူကမှ  ထ မလာရဲပါဘူး။ တအောင့်နေတော့ မောင်သုန်ရဲ့မျက်နှာကို စေ့စေ့တောင်မကြည့်ဝံ့ဘဲ ဆိုင်ထဲကနေ ကုပ်ကုပ်ရုပ်ရုပ်နဲ့ ထွက်ခွာသွားခဲ့ကြပါတယ်။

ဒီကောင်တွေ ထွက်သွားပြီးမှ မောင်သုန်ဟာ ကုန်နေတဲ့ပုလင်းလွတ်ကို ကိုင်မြှောက်ပြီး  "အမားရေ... တပိုင်းတဖုံး" ။

အဲဒီ ကာလတုန်းက ဘီအီးနဲ့လစ်ပိုနဲ့ရောပြီး တပိုင်းတဖုံးဆိုတာ ခေတ်စားခဲ့ဖူးပါတယ်။ မှာတော့သာ တပိုင်းတဖုံး။ ရောက် လာတာဟာ တပိုင်းတွေရော၊ ပုလင်းလိုက်တွေရော၊ ဆဲဗင်းအပ်တွေရော၊ လစ်ပိုပုလင်းတွေရော၊ အမြည်းတွေရော လာချ ပေးနေသောအခါ ကျွန်တော်တို့က "ဟား ....တပိုင်းနဲ့ တဖုံးပဲ မှာတာပါဗျ" ။ သို့ကလိုပြောလေတော့ အမားက လက်မ တချောင်း ထောင်ပြလိုက်ပြီး "အခုဟာတွေက  ဆိုင်ထဲက လူတွေ ဝိုင်းပြီး ဂုဏ်ပြုတာပါ" တဲ့။

ဘီအီးကို ဘုရင်ခံတယောက်လို အမြည်းအလျှံပယ်နှင့် တွဲဖက်သောက်သုံးခဲ့ရတဲ့ နေ့ရက်တွေပါပဲ။ ဘဝထဲမှာ ဘယ်လိုပဲ ဆွဲ ဆွဲ။

တက်လာစရာ မရှိတော့တဲ့ ဖဲချပ်တွေပေါ့။ မောင်သုန့်မျက်နှာ့ကို လှမ်းကြည့်လိုက်တော့ ဘာမှ မဖြစ်သလိုပါပဲ။ကိုယ့်လူဟာ  တုံဏှိဘာဝေ။ လေးကျွန်းစကြဝဠာ ဆေးပေါ့လိပ်တိုကိုသာ မီးခိုးပြာတွေ ထောင်းလမောင်းထအောင် ဖွာလို့ ရှိုက်လို့။

(သုံး)
သူနဲ့ကျွန်တော်ဟာ ဝေးနေတုန်းက နီးခဲ့ကြပြီး နီးကပ်ရမဲ့အချိန်ကိုရောက်လာတော့ ဝေးကွာသွားခဲ့ပြန်တယ်။ သူ မူးမူး ဝေ ဝေနဲ့ ထွေထွေရီရီလေးဖြစ်လာပြီဆိုရင် အာရုံဟာ စံရိပ်ငြိမ်က ဘုံရိပ်သာလေးဆီ လွင့်ပြေးသွားမတတ်။ ရန်ကုန်မြို့ကြီးကို ဝင်စီးဖို့  မြစ်ဝကျွန်းပေါ်ဘက်က တက်လာတုန်းက စံရိပ်ငြိမ် ၆ လမ်းထဲမှာ သူ့ရဲ့ဝပ်ကျင်းလေး ရှိခဲ့ဖူးတယ်မဟုတ်လား။

သူရယ်၊ ကိုအောင်ဝေးရယ်၊ ထူးအိမ်သင်၊ နေမျိုးဇော်၊ ခင်မောင်သွင်၊ အရိုင်းဖြူ .......
တော်တော်များများ ရှိခဲ့ပါတယ်။ သူတို့  ၁၄  / ဧရာဝတီတိုင်းသားတွေ စံရိပ်ငြိမ်မှာ အသိုက်လေးတခုဖွဲ့ပြီး လာနေခဲ့တုန်းက။ အဲဒီတုန်းက သူတို့ဟာ လေဆန်ရေဆန်ရက်စွဲတွေကို ဆန်တက်ပျံသန်းနေကြတဲ့ အချိန်။ သူဟာလည်းပဲ သူ့ကိုယ်သူ ထက်ရှနေအောင် သွေးနေရတဲ့အချိန်။

လှည်းတန်းဟာ သူ့အတွက် ရေကြည်ရာမြက်နုရာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူဟာ ရွေးချယ်ခွင့် မရှိခဲ့ဘူး။ ပုသိမ်မြ လွှာရုံ ကန်သုံးဆင့်က သူငယ်ချင်း ညီတော် နောင်တော်တွေ စံရိပ်ငြိမ်ကို ရောက်လာတော့ သူဟာလည်းပဲ  စံရိပ်ငြိမ်ထဲက လူတွေ၊ ဘဝတွေ၊ နှစ်ကာလတွေထဲကို ရောထွေးစိမ့်ဝင်သွားခဲ့တဲ့ လူငယ်တယောက် ဖြစ်သွားခဲ့ရ။

ဒီလိုနဲ့ပဲ သူတို့ဟာ လူသားဆန်မှုတွေ ပျောက်ဆုံးနေခဲ့တဲ့ အမှောင်ခေတ်ကြီးထဲကို တရွရွနဲ့  တိုးဝင်ဖြတ်သန်းလာခဲ့ကြ။ အဲဒီ လို ဖြတ်သန်းလာရင်းနဲ့ပဲ လှည်းတန်းညတွေထဲမှာ ညတာ ရှည်လျားလာခဲ့ရင်း စံရိပ်ငြိမ်ထဲမှာ  ညဉ့်ငှက်တကောင် ဖြစ်မှန်း မသိ ဖြစ်လာခဲ့ရ။

ဘုံရိပ်သာလေးထဲက ညီတော်နောင်တော်တွေကတော့ သူ့ကို "ကိုငှက်ဆိုး" ရယ်လို့ အမည်နာမပေးထားခဲ့ကြ။

"ည" တွေဟာ အရိုင်းဆန်နေပေမယ့်  အမှောင်ထဲက လူတွေ၊ ဘဝတွေ၊ အသက်ရှူသံပြင်းပြင်းတွေ၊ တပိုင်းတစ အနုပညာ တွေ၊ သွေးခုန်သံတွေ၊ တိတ်ဆိတ်နေတဲ့ ဂီတသံတွေတခုနဲ့တခု ဆက်စပ်နေကြတာဟာ သူ့အတွက်တော့ အဆန်းတကြယ်...

အဲဒီ စံရိပ်ငြိမ်က ဘုံရိပ်သာလေးမှာ  လွင့်မျောနေတုန်းကပါပဲ။ ကားလ်မတ်ရဲ့ ဒေသနာနဲ့ မော်ရဲ့အဘိဓမ္မာတွေကို ကြားနာခဲ့ ရပြီး ဘော်လ်ရှီဗစ်လိုလို ဘာလိုလိုတောင် ဖြစ်သွားခဲ့ရသေး။ ပစ္စည်းလူတန်းစားတို့၊ အနုပဋိလောမတို့၊ ယဉ်ကျေးမှုတော် လှန်ရေးတို့ဆိုတာ ယုံကြည်မှုပြင်းရှနေတဲ့လူငယ်တွေကို တိမ်းမူးသွားစေတဲ့ စကားလုံးတွေ မဟုတ်လား။

ဒီလိုနဲ့ပဲ ....
အာရုံကို လာလာငြိတဲ့ ညနေခင်းလေးတွေအများကြီး ရှိတာပေါ့ဗျာ။ ဖျပ်ခနဲ ...ဖျပ်ခနဲပြန် ပြန် ပေါ်လာတဲ့အဖြစ်အပျက်တွေဆို တာကလည်း  အများကြီးဗျ။ စံရိပ်ငြိမ်က နေ့စွဲများဆိုပြီး ရေးဦးမယ်ဗျာ။ အဲဒီကာလတုန်းက အတူနေ အတူပေခဲ့တဲ့ ရဲဘော်ရဲဘက်တွေအကြောင်းကို။

ညနေခင်းထဲက သူ့ရဲ့မျက်လုံးတွေဟာ ဟိုဖက်နှစ်ကာလတွေဆီကို  လွမ်းရီငေးမောလို့။ အဲဒီတုန်းကသူတို့အုပ်စုဟာ လ ရောင်အောက်မှာ တလက်လက်နဲ့ စီးဆင်းလာခဲ့တဲ့ မြစ်တွေ။

လေးကျွန်းစကြဝဠာ ဆေးလိပ်တိုကို မျှင်း၍မျှင်း၍ ရှိုက်ဖွာပြီး တိုးတိုးသဲ့သဲ့လေး သူပြောပြနေပေမယ့် လူမသိသူမသိ စံရိပ်ငြိမ်ဇာတ်လမ်းလေးတွေဟာ အခုအချိန်ထိ သူ့ဆီမှာ အေးခဲ နေဆဲ။

ဒီလိုနဲ့ပဲ နှစ်တွေဟာ အေးစက်လေးကန်စွာနဲ့  တနှစ်ပြီးတနှစ်  ကုန်ဆုံးသွားခဲ့။ အဲဒီ နှစ်တွေထဲမှာပဲ သူရော၊သူ့ အရေးအသား တွေကိုရော  ဘယ်လိုနရာမျိုးမှာမှ  ကျွန်တော်တို့ဟာ ရှာလို့ဖွေလို့ မတွေ့ရှိခဲ့။

သူဟာ ကန္တာရထဲမှာ ရှင်သန်ပေါက်ရောက်ခဲ့တဲ့သစ်တပင်။ ဘယ်အချိန်မှာဖူးပြီး ဘယ်အချိန်ပွင့်ရမယ်ဆိုတာ သူ့ကိုယ်သူ အသေချာဆုံးသိတဲ့လူ။ အခုတော့ နှစ်တွေသာ ရှည်လျားလာခဲ့လေတယ်။ သူ့အပင်မှာ ပွင့်ဖူးခဲ့တဲ့ပန်းရနံ့ဟာ တကြိမ်တခါမှ ကျွန်တော်တု့ိ အပါးကို စီးလွင့်မလာသေး။

ဘာပဲပြောပြော ကျွန်တော်ကတော့ သူ့ရဲ့ပထမဦးဆုံးထွက်ထားတဲ့စာအုပ်လေးထဲက အဖေ ခေသူမဟုတ်၊ ဖိနပ်ပေါက်သူများ၊ ငါးမူးတန်းဝတ္ထုလေးတွေကို အမှတ်ထင်ထင်ဖြစ်နေမိဆဲ။ စံရိပ်ငြိမ်က ညဉ့်ငှက်ရဲ့လွမ်းမောဖွယ်ရာအမှတ်တရဇာတ်အိမ်ဇာတ်လမ်းလေးတွေကိုလည်း သူ့ဆီက မျှော်လင့်နေမိဆဲ။ လေးကျွန်းစကြဝဠာ  ဆေးလိပ်တိုကို ငူငူငေါင်ငေါင်ကြီး ဖွာရှိုက်ပြီး လူ့ဘုံခန်းဝါ လူတို့ရွာကို   မထီတရီငေးကြည့်နေတတ်တဲ့သူ့ကိုလည်း သတိတရရှိနေမိဆဲ။

နိုင်ဝင်းသီ